အတော်ဆုံးအမျိုးသမီးစားဖိုမှူး ကလဲစမစ်အတွက် မေးခွန်း (၉) ခု

by Soe Nyunt Zaw for Food Magazine

          ၂၀၁၈ ခုနှစ် မေလက ဗြိတိန်အိမ်ရှေ့မင်းသားဟယ်ရီရဲ့ မင်္ဂလာဧည့်ခံပွဲအတွက် စားဖိုမှူး တာဝန်ယူခဲ့ပြီး အကောင်းဆုံး အမျိုးသမီးစားဖိုမှူးဆုရထားတဲ့ မြောက်ပိုင်း အိုင်ယာလန်နိုင်ငံဇာတိ ကလဲစမစ်က Time မဂ္ဂဇင်းသတင်းထောက် စီယဲရားနူးဂျင့်ရဲ့ မေးခွန်း (၉)ခု ပြန်လည်ဖြေကြားပေးထားတာကို ဖော်ပြလိုက်ပါတယ်။

Q       မကြာခင်က အကောင်းဆုံးစားသောက်ဆိုင်များ ဆုပေးပွဲမှာ ရှင်ဟာ အတော်ဆုံး အမျိုးသမီးစားဖိုမှူးဆုရခဲ့ပေမယ့် အမျိုးသားနဲ့အမျိုးသမီးစားဖိုမှူးတွေ ခွဲခြားမှုဟာ ထူးဆန်းတယ်လို့ ရှင်ပြောခဲ့တယ်။ ဒီဆုကို ရှင်လက်ခံရတာ လိပ်ပြာမလုံဘူးလား။

A        လုံပါတယ်။ စားသောက်ဆိုင်လုပ်ငန်းမှာ အမျိုးသမီးစားဖိုမှူးဦးရေနည်းနေတုန်းပဲ။ အခုလိုဆုရတော့ အဲဒီကိစ္စပြောခွင့်ရတာပေါ့။ ဒီဆုကို ကျွန်မလက်မခံရင်၊ ကျွန်မအကြောင်း မျှဝေမပေးရင်၊ ဒါမှမဟုတ် သူများတွေ အားကျအောင် လုပ်မပြရင် ကျွန်မတို့လုပ်ငန်းကြီးအတွက် ဘာမှအကျိုးပြုမှာ မဟုတ်ဘူး။

Q       ရှင်က ဆုလက်ခံပြီး ကျေးဇူးတင်စကားပြောတော့ စားသောက်ဆိုင်တွေကို ဝန်ထမ်းတွေအတွက် လူသားပိုဆန်တဲ့ လုပ်ငန်းခွင်မျိုးဖြစ်အောင် လုပ်ပေးဖို့ လိုအပ်ကြောင်း ပြောခဲ့တယ်။ ဘာကို ဆိုလိုတာလဲ။

A        ဒီအလုပ်က ထုံးစံအားဖြင့် အလုပ်ချိန်များပြီး လစာနည်းတယ်။ ဒါပေမဲ့ ကျွန်မတို့ ဆက်မလုပ်လို့မဖြစ်ဘူး။ စားသုံးသူတွေနဲ့လည်း သက်ဆိုင်တယ်။ သူတို့က အမြဲတမ်း နည်းနည်းပေးပြီး များများ ပြန်လိုချင်တယ်။ အခွန်အခတွေကအစ ကျင့်ဝတ်နဲ့ ကိုက်ညီစွာ ထုတ်လုပ်တဲ့ အစားအစာတွေ ပိုဝယ်ဖို့ ဖိအားတွေ အဆုံးတိုးလာတဲ့ စရိတ်တွေကြားက ချိတ်ဆက်မှုကို သူတို့ နားမလည်ဘူး။ စားသောက်ဆိုင်ရဲ့ ပဓာန အချက်ကို သိဖို့လိုတယ်။

Q       လန်ဒန်က ဂေါ်ဒွန်ရမ်ဆေးစားသောက်ဆိုင်မှာ ရှင်က Michelin အစားအသောက် လမ်းညွှန်စာအုပ်က ပေးတဲ့ ကြယ်သုံးပွင့်အဆင့် ပထမဆုံးရတဲ့ ဗြိတိန်နိုင်ငံသူ ဖြစ်ခဲ့တယ်။ ရမ်ဆေးရဲ့ ကျော်ကြားတဲ့ ထိပ်တိုက်ရင်ဆိုင်မှုစတိုင်ကို ရှင်ဘယ်လို ဖြေရှင်းသလဲ။

A        ဂေါ်ဒွန်နဲ့ လက်တွဲလုပ်ရတာ သိပ်အဆင်ပြေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်နေရာကိုယ် သိလို့ပါ။ ဂေါ်ဒွန်ဟာ တွေဝေတတ်တဲ့ လူစားမျိုးမဟုတ်မှန်း ရှင်တို့ မသိရင် ပိုခက်မယ်။ သူက တဲ့တိုးပြောတယ်။ နေ့တိုင်း ကျွန်မမြင်နေရတဲ့ သူ့ရဲ့စရိုက်အမှန်ကို လူတွေမမြင်ကြဘူးလေ။

Q       စားဖိုဆောင်ထဲမှာ လုပ်ကိုင်ရခက်အောင် တမင်လုပ်တဲ့သူတွေနဲ့ ရှင်ဆုံဖူးသလား။

A        ဒီလုပ်ငန်းထဲ ကျွန်မဝင်ခါစက အမျိုးသားတွေချည်း လွှမ်းမိုးတယ်။ သူတို့က ကျွန်မရဲ့ ပစ္စည်းကိရိယာတွေ ဝှက်ထားတယ်။ ဒါမှမဟုတ် ဝန်ဆောင်မှုပေးနေတုန်း ကျွန်မရဲ့ မိုက်ခရိုဝေ့ မီးဖိုကို ခလုတ်ပိတ်ပစ်တယ်။ မဟာဖိုဝါဒယဉ်ကျေးမှုပေါ့။ ဒါပေမဲ့ အဲဒါက အမျိုးသမီးတွေကို တမင်ပစ်မှတ်မထားဘူး။ ယေဘုယျအားဖြင့် ပိုပြီး “မာ” အောင် လုပ်ပေးတယ်။ အဲဒီခေတ်ကုန်သွားပြီလို့ ထင်တာပဲ။

Q       အဲဒီလိုယဉ်ကျေးမှုကြားမှာ အမျိုးသမီးတွေ တိုးတက်ဖို့ ပိုခက်ခဲတယ်လို့ ထင်သလား။

A        ကျွန်မကတော့ မထင်ဘူး။ အားလုံးအတွက် အတူတူပဲ။ ကျွန်မဖြစ်ချင်တာ ဘာမှန်း ကျွန်မသိတယ်။ ဘယ်သူမှ ဟန့်တားခွင့်မပေးဘူး။ ဒါဟာ ကျွန်မတစ်ယောက်တည်း ဖြစ်ကောင်းဖြစ်မယ်။ ကျွန်မက တဇွတ်ထိုးလုပ်တယ်။

Q       စားသောက်ဆိုင်လုပ်ငန်းမှာလည်း #Metoo (ကျွန်မလည်း လိင်စော်ကားခံရတာ အတူတူပဲ) လှုပ်ရှားမှုရှိနေပြီ။ နာမည်ကျော် စားဖိုမှူးတွေက လိင်ပိုင်းနှောင့်ယှက်မှု ကျူးလွန်တယ်လို့ စွပ်စွဲမှုတွေရှိတယ်။ အခုဟာ စားသောက်ဆိုင်လုပ်ငန်းအနေနဲ့ မိမိကိုယ်ကို ပြန်သုံးသပ်ရမယ့်အချိန်လား။

A        ဟုတ်တယ်။ နောက်ပြီး သိပ်အရေးကြီးတဲ့အချိန်ပါ။ ဒီလိုအပြုအမူမျိုးတွေ ကံကောင်းလို့ ကျွန်မ မကြုံခဲ့ရဘူး။ ဒါပေမဲ့ အစော်ကားခံရတဲ့မိန်းမတွေ အများကြီးရှိတယ်။ သူတို့ဖွင့်ပြောဖို့ အရေးကြီးတယ်။ တော်ပြီတန်ပြီလို့ ကျွန်မတို့ ထပြောသင့်တယ်။

Q       တခြားအမျိုးသမီးစားဖိုမှူးတွေကို ကူညီဖို့ ရှင့်မှာတာဝန်ရှိတယ်လို့ အောက်မေ့သလား။

A        လုံးဝအောက်မေ့ပါတယ်။ ကျွန်မရဲ့စားဖိုဆောင်ထဲမှာ အခု မိန်းကလေးစားဖိုမှူး နှစ်ယောက်ကို သင်ပေးနေတယ်။ သူတို့ထိပ်ဆုံးရောက်သွားရင် ဒီလောကကို ပြောင်းလဲပေးနိုင်မယ်။ အဲဒီမျိုးဆက်သစ်က ပုံစံခွက်ဟောင်းကို ရိုက်ချိုးပစ်လိမ့်မယ်။

Q       ရှင့်ရဲ့ စားသောက်ဆိုင်အသစ် ဃသမန က ဗြိတိသျှအစားအစာတွေကို အဓိကထား ရောင်းချတယ်။ အဲဒီဟင်းလျာတွေဟာ တစ်ဖက်စောင်းနင်း မကောင်းဘူးလို့ အပြောခံရသလား။

A        ဟုတ်တယ်။ အဆင့်မြင့် အချက်အပြုတ်ဟာ ထုံးစံအားဖြင့် ပြင်သစ်အစားအသောက်ပါ။ သူတို့ဖန်တီးတာကို ကျွန်မတို့ ရှောင်လို့မရဘူး။ ဗြိတိန်မှာက သိပ်သန်မာတဲ့ ခြံထွက်ပစ္စည်းယဉ်ကျေးမှု ဖြစ်တယ်။ ဒါကြောင့် ကျွန်မတို့က အဓိက ဗြိတိသျှ အစားအသောက်တွေကို လက်တည့်စမ်းသုံးပြီး ကောင်းတဲ့အဆင့်မြှင့်ပေးဖို့ ကြိုးစား နေတယ်။

Q       ၂၀၁၈ ခုနှစ် မေလက ဗြိတိန်အိမ်ရှေ့မင်းသား ဟယ်ရီရဲ့ မင်္ဂလာပွဲမှာ ရှင်က စားဖိုမှူးကြီး တာဝန်ယူခဲ့တယ်။ အဲဒီအလုပ်က တခြားအလုပ်တွေနဲ့ ဘယ်လိုကွာခြားသလဲ။

A        ဘာမှမကွာခြားဘူး ထင်တာပဲ။ ကျွန်မတို့ချက်နေကျအတိုင်း ချက်ပြုတ်တယ်။ ကျွန်မငယ်ငယ်က အော်ဒါမှာတဲ့ ထိတ်ထိတ်ကြဲလူတွေအတွက် ချက်ပြုတ်ပေးရရင် ကြောက်စိတ်မွှန်တတ်တယ်။ ကျွန်မ အခုရင့်ကျက်နေပြီမို့ ကျွန်မဘာလုပ်မှန်း သိနေပြီး ရှေ့ဆက်လုပ်တယ်။ အဲဒီနေ့ဟာ တခြားနေ့တွေအတိုင်းပါပဲ။

ကလဲစမစ်၏ အတ္ထုပ္ပတ္တိအကျဉ်း

          ၁၉၇၈ ခုနှစ်ဖွား ကလဲစမစ်ဟာ မြောက်ပိုင်းအိုင်ယာလန်နိုင်ငံ ဇာတိ အမျိုးသမီး စားဖိုမှူးဖြစ်ပြီး ၂၀၁၂  မှ ၂၀၁၆ ခုနှစ်အတွင်း လန်ဒန်မြို့က Gordon Ramsay စားသောက်ဆိုင်မှာ စားဖိုမှူးကြီးအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

          သူမဟာ Michelin  စားသောက်ဆိုင်လမ်းညွှန်က သတ်မှတ်ပေးအပ်တဲ့ ကြယ်သုံးပွင့် ရရှိခဲ့တဲ့ ပထမဆုံး ဗြိတိသျှအမျိုးသမီးစားဖိုမှူးဖြစ်ပြီး ၂၀၁၇ ခုနှစ်က တစ်နှစ်တာရဲ့ အကောင်းဆုံး စားဖိုမှူးဆုရပါတယ်။ ၂၀၁၅ ခုနှစ်ထုတ် Good Food Guide စာအုပ်မှာလည်း အမှတ်အများဆုံးရခဲ့ပြီး Masterchef နဲ့ Saturday Kitchen စတဲ့ ရုပ်သံအစီအစဉ်တွေမှာလည်း ပုံမှန်ပါဝင်လျက်ရှိပါတယ်။ သူမဟာ ၂၀၁၇ ခုနှစ်အတွင်း လန်ဒန်မြို့မှာ Core ဆိုတဲ့ ကိုယ်ပိုင်ဆိုင်ဖွင့်ခဲ့ပါတယ်။ မြောက်ပိုင်းအိုင်ယာလန်နိုင်ငံက အင်ထရင်းမြို့နယ်ရှိ စိုက်ပျိုးမွေးမြူရေးခြံမှာ ကြီးပြင်းခဲ့တဲ့ ကလဲရဲ့ ဖခင်က လယ်သမား၊ မိခင်က စားပွဲထိုးဖြစ်ပြီး မွေးချင်းသုံးယောက်အနက် သူမက အငယ်ဆုံးဖြစ်ပါတယ်။ သူမ ၁၅ နှစ်အရွယ်က ကျောင်းပိတ်ရက်အတွင်း ရပ်ကွက်စားသောက်ဆိုင်မှာ ဝင်လုပ်ရင်း စားဖိုမှူးလုပ်ချင်စိတ်ဖြစ်ပေါ်ခဲ့လို့ ၁၆ နှစ်အရွယ်မှာ ပို့စမောက်မြို့ရှိ ဟိုက်ဘယ်ရီ ကောလိပ်မှာ အချက်အပြုတ်သင်တန်းတက်ခဲ့တယ်။ ကျောင်းတက်တုန်း ဆာရေးမြို့ရှိ ဂရေးရှော့ဆိုင်မှာ အလုပ်ဝင်လုပ်ပြီး လန်ဒန်ရှိ တဲရင့်ကွန်ရန်းစားသောက်ဆိုင်မှာ အချိန်ပြည့် စားဖိုမှူးအဖြစ် အမှုထမ်းခဲ့ပါတယ်။ အဲဒီနောက် ဩစတြေးလျနိုင်ငံက စားသောက်ဆိုင်လုပ်ငန်းတစ်ခုမှာ ခြောက်လကြာ သွားလုပ်ပြီး ဗြိတိန်ပြန်ရောက်တော့  စားသောက်ဆိုင်ပေါင်းစုံမှာ လှည့်လည်လုပ်ကိုင်ရင်း ကွန်းဝေါလ်မြို့မှာ လုပ်နေတုန်း တစ်နှစ်တာရဲ့ အကောင်းဆုံး ကွန်းဝေါလ်စားဖိုမှူးဆု ရရှိခဲ့ပါတယ်။ ၂၀ဝ၂ ခုနှစ်မှာ ဂေါ်ဒွန်ရမ်းဆေးက သူမကို အလုပ်ကမ်းလှမ်းလို့ လက်ခံခဲ့ပါတယ်။

          ၂၀ဝ၂ ခုနှစ်မှာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်က ပြင်သစ် စားသောက်ဆိုင်တစ်ဆိုင်နဲ့ ၂၀ဝ၄ ခုနှစ်မှာ နယူးယောက်က ဆိုင်တွေမှာ စားဖိုမှူးလုပ်ခဲ့ပြီး ၂၀ဝ၇ ခုနှစ်မှာတော့ ဂေါ်ဒွန်ရမ်ဆေးဆိုင်မှာ စားဖိုမှူးကြီးရာထူး ခန့်အပ်ခံရရုံမက ဗြိတိန်မှာ Michelin ရဲ့ ကြယ်သုံးပွင့်ရ ပထမဆုံး အမျိုးသမီးစားဖိုမှူးကြီး ဖြစ်လာပါတယ်။

          Michelin ကြယ်ပွင့်ရ ဗြိတိသျှဆိုင်ပေါင်း ၁၂၁ ဆိုင်အနက် အမျိုးသမီးစားဖိုမှူးကြီး ဦးရေက ခုနစ်ယောက်ရှိပါတယ်။ သူမဟာ ရမ်ဆေးဆိုင်က နုတ်ထွက်ပြီး မိုနာကိုနိုင်ငံရှိ Le Louis XV ဆိုင်မှာ တစ်နှစ်ခွဲသွားလုပ်ကာ ဗြိတိန်ပြန်လာတော့ ချယ်ဆီးမြို့က ဆိုင်မှာ စားဖိုမှူးကြီးအဖြစ် အမှုထမ်းခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ Good Food Guide စာအုပ်က သူမကို “တစ်နှစ်တာရဲ့ အကောင်းဆုံးစားဖိုမှူး” အဖြစ် ရွေးချယ်ပြီး ၂၀၁၃ ခုနှစ်မှာ ဗြိတိန် ဘုရင်မကြီး အဲလီဇဘက်က MBE ဘွဲ့ ချီးမြှင့်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ Good Food Guide ရဲ့ အကောင်းဆုံးစားဖိုမှူးအဖြစ် အမှတ်ပြည့် ၁၀ မှတ်ရပြီး ဗိုလ်စွဲပါတယ်။ ၂၀၁၆ ခုနှစ်မှာ ၂၀ဝ၀ ပြည့်နှစ်တုန်းက သူမရဲ့ မြင်ဆရာနဲ့ အလုပ်ရှင်ဟောင်း ဂေါ်ဒွန်ရမ်းဆေး ရရှိခဲ့တဲ့ The Catey Award 2016 ဆုကို ရရှီခဲ့တယ်။ ၂၀၁၆ ခုနှစ်မှာ ရမ်ဆေးရဲ့ဆိုင်က ထွက်ခဲ့တဲ့ ကလဲဟာ ၂၀၁၇ ခုနှစ် ဇူလိုင်လမှာ လန်ဒန်လူကုံထံရပ်ကွက် နော်တင်ဟေးလ်မှာ Core ကိုယ်ပိုင်ဆိုင်ဖွင့်ပြီး ၂၀၁၈ ခုနှစ် ဧပြီလမှာ GQ Food & Drink ဆုပေးပွဲမှာ သူမရဲ့ဆိုင်က အကောင်းဆုံးစားသောက်ဆိုင်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ ၂၀၁၈ ခုနှစ် ကမ္ဘာ့အကောင်းဆုံး အမျိုးသမီးစားဖိုမှူးကြီးအဖြစ် ကမ္ဘာ့အကောင်းဆုံး စားသောက်ဆိုင် ၅၀ အဖွဲ့က ရွေးချယ်ခဲ့ပါတယ်။

Facebook Comments