အသီးအရွက်ကော အသားငါးပါ အကုန်စုံအောင် စားဖြစ်တယ်ဆိုတဲ့ ဟန်သီ

Han_

Han_5

Han_6

♦    အချက်အပြုတ်ကို ဘယ်အရွယ်လောက်ကတည်းက စပြီးတော့ ဝါသနာပါခဲ့ပါသလဲ။

     ဘယ်အရွယ်ကတည်းကလည်းဆိုရင် မီးဖိုချောင်ထဲကို ငယ်ငယ်ကတည်းကဝင်ပြီး ကူညီလုပ်ဆောင် ကလိရတာကိုတော့ ငယ်ငယ်ကတည်းက ကြိုက်တာပါတယ်။ ဒီတော့ ငယ်ငယ်ကတည်းကစပြီး ဝါသနာပါတယ်လို့ပြောရမှာပါပဲ။

♦    အခုဟင်းပွဲလေးကို ပရိသတ်ကို ချက်ပြုတ်ပြဖို့ စီစဉ်ဖြစ်သွားပုံလေးကိုလည်း ပြောပြပေးပါဦး။

      အခု ဝက်သားအချိုချက်လေးက လုပ်ရတာလည်းလွယ်ကူပြီး စားလို့လည်းကောင်းလို့ပါ။

♦    ဘဝမှာ ပထမဆုံးစချက်ဖြစ်တဲ့ ဟင်းပွဲလေးကို မှတ်မိသေးရင် ပြောပြပေးပါဦး။

      ဒယ်ဒီသင်ပေးတဲ့ ကြက်ဥခေါက်ကြော်လေးပါ။ ပထမ စစကြော်တုန်းကတော့ လွဲသွားတယ်။ နောက်တစ်ခေါက်ထပ်ကြော်တော့ မှ အဆင်ပြေသွားပါတယ်။

♦    ဒါဆို ချက်တဲ့ဟင်းတွေထဲမှာ လူကြိုက်အများဆုံးဟင်းပွဲကရော ဘာဟင်းပွဲဖြစ်မလဲ။

      အိမ်မှာ မောင်လေးရော၊ အဖေရောကြိုက်တာက ဆယ်မွန်ငါးကို အထဲကမကျက်ဘဲ အပြင်မှာကျက်အောင် ကြွပ်ကြွပ်လေးကြော်ထားပြီး၊ အသီးအရွက် ပြုတ်လေးတွေနဲ့ အလှဆင်တယ်။ နောက် ဂျပန်ဆော့စ်နဲ့ ဟင်းကိုတော့ အိမ်ကလူတွေ တော်တော်လေး ကြိုက်ကြပါတယ်။

♦    ဟန်သီချက်တဲ့ဟင်းကိုစားပြီး ပထမဆုံး ချီးမွမ်းခံရတုန်းက ခံစားချက်ကရော။ အချက်အပြုတ်ကို ဘယ်သူတွေဆီက သင်ယူဖူးလဲ။

      ကိုယ်ချက်တဲ့ဟင်းကိုစားပြီးတော့ သဘောလည်းကျတယ်။ ပြန်ပြီးတော့ ချီးမွမ်းခံရတော့ တော်တော်လေးကို ပျော်ပါတယ်။ အချက်အပြုတ်ကို ဒယ်ဒီဆီကလည်း သင်ယူတယ်။ နောက် You Tube ကလည်းကြည့်ပြီးတော့ သင်ယူပါတယ်။

♦     ငယ်ငယ်တုန်းကကြိုက်ပြီး အခုမကြိုက်တဲ့ အစားအစာ၊ ဒါမှမဟုတ် ငယ်ငယ်တုန်းက မကြိုက်ဘဲ အခုမှကြိုက်တဲ့ အစားအစာရောရှိလား။

      ငယ်ငယ်ကကြိုက်ပြီး အခုမှမကြိုက်တာမျိုးကတော့ မရှိပါဘူး။ ငယ်ငယ်ကမကြိုက်ဘဲ အခုမှကြိုက်တာမျိုးဆိုရင်တော့ ငယ်ငယ်က ကြက်သွန်ဖြူ၊ နီ၊ စပ်တာတွေဆို မစားဘူး။ အခုနောက်ပိုင်းမှာတော့ တဖြည်းဖြည်းနဲ့ စားတတ်လာတယ်။

♦     ငယ်ငယ်တုန်းက အစားအသောက်နဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်လေးတွေရှိရင် ပြောပြပေးပါဦး။ ဥပမာ-တချို့ သကြားလုံးမျိုမိတာတို့၊ ကျောင်းမှာ မုန့်ခိုးစားလို့ အရိုက်ခံရတာတို့၊ ဟင်းခိုးစားတာတို့ပေါ့။

      အမှတ်တရဆိုရင်တော့ ကျောင်းရဲ့ Fun Fair မှာ တစ်ခေါက် ဟင်းဝင်ချက်ပြီး လုပ်အားပေးခဲ့ဖူးပါတယ်။

♦    မနက်စာ၊ နေ့လယ်စာ၊ ညစာကို ဘယ်အချိန်လောက်စားဖြစ်လဲ။ ဘာဟင်းတွေနဲ့ စား ဖြစ်တာများလဲ။ နေလယ်စာကိုရော။

      မနက်စာကိုတော့ မနက် ၇ နာရီနဲ့ ၉ နာရီကြားမှာစားဖြစ်ပါတယ်။ များသောအားဖြင့် မနက်စာကို ထမင်းပဲစားဖြစ်တာ များပါ တယ်။ နေ့လယ်စာကိုတော့ တစ်ခါတလေကျရင် European Food စားဖြစ်ပါတယ်။ ဒါမှမဟုတ်ရင် အိမ်မှာ ထမင်းစားဖြစ်ပါတယ်။ ညနေစာတော့ ဟန်သီလျော့ပါတယ်။ အရမ်း Heavy ဖြစ်တာမျိုး မစားဖြစ်ဘူး။ အသီးအရွက်များများပဲ စားဖြစ်ပါတယ်။

♦    ညစာကိုရော အိမ်မှာ မိသားစုနဲ့စားဖြစ်လား။ ဒါမှမဟုတ် အပြင်မှာစားဖြစ်သလား

      ၅ဝ=၅ဝ ပါပဲ။ တစ်ခါတလေလည်း အိမ်မှာ စားဖြစ်ပါတယ်။ တစ်ခါတလေလည်း အပြင်မှာ ထွက်စားဖြစ်ပါတယ်။

♦     ညစာစားပြီးရင်ရော အချိုတွေ ဘာတွေတည်းလေ့ရှိလား။

      Ice Cream အရမ်းကြိုက်တော့ ညစာစားပြီးရင်တော့ များသောအားဖြင့် ရေခဲမုန့် စားဖြစ်တာများပါတယ်။

♦     စားဖူးသမျှအစားအစာတွေထဲမှာ တစ်သက်မမေ့လောက်အောင်ဖြစ်တဲ့ အစားအသောက်မျိုးရောရှိလား။

       အဲဒီလိုမျိုးတော့ မရှိပါဘူး။

♦     စားဖူးသမျှထဲမှာ ထူးထူးဆန်းဆန်းဖြစ်တဲ့ အစားအသောက်မျိုးရောရှိလား။

      အဲဒါမျိုးဆိုရင်တော့ Miss Supernational အဖြစ် ပိုလန်မှာ သွားပြိုင်တုန်းက တစ်ခါမှမမြင်ဘူးတဲ့ ပန်းရောင်အသားတွေရော ဘာမှန်းကိုမသိတဲ့ ထူးထူးဆန်းဆန်း အစားသောက်တွေ စားခဲ့ရတယ်။ ကိုယ်က ဘာဟင်းမှန်းတောင် မသိတာမျိုးကို စားစရာမရှိလို့ စားခဲ့ရတာ။

♦    အဲဒီပြိုင်ပွဲသွားတော့ အစားအသောက်နဲ့ပတ်သက်ပြီး ဘယ်လိုအခက်အခဲတွေကြုံ တွေ့ခဲ့ရသေးလဲ။

      အခက်ခဲကတော့ အများကြီးပါပဲ။ ဟိုမှာက ခက်တာက ဆန်ဆိုတာ မရှိဘူး။ ဒီတော့ ဟန်သီတို့ ပေါင်မုန့်တွေစားခဲ့ရတယ်။ တစ်ခါမှ မစားဘူးတဲ့အသားတွေ၊ တစ်ခါမှ မမြင်ဘူးတဲ့ ပုံစံတွေပေါ့နော်။ ဒီမှာကျတော့ ချက်ပြီးစားကြတယ်။ သူတို့ဆီမှာ ကျတော့ ပေါင်းထားတာတွေ၊ အသားစိမ်းတွေကိုမှ ရောပြီး လိပ်ထားတာတွေ စသဖြင့် ထူးထူးဆန်း =ဆန်းတွေကို စားခဲ့ရပါတယ်။ ဒီတော့ အစားအသောက်ပျက်တော့ ပြိုင်ပွဲအတွက် တစ်ခါတည်း ဝိတ်ချပြီးသလို ဖြစ်ခဲ့ရပါတယ်။

♦    အားလပ်ရက်တွေမှာ တစ်ခုခုလုပ်စားလေ့ရှိလား။ ဘယ်လိုအစားစာမျိုး လုပ်စားဖြစ်တာများလဲ။ (သင်္ကြန်တို့၊ နှစ်သစ်ကူးတို့၊ ခရစ္စမတ် စသဖြင့် ပွဲတော်နေ့တွေမှာ ဘာတွေ အဓိကထားလုပ်စားလေ့ရှိပါသလဲ။

     အားလပ်ရက်တွေမှာတော့ အိမ်မှာရှိတဲ့ ပစ္စည်းပေါ်မှာ မူတည်ပြီးတော့မှ လုပ်စားဖြစ်ပါတယ်။ အများဆုံးကတော့ ကိုရီးယားကင်ပဲ လုပ်စားလေ့ရှိတယ်။ European Food တွေ၊ ရှမ်းစာတွေ လုပ်စားလေ့ရှိပါတယ်။ ပွဲတော်တွေဆိုရင်တော့ BBQ တို့ Hop Pop တို့ လုပ်စားဖြစ်ပါတယ်။

♦    အလုပ်တို့ ရှုတင်တို့သွားတဲ့အခါမှာ ထမင်းချိုင့်တွေ ယူလေ့ရှိလား။

      တစ်ခါတလေလည်း ယူတယ်။ တစ်ခါတလေလည်း မယူဘူး။

♦    ကိုယ်မစားဖူးတဲ့ အစားသောက်တွေကို မြည်းစမ်းချင်စိတ်ရှိလား။ ရှိရင် ဘယ်လိုအရသာမျိုးတွေ မြည်းစမ်းဖြစ်ပါလဲ။

     အဲလိုမျိုးစိတ်တော့ရှိတယ်။ တွေ့ရင်ကို မြည်းချင်တယ်။ ကောင်းတာ မကောင်းတာကတော့ နောက်မှပေါ့။ ဘယ်လိုအရသာမျိုး မြည်းစမ်းဖြစ်လည်းဆိုရင် ညီမက ချဉ်တဲ့ အရသာတွေကြိုက်တော့ ချဉ်တဲ့ဟာမျိုးလေးတွေ မြည်းချင်ပါတယ်။

♦    တချို့တွေက စိတ်ညစ်တာ၊ ဝမ်းနည်းတာ၊ ပျော်ရွင်တာ၊ ဝမ်းသာတာမျိုးမှာ အစားတွေများများ စားလေ့ရှိတယ်။ ညီမကရော အဲလိုအခါမျိုးမှာ အစားအသောက်နဲ့ပတ်သက်ပြီး ဘာတွေစားဖြစ်လဲ။ များများစားလား၊ နည်းနည်းစားလား။

      အဲလိုအခါမျိုးမှာဆိုရင် ပေါင်မုန့်တို့ ဘာတို့ကို ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ထိုင်စားဖြစ်တယ်။ အများကြီးကို စားဖြစ်ပါတယ်။

♦    ညီမရဲ့ အစားအသောက်နဲ့ ကျန်းမာရေးပေါ်အမြင်နဲ့ အစားအသောက်နဲ့ ခန္ဓာကိုယ်ထိန်းသိမ်းမှုပုံလေးကို ပြောပြပေးပါဦး။

      အစားသောက်ကတော့ ဘယ်အစားသောက်မဆို ဘာပဲစားစား အကုန်လုံး ညီညွတ်မျှတအောင် စားစေချင်ပါတယ်။ အဲဒီလို ကျန်းမာရေးနဲ့ညီညွတ်အောင် စားပေးမှလည်း ကိုယ့်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေရမယ်။ ရေရှည် ကိုယ့်ကျန်းမာရေး အတွက်လည်း ပိုကောင်းပါမယ်။ ဗီတာမင်တို့ အခြားဓာတ်တွေအကုန် ညီမျှအောင် စားသောက်သင့်ပါတယ်။ သမီးကတော့ အသီးရွက်ရော အသားငါးရော အကုန်စုံအောင်စား ဖြစ်ပါတယ်။

♦    အိမ်က မိဘတွေချက်တဲ့ ဟင်းတွေထဲမှ ဘယ်ဟင်းကိုအကြိုက်ဆုံးလဲ။

      အိမ်က ဒယ်ဒီချက်တဲ့ ငါးတွေ၊ ငါးသလောက်ဥတို့၊ ငါးသလောက် ပေါင်းတာတို့ကို ကြိုက်ပါတယ်။

♦    နိုင်ငံတကာက အစားအသောက်တွေမှာဆိုရင် ဘယ်နိုင်ငံက ဘယ်အစားအသောက်ကို စားဖြစ်တာများလဲ။

      ဂျပန်စာ စားဖြစ်တာများတယ်။ ကိုရီးယားစာ စားဖြစ်တာများတယ်။

♦     နိုင်ငံခြားကိုရောက်နေတဲ့အချိန်မှာ ကိုယ့်နိုင်ငံက ဘယ်အစားအစာကို လွမ်းဆွတ်တမ်းတမိပါသလဲ။

      အဓိကလွမ်းမိတာက ထမင်းပေါ့။ ညီမ ပိုလန်ရောက်တော့ ဟိုမှာက ဆန်မရှိတော့ ထမင်းကို အရမ်းစားချင်တယ်။ အဲ့ကျတော့ ဘယ်တော့မှ ထမင်းစားရမလဲဆိုပြီးတော့ စိတ်ထဲမှာ သည်းခံနေရတယ်။

♦    ဘဝမှာ အမှတ်တရဖြစ်မယ့် အစားအစာရှိလား။ ဥပမာ အဲဒီအစားအစာကို စားလိုက်ရင် တစ်နေရာရာ၊ တစ်ယောက်ယောက် စသဖြင့် အမှတ်တရဖြစ်မယ့် အစားအစာမျိုးပေါ့။

      အဲ့ဒီလိုမျိုးဆိုရင်တော့ ကျောင်းတက်တုန်းက သူငယ်ချင်းတွေစုပြီးတော့ ဒင်ဆမ်းသွားစားဖြစ်တာကတော့ အမှတ်တရပါပဲ။

♦    စားဖူးသမျှ အစားအစာတွေထဲမှာ ဈေးအကြီးဆုံးအစာအစားကို ပြောပြပါဆိုရင်။

      ဈေးကြီးတာဆိုရင်တော့ ကင်းပုစွန်ပါ။ သူက သေးသေးလေး။ ဘာမှလည်းမဟုတ်ဘဲနဲ့ တော်တော်လေးကိုဈေးကြီးတယ်။

♦    စားသောက်ဆိုင်နဲ့ အိမ်မှာဆိုရင် ဘယ်မှာပိုပြီးတော့ စားချင်လဲ။

      အိမ်မှာစားရတာကို ပိုကြိုက်တယ်။

♦    ဟန်သီအကြိုက်ဆုံး အသီးအနှံ၊ အရွက်၊ အသား၊ ငါးတွေကို ပြောပြပေးပါဦး။ ဖျော်ရည်တွေထဲမှာရော ဘယ်လိုဖျော် ရည်ကြိုက်လဲ။

      အသီးအနှံကတော့ အကုန်လုံးနီးပါကြိုက်တယ်။ အထူးသဖြင့်တော့ ပန်းသီးကို ပိုစားဖြစ်တယ်။ အသီးအရွက်လည်း တော်တော် များများ စားဖြစ်တယ်။ အိမ်မှာကတော့ ကန်စွန်းရွက်ပိုစားဖြစ်တယ်။ သားငါးတွေ ထဲမှာဆိုရင် ကျောက်ငါးကိုကြိုက်တယ်။ ဖျော်ရည် ကတော့ ပန်းသီးဖျော်ရည်ကိုကြိုက်တယ်။ လိမ္မော်သီး ဖျော်ရည်ကြိုက်တယ်။

♦    ဟန်သီနဲ့မတည့်တဲ့ အစားအစာတို့၊ မကြိုက်တဲ့ အစားအစာတို့ရော ရှိလား။

      မတည့်တာတော့ မရှိဘူး။ မကြိုက်တာကတော့ ခါးတဲ့ဟာတွေဆို မကြိုက်ဘူး။

♦    အစားသောက်တစ်ခုခုကိုစားနေတုန်း အဲဒီထဲမှာ ရွံစရာတွေ ဘာတွေရော တွေ့ဖူးလား။ အစားသောက်စားနေရင် ရွံစရာပြောရင်ရော ရွံတတ်လား။

      စားနေတုန်းကတော့ အဲလို ရွံစရာတွေ မတွေ့ဖူးဘူး။ စားသောက်နေတုန်း ဘေးနားမှာ ရွံစရာတွေလာပြောရင်လည်း သိပ်ဂရုမစိုက်တတ်ဘူး။ ဘာမှလည်းမဖြစ်ဘူး။

♦    အစားအသောက်က နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှုကို ဖော်ဆောင်နိုင်တယ်လို့ ထင်မြင်မိပါသလား။

      ထင်ပါတယ်။ သူနိုင်ငံနဲ့သူ။ သူရဲ့အစားစာနဲ့သူ ရှိနေတော့လေ။ မြန်မာမှာဆိုလည်း မုန့်ဟင်းခါးတို့၊ လက်ဖက်သုပ်တို့ရှိနေ တယ်လေ။ အခြားနိုင်ငံမှာလည်း သူတို့နိုင်ငံကို ကိုယ်စားပြုတဲ့ အစားအသောက်က ရှိနေတယ်လေ။

♦    အခုလုပ်ပြတဲ့ ဝက်သားသနီချက်ဟင်းကို ချက်စားမယ့် ပရိသတ်အတွက် အမှတ်တရ စကားလက်ဆောင်လေး ကို ပြောပြပေးပါဦး။

     ဒီဟင်းလေးက ချက်ရတာလည်း လွယ်ကူတယ်။ အရသာလည်း ရှိတယ်။ မိသားစုနဲ့ အိမ်မှာလည်း လွယ်လွယ်ကူကူ ချက်စားလို့ရတဲ့အတွက် ပရိသတ်ကြီးလည်း လိုက်လုပ်စားကြည့်ပါလို့ ပြောချင်ပါတယ်။

◘  အာဂမေးမြန်းရေးသားသည်  ◘

Facebook Comments