အလုပ်တွေကဘယ်လောက်ပင်ပန်းပင်ပန်း ဟင်းချက်တဲ့အခါမှာ အပန်းပြေတယ်ဆိုတဲ့ စိုးပြည့်သဇင်

cele_2

cele_3

cele_4

အလုပ်တွေကဘယ်လောက်ပင်ပန်းပင်ပန်း ဟင်းချက်တဲ့အခါမှာ အပန်းပြေတယ်ဆိုတဲ့ စိုးပြည့်သဇင်

♦   အာဂ   ♦

အချက်အပြုတ်ကို ဘယ်အရွယ်လောက်ကတည်းက စပြီးတော့ ဝါသနာပါခဲ့ပါသလဲ။

            အချက်အပြုတ်ကို ငယ်ငယ်ကလေးဘဝ ဆော့တဲ့ အရွယ်ကတည်းက စပြီးတော့ ဝါသနာပါတာ။ ကစားလို့ရှိရင်လည်း ဟင်းချက်တိုင်းပဲ ကစားတယ်။ အသက် ၈ နှစ်၊ ၉ နှစ် လောက်မှာဆိုရင် အိမ်က အသားလေးတွေယူပြီး တကယ်ချက်ကြည့်တယ်။ ဒါပေမဲ့ ကလေးဆိုတော့ တကယ်ချက်ပေမယ့် ဆော့သလိုဖြစ်နေတာပေါ့။

အခု ပုစွန်ပင်လယ်စာပင်စိမ်းဟင်းလေးကို ပရိသတ်ကို ချက်ပြဖို့ စီစဉ်ဖြစ်သွားပုံလေးကိုလည်း ပြောပြပေးပါဦး။

            ဒီဟင်းလေးက လုပ်ပြဖြစ်တာက ကြက်သား၊ ဝက်သားတွေ စားရတာငြီးငွေ့နေသူတွေအတွက် အပြောင်းအလဲလည်း ဖြစ်အောင်လို့ ပင်လယ်စာလေးနဲ့ ပင်စိမ်းလေးကို ယိုးဒယားစတိုင်လ်လေးလုပ်ပြီး ချက်ဖြစ်သွားတာပါ။

ဘဝမှာ ပထမဆုံးစချက်ဖြစ်တဲ့ ဟင်းပွဲလေးကို မှတ်မိသေးရင် ပြောပြပေးပါဦး။ အရသာကရော ဘယ်လိုရှိသလဲ။

          ပထမဆုံးလုပ်ဖြစ်တဲ့ ဟင်းပွဲလေးက ခေါက်ဆွဲကြော်ပါ။ ညီမက မြန်မာဟင်းထက် တရုတ်စာကို ပိုလုပ်ဖြစ်တာများတယ်။ စိုးပြည့် ပထမဆုံးစလုပ်ဖြစ်တဲ့ ခေါက်ဆွဲကြော်က စလုပ်ခါစဆိုတော့ နည်းစနစ်တကျမဟုတ်ပေမယ့် ကိုယ်စားဖူးတဲ့ အရသာအတိုင်း၊ ဦးနှောက်က မှတ်သားထားတဲ့အတိုင်း ပြန်လုပ်တာဆိုတော့ အပြင်ကလိုတော့ အရသာထပ်တူမကြဘူး။ ဒါပေမဲ့ အိမ်သားတွေစားကြည့်တဲ့အခါ မှာတော့ အရသာရှိတယ်လို့ ပြောကြတယ်။

စိုးပြည့်ချက်တဲ့ဟင်းတွေထဲမှာ လူကြိုက်အများဆုံးဟင်းပွဲကရော ဘာဟင်းပွဲဖြစ်မလဲ။

            လူကြိုက်အများဆုံးကတော့ ကြက်ပင်စိမ်းဟင်းပွဲ ဖြစ်မယ်ထင်တယ်။ အိမ်က မိသားစုတွေလည်း တော်တော် ကြိုက်ကြတယ်။

စိုးပြည့်ချက်တဲ့ဟင်းကိုစားပြီး ပထမဆုံးချီးမွမ်းခံရတုန်းက ခံစားချက်ကရော။ အချက်အပြုတ်ကို ဘယ်သူတွေဆီက သင်ယူဖူးလဲ။

            ချက်ပြုတ်တဲ့ လူတွေရဲ့ ဖီလင်ကတော့ ဘယ်လောက်ပဲပင်ပန်းနေပါစေ ကိုယ်ဝါသနာပါတဲ့အလုပ်ကို လုပ်ရတဲ့အတွက် အပန်းပြေစေတယ်။ စိုးပြည့်ဆိုရင်လည်း အလုပ်တွေက ဘယ်လောက်ပင်ပန်း ဟင်းချက်တဲ့အခါမှာ အပန်းပြေတယ်။ ကိုယ်ဘယ်လောက်ပဲ ပင်ပန်းပင်ပန်း ကိုယ်ချက်တဲ့ဟင်းလျာတွေကို အခြားသူတွေကစားပြီး လက်ရာကကောင်းလိုက်တာလို့ ပြောတဲ့အခါကျရင် အရမ်းပျော်တယ်။ အဲဒီပီတိကတော့ ဟင်းချက်တဲ့ လူတိုင်းမှာရှိတဲ့ ပီတိပါပဲ။ အချက်အပြုတ်ကတော့ မေမေဆီကပဲ အဓိကသင်ယူဖြစ်တာပါ။ အခြားဆိုရင်တော့ အခြားသင်တန်းတွေမှာ နည်းလမ်းတကျ သင်တာတော့ မရှိပါဘူး။ ညီမကျတော့ အချက်ပြုတ်လည်း ဝါသနာပါတယ်။ ပါရမီလည်းရှိတဲ့အခါကျတော့ တစ်ခါစားဖူးတာနဲ့ ဒါလေးက ဘာနဲ့ချက်ထားတာ ဘယ်လိုလုပ်ထားတာဆိုပြီး ဦးနှောက်က အလိုလိုသိတယ်။ နည်းနည်းခက်ခဲတဲ့ဟာမျိုးဆိုရင်တော့ အခြားသိတဲ့လူတွေကို မေးရတာပေါ့။ အဲဒီလိုမျိုး မြင်နေရင်း၊ ကြားနေရင်းကနေ ပြီးတော့ တတ်သွားတာပါပဲ။

ငယ်ငယ်က မကြိုက်ဘဲ အသက်ကြီးမှ ကြိုက်တာ၊ ငယ်ငယ်တုန်းကကြိုက်ပြီး အသက်ကြီးမှ မကြိုက်တာမျိုးဆိုရင်ရော။

            ငယ်ငယ်တုန်းက ဒူးရင်းသီး မကြိုက်ဘူး။ အသက်ကြီးလာတဲ့အခါမှာတော့ ဒူးရင်းသီး ကြိုက်သွားတယ်။ ငယ်ငယ်ကတော့ အသီးအနှံတွေ သိပ်မကြိုက်တတ်ဘူး။ ငယ်ငယ်ကတည်းက ကြိုက်တာကိုတော့ အသက်ကြီးတဲ့အထိ ကြိုက်တယ်။

အစားအသောက်နဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်လေးတွေရှိရင် ပြောပြပေးပါဦး။ ဥပမာ- တချို့ သကြားလုံးမျိုမိတာတို့၊ ကျောင်းမှာ မုန့်ခိုးစားလို့ အရိုက်ခံရတာတို့ပေါ့။       

            အစားသောက်နဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်ဆိုရင် ငယ်ငယ်တုန်းက ငါးရိုးတော့ ခဏခဏဆူးဖူးတယ်။ အဲဒါကြောင့် အခုထိ ငါးစားလို့ရှိရင် အရမ်းသတိထားတယ်။ အရိုးသိပ်မများတဲ့ ငါးကိုပဲ အိမ်မှာချက်စားဖြစ်တာများတယ်။ အရိုးများလာပြီဆိုရင်တော့ အဲ့ဒီငါးကို မစားတတ်တော့ဘူး။

မနက်စာကို ဘယ်အချိန်လောက်စားဖြစ်လဲ။ ဘာဟင်းတွေနဲ့ စားဖြစ်တာများလဲ။ နေ့လယ်စာနဲ့ ညစာရော။

            မနက်စာကိုတော့ မနက်အလုပ်မသွားခင်မှာ စားဖြစ်ပါတယ်။ စိုးပြည့်တို့လို အနုပညာသမားတွေက အချိန်သိပ်မမှန်ဘူး။ တစ်ခါတလေကျရင် မစားဖြစ်တဲ့အချိန်တွေတောင် ရှိပါတယ်။ ဒါပေမဲ့ မနက်ခင်းဆိုရင်တော့ ကာဗိုဟိုက်ဒရိတ်ပါတာတွေ စားဖြစ်တယ်။ အားရှိတဲ့အရာတွေနဲ့ အာဟာရမျှတအောင်တော့ စားဖြစ်ပါတယ်။ နေ့လယ်ခင်းဆိုရင်တော့ အသီးအရွက်တွေ စားဖြစ်တာများတယ်။ များသောအားဖြင့် စိုးပြည့်က ကန်စွန်းရွက်ကြော် ကြိုက်တော့ အဲဒါစားဖြစ်တာများတယ်။ စိုးပြည့်စားတဲ့ ဟင်းမှာ အရွက်တို့ ဟင်းရည်တို့မပါရင် မစားတတ်ဘူး။ ညပိုင်းကြရင်တော့ စိုးပြည့်က ထမင်းလုံးဝမစားဖြစ်ပါဘူး။ အရွက်တို့ အသီးအနှံတို့ပဲစားဖြစ်ပါတယ်။

စိုးပြည့် စားဖူးသမျှအစားအစာတွေထဲမှာ တစ်သက်မမေ့လောက်အောင်ဖြစ်တဲ့ အစားသောက်မျိုးရော ရှိလား။

            တစ်သက်မမေ့လောက်တာမျိုးဆိုတော့ အဲ့ဒီလောက်ကြီးတော့ အရမ်းအစွဲအလမ်းတော့ မရှိပါဘူး။ ကြိုက်တာတွေတော့ရှိပါတယ်။

ထူးထူးဆန်းဆန်း အစားသောက်တွေရော ညီမ စားဖူးလား။

            ထူးထူးဆန်းဆန်း အစားသောက်ဆိုရင်တော့ ညီမက ကြောက်တတ်တော့ မစားဖြစ်ပါဘူး။ ပုရစ်ကြော်တောင်မှ အရမ်းအတင်းကျွေးတာတောင် မစားရဲဘူး။

အားလပ်ရက်တွေမှာ တစ်ခုခုလုပ်စားလေ့ရှိလား။ ဘာတွေလုပ်စားဖြစ်လဲ။

            အားလပ်ရက်တွေမှာ အမြဲတမ်းလုပ်စားလေ့ရှိပါတယ်။ ဥပမာ များသောအားဖြင့် မုန့်တွေလုပ်စားတာ များပါတယ်။ မုန့်လုံးရေပေါ်၊ ဆနွင်းမကင်း၊ ရွှေချီ၊ ကျောက်ကျော၊ ငှက်ပျောသီးသာကူပေါင်း စသဖြင့် မုန့်တွေမျိုးစုံ လုပ်စားတယ်။ ဟင်းကကျတော့ နည်းနည်း ခက်ခက်ခဲခဲဟင်းလေးတွေကို ချက်ရတာ ပိုစိတ်ဝင်စားတယ်။

အဲဒီလို ခက်ခက်ခဲခဲဟင်းတွေချက်ရတာ စိတ်ဝင်စားတယ်ဆိုတော့ အဲဒီလိုဟင်းတွေ ချက်တော့မယ်ဆိုရင် ဘယ်လိုသင်ယူဖြစ်လဲ။

            ခက်ခဲတဲ့ ဟင်းတွေကျတော့ အိမ်ကချက်ရသလို မလွယ်တော့ လေ့လာဖို့အတွက် စာအုပ်တွေ စိုးပြည့်မှာ အများကြီးရှိတယ်။ အဲ့ဒီကနေ လေ့လာတယ်။ နောက်ပြီး အင်တာနက်ကနေပြီးတော့ ကိုယ်ကြိုက်တဲ့ဟင်းကို သိမ်းထားတယ်။ ကိုယ်စားချင်တဲ့အချိန်ကျရင် ပြန်ပြီးတော့ ကြည့်ပြီးတော့ လုပ်စားဖြစ်ပါတယ်။

ရှုတင်သွားတဲ့အခါမှာ ထမင်းချိုင့်တွေယူလေ့ရှိလား။

            ရှုတင်သွားရင်တော့ ထမင်းချိုင့်က ယူရတယ်။ ရှုတင်ထမင်းတော့ရှိပေမယ့်။ သူကကျတော့ အဆီတွေဘာတွေများတယ်။ စိုးပြည့်တို့အတွက်ကျတော့ သိပ်အဆင်မပြေဘူး။ ဒါကြောင့် အိမ်ကပဲချက်ပြီး ယူသွားတာများတယ်။

ကိုယ်မစားဖူးတဲ့အစားသောက်တွေကို မြည်းစမ်းချင်စိတ်ရှိလား။

            ကိုယ်မကြောက်တဲ့ အရာမျိုးဆိုရင်တော့ မြည်းစမ်းချင်ပါတယ်။ ဥပမာ မြွေတို့၊ ကြွက်တို့ စသဖြင့် အကောင်ပလောင်တွေဆိုရင်တော့ ဘယ်တော့မှမြည်းမှာမဟုတ်ပါဘူး။ နောက်ပြီးတော့ စိုးပြည့်ရှေ့မှာ အကောင်တစ်ကောင်ကို အရှင်မြင်သွားပြီး အဲဒါကို ချက်ပြုတ်ရင်တော့ မစားတော့ပါဘူး။ မြည်းရင်လည်း စိုးပြည့်စားတဲ့ ကြက်၊ ဝက်၊ ငါး၊ ပုစွန်ထဲက အစားစာတွေပဲ မြည်းဖြစ်တာများပါတယ်။ မြည်းရင်တောင် ချဉ်ငန်စပ်အရသာမျိုးဘက်ပဲ ပိုမြည်းမိပါတယ်။

တချို့တွေက စိတ်ညစ်တာတို့၊ ဝမ်းနည်းတာ၊ ပျော်ရွင်တာ၊ ဝမ်းသာတာမျိုးမှာ အစားတွေ များများစားလေ့ရှိတယ်။ ညီမကရော အဲလိုအခါမျိုးမှာ အစားသောက်နဲ့ပတ်သက်ပြီး ဘာတွေစားဖြစ်လဲ။ များများစားလား။ နည်းနည်းစားလား။

            အဲ့ဒီလို စိတ်အခြေအနေပေါ်မူတည်ပြီးတော့ စိုးပြည့်မစားတတ်ဘူး။ ဗိုက်ဆာမှ စားတာပဲများပါတယ်။

ညီမရဲ့ အစားသောက်နဲ့ ကျန်းမာရေးပေါ်အမြင်နဲ့ အစားသောက်နဲ့ ခန္ဓာကိုယ်ထိန်းသိမ်းမှုပုံလေးကို ပြောပြပေးပါဦး။

            အစားသောက်နဲ့ ကျန်းမာရေးဆိုရင်တော့ အစားသောက်က ကျန်းမာရေးအပေါ်မှာ အများကြီးသက်ရောက်မှုရှိပါတယ်။ အစားမဆင်ခြင်လို့ အသက်အန္တရာယ်အထိပါ သက်ရောက်သွားတဲ့လူတွေလည်း အများကြီးရှိပါတယ်။ စိုးပြည့်တို့လည်း လူငယ်တွေအတွက် ငယ်တုန်းမှာ သိပ်ကိစ္စမရှိပေမဲ့ အသက်ကြီးလာရင်တော့ ပိုပြီးတော့ သတိထားရတယ်။ ဥပမာ ဆီးချိုသမားဆိုရင် အမြဲ အချိုရှောင်နေရတယ်။ သွေးတိုးသမားဆို အငန်ပေါ့။ အစားမတော်တစ်လုပ်ဆိုတဲ့ ပုံစံအတိုင်းပါပဲ။ အစားသောက်က ကျန်းမာရေးအတွက် အရမ်းအရေးကြီးတယ်။ စိုးပြည့်တို့လို အခုငယ်တဲ့အရွယ်မှာလည်း အရမ်း တန်ဆေးလွန်ဘေး ဖြစ်အောင် မလုပ်ဘူး။ ဥပမာ- အရမ်းအငန်ကြိုက်ပြီး စားတာမျိုးက အခုနေ မသိသာပေမယ့် အသက်ကြီးလာရင် ပြဿနာဖြစ်လာနိုင်တယ်။

အိမ်ကမိဘတွေချက်တဲ့ ဟင်းတွေထဲမှ ဘယ်ဟင်းကို အကြိုက်ဆုံးလဲ။

            မေမေချက်တဲ့ ဟင်းထဲကဆိုရင် ချဉ်ပေါင်ကြော်၊ ကြက်သားအာလူး ဆီပြန်ရေကျန်၊ ငရုတ်သီးထောင်း အဲ့ဒါမျိုးလေးတွေကိုတော့ စိုးပြည့်ကြိုက်တယ်။

နိုင်ငံတကာက အစားအသောက်တွေမှာဆိုရင် ဘယ်နိုင်ငံက ဘယ်အစားသောက်ကို စားဖြစ်တာများလဲ။

            ဘယ်နိုင်ငံအစားသောက်ကို ကြိုက်လဲဆိုရင် စိုးပြည့်တို့ မြန်မာစာနဲ့ အနီးစပ်ဆုံး ထိုင်းအစားစာတော့ အကြိုက်ဆုံးပါပဲ။ ကိုရီးယားစာတို့လည်း ကြိုက်တယ်။ ဒါပေမဲ့ အမြဲတမ်းကြီး စားဆိုရင်တော့ သိပ်မစားချင်ဘူး။

နိုင်ငံခြားကိုရောက်နေတဲ့အချိန်မှာ ကိုယ့်နိုင်ငံက ဘယ်အစာအစားကို လွမ်းဆွတ်တမ်းတမိပါသလဲ။

            ညီမက နိုင်ငံခြားရောက်တယ်ဆိုရင်လည်း ရက်က အများကြီးမသွားဘူး။ စိုးပြည့် တစ်ခါ စင်္ကာပူမှာသွားရိုက်တုန်းက ၁ဝ ရက်လောက်က အကြာဆုံးပဲ။ အဲဒီတုန်းကတော့ စားရတာ အီလာတယ်။ ဒါပေမဲ့ အဲ့ဒီမှာက မြန်မာဆိုင်တွေရှိတော့ ကိုယ်အီလာတဲ့ အချိန်မှာ သွားစားလို့ရတယ်။ ၄၊ ၅ရက်လောက်ပဲ သွားတဲ့ ခရီးမျိုးဆိုရင်တော့ မြန်မာစာကို ရှာမစားဘူး။ သူတို့အစားစာပဲ စားဖြစ်တယ်။

စားသောက်ဆိုင်နဲ့ အိမ်မှာဆို ဘယ်မှာပိုစားဖြစ်လဲ။

            အဲ့ဒါကတော့ အိမ်မှာ စားရတာရိုးသွားရင်တော့ ရံဖန်ရံခါ အပြင်မှာထွက်စားရတာကို ကြိုက်ပါတယ်။ များသောအားဖြင့် ကျန်းမာရေးနဲ့ပိုသင့်တော်ကတော့ ကိုယ့်အိမ်မှာကိုယ်စားတာက ပိုသင့်တော်တယ်လို့ ထင်ပါတယ်။ ဆီတွေဘာတွေသုံးတာက အစပေါ့။

ဘဝမှာ အမှတ်တရဖြစ်မယ့် အစားအစာရှိလား။ ဥပမာ အဲဒီအစားအစာကို စားလိုက်ရင် တစ်နေရာရာ၊ တစ်ယောက်ယောက် စသဖြင့် အမှတ်တရဖြစ်မယ့် အစားအစာမျိုးပေါ့။

            အဲဒီလိုမျိုးဆိုရင်တော့ စိုးပြည့်က ငယ်ငယ်ကတည်းက ချဉ်ပေါင်ကြော် အရမ်းကြိုက်တယ်။ ငယ်ငယ်ကဆိုရင် အစ်မဒီးဒီလည်း ချဉ်ပေါင်ကြော် အရမ်းကြိုက်တယ်။ ဒီတော့ ချဉ်ပေါင်ကြော်မြင်ပြီဆိုရင် ညီအစ်မနှစ်ယောက်က လုစားတာများတယ်။ နောက် စိုးပြည့်တို့ကျောင်းတက်တဲ့အချိန်က ကျောင်းရှေ့မှာ တွန်းလှည်းနဲ့ သကြားကို မီးအပူပေးပြီးတော့ ငှက်သိုက်လိုအမျှင်လေးတွေနဲ့ ရောင်းတဲ့မုန့်ပေါ့။ အဲဒီမုန့်လေးကို အရမ်းကြိုက်တယ်။ အဲ့ဒါလေး အခုအချိန်မှာ ပြန်စားလည်း စားချင်တယ်။ စားမိခဲ့ရင်လည်း ကျောင်းတက်တုန်းက ဘဝကို ပြန်သတိရပါတယ်။

ညီမစားဖူးသမျှထဲမှာ ဈေးကြီးပြီး မတန်ဘူးထင်တဲ့ အစားသောက်တွေရှိလား။

            အဲ့ဒီလိုမျိုးကျတော့ ဆိုင်ပေါ်မှာမူတည်ပါတယ်။ တချို့ဆိုင်တွေကကျတော့ ချက်တာရော၊ အရည်သွေးရော အတူတူပဲ။ ဒါပေမဲ့ ဆိုင်ခန်းခတွေ၊ နေရာအပြင်အဆင်တွေနဲ့ကြောင့် ကွာခြားမှုရှိတယ်။ ဟော်တယ်မှာဆိုရင် ဈေးကတစ်မျိုးပေါ့။ ဒီတော့ တန်တယ်မတန်ဘူး ဆိုတာက ဆိုင်ပေါ်မှာပဲ ပိုပြီးတော့မူတည်တယ်လို့ ထင်ပါတယ်။

စိုးပြည့်အကြိုက်ဆုံး အသီးအနှံ၊ အရွက်၊ အသား၊ ငါးတွေကို ပြောပြပေးပါဦး။ ဖျော်ရည်တွေထဲမှာဆိုရင်ရော။

            ညီမအကြိုက်ဆုံး အသီးအနှံဆိုရင်တော့ အသီးအနှံ တော်တော်များများ စားဖြစ်ပါတယ်။ အခါးဘက်နွယ်တဲ့ အသီးအနှံတွေတော့ စိုးပြည့်မစားပါဘူး။ အရွက်လည်း အခါးကလွဲရင် တော်တော်များများ စားပါတယ်။ အကြိုက်ဆုံးကတော့ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက် ကြိုက်တယ်။ သား၊ ငါးတွေထဲမှာတော့ စွဲစွဲမြဲမြဲကြိုက်တာမျိုးကြီးတော့ မရှိပါဘူး။ အဆင်ပြေသလို စားလိုက်တာပဲ။ ဒါပေမဲ့ ကြက်ဥတော့ကြိုက်တယ်။ ဖျော်ရည်ထဲမှာဆိုရင်တော့ စတော်ဘယ်ရီလက်ဖျော်ကို ကြိုက်တယ်။

ညီမနဲ့မတည့်တဲ့ အစားအသောက်တွေရောရှိလား။ မကြိုက်တဲ့အစားစာရော။

            မတည့်တာမျိုးတော့ မရှိဘူး။ ဒါပေမဲ့ အပြင်မှာရောင်းတဲ့ ဆိုးဆေးပါတဲ့ မက်မန်းသီးထုပ်လေးတွေကို စားလိုက်ရင် စိုးပြည့်ကို ချောင်းအရမ်းဆိုးစေပါတယ်။

အစားအသောက်တစ်ခုခုကိုစားနေတုန်း အဲဒီထဲမှာ ရွံစရာတွေ ဘာတွေရော တွေ့ဖူးလား။ အစားအသောက် စားနေရင်း သူငယ်ချင်းတွေက ဘေးနားက ရွံစရာပြောရင်ရော ရွံတတ်လား။

            တွေ့ဖူးပါတယ်။ တစ်ခါစားနေတုန်းက စားမဲ့အထဲမှာ ယင်ကောင်တွေ့ဖူးတယ်။ အဲဒီလိုမျိုး ရွံစရာတွေ့ရင်တော့ မစားဖြစ်တော့ဘူး။ သူငယ်ချင်းတွေနောက်ရင်တော့ အတိုင်းအတာတစ်ခုအထိတော့ သည်းခံတာပေါ့နော်။

အစားသောက်က နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှုကို ဖော်ဆောင်နိုင်တယ်လို့ ထင်မြင်မိပါသလား။

            ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစားအသောက်က နိုင်ငံတိုင်းမှာ သူတို့ရဲ့ ရိုးရာအစားသောက်ဆိုတာ ရှိပါတယ်။ မြန်မာဆိုရင်လည်း မြန်မာ့ရိုးရာ အစားသောက်တွေရှိတယ်။ ဥပမာ မုန့်ဟင်းခါးတို့ ဘာတို့ပေါ့။

အခု ညီမလုပ်ပြတဲ့ ပုစွန်ပင်လယ်စာ ပင်စိမ်းဟင်းလေးကို လိုက်လုပ်စားမယ့် ပရိသတ်အတွက် အမှတ်တရစကား လက်ဆောင်လေးကို ပြောပြပေးပါဦး။

            ဒီဟင်းပွဲလေးက လိုက်လုပ်ကြည့်ရင် မခက်ခဲပါဘူး။ တန်ပူရာမှုန့်လေးရှိတယ်ဆိုလို့ရှိရင် အဆင်ပြေပါတယ်။ ပင်စိမ်းလေးကိုလည်း ကြော်ပြီး အပေါ်ကဖြူးပေးလိုက်ရင် ရနံ့မွှေးမွှေး အရသာရှိရှိလေး သုံးဆောင်လို့ရပါပြီ။ ဒီတော့ လိုက်လုပ်စားကြည့်ပါဦးလို့ ပြောချင်ပါတယ်။

စိုးပြည့်သဇင်ရဲ့ ပုစွန်ပင်လယ်စာ ပင်စိမ်းဟင်း

►   ပါဝင်ပစ္စည်း

♦   ပုစွန်   –   ၁ဝဝ ဂရမ်ခန့်

♦   ပြည်ကြီးငါး   –   ၁ဝဝ ဂရမ်ခန့်

♦   ကြက်သွန်ဖြူ   –   ၂ တက် (နုပ်နုပ်စဉ်း)

♦   မှို   –   စိတ်ကြိုက်

♦   ပဲတောင်းရှည်   –   စိတ်ကြိုက်

♦   ပင်စိမ်း   –   စိတ်ကြိုက်

♦   ငရုတ်သီးစိမ်း   –   ၄ တောင့်

♦   ဆီ   –   စားပွဲဇွန်း ၂ ခန့်

♦   ရေ   –   အနည်းငယ်

♦   ကြက်ပြုတ်ရည်   –   အနည်းငယ်

♦   ခရုဆီ   –   လက်ဖက်ရည်ဇွန်း ၁ ဇွန်း

♦   တန်ပူရာမှုန့်   –   လိုအပ်သလောက်

♦   ပဲငံပြာရည်အကြည် –   လက်ဖက်ရည်ဇွန်းတစ်ဝက်

♦   သကြား   –   လက်ဖက်ရည်ဇွန်းတစ်ဝက်

♦   ဆီမွှေး   –   အနည်းငယ်

►   ပြုလုပ်နည်း

၁။        ပထမဆုံး ပင်စိမ်းရွက်ကိုကြော်ပြီး ဆယ်ထားပါ။

၂။        တန်ပူရာမှုန့်အားရေဖျော်ပြီး အရသာ သကြား၊ ဆီမွှေးထည့်ပြီး ပုစွန်၊ ပြည်ကြီးငါးတွေ ကပ်ပြီး ကြော်ဆယ်ထားပါ။

၃။        ထို့နောက် ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းကို ဆီသတ်ပါ။

၎။        ရနံ့မွှေးလာရင် မှိုနဲ့ ပဲတောင့်ရှည် လှီးထားတာလေးတွေကို ရောထည့်ဆီသတ်ပါ။

၅။        ပြီးလျှင် ကြက်ပြုတ်ရည်လေးထည့်ပြီး အရသာဖြစ်တဲ့ သကြား၊ ပဲငံပြာရည်၊ ခရုဆီထည့်ပါ။

၆။        နောက်ဆုံး စောစောကကြော်ထားသော ပင်လယ်စာများကို ထည့်ပါ။ ပြီးလျှင် ကြော်ထား သောပင်စိမ်းများကို အပေါ်မှအုပ်ပြီးလျှင် သုံးဆောင်နိုင်ပါပြီ။

Facebook Comments