အရသာရှိတဲ့ ဘယ်အစားအစာမျိုးမဆို စားလိုက်ရရင် ကိုယ်ချစ်တဲ့သူကို သတိရတယ်ဆိုတဲ့ … မုဏ်း

မုဏ်းရဲ့ ပုစွန်ထုပ်ချက်

အချက်အပြုတ်ကို ဘယ်အရွယ်လောက်ကတည်းကစပြီးတော့ ဝါသနာပါခဲ့ပါသလဲ။

အချက်အပြုတ်ကိုတော့ ညီမ ငယ်ငယ်ကတည်းကစပြီးတော့ ချက်ဖြစ်ပါတယ်။ညီမမှာ အဒေါ်တွေလည်းများတော့ သူတို့ကလည်း ငယ်ငယ်တည်းက ချက်နည်းတွေ ညီမကို သင်ပေးတော့ အဲဒီအရွယ်တည်းကစပြီးတော့ ဝါသနာပါခဲ့တာပါ။

အခု ပုစွန်ထုပ်ဟင်းလေးကို ပရိသတ်ကို ချက်ပြုတ်ပြဖို့ စီစဉ်ဖြစ်သွားပုံလေးကိုလည်း ပြောပြပေးပါဦး။

ပုစွန်က ညီမလည်း အရမ်းကြိုက်တယ်။ ညီမက ခြေလေးချောင်းသားလည်း မစားတော့ စားရတာက ပုစွန်တို့၊ ပြည်ကြီးငါးတို့ပဲ ရှိတယ်။ ဒီတော့ ဒီဟင်းပွဲလေးကို ချက်ပြဖို့အတွက် စီစဉ်ဖြစ်တာပါ။

ညီမရဲ့ဘဝမှာ ပထမဆုံးစချက်ဖြစ်တဲ့ ဟင်းပွဲလေးကရော ဘာဟင်းပွဲလေးဖြစ်မလဲ။ အရသာကရော ဘယ်လိုနေလဲ။

ပထမဆုံးချက်ဖြစ်တာလည်း အခုချက်ပြတဲ့ ပုစွန်ထုပ်ဟင်းလေးပါပဲ။ အရသာကတော့ တော်တော်လေးကိုလွဲလို့ ခဏခဏ ပြန်ပြင်ရတယ်။(ရယ်လျက်)

ညီမမုဏ်းချက်တဲ့ ဟင်းလေးတွေကိုစားပြီး ပထမဆုံးချီးမွမ်းခံရတုန်းက ခံစားချက်ကရော။

အရမ်းပျော်တယ်။ အဲဒီတုန်းကဆိုရင် ကိုယ်ချစ်တဲ့လူကို ကျွေးချင်တဲ့အတွက် သူအံ့သြသွားအောင် ချက်ပြီးယူသွားတော့ ကိုယ်ချစ်တဲ့လူကစားပြီး ကောင်းတယ်လို့ပြော ခံရတဲ့အခါမှာ ကျေနပ်မိတယ်၊ ပျော်မိတယ်။

အချက်အပြုတ်ကိုရော ဘယ်သူတွေဆီက သင်ယူခဲ့လဲ။

အဓိကသင်ယူမိတာကတော့ အမေနဲ့ အဒေါ်တွေဆီကပါပဲ။

ငယ်ငယ်တုန်းကကြိုက်ပြီး အခုမကြိုက်တဲ့ အစားအစာ၊ ဒါမှမဟုတ် ငယ်ငယ်တုန်းက မကြိုက်ဘဲ အခုမှကြိုက်တဲ့ အစားအစာရောရှိလား။

ငယ်ငယ်ကကြိုက်ပြီး အသက်ကြီးမှမကြိုက်တာမျိုးဆိုရင် ဝက်သားတို့လိုမျိုး ခြေလေးချောင်း သားတွေပါ။ ငယ်ငယ်ကမကြိုက်ဘဲ အခုမှကြိုက်တာမျိုးဆိုရင်တော့ ကြက်ဟင်းခါးသီးတို့၊ အသီးအရွက်တွေပေါ့။ ငယ်ငယ်က အသီးအရွက်လုံးဝမစားဘူး။ အခု သက်ကြီးမှစားဖြစ်တာပါ။

ငယ်ငယ်က အစားအသောက်နဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်လေးတွေရှိရင် ပြောပြပေးပါဦး။

ငယ်ငယ်က မေမေက သာကူကျိုခိုင်းတာ ကော်လိုဖြစ်သွားတာမျိုးတို့၊ နောက်ပြီး ငယ်ငယ်က ပီကယ်မျိုချမိပြီးတော့ အရမ်းလန့်သွားတာမျိုးတော့ ရှိခဲ့ဘူးတယ်။

ညီမလေးရဲ့ တစ်နေ့တာ စားသောက်မှုပုံစံလေးကို ပြောပြပေးပါဦး။

ညီမက မနက်စာဆိုပြီးတော့သီးသန့်တော့ မစားဖြစ်ဘူး။ စားဖြစ်တယ်ဆိုရင် တစ်ပတ်မှာ တစ်ခါလောက်ပဲစားဖြစ်တယ်။ ဝိတ်လည်းချနေတော့လေ။ တစ်ခါတလေ လည်း နေ့လယ်စာနဲ့ ပေါင်းစားတယ်။ နေ့လယ်စာလည်း အသီးအရွက်များများ ထည့်စားတယ်။ ညစာကိုလည်း အသီးအရွက်ကြော်နဲ့ စားဖြစ်တာများတယ်။

ညစာကို အိမ်မှာစားဖြစ်လား၊ အပြင်မှာစားဖြစ်လား။ ညစာစားပြီးရင်ရော အချိုတွေဘာ တွေ တည်းဖြစ်လား။

ညစာကိုတော့ နေ့တိုင်း အပြင်မှာစားဖြစ်တာများတယ်။ ညစာစားပြီးရင်တော့ အချိုတည်း ဖြစ်ပါတယ်။ များသောအားဖြင့် ညီမက အသီးအနှံတွေစားဖြစ်ပါတယ်။

မုဏ်းစားဖူးသမျှ အစားအစာတွေထဲမှာ တစ်သက်မမေ့လောက်အောင်ဖြစ်တဲ့ အစား အသောက် မျိုးရောရှိလား။

အဲဒီလိုဆိုရင်တော့ အမေချက်ကျွေးတဲ့ အုန်းထမင်းနဲ့ ကြက်သား ဟင်းကိုတော့ ဘယ်တော့ စားစားမမေ့နိုင်ပါဘူး။ စားဖူးသမျှထဲမှာ ထူးထူးဆန်းဆန်းဖြစ်တဲ့ အစားအသောက် မျိုးရောရှိလား။ ဥပမာ တချို့ဆိုရင် အကောင်အရှင်တွေဘာတွေ စားတာမျိုးပေါ့။ ထူးထူးဆန်းဆန်းဆိုရင်တော့ ညီမ ငါးအစိမ်းတို့၊ တရုတ်တန်းမှာရတဲ့ သင်ပေါင်းပိုးတို့တော့ စားဖူးတယ်။

ညီမရဲ့မိဘတွေ၊ အဒေါ်တွေချက်တဲ့အထဲမှာ ဘယ်ဟင်းပွဲကိုအကြိုက်ဆုံးလဲ။

အကုန်လုံးနီးပါး ညီမကြိုက်ပါတယ်။

နိုင်ငံတကာအစားသောက်ထဲမှာဆိုရင် ဘယ်အစားသောက်ကိုကြိုက်လဲ။

နိုင်ငံတကာအစားသောက်ထဲမှာဆိုရင် ဂျပန်စာနဲ့ ဟော့ပေါ့တို့ စားဖြစ်တာများတယ်။

နိုင်ငံခြားတွေကိုသွားရင် မြန်မာပြည်က ဘယ်အစားအစာကို လွမ်းဆွတ်တမ်းတမိပါ သလဲ။

နိုင်ငံခြားသွားရင်တော့ မြန်မာပြည်က ငါးပိရည်၊ ငါးပိထောင်းတို့ကိုလွမ်းတယ်။ မြန်မာ ပြည်ပြန်လာရင်တော့ အဲဒီလိုဟာတွေ အများကြီးစားမယ်လို့တော့ စိတ်ထဲမှာ မှတ် ထားဖြစ်တယ်။ ဘဝမှာ အမှတ်တရဖြစ်မယ့်အစားအစာရှိလား။ ဥပမာ အဲဒီအစားအစာကိုစားလိုက်ရင် တစ်နေရာရာ၊ တစ်ယောက်ယောက်စသဖြင့် အမှတ်တရဖြစ်မယ့် အစားအစာမျိုးပေါ့။ များသောအားဖြင့် အရသာရှိတဲ့ ဘယ်အစားအစားမျိုးမဆို စားလိုက်ရရင် ကိုယ်ချစ်တဲ့သူကို သတိရတယ်။ နောက်ပြီးတော့ ဓားလှီးရေခဲမုန့်နဲ့ ကြက်ဥခေါက် မုန့်ကို ပြန်စားရမိတယ်ဆိုရင်တော့ ငယ်ငယ်ကျောင်းတက်တုန်းကဘဝကို ပြန်သတိရမိပါတယ်။

ဈေးကြီးပြီးတော့ မတန်ဘူးထင်တဲ့ အစားသောက်မျိုးရောရှိလား။ ဒါမှမဟုတ် ဈေးပေါ ပေါနဲ့ တန်တယ်ထင်တဲ့ အစားအသောက်မျိုးဆိုရင်ရော။

ဈေးကြီးပြီး မတန်ဘူးဆိုတာရယ်လိုတော့ မရှိပါဘူး။ ဈေးပေါပြီးတန်တယ်ထင်တဲ့ အစားအသောက်မျိုးဆိုရင်တော့ လမ်းဘေးက အထမ်းသည် အသုပ်ဆိုင်လေးတွေပါပဲ။ မုန့်ဟင်းခါးတို့၊ အသုပ်စုံတို့ပေါ့။ တအားလည်းဈေးပေါတယ်။ စားလို့လည်းကောင်းတယ်။

စားသောက်ဆိုင်နဲ့ အိမ်မှာ ဘယ်မှာပိုစားချင်လဲ။

ညီမကတော့ အိမ်မှာစားချင်တယ်။ ဒါပေမဲ့ မစားဖြစ်တာကများနေတယ်။

ညီမအကြိုက်ဆုံး အသီးအနှံ၊ အရွက်၊ အသား၊ ငါးတွေကို ပြောပြပေးပါဦး။

အသီးရွက်ကတော့ အကုန်စားဖြစ်တယ်။ အကုန်လည်းကြိုက်တယ်။ အကြိုက်ဆုံးအရွက်ဆိုရင်တော့ ကန်စွန်းရွက်ပေါ့။ အသားငါးတွေထဲမှာဆို ပုစွန်၊ ပြည်ကြီးငါး၊ ကြက်သားတို့ကြိုက်တယ်။ ခြေလေးချောင်းသားမစားတော့လေ။

ညီမနဲ့မတည့်တဲ့ အစားအစာတို့ မကြိုက်တဲ့ အစားအစာတို့ရော ရှိလား။

မတည့်တဲ့၊ မကြိုက်တဲ့ အစားစာမျိုးတော့ မရှိပါဘူး။ မစားတဲ့အစားစာပဲရှိပါတယ်။

အစားသောက်နဲ့ ကျန်းမာရေးအပေါ် မုဏ်း ရဲ့အမြင်လေးကရော။

အစားသောက်နဲ့ ကျန်းမာရေးက တိုက်ရိုက်ဆက်စပ်နေတယ်လို့မြင်ပါတယ်။ အစားအသောက်မမှန်တာ၊ မှားတာတို့ဖြစ်တာနဲ့ ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ဥပမာ အသီးအရွက်များများစားရင် အသားအရေလှမယ်။ အာဟာရဓာတ်တွေပါတဲ့ဟာတွေ စားပေးမယ်ဆိုရင်လည်း သူ့နေရာနဲ့သူ ကျန်းမာမယ်လို့ထင်မိပါတယ်။

မိသားစုအမှတ်တရပွဲတွေပဲဖြစ်ဖြစ်၊ New Year တို့ပဲဖြစ်ဖြစ် ဘာတွေလုပ်စားဖြစ်လဲ။

အဲဒီလိုမျိုးပွဲတွေဆိုရင်တော့ အိမ်မှာ ဟော့ပေါ့ချက်စားဖြစ်တာများပါတယ်။

အစားအသောက်တစ်ခုခုကိုစားနေတုန်း အဲဒီထဲမှာ ရွံစရာတွေဘာတွေရောတွေ့ရင် ဘယ်လိုနေလဲ။

ကြုံဖူးပါတယ်။ အဲဒီကျရင်တော့ ဆက်ပြီးတော့ မစားဖြစ်တော့ပါဘူး။

အစားအသောက်စားနေတုန်း သူငယ်ချင်းတွေက ဘေးနားကရွံစရာတွေပြောရင်ရောရွံတတ်လား။ နောက် အစားအသောက်စားရင် ဘာတွေကြုံရရင် စိတ်အနှောင့်ယှက် ဖြစ်မိသလဲ။

အဲဒီလိုမျိုးဘေးနားက သူငယ်ချင်းတွေက စနောက်ရင်တော့ ညီမအနေနဲ့ ဘာမှမဖြစ်ဘူး။ သူတို့ ဘယ်လို၊ ဘယ်လောက်ပဲပြောပြော ဘာမှမဖြစ်ဘူး။ ဒါပေမဲ့ ကိုယ်စားနေတဲ့ အစားအသောက်ကို အခြားတစ်ယောက်က ယူခပ်စားလိုက်ရင်တော့ အဲဒါကို ဘယ်တော့မှမစားတော့ဘူး။

ဇာတ်လမ်းတွေရိုက်ဖို့အတွက် ခရီးထွက်ရတဲ့အခါမျိုးမှာ အခက်ခဲတွေရှိလား။

ချောင်းသာတို့၊ ငွေဆောင်တို့မှာ သွားရိုက်တုန်းကတော့ အခက်အခဲမရှိပါဘူး။ ပုပ္ပါး မှာ ၃ လ လောက်သွားရိုက်ရတဲ့အခါမှာတော့ အခက်ခဲရှိခဲ့ပါတယ်။ အဲဒီမှာက အစား အသောက်ကလည်း သိပ်မရှိတော့လေ။ အဲဒီမှာကျတော့ အသီးအရွက်တွေပဲ နေ့တိုင်းနီးပါးစားဖြစ်ပါတယ်။

အစားသောက်က နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှုကိုဖော်ဆောင်နိုင်တယ်လို့ထင်လား။

ဟုတ်ထင်ပါတယ် ။ ဘယ်လိုလည်းဆိုတော့ မြန်မာပြည်တွင်းမှာတင် တိုင်းရင်းသားအစားစာတွေကလည်း အများကြီးပဲလေ။ ကိုရီးယားဆို ကင်ချီတို့နဲ့ နိုင်ငံတကာက သိကြသလိုမျိုး ညီမတို့မြန်မာဆိုရင်လည်း မြန်မာအစားစာတွေဖြစ်တဲ့ မုန့်ဟင်းခါး၊ ရခိုင်မုန့်တီ တို့ကို နိုင်ငံတကာကသိကြတယ်လေ။ ဒီတော့ ယဉ်ကျေးမှုကို ဖော်ဆောင်နိုင် တယ်လို့ ထင်ပါတယ်။

အခု မုဏ်းလုပ်ပြတဲ့ပုစွန်ထုပ်ချက်ကို လိုက်လုပ်စားမယ့် ပရိသတ်အတွက် အမှတ်တရ စကားလက်ဆောင်လေးကို ပြောပြပေးပါဦး။

အခုဟင်းလေးက ချက်ရတာလည်း လွယ်ကူပါတယ်။ စားရတဲ့အခါမှာလည်း ပုစွန်ထုပ်ဆိုတော့ ချိုချို လေးနဲ့ အရသာရှိမှာပါလို့။ နောက် အားလုံးလည်း လွယ်လွယ်ကူကူ နဲ့ မြန်မြန်ဆန်ဆန်လေး ချက်စားလို့ရမယ့်ဟင်းလေးပါ။ ပရိသတ်ကြီးလည်း လိုက်လုပ်စားကြည့်ပါဦးလို့ ပြောချင်ပါတယ်။

ပါဝင်သောပစ္စည်းများ

♦   ပုစွန်ထုပ်                                  –        ၄ဝ သား

♦   ဆီ(မေဇင်ဟင်းရွက်ဆီ)           –        ၁ဝ သားခန့်

♦   အချိုမှုန့် (သို့) ကြက်သားမှုန့်     –        လိုအပ်သလောက်

♦   ဆား                                         –        အနည်းငယ်

♦   အရောင်တင်မှုန့်                       –        အနည်းငယ်

♦   ခရမ်းချဉ်သီး၊ ပင်စိမ်း၊ နံနံပင်၊ငရုတ်ပွ ၊ကြက်သွန်ဖြူ၊နီ           –        အနည်းငယ်

ပြုလုပ်ပုံ

ပထမဆုံး ဆီထည့်ပါ။ ထို့နောက် ကြက်သွန်အဖြူ၊ အနီ၊ ခရမ်းချဉ်သီးထည့် ဆီသတ်ပါ။ ပြီးရင် အချို့မှုန့် (သို့)ကြက်သားမှုန့်၊ ဆားထည့်ပါ။ အရောင်များ အနည်းငယ် ညိုလာရင် အရောင်တင်မှုန့် အနည်းငယ်ထည့်ပါ။ ပြီးနောက် ပုစွန်ထုပ်ထည့်ပါ။ ကြိုက်တတ်လျှင် နံနံပင်၊ ပင်စိမ်း၊ ငရုတ်ပွတို့ထည့်ပါ။ ပြီးလျှင် ရေအနည်းငယ်ထည့်ပြီး အဖုံးအုပ်ထားပါ။ ရေများနည်းနည်း ခပ်ဆတ်ဆတ်ဖြစ်လာပြီး နူးလာပြီဆိုရင် သုံးဆောင်လို့ရပါပြီ။

……………………………………………

♦   အာဂမေးမြန်းရေးသားသည်   ♦

…………………………………………..

Facebook Comments