အဆီတက်စေမယ့်အစားစာတွေစားမိရင် ဘေးနားကနေပြီး ဝလာတော့မှာပဲဆိုပြီး အမြဲတမ်းသတိပေးနေတဲ့လူတစ်ယောက်ကို သွားသတိရမိတယ်ဆိုတဲ့ ဆုမြတ်နိုးကျော်

အဆီတက်စေမယ့်အစားစာတွေစားမိရင် ဘေးနားကနေပြီး ဝလာတော့မှာပဲဆိုပြီး

အမြဲတမ်းသတိပေးနေတဲ့လူတစ်ယောက်ကို သွားသတိရမိတယ်ဆိုတဲ့ ဆုမြတ်နိုးကျော်

♦   အာဂ မေးမြန်းရေးသားသည်   ♦

အချက်အပြုတ်ကို  ဘယ်အရွယ်လောက်ကတည်းက စပြီးတော့ဝါသနာပါခဲ့ပါသလဲ။

            အချက်အပြုတ်ကိုတော့ ဝါသနာပါတယ်။ အမှန်အတိုင်းပြောရရင်တော့ အိမ်မှာတော့ သိပ်မချက်ရဘူး။ ဒါပေမဲ့ ကိုယ့်က သူများကိုချက်ကျွေးရတာကိုတော့ ဝါသနာပါတယ်။

ဘဝမှာ ပထမဆုံးစချက်ဖြစ်တဲ့ ဟင်းပွဲလေးကို မှတ် မိသေးရင်ပြောပြပေးပါဦး။ အရသာကရော ဘယ် လိုရှိသလဲ။

            ပထမဆုံးလုပ်ဖြစ်တဲ့ ဟင်းပွဲလေးကိုတော့ မမှတ်မိတော့ဘူး။ ဒါပေမဲ့ ဗိုက်ဆာရင်တော့ ကိုယ့် ဘာသာကို အသုပ်တွေဘာတွေလုပ်စားမိတာမျိုးတော့ရှိတယ်။ အဲ့ဒီလို အသုပ်တွေကျတော့ အမေ တို့လုပ်တာကို လိုက်လုပ်ကြည့်တယ်။ ကိုယ့်ဘာ သာလုပ်တဲ့ အခါကျတော့ အရသာကမတူဘူး ပေါ့နော့်။ အရသာက ကွာတာပေါ့။ နောက်ကျမှ အမေတို့လုပ်သလို ပြန်ပြင်ဆင်တော့မှ အဆင်ပြေ သွားတယ်ပေါ့။

ဆုမြတ်နိုးကျော်ချက်တဲ့ဟင်းတွေထဲမှာ လူကြိုက်အများဆုံး  ဟင်းပွဲကရော ဘာဟင်းပွဲဖြစ်မလဲ။

            ညီမက အာလူး ကတ်တလိပ် လုပ်စားတာတို့၊ အသုပ်တွေ လက်ဖက်သုပ်၊ ဆေးဘဲဥသုပ်တို့၊ ဟင်း ဆိုရင်လည်း ဝက်သားချိုချဉ်ဟင်း၊ ဝက်သားကို အာလူးနဲ့ အစပ်ချက်တာမျိုးတွေကိုတော့ လူကြိုက် များကြပါတယ်။

ညီမဆုမြတ်နိုးကျော်ချက်တဲ့ ဟင်းကိုစားပြီး ပထမဆုံး ချီးမွမ်းခံရတုန်းက ခံစားချက်ကရော။ အချက်အပြုတ်ကို ဘယ်သူတွေဆီက သင်ယူဖူးလဲ။

            ချီးမွမ်းတာထက် ညီမလုပ်ပေးတဲ့ ဟင်းကို အားရပါရစားသွားကြရင်  အရမ်းပီတိဖြစ်ပြီး တော့ သဘောကျတယ်။  အချက်အပြုတ်ကတော့  မေမေဆီကပဲ အဓိကသင်ယူမိပါတယ်။အမေချက်တာကြည့်တယ်။ ဘာတွေလုပ်လည်းကြည့်တယ်။ နောက် အဘွားဆီကလည်း သင်ဖြစ်တယ်။ အခုကျတော့ အင်တာနက်ကနေ သင်တယ်။  အချက်အပြုတ်စာအုပ် တွေဆီကနေ လေ့လာတယ်။

ငယ်ငယ်တုန်းက ကြိုက်ပြီး  အခုမကြိုက်တဲ့ အစား၊ဒါမှမဟုတ် ငယ်ငယ်တုန်းက မကြိုက်ဘဲအခု မှကြိုက်တဲ့ အစားအစာရောရှိလား။

            အဲဒီလိုမျိုးဆိုတော့မရှိဘူး။ ညီမက ငယ်ငယ်တုန်းကတော့ မုန့်ဟင်းခါးကို လုံးဝ မကြိုက်ဘူး။ အခုအသက်ကြီးလာတော့ အရမ်းကြိုက်တယ်။

အစားအသောက်နဲ့ ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်လေးတွေရှိရင် ပြောပြပေးပါဦး။ဥပမာ-တချို့ သကြားလုံးမျိုမိတာတို့၊ ကျောင်းမှာ မုန့်ခိုးစားလို့ အရိုက်ခံရတာတို့၊ ဟင်း ခိုးစားတာတို့ပေါ့။ 

            အစားသောက်နဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက် ဆိုရင် ငယ်ငယ်ကတည်း ကနေ အခုထိ ပဲပြုတ်ကို လုံးဝမကြိုက်ဘူး။  ဒါပေမဲ့ အိမ်မှာတော့  စားကြတယ်။  ညီမစားနေတဲ့ အထဲ ပါလာရင်တော့ တစ်လုံးခြင်းစီပြန်ဖယ်ပြီးတော့ စားဖြစ်တယ်။ နောက် ကျောင်းတက် တုန်းက အတန်းထဲမှာ မုန့်ခိုးရတာ အရသာရမ်းရှိတယ်။ ဆရာမ က စာသင်နေတုန်း ထမင်း ချိုင့်ကို ခိုးစားတာမျိုးတော့ရှိပါတယ်။

မနက်စာကို ဘယ်အချိန်လောက်စားဖြစ်လဲ။ ဘာဟင်းတွေနဲ့ စားဖြစ်တာများလဲ။ နေ့လယ် စာကိုရော။ ညစာရော။

            ပုံမှန်ဆိုရင် ညီမကမနက်စာနဲ့ နေ့လယ်စာပေါင်းစားဖြစ်တာများတယ်။  မနက်စာသီးသန့် ကြီး တော့ မစားဖြစ်ဘူး။ နေ့လယ်စာတစ်ခါတည်းစားပြီးတော့ လုပ်စရာရှိတာတွေ တစ် ခါတည်းလုပ်ဖြစ်တာများတယ်။ နေ့လယ်စာကတော့ မြန်မာထမင်းဟင်းစားဖြစ်တာ များတယ်။ တစ်နေကုန်ဘာစားစား  ထမင်းစားလိုက်ရမှ တင်းတိမ်သွားတယ်လို့ ခံစားရတယ်။ ညစာကတော့ ၆ နာရီမကျော်ခင်မှာ စားဖြစ်ပါတယ်။ ညစာစားပြီးရင်တော့  အသီးတွေ ဘာတွေစားဖြစ်တယ်။

ညစာကိုရော အိမ်မှာမိသားစုနဲ့စားဖြစ်လား။ ဒါမှမဟုတ် အပြင်မှာစားဖြစ်သလား။ ညစာ စားပြီးရင်ရော အချိုတည်းလား။

            ညစာကတော့ အိမ်မှာ မိသားစုနဲ့ စားဖြစ်တာများပါတယ်။

စားဖူးသမျှအစားအစာတွေထဲမှာ တစ်သက်မမေ့လောက်အောင်ဖြစ်တဲ့ အစားအသောက်မျိုးရောရှိလား။

            တစ်သက်မမေ့လောက်တာမျိုးဆိုရင်တော့  ဒံပေါက်ပါ။ တစ်ခါတလေကျရင် နေအရမ်းပြင်းနေတဲ့အခါမျိုးတောင်မှာ စားချင်စိတ်အရမ်းရှိရင် စားဖြစ်တယ်။  ပြီးမှ အပူများမှာ ဆိုလို့ ရေများများသောက်ပစ်လိုက်တယ်။ဒံပေါက်ကတော့ ဘယ်တော့မှ မရိုးတဲ့အစားသောက်တစ်မျိုးပါ။

ထူးထူးဆန်းဆန်း အစားသောက်တွေရော ညီမစားဘူးလား။

            ထူးထူးဆန်းဆန်းအစားသောက်တွေကိုတော့ ညီမသိပ်မစားဖြစ်ဘူး။ ညီမက သင်ပေါင်းပိုးတို့ဘာတို့တော့ စားဘူးတယ်။ ကြိုက်လည်း ကြိုက်တယ်။ ဒါပေမဲ့လည်း အခုနောက်ပိုင်းတော့ မစားဖြစ်တော့ဘူး။ အဲ့ဒီအကောင်လေးတွေကို သနားလို့ မစားဖြစ် တော့ဘူး။

အားလပ်ရက်တွေမှာ  တစ်ခုခုလုပ်စားလေ့ရှိလား။

            အားလပ်ရက်လုပ်စားဖြစ်တာဆိုရင်တော့ အိမ်မှာ အာလူးကတ်တလိပ်နဲ့ ဟော့ပေါ့တို့ လုပ်စားဖြစ်တာများတယ်။

ရှတင်တို့၊ စတူဒီယိုတို့သွားတဲ့အခါမှာ ထမင်းချိုင့်တွေယူလေ့ရှိလား။

            ရှုတင်သွားရင် ယူဖြစ်တာများတယ်။မနက်အစောကြီးထရတော့ အိမ်ကနေပြီး

ထမင်းချိုင့်ထည့်သွားဖြစ်တာများတယ်။

ကိုယ်မစားဖူးတဲ့အစားသောက်တွေကို မြည်းစမ်းချင်စိတ်ရှိလား။

            အဲ့ဒီလိုတော့ ရှိပါတယ်။ ဒါပေမဲ့ ညီမက အစားအစာကို အကောင်တွေ ဘာတွေတော့ စားရမှာကြောက်တယ်။ နောက်ပြီးတော့ ဆန်းပြားပြီး ကိုယ်မစားဘူးတဲ့  အသုပ်တို့ ဘာတို့တော့ မြည်းကြည့်ဖူးတယ်။ အချိုတို့၊ အစပ်အရသာရှိတယ်ဆိုတာမျိုးလေးတွေတော့ ပိုမြည်းကြည့်ချင်တယ်။

တချို့တွေက စိတ်ညစ်တာတို့၊ ဝမ်းနည်းတာ၊ ပျော်ရွင်တာ ဝမ်းသာတာမျိုးမှာ အစား တွေများများစားလေ့ရှိတယ်။  ညီမကရော အဲလိုအခါများမျိုးမှာအစားသောက်နဲ့ ပတ်သက်ပြီး ဘာတွေစားဖြစ်လဲ။ များများစားလား။ နည်းနည်းစားလား။

            စိတ်ညစ်တဲ့ အခါမျိုးဆိုရင်တော့ ရေခဲမုန့်တို့၊ အချိုစာတို့ အအေးစာတို့ကို  ပိုစားဖြစ်တယ်။အသီးဖျော်ရည်၊ အသီးတွေ၊ ဒိန်ချဉ်တို့ ပိုစားဖြစ်တယ်။

ညီမရဲ့   အစားသောက်နဲ့ ကျန်းမာရေးပေါ်အမြင်နဲ့ အစားသောက်နဲ့ ခန္ဓာကိုယ်ထိန်းသိမ်းမှုပုံလေးကို ပြောပြပေးပါဦး။

            အစားသောက်နဲ့ ကျန်းမာရေးဆိုရင်တော့ ဆီကိုတော့ တက်နိုင်သလောက်ရှောင်သင့်ပါတယ်။ဥပမာ အသားဆိုရင်လည်း ကြော်ထားတဲ့အသား၊ ကင်ထားတဲ့အသား၊ ပြုတ်ထားတဲ့ အသားဆိုရင် ကြော်ထားတဲ့အသားကို  ရှောင်သင့်တယ်။ နောက်ပြီး ကိုယ့်အတွက် အကျိုးပြုတဲ့ အစားစာကိုပဲ  စားသင့်ပါတယ်။ နောက် ကိုယ်တစ်နေ့စားတဲ့ အစားသောက်ရဲ့ ကယ်လိုရီကိုလည်း ချင့်ချိန်တွက်ချက်ပြီးတော့ စားသင့်ပါတယ်။ ရေလည်းများများ သောက်ပေးသင့်ပါတယ်။ခန္ဓာကိုယ်ထိန်းသိမ်းမှု ကတော့ ညီမ ခန္ဓာကိုယ် က တက်လွယ် ကျလွယ် အစားထဲမှာပါတယ်။ ညီမက အစားသောက်ကိုလည်း အရမ်းကြိုက်တယ်။ မက် တယ်။ ဒါပေမဲ့ အခုနောက်ပိုင်းတော့ ညစာကို တက်နိုင်သလောက်ရှောင်ဖြစ်တယ်။ ပြီး တေွာ့ပာ ပုံမှန်ကစားဖြစ်တယ်။ ရေများများသောက်တယ်။ အသီးအနှံများများစားတယ်။ဥပမာ ထမင်းမစားခင်ဆိုရင် ဗိုက်တင်းအောင် ရေအများကြီး သောက်ထားလိုက်တယ်။နောက် မဝစေမယ့်အစားစာမျိုးကို ရွေးချယ်ပြီးတော့ စားဖြစ်ပါတယ်။

အိမ်ကမိဘတွေချက်တဲ့ ဟင်းတွေထဲမှ ဘယ်ဟင်းကိုအကြိုက်ဆုံးလဲ။

            မေမေချက်တဲ့  ဟင်းထဲကဆိုရင် ဝက်သားနဲ့ မျှစ်ချဉ်ကိုအကြိုက်ဆုံးပါပဲ။

နိုင်ငံတကာက အစားအသောက်တွေမှာဆိုရင် ဘယ်နိုင်ငံက ဘယ်အစားသောက်ကို စားဖြစ်တာများလဲ။

            ညီမကတော့ ယိုးဒယားစာကို စားဖြစ်တာများတယ်။

နိုင်ငံခြားကိုရောက်နေတဲ့အချိန်မှာ ကိုယ့်နိုင်ငံက ဘယ်အစာအစားကို  လွမ်းဆွတ်တမ်းတမိပါသလဲ။

            ညီမက နိုင်ငံခြားရောက်ရင်တော့ မြန်မာထမင်းဟင်းကိုလွမ်းတယ်။ မုန့်ဟင်းခါး၊ ငါးပိရည်၊ တို့စရာလေးတွေကို လွမ်းမိပါတယ်။ ဘယ်လောက်ပဲနေနေ မြန်မာအစားစာ လေးစားလိုက်ရမှ တင်းတိမ်သွားတယ်။ စင်္ကာပူရောက်တုန်းကဆိုရင် တစ်ပတ်၊ နှစ်ပတ် လောက်ပဲ နေရသေးတယ်။ မြန်မာစာအရမ်းလွမ်းလို့ အမျိုးအိမ်ကိုသွားပြီးတော့ မြန်မာထမင်းဟင်း သွားစားရသေးတယ်။

ဘဝမှာ အမှတ်တရဖြစ်မယ့်အစားအစာရှိလား။ ဥပမာ အဲဒီအစားအစာကိုစားလိုက်ရင် တစ်နေရာရာ၊ တစ်ယောက်ယောက် စသဖြင့် အမှတ်တရဖြစ်မယ့်အစားအစာမျိုးပေါ့။

            အဲဒီလိုမျိုးဆိုရင်တော့ အဆီတက်စေမယ့်  အစားစာတွေ စားမိရင် ဘေးနားကနေပြီး ဝလာတော့မှာပဲဆိုပြီး အမြဲတမ်းသတိပေးနေတဲ့ လူတစ်ယောက်ကို သွားသတိရမိတယ်။စားလိုက်မိပြီးမှ သတိရမိတာမျိုးပေါ့။သူသာရှိရင် ငါ့ကိုတော့ ဆူတော့မှာပဲဆိုတာပေါ့။

ညီမစားဖူးသမျှထဲမှာ ဈေးကြီးပြီး မတန်ဘူးထင်တဲ့ အစားသောက်တွေရှိလား။

            အဲ့ဒီလိုမျိုးတော့ မမှတ်မိတော့ဘူး။ ကြုံရင်လည်း ကြုံခဲ့ဘူးမှာပေါ့လေ။

ဈေးပေါပြီး တန်တာမျိုးဆိုရင်ရော။

            ဈေးပေါပြီး တန်တာဆိုရင် အခုရန်ကုန်မှာလည်း လမ်းဘေးဆိုင်တွေက  အစာစာတွေက ဈေးလည်းပေါတယ်။ တန်လည်းတန်တယ်ပေါ့။  အမြဲတမ်းစားရင်တော့ မကောင်းဘူးပေါ့။ တစ်ခါတလေဆိုရင်တော့ ကောင်းပါတယ်။ ရန်ကုန်မှာကလည်း အစားသောက်နဲ့ ပတ် သက်ပြီး အရမ်းကြီး တော့ ဈေးမကြီးပါဘူး။

စားသောက်ဆိုင်နဲ့ အိမ်မှာဆိုရင် ဘယ်မှာပိုပြီးတော့ စားချင်လဲ။

            ညီမက အိမ်မှာစားရတာကို ပိုကြိုက်ပါတယ်။ ကိုယ့်အိမ်မှာ  ကိုယ့်ဟာကို လွတ်လွတ် လပ်လပ်စားရတာလေ။ ဆိုင်မှာကျတော့ စားလို့တော့ ကောင်းပေမဲ့ အများနဲ့စားရတော့ တစ်မျိုးကြီးပဲ။

ဆုမြတ်နိုးကျော်အကြိုက်ဆုံး အသီးအနှံ၊ အရွက်၊ အသား၊ ငါးတွေကို ပြောပြပေးပါဦး။ ဖျော်ရည်တွေထဲမှာဆိုရင်ရော။

            ညီမအကြိုက်ဆုံး အသီးအနှံဆိုရင် ဖရဲသီး၊ ငှက်ပျောသီး၊ သံပရာသီး စသဖြင့် အကုန် နီးပါစားပါတယ်။ အရွက်တွေထဲမှာဆိုရင် ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက် ၊ အသားငါးထဲမှာဆိုရင် တော့ ငါးကိုမကြိုက်ဘူး။ အသားကိုပိုကြိုက်တယ်။ နောက် ပုစွန် ၊ ကဏန်း၊ခုံးအရမ်းကြိုက် တယ်။ ဖျော်ရည်ဆိုရင်တော့ ငှက်ပျော်သီးဖျော်ရည်၊ ဖရဲသီးဖျော်ရည်ကြိုက်ပါတယ်။

ညီမနဲ့မတည့်တဲ့ အစားသောက်တွေရောရှိလား။

            ညီမနဲ့မတည့်တာက သိပ်မရှိပါဘူး။ ပြီးတော့ ညီမကလည်း ဆန်းဆန်းပြားပြား တွေသိပ်မစားတာလည်း ပါတာပေါ့လေ။

အစားသောက်တစ်ခုခု ကိုစားနေတုန်း အဲဒီထဲမှာ ရွံစရာတွေဘာတွေရောတွေ့ဖူးလား။အစားသောက်စားနေရင်း သူငယ်ချင်းတွေက ဘေးနားက ရွံစရာပြောရင်ရော ရွံတတ်လား။

            တွေ့ဖူးပါတယ်။ အဲဒီအခါမျိုးဆိုရင် လုံးဝ ဆက်မစားနိုင်တော့ပါဘူး။ အန်တောင် အန်မိတယ်။ အဲ့ဆိုင်ကိုလည်း နောက်လုံးဝမစားတော့ဘူး။ သူငယ်ချင်းတွေ ဘေးနားက အဲလိုစနောက်နေရင်တော့ အဲ့ဒီအစားစာကို ဆက်မစားဖြစ်တော့ဘူး။

အစားသောက်က နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးရဲ့  ယဉ်ကျေးမှု ကိုဖော်ဆောင်နိုင်တယ်လို့ ထင်မြင်မိပါသလား။

            ထင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုအခု မြန်မာ့အစားစာ အချို့ဆိုရင် အခြားလူတွေကလည်း သိလာပြီလေ။ ယိုးဒယား ဆိုလည်း  သူ့အစားစာနဲ့သူ၊ တရုတ်လည်း ထို့အတူပေါ့။ အစား သောက်က နိုင်ငံတစ်နိုင်ငံ လူမျိုးတွေရဲ့ ယဉ်ကျေးမှုကို သိစေနိုင်ပါတယ်။

အခုလုပ်ပြတဲ့ ဆလပ်ရိုးပုစွန်သုပ်လေးကို လိုက်လုပ်စားမယ့် ပရိသတ်အတွက် အမှတ်တရစကားလက်ဆောင်လေး ကိုပြောပြပေးပါဦး။

            ဒီသုပ်လေးက  ဆန်းသစ်ပြီး လုပ်စားရတာလွယ်ကူပါ တယ်။ နောက်ပြီး ဆီအများကြီးမပါတဲ့အတွက် ကျန်းမာရေးနဲ့ တွက်ကြည့်ရင်လည်း အထူးကောင်းမွန်လှပါတယ်။ ဒါကြောင့် လိုက်လုပ်စားကြည့်ကြပါလို့ ပြောချင်ပါတယ်။

Facebook Comments