အစ္စရေးသံရုံးတွေရဲ့ ၂ နိုင်ငံယဉ်ကျေးမှုဖလှယ်ပွဲတွေမှာ နိုင်ငံ့ခေါင်းဆောင်တွေအတွက် ချက်ပြုတ်ပြင်ဆင်ပေးနေသူ၊ အောင်မြင်တဲ့ အချက်အပြုတ်အစီအစဉ်များကို တင်ဆက်ပေးနေသူ အစ္စရေးလူမျိုး အသက် ၅ဝ ကျော် စားဖိုမှူးကြီး Shaul Ben Aderet

by သစ်ထူး for Food Magazine

          လက် ၂ ဖက်ကို ရှေ့မှာယှက်ပြီး သူချက်တဲ့အစားအစာကို မြည်းစမ်းပြီးတော့ ထင်မြင်ချက် မှတ်ချက်ပေးနေတဲ့ ကျွန်တော့်ကို ပြန်ပြီး ခေါင်းတညိတ်ညိတ် ဖြစ်နေသူကတော့ နိုင်ငံတကာမှာရှိတဲ့ အစ္စရေးသံရုံးတွေရဲ့  ၂ နိုင်ငံယဉ်ကျေးမှုဖလှယ်ပွဲတွေမှာ နိုင်ငံ့ခေါင်းဆောင်တွေအတွက် ချက်ပြုတ်ပြင်ဆင်ပေးနေသူ၊ အောင်မြင်တဲ့ အချက်အပြုတ်အစီအစဉ်များကို တင်ဆက်ပေးနေသူ အစ္စရေးလူမျိုး အသက် ၅ဝ ကျော် Chef Shaul Ben Aderet ဖြစ်ပါတယ်။ ဘာကြောင့် အသက်ကိုပြောဖြစ်အောင် ထည့်ပြောရလည်းဆိုရင် သူ့အသက်အရွယ်၊ သူ့အတွေ့အကြုံ၊ သူ့အောင်မြင်မှုက ကျွန်တော့်လို လူကို မျက်လုံးထဲတောင် ထည့်စရာမလိုပေမယ့် ကျွန်တော်မှတ်ချက်ပေးသမျှကို လေးလေးစားစားနဲ့လက်ခံပေးတဲ့ သူ့ရဲ့အပြုအမူက ကျွန်တော့်အတွက်ရော ရည်ရွယ်ချက်ကြီးမားကြတဲ့ လူငယ်စားဖိုမှူးတွေအတွက်ပါ  အတုယူစရာဖြစ်ပါတယ်။

          ဒီအဖြစ်အပျက်လေးက ပြီးခဲ့တဲ့လကဖြစ်ခဲ့တာပါ။ တစ်နေ့မှာ အစ္စရေးသံရုံးက ကျွန်တော့်ဆီ ဖုန်းဆက်လာခဲ့ပြီး မြန်မာပြည်ကို အစ္စရေးစားဖိုမှူးတစ်ယောက် လာဖို့ရှိကြောင်းနဲ့ သံအမတ်ကြီး ကတော်အနေနဲ့ ကျွန်တော့်ကို စားဖိုမှူးနဲ့တွဲပြီး Chef Life အစီအစဉ်မှာ ကူညီပေးနိုင်ဖို့အတွက် အကူအညီတောင်းရာကစပြီး စားဖိုမှူးကြီးနဲ့ ဆုံဖြစ်ခဲ့ပါတယ်။

          ‘‘အစားအစာတွေက လူတွေရဲ့စိတ်နေစိတ်ထားကို ပြောင်းလဲနိုင်ပါတယ်။ လူတွေကို မျက်လုံးဖွင့်ပေးပြီး လူတစ်ယောက်နဲ့တစ်ယောက် အမြင်တွေပါ ပြောင်းလဲပစ်နိုင်ပါတယ်’’ လို့ Shakshuka ဆိုတဲ့ ဟင်းလျာကို ချက်ပြုတ်နေရင်း ပြောပြနေတဲ့ စားဖိုမှူးကြီးက အစ္စရေးရိုးရာမနက်စာကို သူ့ရဲ့ကိုယ်ပိုင်ဖန်တီးမှုတစ်ခုအဖြစ် ပြောင်းလဲ ပြင်ဆင်ပေးနေပါတယ်။ မနက်တိုင်း ဟင်းအိုးလိုက် စားပွဲပေါ်တင်ပြီး ပေါင်မုန့်အမာတစ်မျိုးနဲ့ တွဲဖက်စားသောက်ရတဲ့ ဟင်းတစ်မျိုးဖြစ်တဲ့ Shakshuka ကတော့ ကြက်ဥနဲ့ခရမ်းချဉ်သီးနဲ့ချက်တဲ့ ရိုးရာဟင်းလျာတစ်မျိုးဖြစ်ပြီး နိုင်ငံတကာ သံတမန်ဆိုင်ရာ ပွဲတိုင်းမှာ နေရာယူခဲ့တဲ့ ဟင်းလျာဖြစ်ပါတယ်။

          ဒီဟင်းလျာကိုမှ စားဖိုမှူးကြီးက သူ့ရဲ့ကိုယ်ပိုင်တီထွင်ဆန်းသစ်မှုအဖြစ် ခရမ်းချဉ်သီးမသုံးဘဲ ဟင်းနုနယ်ရွက်နဲ့ Cheese ၃ မျိုးရောပြီး ချက်ပြုတ်တဲ့ နံနက်စာတစ်မျိုးကလည်း လူကြိုက်များပြီး ထင်ရှားခဲ့တယ်လို့ သိရပါတယ်။

          ‘‘ကျွန်တော့်အသက် ၄ နှစ်မှာ အဘွားကို ကူညီပေးရင်းနဲ့ ကျွန်တော့်ကိုယ် ကျွန်တော် စားဖိုမှူးတစ်ယောက် ဖြစ်ချင်တယ်ဆိုတာ သတိထားမိလာတယ်’’ လို့  သူကပြောပါတယ်။

          ကျွန်တော်တို့ စားဖိုမှူးတော်တော်များများရဲ့ ထုံးစံအတိုင်း သူလည်း အဘွားနဲ့ အမေတို့ဆီကနေစပြီး သူ့ရဲ့Talent ကို ရှာတွေ့သွားခဲ့တာ ဖြစ်ပါတယ်။ ငယ်ငယ်ကတည်းက အဘွားရဲ့ သင်ပြမှုအောက်မှာ ရိုးရာဟင်းချက်နည်းတွေကို သင်ယူခဲ့တဲ့ သူဟာ အသက် ၂၁ နှစ်အရွယ်မှာတော့ ကိုယ်ပိုင်ဘားတစ်ခုကို ဦးဆောင်ပြီး လုပ်ကိုင်နေပါပြီ။

          ‘‘၂၁ နှစ်ဆိုတာ ကျွန်တော်တို့အတွက်တော့ ဘားတစ်ခုပိုင်ဖို့မပြောနဲ့၊ ဘားသွားပြီး စားသောက်ဖို့တောင် တော်တော်ငယ်သေးတယ်လို့ ပြောရမယ်’’  လို့ ကျွန်တော်ကပြောတော့ ‘‘အဲဒီအချိန် ကျွန်တော်က စစ်မှုထမ်းတာဝန်ပြီးသွားပြီ’’ လို့ သူက  ပြောပါတယ်။

          အစ္စရေးမှာ နိုင်ငံသားတိုင်း အသက် ၁၈ ပြည့်ရင် စစ်မှုမထမ်းမနေရ တာဝန်ရှိပါတယ်။ စစ်မှုထမ်းတာဝန်ပြီးဆုံးသွားရင်တော့ နိုင်ငံသားတစ်ယောက်အနေနဲ့ အရင်ထက် ပိုပြီးရဲရင့်တည်ကြည်ကာ ရင့်ကျက်တည်ငြိမ်သွားပါပြီ။ ဒါကြောင့်လည်း အသက် ၂၁ နှစ် မှစပြီး ဘားတစ်ခုကို ကိုယ်ပိုင်ဦးဆောင်လုပ်ကိုင်နေတဲ့သူ့ကို မိဘများက ဆက်ပြီး ပညာသင်စေချင်ပေမယ့် သူယုံကြည်ရာလမ်းကြောင်းကို သွေဖည်မသွားဘဲ တည့်တည့်မတ်မတ် ကြိုးစားလာတာကြောင့် အခုအချိန်မှာ အစ္စရေးနိုင်ငံရဲ့ အားထားရတဲ့  သံတမန်စားဖိုမှူးတစ်ယောက်အဖြစ် ကျော်ကြားလာတာဖြစ်ပါတယ်။

          သူ့အသက် ၄၈ နှစ်မှာ အစ္စရေးနိုင်ငံတစ်ဝန်း သူ့ကိုယ်ပိုင်စားသောက်ဆိုင် ၃ ဆိုင် ရှိလာပါပြီ။ ဒီအချိန်မှာတော့  အမေရိကရဲ့  ကျော်ကြားတဲ့  တယ်လီဗေးရှင်းအစီအစဉ်ဖြစ်တဲ့ Cuisine Culture အစီအစဉ်မှာလည်း ပါဝင်နေပါပြီ။

          ‘‘ကလေးတော်တော်များများက ဆရာဝန်၊ ရဲဝန်ထမ်း စတာတွေဖြစ်ချင်ပေမယ့် ကျွန်တော့်ကိုယ်ကျွန်တော်တော့ မီးဖိုထဲမှာပဲ နေချင်ပါတယ်’’ လို့ ပြောလာတဲ့ အစ္စရေး သံတမန် စားဖိုမှူးကြီးက နောက်ပိုင်းနှစ်တွေမှာ တူရကီရဲ့ နာမည်ကြီး ဟင်းချက်အစီအစဉ်တွေကိုလည်း ရိုက်ကူးဖြစ်ခဲ့ပါတယ်။

          ‘‘ကျွန်တော် ဘယ်သွားသွား အစ္စရေးနိုင်ငံအလံပါတဲ့ စားဖိုမှူး ယူနီဖောင်းကို အမြဲဝတ်ပါတယ်။ အဲဒီလိုအချိန်ဆို အငယ်စားသံအမတ်တစ်ယောက်လို ခံစားရပြီး အစားအစာနဲ့ ခင်မင်ရင်းနှီးမှုကို တည်ဆောက်လိုပါတယ်’’ လို့ သူကပြောပါတယ်။

          အသက် ၅၃ နှစ်ရှိပြီဖြစ်တဲ့ စားဖိုမှူးကြီးက သူ့ရဲ့ တူရကီ TV အစီအစဉ် ရိုက်ကူးဖြစ်ပုံနဲ့ ပတ်သက်ပြီး  ‘‘အစ္စရေးအစားအစာအစီအစဉ်ကို ထုတ်လုပ်တဲ့ ထုတ်လုပ်သူက တူရကီရဲ့ နာမည်ကြီး Lifestyle တယ်လီဗေးရှင်းအစီအစဉ်တစ်ခုဖြစ်တဲ့ TurkMax အစီအစဉ်အတွက် ကျွန်တော့်ကိုဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒီအချိန်က တူရကီနဲ့ အစ္စရေးဟာ နိုင်ငံရေးအရ ဆက်ဆံရေး မတည်ငြိမ်တဲ့ အနေအထားမျိုးဖြစ်နေတော့ ကျွန်တော့် မိန်းမဆိုရင် ကျွန်တော်က အဲဒီအစီအစဉ်ကို လက်ခံမယ်ဆိုတဲ့အချိန် ကျွန်တော့်ကို ရူးနေတယ်လို့တောင် ထင်နေတယ်။ လူတွေက အဲဒီဘက်ကို မသွားရဲကြဘူးလေ။ ဒါပေမဲ့ ဒါက အထူးအဆန်းကိစ္စမဟုတ်တော့တဲ့အတွက် ကျွန်တော့်အတွက်က မဖြစ်နိုင်စရာ မရှိပါဘူး’’ လို့ ပြောပါတယ်။

          ‘‘သံအမတ်တွေက နှစ်နဲ့ချီပြီး လုပ်ရတဲ့ အလုပ်မျိုးက အစားအစာ အရသာကောင်း တစ်ခုနဲ့တင် ပြီးချင်လည်း ပြီးသွားနိုင်တယ်လေ’’ လို့ လည်း  သူကဆက်လက်ပြောပါတယ်။

          အခုဆိုရင် ဇနီး၊ ကလေး ၄ ယောက်၊ သူ့ဆိုင်တွေနဲ့ နေ့တိုင်း မိသားစုတာဝန်၊ အလုပ် တာဝန်တွေကြားက မြန်မာပြည်အတွက် ရောက်လာခဲ့တဲ့ စားဖိုမှူးကြီးက ရန်ကုန်နိုဗိုတယ်ဟိုတယ်မှာ မြန်မာပြည်က စားဖိုမှူးတွေနဲ့တွေ့ဆုံပြီး အစ္စရေးဟင်းလျာ ချက်ပြုတ်ခြင်းအတွက် လက်တွေ့သရုပ်ပြ ချက်ပြုတ်ပေးပြီးတော့ နေ့လယ်စာလည်း တည်ခင်းခဲ့ပါသေးတယ်။ နောက်ရက်မှာလည်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့HCTA ကျောင်းမှာ ကျောင်းသားတွေကို တစ်ရက်တာ သင်ကြားပြသပေးခဲ့ပါတယ်။

          ကျော်ကြားတဲ့စားဖိုမှူးတစ်ယောက်အနေနဲ့ လူငယ်စားဖိုမှူးတွေ၊ စားဖိုမှူးဖြစ်ချင်ကြတဲ့သူတွေကို ဘာများပြောချင်သလဲလို့မေးတော့ ‘‘တဖြည်းဖြည်းချင်း ပညာသင်ယူပြီး နှလုံးသားနဲ့ အလုပ်လုပ်ပါ။ ဘယ်အရာမှ မှော်စွမ်းအင်လိုမျိုး ချက်ချင်းဖြစ်လာတာ မဟုတ်ပါဘူး။ အောင်မြင်မှုအတွက် ဖြတ်လမ်းဆိုတာမရှိပါဘူး’’ လို့ သူကပြောပါတယ်။

          ကျွန်တော့်အတွက်ကတော့ စားဖိုမှူးကြီး Shaul နဲ့ တွေ့ဆုံရတာ သူ့ဘဝဖြတ်သန်းပုံ၊ အလုပ်အပေါ်ထားတဲ့စိတ်ထားနဲ့ ဘဝတူစားဖိုမှူးတွေအပေါ် လေးစားသမှုနဲ့ ဆက်ဆံတတ်တဲ့ အပြုအမူတွေက အတုယူစရာ၊ လေ့လာမှတ်သားစရာတွေ ဖြစ်ခဲ့ရပါတယ်။ နောင်များမှာလည်း လေးစားအားကျဖွယ် စားဖိုမှူးများအကြောင်းကို အလျဉ်းသင့်သလို ရေးသားတင်ဆက်ပေးသွားပါမယ်။

Facebook Comments