အစားသောက်နဲ့ ကိုယ့်ရဲ့စိတ်ဆိုတာက ဆက်နွယ်နေတယ်ဆိုတဲ့ ရင်ငြိမ်း

cele_4

cele_3

cele_2

အစားသောက်နဲ့ ကိုယ့်ရဲ့စိတ်ဆိုတာက ဆက်နွယ်နေတယ်ဆိုတဲ့ ရင်ငြိမ်း

►   အာဂမေးမြန်းရေးသားသည်

အချက်အပြုတ်ကို ဘယ်အရွယ်လောက်ကတည်းက စပြီး တော့ဝါသနာပါခဲ့ပါသလဲ။

            အချက်အပြုတ်ကိုတော့ ၇ တန်း၊ ၈ တန်းလောက်ကတည်းက အိမ်မှာ တစ်ယောက်တည်းရှိနေရင် ချက်ပြုတ်တမ်းကစားရင်းနဲ့စပြီး ဝါသနာပါလာတယ် ထင်ပါတယ်။

အခု ဝက်သားလုံးခြံသမားဟင်းလေးကို ပရိသတ်ကိုချက်ပြဖို့ စီစဉ်ဖြစ်သွားပုံလေးကိုလည်း ပြောပြပေးပါဦး။

            ဒီဟင်းလေးက ဝက်သားလုံးကို ရိုးရိုးကြော်လိုက်၊ ချက်လိုက် လုပ်စားရတာ ရိုးနေသူတွေအတွက် အသီးအရွက်ကလေးတွေနဲ့ ဆန်းသစ်ပြီးတော့ ပြုလုပ်ထားတာတဲ့ ဟင်းလေးပါ။ ဝက်သားမှ မဟုတ်ပါဘူး။ မိမိကြိုက်နှစ်သက်ရာ အသားတွေနဲ့လည်း ချက်ပြုတ်လို့ရပါတယ်။ နည်းနည်းလေးလည်း ဆန်းသစ်မယ်လို့ စီစဉ် ဖြစ်သွားတာပါ။

ဘဝမှာ ပထမဆုံးစချက်ဖြစ်တဲ့ဟင်းပွဲလေးကို မှတ်မိသေးရင် ပြောပြပေးပါဦး။ အရသာကရော ဘယ်လိုရှိသလဲ။

          ပထမဆုံးလုပ်ဖြစ်တဲ့ ဟင်းပွဲလေး ငယ်ငယ်က ကြက်ဥကြော် တာတို့၊ အာလူးကြော် တာတို့ ဖြစ်မယ်ထင်တယ်။ အဲ့ဒီတုန်းက အရသာကတော့ အရမ်းပေါ့သွားတယ်။ ဆီအရမ်း နည်းသွားတယ်။ ကိုယ်ကိုယ်တိုင်ကလည်း အခုချိန်ထိ ကြော်စားရင် ပေါ့တာစားတယ်။ဆီလည်းလျော့စားတယ်။ အိမ်ကလူတွေကို ချက်ကျွေးဖြစ်ရင်လည်း ဒီအတိုင်းပါပဲ။

ရင်ငြိမ်းချက်တဲ့ဟင်းတွေထဲမှာ လူကြိုက်အများဆုံး ဟင်းပွဲကရော ဘာဟင်းပွဲဖြစ်မလဲ။

            ညီမ အိမ်မှာလုပ်ဖြစ်တဲ့ ခရမ်းချဉ်သီးသုပ်နဲ့ ကြက်ဥကြော် ကတော့ အိမ်ကမိသားစုတွေက အရမ်းသဘောကျကြိုက်ကြတယ်။ မေမေလုပ်ကျွေးတာထက်ကို ပိုကောင်းတယ်လို့လည်း ပြောကြပါတယ်။

ညီမရင်ငြိမ်းချက်တဲ့ ဟင်းကိုစားပြီး ပထမဆုံး ချီးမွမ်းခံရတုန်းကခံစားချက်ကရော။ အချက်အပြုတ်ကို ဘယ်သူတွေဆီက သင်ယူဖူးလဲ။

            ကိုယ်လုပ်ပေးလိုက်တဲ့အရသာကို ကြိုက်ကြလို့ ချီးမွမ်းတော့ ပျော်တာပေါ့။ နောက် တစ်ခါ ချက်ကျွေးချင်စိတ်လည်းပေါက်သွားတယ်လေ။ အချက်အပြုတ်ကတော့ မေမေဆီ ကပဲ အဓိကသင်ယူဖြစ်တာပါ။

ငယ်ငယ်တုန်းကကြိုက်ပြီး အသက်ကြီးမှ မကြိုက်တာနဲ့ ငယ်ငယ်က မကြိုက်ဘဲ အသက်ကြီးမှ ကြိုက်တာဆိုရင်ရော။

            ငယ်ငယ်တုန်းက ပုရစ်ကြော်ကို အရမ်းကြိုက်ပြီးစားခဲ့တယ်။ အခုသက်ကြီးတော့ မစားရဲတော့ဘူး။ အသည်းယားတယ်။ နောက် ငယ်ငယ်တုန်းက မုန့်ဟင်းခါးလုံးဝမစားဘူး။ အသက်ကြီးလာတဲ့အခါကျတော့ မုန့်ဟင်းခါးကို ကြိုက်လာတယ်။

အစားအသောက်နဲ့ပတ်သက်ပြီး အမှတ်တရ အဖြစ်အပျက်လေးတွေရှိရင် ပြောပြပေးပါဦး။ ဥပမာ- တချို့ သကြားလုံးမျိုမိတာတို့၊ ကျောင်းမှာ မုန့်ခိုးစားလို့ အရိုက်ခံရတာတို့၊ ဟင်းခိုး စားတာတို့ပေါ့။

            အစားသောက်နဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်ဆိုရင် ငယ်ငယ်တုန်းက တညင်းသီးပြုတ်နဲ့ အစိမ်းကို မှားစားမိတာပဲထင်တယ်။ အပြုတ်ကိုစားတာကြိုက်တော့ အစိမ်းကိုလည်း ကောင်းမယ်ထင်ပြီး သွားစားတဲ့အခါ ပါးစပ်ထဲမှာ အစိမ်းအရသာက ဘယ်လိုမှမခံစားနိုင်တော့ဘူး။ အဲ့ဒါလေးကတော့ အမှတ်တရပါပဲ။ အခုကတော့ တညင်းသီး လုံးဝမစားဖြစ်တော့ပါဘူး။

မနက်စာကို ဘယ်အချိန်လောက်စားဖြစ်လဲ။ ဘာဟင်းတွေနဲ့ စားဖြစ်တာများလဲ။ နေ့လယ်စာနဲ့ ညစာကိုရော။

            မနက်စာကိုတော့ မနက် ၈နာရီ၊ ၉နာရီလောက်စားဖြစ်တယ်။ မနက်စာကို ပေါင်မုန့် ဒါမှမဟုတ် ဂျုံနဲ့ပတ်သက်တာတွေ စားဖြစ်တယ်။ ပဲပြုတ်ထမင်းစားဖြစ်တယ်။ နေ့လယ်စာကတော့ ပုံမှန်အားဖြင့် ၁၂ နာရီနဲ့ ၂ နာရီတွေမှာ စားဖြစ်တာများတယ်။ ညစာကတော့ ည ၇ နာရီလောက်မှာ စားဖြစ်တာများတယ်။

ညစာကိုရော အိမ်မှာမိသားစုနဲ့စားဖြစ်လား။ ဒါမှမဟုတ် အပြင်မှာစားဖြစ်သလား။ ညစာစားပြီးရင်ရော အချိုတည်းလား။

            ညစာကတော့ ပုံမှန်မရှိဘူး။ အိမ်မှာလည်းစားတယ်။ အပြင်မှာလည်း ထွက်စားဖြစ်တာမျိုးရှိတယ်။ မျှမျှတတပါပဲ။ အချိုတည်းတဲ့အနေနဲ့ဆိုရင်တော့ သစ်သီးစားဖြစ်တယ်။

စားဖူးသမျှအစားအစာတွေထဲမှာ တစ်သက်မမေ့လောက်အောင်ဖြစ်တဲ့ အစားအသောက်မျိုးရောရှိလား။

            တစ်သက်မမေ့လောက်တာမျိုးဆိုတော့ ငါးကျည်းကြော်နဲ့ ပဲနီလေးဟင်းချိုပါ။ အဓိကကတော့ ညီမက ပဲနီလေးဟင်းချိုနဲ့ အကြော်တစ်ခုခုဆိုရင်တော့ ဘယ်တော့မှ မရိုးပါဘူး။

ထူးထူးဆန်းဆန်း အစားသောက်တွေရော ညီမစားဘူးလား။

            ထူးထူးဆန်းဆန်းအစားသောက်ဆိုရင်တော့ သူများတွေအတွက် ထူးဆန်းလားတော့ မသိဘူးနော်။ ကယားဝက်အူချောင်းပါ။ သူက အမြင်လည်းမလှဘူး။ အရသာကောင်း မလားလို့ စားကြည့်လိုက်တာ အရသာလည်း ကိုယ့်အတွက်ခံစားလို့မရဘူး။ အခြားဆိုရင် တော့ ဖားသားစားဖူးပါတယ်။

အားလပ်ရက်တွေမှာ တစ်ခုခုလုပ်စားလေ့ရှိလား။

            အားလပ်ရက်တွေမှာ ဟင်းအနေနဲ့တော့ ထွေထွေထူးထူး လုပ်စားဖြစ်တာတော့ မရှိဘူး။ ဆန်းဒွစ်တွေ ဘာတွေတော့ လုပ်စားဖြစ်တယ်။ ပေါင်မုန့်နဲ့ အသားညှပ်တာမျိုးလေးတွေပေါ့။ ဒါလေးတွေကိုတော့ တစ်ခါတလေကျရင် လုပ်စားဖြစ်ပါတယ်။

ရှုတင်သွားတဲ့အခါမှာ ထမင်းချိုင့်တွေယူလေ့ရှိလား။

            ရှုတင်သွားရင်တော့ အဆင်ပြေရင်တော့ ထည့်သွားဖြစ်တယ်။ ကိုယ့်ထမင်းဘူးလေးနဲ့ ထည့်ပြီး အိမ်ထမင်းဟင်းလေးစားလိုက်ရတာက ညီမအတွက် ပိုအဆင်ပြေတယ်။

ကိုယ်မစားဖူးတဲ့ အစားအသောက်တွေကို မြည်းစမ်းချင်စိတ်ရှိလား။

            အဲ့ဒီလိုမျိုးတော့မရှိဘူး။ အရင်ဆုံးတော့ ကြည့်ကြည့်တယ်။ ကိုယ်မကြိုက်လောက်ဘူးဆိုရင်တော့ မမြည်းဖြစ်တော့ဘူး။ ညီမက ဘယ်လိုအရသာမျိုးကို မြည်းကြည့်လည်းဆိုရင် အချိုပွဲတွေဆိုရင် မြည်းရတာကြိုက်တယ်။ ဟင်းအနေနဲ့ဆိုရင်တော့ ချဉ်စပ်လေးတွေကို မြည်းကြည့်ဖြစ်တယ်။ ချိုတဲ့ဟင်းဆိုရင်တော့ မကြိုက်ဘူး။

တချို့တွေက စိတ်ညစ်တာ၊ ဝမ်းနည်းတာ၊ ပျော်ရွင်တာ၊ ဝမ်းသာတာမျိုးမှာ အစားတွေ များများစားလေ့ရှိတယ်။ ညီမကရော အဲလိုအခါများမျိုးမှာ အစားအသောက်နဲ့ပတ်သက် ပြီး ဘာတွေစားဖြစ်လဲ။ များများစားလား၊ နည်းနည်းစားလား။

            စိတ်ထဲမှာ အဆင်မပြေတဲ့အခါမျိုးမှာတော့ ညီမက ရခိုင်မုန့်တီတို့လို ပူလောင်စပ်စပ်လေးကို ပွင့်ထွက်သွားအောင် စားဖြစ်တယ်။

ညီမရဲ့ အစားသောက်နဲ့ ကျန်းမာရေးပေါ်အမြင်နဲ့ အစားအသောက်နဲ့ ခန္ဓာကိုယ်ထိန်းသိမ်းမှုပုံလေးကို ပြောပြပေးပါဦး။

            အစားသောက်နဲ့ ကျန်းမာရေးဆိုရင်တော့ အစားသောက်က အရေးကြီးပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်အောင်၊ မျှတအောင် စားသုံးပေးသင့်ပါတယ်။ တစ်ခါတလေ စိတ်အလိုအရ လိုအပ်တယ်ထင်ရင်လည်း စိတ်လိုက်ပါလို့ စားပြီးတော့မှ ကျန်တဲ့အချိန်တွေမှာ ကိုယ့်ဝိတ်ကို ပြန်ထိန်းပါလို့။ အစားသောက်နဲ့ ကိုယ့်ရဲ့စိတ်ဆိုတာက ဆက်နွယ်နေတယ်ဆိုတော့ တစ်ခါတလေကျရင် ကျန်းမာရေးနဲ့ အရမ်းညီညွတ်အောင်နေလို့လည်း မဖြစ်သေးဘူးလို့ ညီမကတော့ထင်တယ်။ ဖြစ်နိုင်ရင်တော့ အဆီအအိမ့်တွေကိုတော့ လျော့စားစေချင်ပါတယ်။ ညီမကတော့ အမြဲတမ်း ၃ နပ်တော့ မှန်အောင်စားပါတယ်။ တစ်နပ်လျော့စားတာမျိုးတော့ မရှိပါဘူး။ ဆီကြော်တွေကိုလည်း တတ်နိုင်သလောက် ရှောင်ပါတယ်။ အငန်ကိုလည်း လျော့စားပါတယ်။ ဆိုင်မှာပဲစားစား၊ အိမ်မှာပဲစားစား အငန်ဆိုရင် လျော့ခိုင်းတယ်။ နောက်ပြီးတော့ အချိုမှုန့်၊ အသားမှုန့်တွေ လုံးဝရှောင်ပါတယ်။ ပြောရရင်တော့ ညီမကအခုပြောတဲ့ အစားသောက်ပုံစံနဲ့ပဲ ခန္ဓာကိုယ်ကိုထိန်းတယ်။

အိမ်ကမိဘတွေချက်တဲ့ ဟင်းတွေထဲမှ ဘယ်ဟင်းကိုအကြိုက်ဆုံးလဲ။

            မေမေချက်တဲ့ဟင်းထဲကဆိုရင် ယိုးဒယားကြက်သားဟင်းကို ကြိုက်တယ်။ ကြက်သားနဲ့ ပဲသီးကို ယိုးဒယားဟင်းခတ်အမွှေးအကြိုင်နဲ့ ချက်တာမျိုးပေါ့။ အုန်းနို့လည်း နည်းနည်းပါတယ်။

နိုင်ငံတကာက အစားအသောက်တွေမှာဆိုရင် ဘယ်နိုင်ငံက ဘယ်အစားသောက်ကို စားဖြစ်တာများလဲ။

            ညီမကတော့ တရုတ်စာနဲ့ ဂျပန်စာကို စားဖြစ်တာများတယ်။ ဥရောပစာတွေတော့ မကြိုက်ဘူး။ စားလိုက်ရင်လည်း ဗိုက်ပြည့်သွားတယ်လို့ သိပ်မခံစားရဘူး။

နိုင်ငံခြားကို ရောက်နေတဲ့အချိန်မှာ ကိုယ့်နိုင်ငံက ဘယ်အစာအစားကို လွမ်းဆွတ်တမ်းတမိပါသလဲ။

            ညီမက နိုင်ငံခြားရောက်ရင်တော့ မြန်မာပြည်က လက်ဖက်သုပ်ကို လွမ်းမိတယ်။ သူကအရသာလည်း အစုံပါတယ်။ ချဉ်ငန်စပ် စသဖြင့်ပေါ့လေ။ အဲ့ဒီလို မြန်မာစာကို စားချင်တဲ့အချိန်မှာ ဘယ်လိုမှလည်း လုပ်စားလို့မရဘူးဆိုရင်တော့ ခေါက်ဆွဲပြုတ်ကို ချဉ်ချဉ်စပ်စပ်လေးလုပ်စားရင်းနဲ့ အာသာဖြေရတာပေါ့။

ဘဝမှာ အမှတ်တရဖြစ်မယ့် အစားအစာရှိလား။ ဥပမာ အဲဒီအစားအစာကို စားလိုက်ရင် တစ်နေရာရာ၊ တစ်ယောက်ယောက် စသဖြင့် အမှတ်တရဖြစ်မယ့် အစားအစာမျိုးပေါ့။

            အဲဒီလိုမျိုးဆိုရင်တော့ ညီမတို့ကျောင်းကနေပြီးတော့ သူငယ်ချင်တွေ အုပ်စုလိုက် ဂျပန်သွားရသေးတယ်။ ဂျပန်မှာနည်းနည်းလည်းရက်ကြာတယ်။ ကလေးတွေဆိုတော့ မြန်မာအစားအသောက်တွေလည်း ဘာမှမယ်ရရမပါကြဘူး။ အဲ့ဒီအချိန်မှာ ခေါက်ဆွဲတွေပြုတ်ကြ၊ လက်ဖက်တွေသုပ်ကြပေါ့။ အဲဒီမှာ ထူးဆန်းတာက ဂျပန်မှာတည်းတဲ့ ဟော်တယ်က သုံးဖို့ပေးထားတဲ့အထဲမှာ ဇွန်း၊ ခက်ရင်းတွေမပါဘူး။ အဲဒီတော့ ခေါက်ဆွဲပြုတ်ကိုလည်း ဟော်တယ်ကပေးထားတဲ့ သွားပွတ်တံနဲ့ပြုတ်ရတယ်။ လက်ဖက်သုပ်လည်း အဲဒီအတိုင်းပဲ သုပ်စားရတယ်။ အဲဒီလိုမျိုး ပစ္စည်းမဆုံမလင်နဲ့ စားခဲ့ရတာလေးကို ပြန်တွေးမိရင်တော့ဖြစ်ဖြစ် စားမိရင်ဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ ဂျပန်သွားခဲ့တုန်းက အဖြစ်အပျက်လေးကို သတိရမိပါတယ်။

ညီမစားဖူးသမျှထဲမှာ ဈေးကြီးပြီး မတန်ဘူးထင်တဲ့ အစားသောက်တွေရှိလား။

            အဲ့ဒီလိုမျိုး ဈေးကြီးပြီး မတန်ဘူးထင်တာက European Salad တွေကို မကြိုက်ဘူး။ တစ်ခါတလေ စိတ်ကူးပေါက်ပြီး အသီးအရွက် Sslad စားရင် အသားရေလည်းလှမယ်။ ခန္ဓာကိုယ်လည်း ထိန်းသိမ်းရ ရောက်တယ်ဆိုပြီး European စားသောက်ဆိုင်ရောက်ရင် European Vagetable Salad ကို မြည်း စားကြည့်တယ်ပေါ့။ ဘယ်လိုမှစားလို့လည်းမရသလို တန်တယ်လို့လည်းမထင်မိဘူး။ ကိုယ်လည်းကြိုက်တယ်၊ ဗိုက်လည်းဝတယ်ဆိုတော့ မနက်ခင်းစားတဲ့ မြန်မာအစားအသောက်တွေ ညီမအတွက် အဆင်ပြေတယ်။

စားသောက်ဆိုင်နဲ့ အိမ်မှာဆိုရင် ဘယ်မှာပိုပြီးတော့ စားချင်လဲ။

            ညီမကတော့ တစ်မျိုးစီပါပဲ။ တစ်ခါတလေကျရင်တော့ ဆိုင်မှာပဲစားချင်တယ်။ ကိုယ့်အိမ်မှာစား တာကျတော့ ကျန်းမာရေးနဲ့ ပိုညီညွတ်တာပေါ့။

ရင်ငြိမ်းကြိုက်ဆုံး အသီးအနှံ၊ အရွက်၊ အသား၊ ငါးတွေကို ပြောပြပေးပါဦး။ ဖျော်ရည်တွေထဲမှာဆိုရင်ရော။

            ညီမအကြိုက်ဆုံး အသီးအနှံဆိုရင်တော့ အသီးအနှံတော်တော်များ စားဖြစ်ပါတယ်။ အရွက်တွေထဲမှာဆိုရင် ကန်စွန်းရွက်၊ မုန်ညင်းဖြူ ကြိုက်တယ်။ အသားငါးထဲမှာဆိုရင်တော့ ကြက်သားနဲ့ ပုစွန်ကိုကြိုက်တယ်။ ဖျော်ရည်ထဲမှာဆိုရင်တော့ ဖရဲသီးဖျော်ရည် ကြိုက်တယ်။

ညီမနဲ့မတည့်တဲ့ အစားသောက်တွေရောရှိလား။ မကြိုက်တဲ့ အစားစာရော။

            မတည့်တာမျိုးတော့မရှိဘူး။ မကြိုက်တာဆိုရင်တော့ ထူးထူးဆန်းဆန်း အစားသောက်တွေဆို မကြိုက်ဘူး။ နောက် သစ်သီးတွေနဲ့ထည့်ချက်တဲ့ အချိုဟင်းတွေဆိုရင် မကြိုက်ဘူး။

အစားသောက်တစ်ခုခုကိုစားနေတုန်း အဲဒီထဲမှာ ရွံစရာတွေဘာတွေရော တွေ့ဖူးလား။ အစားသောက်စား နေရင်း သူငယ်ချင်းတွေက ဘေးနားက ရွံစရာပြောရင်ရော ရွံတတ်လား။

            တွေ့ဖူးပါတယ်။ အဲ့ကျရင်တော့ ရွံပါတယ်။ ဆိုင်မှာကြုံရင်တော့ ဆက်မစားချင်တော့ဘူး။ သူငယ်ချင်းတွေက ရွံစရာပြောပြီး စနောက်ရင်တော့ ကြိုက်သလောက်ပြော။ ဘာမှမဖြစ်ဘူး။

အစားအသောက်က နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှုကိုဖော်ဆောင်နိုင်တယ်လို့ ထင်မြင်မိပါသလား။

            ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ။ အစားသောက်က နိုင်ငံတစ်ခုရဲ့ ယဉ်ကျေးမှုရော။ ကျန်းမာရေးဖြစ်စဉ်ကိုလည်း ထင်ဟပ်နိုင်တယ်လို့ထင်တယ်။ ဥပမာ ဂျပန်ဆိုရင် သူတို့နိုင်ငံက အစားစာတွေက လုံးဝဆားမပါဘူး။ သူတို့ရဲ့ အိမ်ထမင်းဟင်းဆိုရင်လည်း တော်တော်လေးကို ကျန်းမာရေးနဲ့ ညီညွတ်တယ်။ ဒါကြောင့်လည်း ဂျပန်တွေ အသက်ရှည်ကြတယ်။ အနောက်နိုင်ငံတွေကျတော့လည်း ဂျုံနဲ့ အသားကို စားကြတယ်။ မြန်မာဟင်းတွေကျတော့ ဟင်းခတ်မှုန့်တွေများတယ်။ ဆီများတယ်။ ကျန်းမာရေးအရ သိပ်မကောင်းဘူးပေါ့။ နောက်တစ်ခုက ဆူရှီဆိုရင် ဂျပန်စာမှန်းသိသလို၊ မုန့်ဟင်းခါး လက်ဖက်သုပ်ဆိုရင်လည်း မြန်မာ့ရိုးရာအစားအစာမှန်း ကမ္ဘာကသိတယ်။

အခု ညီမလုပ်ပြတဲ့ ဝက်သားလုံးခြံသမားဟင်းလေးကို လိုက်လုပ်စားမယ့်ပရိသတ်အတွက် အမှတ်တရစကားလက်ဆောင်လေးကို ပြောပြပေးပါဦး။

            ဒီဟင်းပွဲလေးက မြင်နေကျ၊ စားနေကျပုံစံမျိုးမဟုတ်ဘဲနဲ့ အသားတစ်မျိုးမျိုးနဲ့ အသီးအရွက် စုံစုံလင်လင်ရှိနေတယ်။ အသီးရွက်ကိုလည်း ကြိုက်တယ်။ အသားကိုလည်း ကြိုက်တဲ့ ဟင်းကောင်းလေးတစ်ခွက် လုပ်စားချင်သူတွေအတွက် အဆင်ပြေပါတယ်။ လိုက်လုပ်စားကြည့်ပါလို့။

ရင်ငြိမ်းရဲ့ ဝက်သားလုံးခြံသမားဟင်း

►   ပါဝင်ပစ္စည်းများ

♦   ဝက်သား   –   ၂ဝဝ ဂရမ်ခန့် (နုပ်နုပ်စဉ်း)

♦   ငရုတ်ပွ   –   တစ်ခြမ်း (အရှည်လှီး)

♦ ကြက်သွန်ဖြူ   –   ၂ တက် (နုပ်နုပ်စဉ်း)

♦   ကြက်သွန်နီ   –   တစ်လုံး (လေးစိတ်စိတ်)

♦   ခရမ်းချဉ်သီး   –   တစ်လုံး (လေးစိတ်စိတ်)

♦   ငရုတ်သီးစိမ်း   –   ၂ တောင့် (နုပ်နုပ်စဉ်း)

♦   အာလူး   –   တစ်လုံး (စိတ်ကြိုက်အနေထားလှီး)

♦   ဆီ   –   စားပွဲဇွန်း ၂ ခန့်

♦   ရေ   –   အနည်းငယ်

♦   ကြက်ဥ   –   တစ်လုံး (ခလောက်ထားပါ)

♦   ခရုဆီ   –   လက်ဖက်ရည်ဇွန်း ၁ ဇွန်း

♦   ဆား   –   အနည်းငယ်

♦   ပဲငံပြာရည်အကြည်   –   လက်ဖက်ရည်ဇွန်း ၁ ဇွန်း

♦   ပဲငံပြာရည်အနောက်   –   လက်ဖက်ရည်ဇွန်း ၁ ဇွန်း

♦   သကြား   –   အနည်းငယ်

♦   ငရုတ်ကောင်း၊ ဆီမွှေး (ပေါက်ရန်)

►   ပြုလုပ်နည်း

၁။        ပထမဆုံး ဝက်သားကို နုပ်နုပ်စဉ်းပါ။ ပြီးလျှင် ဆား၊ သကြားအရသာထည့်၊ ဂျုံမှုန့်အနည်းငယ်ထည့်ပြီး စေးနေအောင်ရိုက်ပါ။ ပြီးလျှင် ကိုယ်လိုချင်တဲ့ ဆိုဒ်ရအောင်လုံးပြီး သပ်သပ် ပန်းကန်လေးနဲ့ ဖယ်ထားပါ။

၂။        ဆီပူထဲထည့်ပြီး အကြောတင်းအောင်ကြော်ပြီး ပြန်ဆယ်ထားပါ။

၃။        ပြီးလျှင် ကြက်သွန်ဖြူနုပ်နုပ်၊ ငရုတ်သီးစိမ်းနုပ်နုပ်ကို အနံ့မွှေးလာတဲ့အထိဆီသတ်ပါ။ ကြက်သွန်ဖြူ ဆီသတ်ထဲသို့ ကြက်ဥခလောက်ထားတာရယ်၊ ဆယ်ထားသော ဝက်သားလုံးတို့ကို ထည့်မွှေပေးပါ။

၎။        ထို့နောက် ကြက်သွန်နီ၊ အာလူး၊ ငရုတ်ပွ ထည့်ပါ။ ရေအနည်းငယ်ထည့်ပြီး ဆူလာတဲ့အထိ ကြော်ပါ။

၅။        အသီးအရွက်များ ဆူလာပြီဆိုလျှင် ခရုဆီ၊ ဆား၊ သကြား၊ ပဲငံပြာရည်အကြည်၊ အနောက်တို့ကို အချိုးအစားတိုင်းထည့်ပြီး ရေခန်းလာတဲ့အထိ မွှေပါ။

၆။        ရေခန်းလာပြီး အနံ့မွှေးလာရင် ငရုတ်ကောင်း နှင့် ဆီမွှေးတို့ကို ပေါက်ပေးပြီးလျှင် သုံးဆောင်လို့ရပါပြီ။

Facebook Comments