အစားသောက်တစ်ခုက အရသာကြောင့် တန်ဖိုးအများကြီးပြောင်းလဲသွားနိုင်ပါတယ်ဆိုတဲ့ AR-T

art_2

art_3

art_4

အစားသောက်တစ်ခုက အရသာကြောင့် တန်ဖိုးအများကြီးပြောင်းလဲသွားနိုင်ပါတယ်ဆိုတဲ့ AR-T

♦   အာဂ မေးမြန်းရေးသားသည်   ♦

အချက်အပြုတ်ကို ဘယ်အရွယ်လောက်ကတည်းက စပြီးတော့ ဝါသနာပါခဲ့ပါသလဲ။

            အချက်အပြုတ်ကိုတော့ ငယ်ငယ်တည်းက ကျွန်တော်တို့ မောင်နှမတွေ ဝါသနာပါတယ်။ ငယ်ငယ်ကတည်းက အိမ်မှာရှိတာ အကုန်လုပ်စားတယ်။

အခု အဘွားကြီးသုပ်လေးကို ပရိသတ်ကိုသုပ်ပြဖို့ စီစဉ်ဖြစ်သွားပုံလေးကိုလည်း ပြောပြပေးပါဦး။

            အဘွားကြီးသုပ်လေးက ကျွန်တော်တို့ငယ်ငယ်တုန်းက မြစ်ကြီးနားမှာ ကျောင်းတက်တဲ့အခါ ကျောင်းရဲ့ရှေ့မှာ အဘွားကြီးသုပ်ဆိုတာ ရှိတယ်။ ကျွန်တော် အစ်မတွေတော့ စရောင်းတဲ့ အန်တီကြီးကို မီတယ်။ အဲ့ဒီအန်တီကြီးဆုံးသွားတော့ သူ့သမီးတွေက ဆက်သုပ်ရောင်းတယ်။ အဲဒီကျတော့ အဘွားလေးသုပ် ဖြစ်သွားတယ်။ ပရိသတ်ကို ဒီအသုပ်လေးလုပ်ပြဖို့ စဉ်းစားမိသွားတာက ဒီအသုပ်က ဆန်းတယ်။ ရန်ကုန်မှာဆိုရင် ဒီလိုမျိုးအသုပ်စုံက အချိုရည်နဲ့သုပ်တာ များတယ်။ ကျွန်တော်တို့ဆီမှာကျတော့ မြစ်ကြီးနား အရသာလေးနဲ့ သုပ်ထားတာလေးဖြစ်တော့ လုပ်ပြဖြစ်သွားတာပါ။

ဘဝမှာ ပထမဆုံးစချက်ဖြစ်တဲ့ ဟင်းပွဲလေးကို မှတ်မိသေးရင် ပြောပြပေးပါဦး။ အရသာကရော ဘယ်လိုရှိသလဲ။

          ပထမဆုံးလုပ်ဖြစ်တဲ့ဟာက လက်ဖက်သုပ်ပါ။ အိမ်မှာဆိုရင် ကျွန်တော်သုပ်တဲ့ လက်ဖက်သုပ်က နာမည်ကြီးပဲ။ အိမ်မှာက အစ်ကိုတွေ၊ မရီးတွေက စားချင်ရင် ည ၂ နာရီထိုးလည်း ကျွန်တော့်ကို နိုးပြီးသုပ်ခိုင်းတာပါပဲ။

AR-T ချက်တဲ့ဟင်းတွေထဲမှာ လူကြိုက်အများဆုံး ဟင်းပွဲကရော ဘာဟင်းပွဲဖြစ်မလဲ။

            ကျွန်တော်ချက်တဲ့ထဲမှာဆိုရင် တုံယမ်းဟင်းချိုကို သူငယ်ချင်းတွေ တော်တော်များများ ကြိုက်ကြတယ်။

ညီလေးချက်တဲ့ဟင်းကိုစားပြီး ပထမဆုံး ချီးမွမ်းခံရတုန်းက ခံစားချက်ကရော။ အချက်အပြုတ်ကို ဘယ်သူတွေဆီက သင်ယူဖူးလဲ။

            ကိုယ်ချက်ထားတာကို အားရပါးရစားရင်ကို စိတ်ထဲမှာ အရမ်းကို ကျေနပ်နေတာ။ ချီးမွမ်းပါခံရရင်တော့ အတိုင်းထက်အလွန်ပေါ့။ အချက်အပြုတ်ကတော့ ကျွန်တော်က မရီးဆီက အဓိကသင်ယူဖြစ်ပါတယ်။

အစားအသောက်နဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်လေးတွေရှိရင် ပြောပြပေးပါဦး။ ဥပမာ- တချို့ သကြားလုံးမျိုမိတာတို့၊ ကျောင်းမှာ မုန့်ခိုးစားလို့ အရိုက်ခံရတာတို့၊ ဟင်းခိုးစားတာတို့ပေါ့။

            အစားသောက်နဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်ဆိုရင်တော့ ကျွန်တော်က အစပ်တစ်အားစားတော့ ခဏခဏ စပ်တတ်တယ်။ အဲဒါကို ကိုဂျမန်းက အစပ်စားတာများလို့ စပ်သွားရင် ဘယ်လိုအစပ်ဖြေရမလဲဆိုတဲ့ သင်ပေးထားတဲ့ အမှတ်တရတော့ရှိတယ်။ တစ်ခေါက်က ကျွန်တော် ကုလားအော်သီးကို စားပြီး အရမ်းနေလို့မရအောင် စပ်နေတာ။ အဲ့မှာ ကိုဂျမန်းက သင်ပေးတယ်။ အရမ်းစပ်နေတဲ့အချိန်မှာ လျာကိုအပြင်ထုတ်ထားပြီး လေသလပ်ခံထားပါ။ လျာကို ပြန်မသိမ်းနဲ့တဲ့။ အဲလိုလုပ်လိုက်ရင် လျာပေါ်မှာရှိတဲ့ အစပ်ရည်တွေက အကုန်လုံးအောက်ကို ကျသွားပြီး သက်သာသွားပါလိမ့်မယ်။ တကယ်လည်းပျောက်သွားတယ်။ အဲဒီတုန်းက အစပ်ဒဏ်ကို တော်တော်လေးခံခဲ့ရတာကတော့ အမှတ်တရပါပဲ။

မနက်စာကို ဘယ်အချိန်လောက်စားဖြစ်လဲ။ ဘာဟင်းတွေနဲ့ စားဖြစ်တာများလဲ။နေ့ လယ်စာနဲ့ ညစာရော။

            မနက်စာကတော့ အခုနောက်ပိုင်းသိပ်မစားဖြစ်ပါဘူး။ စားဖြစ်ရင် မုန့်ဟင်းခါးစားဖြစ်ပါတယ်။ နေ့လယ်စာကတော့ ၁နာရီ၊ ၂နာရီလောက်မှ စားဖြစ်ပါတယ်။ ညစာကတော့ ပုံမှန်မရှိဘူး။ စားဖြစ်တဲ့အခါလည်း စားဖြစ်တယ်။ မစားဖြစ်တဲ့အခါလည်း မစားဖြစ်ဘူး။

ညစာကိုရော အိမ်မှာမိသားစုနဲ့ စားဖြစ်လား။ ဒါမှမဟုတ် အပြင်မှာစားဖြစ်သလား။ ညစာစားပြီးရင်ရော အချိုတည်းလား။

            ကျွန်တော်က တစ်ယောက်တည်းနေတာဗျ။ ဒီတော့ တစ်ယောက်တည်းပဲ ဆိုင်မှာ စားဖြစ်တာများပါတယ်။ အချိုတော့ မတည်းဖြစ်ပါဘူး။

စားဖူးသမျှ အစားအစာတွေထဲမှာ တစ်သက်မမေ့လောက်အောင်ဖြစ်တဲ့ အစားသောက်မျိုးရောရှိလား။

            ကျွန်တော့်အတွက် တစ်သက်မမေ့လောက်တဲ့ အစားသောက်မျိုးဆိုရင်တော့ မုန့်ဟင်းခါးပါပဲ။ ဘယ်တော့မှ မမေ့ပါဘူး။ ရောက်တဲ့နေရာမှာ မုန့်ဟင်းခါးစားဖြစ်တယ်။

ထူးထူးဆန်းဆန်း အစားသောက်တွေရော ညီလေး စားဘူးလား။

            ထူးထူးဆန်းဆန်း အစားသောက်ဆိုရင်တော့ ကြိုက်လည်း ကြိုက်တယ်။ ထူးထူးဆန်းဆန်း ဖြစ်တာမျိုးဆိုရင်တော့ ပုရစ်ကြော်ကို ကျွန်တော်အရမ်းကြိုက်ပါတယ်။ နောက် စားဖူးတာတစ်ခုတော့ ရှိတယ်။ လိပ်သားထင်တယ်။ တစ်ခါ တရုတ်ပြည်က ဧည့်သည်တွေနဲ့ သွားစားတယ်။ လိပ်ကို တရုတ်လို အသံထွက်က ငါးလို့ခေါ်တယ်။ အဲ့ဒါ အဲ့လိပ်ဟင်းရည်ကို ကျွန်တော်က သူတို့ကိုမေးတယ်။ ဘာဟင်းရည်လည်းဆိုတော့ သူတို့က ငါးဟင်းရည်လို့ပြောတော့ စားလိုက်တယ်။ စားပြီးတော့မှ သိတာက သူက အခွံပျော့လိပ်ဖြစ်နေတာ။ အဲ့ဒီမှာ အရမ်းလန့်သွားပြီး အရမ်း စိတ်မကောင်းဖြစ်မိတယ်။ အဲ့ဒါလေးကတော့ အမှတ်တရပါပဲ။

အားလပ်ရက်တွေမှာ တစ်ခုခုလုပ်စားလေ့ရှိတဲ့ အစားသောက်က။

            အားလပ်ရက် လုပ်စားကြည့်တာ လက်ဖက်သုပ်ပါ။

ရှုတင်တို့၊ စတူဒီယိုတို့သွားတဲ့အခါမှာ ထမင်းချိုင့်တွေ ယူလေ့ရှိလား။

            အခု ဆိုင်ဖွင့်ပြီးတဲ့နောက်ပိုင်း သူငယ်ချင်းတွေအိမ်သွားလည်တာမျိုးဆိုရင် ကိုယ့်ဆိုင်က စားစရာတွေကို ပါဆယ်ဆွဲပြီး သွားတာမျိုးတော့ရှိတယ်။ ကိုယ့်ဆိုင်ကဟာ ကိုယ်ယူသွားတာမျိုးပါပဲ။

ကိုယ်မစားဖူးတဲ့ အစားသောက်တွေကို မြည်းစမ်းချင်စိတ်ရှိလား။

            ဟုတ်ကဲ့ ရှိပါတယ်။ အစပ်ပါတဲ့ ဟာမျိုးဆိုရင် ကျွန်တော်က ကြိုက်လို့မြည်းချင်ပါတယ်။

တချို့တွေက စိတ်ညစ်တာတို့၊ ဝမ်းနည်းတာ၊ ပျော်ရွင်တာ၊ ဝမ်းသာတာမျိုးမှာ အစားတွေ များများစားလေ့ရှိတယ်။ ညီလေးကရော အဲလိုအခါမျိုးမှာ အစားသောက်နဲ့ပတ်သက်ပြီး ဘာတွေစားဖြစ်လဲ။ များများစားလား။ နည်းနည်းစားလား။

            ကျွန်တော်ကတော့ စိတ်ညစ်ရင် အရမ်းစားတယ်။ စိတ်ညစ်ရင် ပိုလို့ကိုစားဖြစ်တယ်။

ညီလေးရဲ့   အစားသောက်နဲ့ ကျန်းမာရေးပေါ်အမြင်နဲ့ အစားသောက်နဲ့ ခန္ဓာကိုယ် ထိန်းသိမ်းမှုပုံလေးကို ပြောပြပေးပါဦး/

            အခု ကျွန်တော် အများကြီးပိန်သွားပါတယ်။ အရင်က ကျွန်တော့် ခါးက ၃၆ ရှိပါတယ်။ အခုတော့ ၃၂ လောက်အထိ ပြောင်းသွားပါတယ်။ ဒါကလည်း ကျွန်တော် ဝက်သားတို့ အဆီတို့ ရှောင်ပါတယ်။ နောက် ဟင်းတွေက ဆီတွေကို ရှောင်ပါတယ်။ နောက် အချိုတွေလည်း ရှောင်ပါတယ်။ သကြားဆိုလည်း Equal သကြား စသဖြင့်ပဲ စားဖြစ်တယ်။ ကော်ဖီသောက်ရင်တောင် အချိုလျော့ပြီး သောက်ဖြစ်ပါတယ်။

အိမ်ကမိသားစုဝင်တွေချက်တဲ့ ဟင်းတွေထဲမှ ဘယ်ဟင်းကို အကြိုက်ဆုံးလဲ။

            အိမ်က မိသားစုဝင်တွေချက်တဲ့ ဟင်းထဲမှာဆိုရင် အဒေါ်ချက်တဲ့ ဟော့ပေါ့ကို ကြိုက်ပါတယ်။ နောက် အမေချက်တဲ့ ဆိတ်သားအာလူးမဆလာ အခြောက်ကြော်ကိုလည်း ကြိုက်ပါတယ်။

နိုင်ငံတကာက အစားအသောက်တွေမှာဆိုရင် ဘယ်နိုင်ငံက ဘယ်အစားသောက်ကို စားဖြစ်တာများလဲ။

            ကျွန်တော်ကတော့ အကုန်စားတယ်။ ဒါပေမဲ့ ယိုးဒယားစာကိုတော့ အနှစ်သက်ဆုံးပါပဲ။

နိုင်ငံခြားကိုရောက်နေတဲ့အချိန်မှာ ကိုယ့်နိုင်ငံက ဘယ်အစာအစားကို လွမ်းဆွတ်တမ်းတမိပါသလဲ။

            ကျွန်တော်က နိုင်ငံခြားရောက်ရင်တော့ မြန်မာပြည်က မုန့်ဟင်းခါးကို လွမ်းမိပါတယ်။ စားချင်တယ် ဘယ်လို့မှလည်း စားလို့မရဘူး။ အထုပ်တွေချက်လည်း အရသာကမတူဘူး။

ဘဝမှာ အမှတ်တရဖြစ်မယ့် အစားအစာရှိလား။ ဥပမာ အဲဒီအစားအစာကို စားလိုက်ရင် တစ်နေရာရာ၊ တစ်ယောက်ယောက် စသဖြင့် အမှတ်တရဖြစ်မယ့် အစားအစာမျိုးပေါ့။

            အဲဒီလိုမျိုးဆိုရင်တော့ အခုလုပ်ပြတဲ့ အဘွားကြီးသုပ်ပါပဲ။ ဒီအဘွားကြီးအသုပ်အရသာကို စားလိုက်ရရင် ငယ်ငယ်က ကျောင်းတက်တဲ့ဘဝကို ပြန်ရောက်သွားသလို ခံစားမိတယ်။

ညီလေးစားဖူးသမျှထဲမှာ ဈေးကြီးပြီး မတန်ဘူးထင်တဲ့ အစားသောက်တွေရှိလား။

            အဲ့ဒီလိုမျိုးတော့ ရှိပါတယ်။ ဒါပေမဲ့ အရသာက ကောင်းရင်တော့ ဈေးကြီးပေးရလည်း တန်တယ်။ လျှာအတွက်လည်း ခံတွင်းမတွေ့ပဲနဲ့ ဈေးကြီးပေးရမျိုးဆိုရင်တော့ မတန်ဘူးလို့ ထင်ပါတယ်။ အဲ့ဒါကတော့ အရသာပေါ်မူတည်သွားတယ်။ အစားသောက်တစ်ခုက အရသာကြောင့် တန်ဖိုးအများကြီးပြောင်းလဲသွားနိုင်ပါတယ်။ အဓိကက အရသာကောင်းပြီး ကျန်းမာရေးနဲ့ညီညွတ်ဖို့ အရေးကြီးပါတယ်။

ဈေးပေါပြီးတန်တာမျိုးဆိုရင်ရော။

            ဈေးပေါပြီး တန်တာဆိုရင်တော့ ကျွန်တော်တို့က လမ်းဘေးစာ စားတာများပါတယ်။ တန်ပါတယ်။ လမ်းဘေးအသုပ် စသဖြင့် အကုန်စားပါတယ်။ ကျွန်တော် အစားမရှောင်ပါဘူး။ ဗိုက်လည်းခိုင်ပါတယ်။

ညီလေးနဲ့မတည့်တဲ့ အစားစာမျိုးရောရှိလား။

            မတည့်တာမျိုးဆိုရင်တော့ မျှစ်ချဉ်၊ ငါးသားလောက် အဲ့ဒါတွေကတော့ လုံးဝမတည့်ဘူး။

AR-T အကြိုက်ဆုံး အသီးအနှံ၊ အရွက်၊ အသား၊ ငါးတွေကို ပြောပြပေးပါဦး။ ဖျော်ရည်တွေ ထဲမှာဆိုရင်ရော။

            အကြိုက်ဆုံးအသီးအနှံဆိုရင် အသီးအနှံအကုန်ကြိုက်ပါတယ်။ အသီးအရွက်ထဲ မှာဆိုရင်တော့ Rocket အရွက်ကို ကြိုက်ပါတယ်။ အသားငါးထဲမှာ အမှန်က ကျွန်တော် ဝက်သားကြိုက်တယ်။ ဒါပေမဲ့ ကျွန်တော် အခုတော့ ကျန်းမာရေးအရ ရှောင်ဖြစ်တာများပါတယ်။ ဖျော်ရည်ကတော့ ကျွန်တော်တို့ ချဉ်ငံစပ်ဆိုင်ကရောင်းတဲ့ သုံးမျိုးစပ်ဆိုတဲ့ ဖျော်ရည်ကို ကြိုက်ပါတယ်။ A.O.C လို့ခေါ်ပါတယ်။ ပန်းသီးရယ်၊ မုန်လာဥနီရယ်၊ လိမ္မော်သီးရယ် ကိုရောပြီး သကြားမထည့်ဘဲနဲ့ ဖျော်ထားတာပါ။

AR-T အခု ချဉ်ငံစပ်ဆိုင်လေး စဖွင့်ဖြစ်သွားပုံလေးကရော။

            အဓိကတော့ မြစ်ကြီးနားမှာ စဖွင့်ဖြစ်တယ်။ ဆိုင်ကလည်း အခုလိုဆိုင်မဟုတ်ပါဘူး။ သင်္ဘောသီးထောင်းက အရမ်းရောင်းရပါတယ်။ ကျွန်တော်တို့ဆိုင်က သင်္ဘောသီးထောင်းက သူများနဲ့မတူပါဘူး။ သူများတွေကရောင်းရင် အရည်နဲ့ရောင်းတယ်။ ကျွန်တော်ကတော့ အနှစ်နဲ့ရောင်းပါတယ်။ ဒီတော့ မြစ်ကြီးနားမှာ လက်မလည်အောင် ရောင်းရတယ်။ အခု ချဉ်ငံစပ်က ဖြစ်လာတာက မြစ်ကြီးနားမှာ တရုတ်ပြည်ကလာတဲ့ ရေခဲချောင်းတွေကို ပုံနဲ့စိမ်ပြီး ရောင်းကတည်းစပြီး အခုလိုဆိုင်လေးဖြစ်လာတာပါ။ ရေခဲချောင်းရောင်းရင်းနဲ့မှ ပရိသတ် တွေများလာမျိုးပေါ့။ နောက်ပိုင်း မြစ်ကြီးနားဆိုင်ကို ပိတ်လိုက်ပြီးတော့ ရန်ကုန် စမ်းချောင်းမှာ ဆိုင်လာဖွင့်ဖြစ်တယ်။ ပြီးတော့ အခု ကန်တော်ကြီးမှာ လာဖွင့်ဖြစ်တယ်။ အခုဆိုင်မှာရှိတဲ့ ဟင်းပွဲတွေအကုန်လုံးက ကျွန်တော်တို့ မောင်နှမ ၂ ယောက် တိုင်ပင်ပြီးတော့ တီထွင်ထားတဲ့ ဟင်းပွဲလေးတွေပါ။ နောက် ကိုယ့်ဒေသက အစားသောက်လေးတွေကို ချပြဖြစ်တာများပါတယ်။

ဒီမှာ ကျွန်တော်ကြည့်လိုက်တော့ ဟင်းပွဲ Menu နာမည်အသစ်လေးတွေ တွေ့ရတယ်နော်။

            ဟုတ်ကဲ့ ဥပမာ- ပိုကာကြက်ဥသုပ် လိုမျိုးဆိုရင် သူငယ်ချင်းတွေနဲ့ ခရီးတွေသွားရင်း၊ ဖဲရိုက်ရင်း သူငယ်ချင်းတွေက ဘာမှစားစရာမရှိဘူးဆိုရင် ကျွန်တော်က ဟော်တယ်စားဖိုဆောင်ထဲဝင်ပြီး သုပ်ပေးတယ်။ သူငယ်ချင်းတွေကလည်း ကြိုက်ကြတယ်ဆိုတော့ နာမည်လေးပေးပြီး ဆိုင်မှာတင်ရောင်းတာပါ။ နောက် ဒီမှာ ကမ်းစော် အအေး ဆိုတာလည်း ကျွန်တော်ထွင်ရောင်းတဲ့ဟာပါ။ ကမ်းစော်ဆိုတာ အပူသောက်ရတဲ့အရာပါ။ ရန်ကုန်မှာကျတော့ ပူတဲ့အခါကျတော့ အေးအေးလေးသောက် လို့ရအောင် ကမ်းစော်အအေး လုပ်လိုက်တာပါ။ ပြီးတော့ မုန့်တီထောင်းဆိုရင်လည်း ဒီမှာရှိတဲ့ မုန့်ဖတ်နဲ့မတူပါဘူး။ တရုတ်ပြည်ကမှာတဲ့ မုန့်ဖတ်နဲ့လုပ်ရတာပါ။ မုန့်တီထောင်းကလည်း ကျွန်တော်တို့ဆိုင်ရဲ့ လူကြိုက်များဆုံး Menu က တစ်ခုပါ။

အစားသောက်တစ်ခုခုကိုစားနေတုန်း အဲဒီထဲမှာ ရွံစရာတွေ ဘာတွေရောတွေ့ဖူးလား။ အစားသောက်စားနေရင်း သူငယ်ချင်းတွေက ဘေးနားက ရွံစရာပြောရင်ရော ရွံတတ်လား။

            ကြုံတော့ ကြုံခဲ့ဘူးပါတယ်။ ဘယ်လိုပြောမလဲ အိမ်မှာဆိုရင် ကျွန်တော့်အဒေါ်ရဲ့ လက်သည်းပဲ့ပါလာတာမျိုးပေါ့။ ဒါမျိုးက မတော်တဆကြောင့်ပါ။ ဖြစ်တတ်ပါတယ်။ တမင်ရည်ရွယ်တာမျိုးတော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ဆိုင်ဆိုရင်တော့ ပိုပြီးတော့ ဂရုစိုက်ရတာပေါ့။ ကျွန်တော်ဆိုင်မှာဆိုရင်လည်း အဲ့လို အမှားအယွင်းတွေမရှိအောင် ဆိုင်ကဝန်ထမ်းတွေကို အမြဲဆုံးမရပါတယ်။ သူတို့နားလည်အောင် ပြောပြ၊ သင်ပြရပါတယ်။ ရန်ကုန်လိုမြို့ကြီးဆိုရင် ပိုဆိုးပါတယ်။ စားတဲ့လူတွေကလည်း ဥပမာ ဆံပင်ပါလာတယ်ဆိုရင် ကျွန်တော်တို့ဆိုင်အတွက် ပြသနာအများကြီး တက်သွားနိုင်ပါတယ်။ ကျွန်တော်ကတော့ မရွံတတ်ပါဘူး။ အစားသောက်စားနေတဲ့အချိန်မှာ မဟုတ်တာပြောလည်း မရွံတတ်ပါဘူး။

အစားသောက်က နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှုကို ဖော်ဆောင်နိုင်တယ်လို့ ထင်မြင်မိပါသလား။

            ထင်ပါတယ်။ ကျွန်တော်နဲ့ဆို ဘယ်နိုင်ငံပဲရောက်ရောက် အစားသောက်ကို အရင်ဆုံး ကျွန်တော်စိတ်ဝင်စားတယ်။ အဲ့နိုင်ငံရဲ့ ယဉ်ကျေးမှုတွေပြီးရင်တော့ အစားသောက်က နံပါတ်တစ်ပါ။ ကိုရီးယားဆိုရင် သူတို့နိုင်ငံအတွက် ခရီးသွားတွေ ပိုများအောင်ရယ်၊ ပိုက်ဆံရှာဖို့အတွက်ရယ်ကြောင့် ကင်ချီနဲ့ K Pop ကို သူတို့ဦးစားပေးပါတယ်။ တစ်ကမ္ဘာလုံးက K Pop ကို စိတ်ဝင်စားလာအောင် အစိုးရကိုယ်တိုင်က ပရိုဂျူဆာတွေကို ပိုက်ဆံထုတ်ချေး ပေးတာကအစ ပံပိုးမှုတွေလုပ်ပေးတယ်။ တကယ်တမ်း ကင်ချီဆိုတာက မြန်မာပြည်က မုန်ညင်းချဉ်လောက် ကောင်းချင်မှကောင်းမယ်။ ဒါပေမဲ့ သူတို့ရဲ့ဇာတ်ကားတွေမှာ ကင်ချီဆိုရင် အားရပါးရစားပြတယ်။ ဒီတော့ ကင်ချီဆိုတာ အဲ့လိုစားရပါလားဆိုပြီး သိသွားပြီး သူတို့ကင်ချီက ရောင်းရတယ်။

အခုညီလေးလုပ်ပြတဲ့ အဘွားကြီးသုပ်လေးကို လိုက်လုပ်စားမယ့် ပရိသတ်အတွက် အမှတ်တရစကားလက်ဆောင်လေးကို ပြောပြပေးပါဦး။

            ဒီအဘွားကြီးသုပ်က ကျွန်တော်တို့ ဘာမှလျှို့ဝှက်ထားတာမရှိပါဘူး။ အရသာတွေ အကုန်ထားပြထားပါတယ်။ အဓိကက လက်ဆိတ်ပါပဲ။ ကိုယ်စားချင်တဲ့ ပုံစံက ကိုယ့်လက်နဲ့ အလိုက်ဖက်ဆုံးပါပဲ။

♦   အာဂ မေးမြန်းရေးသားသည်   ♦

AR-T ရဲ့ အဘွားကြီးသုပ်

►   ပါဝင်ပစ္စည်းများ

♦   ပုစွန်ခြောက်မှုန့်   –   စားပွဲဇွန်း ၂ဇွန်းခန့်

♦   သင်္ဘောသီးခြစ်   –   လက်တစ်ဆုပ်ခန့်

♦   မုန်လာဥနီခြစ်   –   လက်တစ်ဆုပ်ခန့်

♦   ထမင်းသုပ်ထမင်းနီ   –   လက်တစ်ဆုပ်ခန့်

♦   ခေါက်ဆွဲဖတ်   –   လက်တစ်ဆုပ်ခန့်

♦   မုန့်ဖတ်   –   လက်တစ်ဆုပ်ခန့်

♦   ပဲပြား   –   စိတ်ကြိုက်

♦   အာလူးပြုတ်   –   စိတ်ကြိုက်

♦   ပဲပင်ပေါက်   –   လက်တစ်ဆုပ်ခန့်

♦   ကြာဆံ   –   လက်တစ်ဆုပ်ခန့်

♦   ဝဥ   –   စိတ်ကြိုက်

♦   မြေပဲဆံထောင်း   –   စားပွဲဇွန်း၂ ဇွန်းခန့်နှင့် မိမိစိတ်ကြိုက်

♦   ပဲမှုန့်   –   စားပွဲဇွန်း၁ ဇွန်းခန့်

♦   ကြက်သွန်နီအရောင်တင်ဆီချက်   –   စားပွဲဇွန်း၁ ဇွန်းခန့်

♦   မန်ကျည်းသီးမှည့်အချဉ်ရည်   –   စားပွဲဇွန်း၁ ဇွန်းခန့်

♦   ရှောက်ရွက်   –   အနည်းငယ်

♦   နံနံပင်   –   အနည်းငယ်

♦   ငရုတ်သီးမှုန့်   –   အနည်းငယ်

♦   ငံပြာရည်   –   စားပွဲဇွန်းတစ်ဇွန်းခန့်

♦   ကြက်သွန်နီ   –   အနည်းငယ်

►   ပြုလုပ်နည်း

            ပါဝင်ပစ္စည်းများအားလုံးကို အချိုးအစားအတိုင်း တစ်ပုံဆီပုံပြီး ဇလုံထဲတွင်ထည့်ပြီး နယ်ပါ။ အချဉ်၊ အငန်၊ အစပ်ကိုလည်း မိမိ စိတ်ကြိုက်ပြုပြင် သုံးဆောင်နိုင်တယ်။

ဥပမာ – ချဉ်ချဉ်စားချင်ရင် မန်ကျည်းချဉ်များများ ထည့်ပါ။ ချိုချိုလေးစားချင်ရင် မန်ကျည်းချဉ်ကို လျော့ပါ။ ပျစ်ပျစ်လေးစားချင်ရင် ပဲမှုန့်ကိုပိုထည့်ပါ။ ဒီအသုပ်က အဓိကအားဖြင့် မိမိရဲ့ လက်ဆိတ်ပေါ်မှာ မူတည်ပါတယ်။ ဒီအသုပ်ရဲ့လုပ်နည်းက ပုံမှန်အသုပ်လုပ်နည်းအတိုင်းပါပဲ။ ကိုယ့်ရဲ့ အချဉ်၊ အငန်၊ အစပ် စပ်တဲ့ပေါ်မှာပဲ မူတည်ပါတယ်။ များသောအားဖြင့် တစ်ပွဲစာအတွက် အရသာက တစ်ဇွန်းဆီ ထည့်ပါတယ်။ မိမိစိတ်ကြိုက် မြည်းစမ်းပြီးတော့ သုံးဆောင်နိုင်ပါတယ်။

Facebook Comments