အစားအသောက်ချက်ပြုတ်တယ်ဆိုတာကလည်း သူတစ်ပါးကို ကောင်းကောင်းမွန်မွန်လေး စားစေချင်တာရယ်၊ ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာကို တစ်နည်းအားဖြင့် ချက်ပြုတ်ခြင်းနဲ့ ဖော်ပြတာပါလို့ဆိုတဲ့ Russell

by အာဂ for Food Magazine

အချက်အပြုတ်ကို ဘယ်အရွယ်ကတည်းက စပြီးတော့ ဝါသနာပါခဲ့တာလဲ။

          အချက်အပြုတ်က ပြောရရင် ငယ်ငယ်ကတည်းက ဝါသနာပါတာပါ။ မိသားစုတွေနဲ့လည်း အတူတူချက်စားဖြစ်တယ်။ အပြင်သွားတာထက် အိမ်မှာ စုစုဝေးဝေးနဲ့ အချိန်ပေးဖြစ်တာ များပါတယ်။

အခု ပရိသတ်ကို ကြက်ဥ Muffin ချက်ပြဖို့ စီစဉ်ဖြစ်ခဲ့ပုံလေးလည်း ပြောပြပေးပါဦး။

          ဒီဟာလေးက လုပ်ရတာလည်း သိပ်ပြီးတော့ အဆင့်မများပါဘူး။ ကျွန်တော်တို့လိုမျိုး ဟင်းချက်ရမှာ နည်းနည်းပျင်းတတ်တဲ့ ယောကျာ်းလေးတွေအတွက်လည်း လုပ်ရတာလွယ်ကူပြီး အရသာလည်းရှိတယ်။ ပုံစံလေးကလည်း အမြင်မှာတင် စားချင်စဖွယ် ချစ်စရာလေးဖြစ်လို့ ပရိသတ်ကြီးအတွက် လုပ်ပြဖြစ်သွားတာပါ။ အခု ကျွန်တော်က Work Out တွေ ပြန်လုပ်နေတဲ့အခါမှာ ဒီလို ပရိုတင်းများများပါတာလေးတွေလည်း စားဖြစ်နေလို့ပါ။

ဘဝမှာ ပထမဆုံး စချက်ဖြစ်တဲ့ ဟင်းပွဲလေးကို မှတ်မိသေးရင် ပြောပြပေးပါဦး။ အရသာကရော ဘယ်လိုရှိသလဲ။

          ပထမဆုံးလုပ်ဖြစ်တာဆိုရင် ပန်ကိတ်ပါ။ ပန်ကိတ်ကို ကိုယ့်ဘာသာကိုယ် ခဏခဏ လုပ်စားဖြစ်တယ်။ ပန်ကိတ်ကျတော့ အပူချိန်၊ အချိန်နဲ့ အချိုးအစားတို့က အရမ်းအရေးကြီးပါတယ်။ ပထမစလုပ်တုန်းကတော့ မသိခဲ့လို့ ခဏခဏတူးပြီး ကပ်သွားတယ်။ အရသာမရှိဘူး။ ဒါပေမဲ့ နောက်ပိုင်း အချိုးအစားမှန်လာတော့ စားရတာ အဆင်ပြေလာပါတယ်။

ညီလေးချက်တဲ့ဟင်းတွေထဲမှာ လူကြိုက်အများဆုံး ဟင်းပွဲကရော ဘာဟင်းပွဲဖြစ်မလဲ။

          ကျွန်တော်ကလည်း ရခိုင်ဆိုတော့ ရခိုင်စာတွေ ကြိုက်တယ်။ ကျွန်တော် ချက်တဲ့အထဲမှာ လူကြိုက်များတာကတော့ မုန့်တီသုပ်ကိုတော့ တော်တော်များများ ကြိုက်ကြတယ်။ ကျွန်တော်က မုန့်တီသုပ်ကို ဝက်ခေါက်ကြော်၊ ဝက်အူချောင်းနဲ့ နည်းနည်း ဆန်းသစ်ပြီး လုပ်ဖြစ်ပါတယ်။

အဲဒီ မုန့်တီသုပ်လေးကို သူများတွေကစားပြီး ပထမဆုံး ချီးမွမ်းခံရတုန်းက ခံစားချက်ကရော။ အချက်အပြုတ်ကို ဘယ်သူတွေဆီက သင်ယူဖူးလဲ။

          အစားအသောက်ချက်ပြုတ်တယ်ဆိုတာကလည်း သူတစ်ပါးကို ကောင်းကောင်းမွန်မွန်လေး စားစေချင်တာရယ်၊ ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာကို တစ်နည်းအားဖြင့် ချက်ပြုတ်ခြင်းနဲ့ ဖော်ပြတာပါ။ ဒီတော့ ကိုယ်က ကောင်းကောင်းမွန်မွန်လေး လုပ်ထားတယ်။ စားတဲ့သူကလည်း အရသာရှိတယ်ဆိုရင် ကိုယ့်အတွက် ကုသိုလ်လည်းရပြီး ပီတိလည်းဖြစ်မိပါတယ်။ အချက်အပြုတ်ကတော့ ငယ်ငယ်တုန်းက အဖေ့ဆီက သင်ဖြစ်တယ်။ အဖေ့ရဲ့ စပိန်အမဲသားကြော်ဆိုရင် တော်တော်စားကောင်းတယ်။ အခုအထိတော့ သူ့ဆီက ချက်နည်းမရသေးဘူး။ အမေကလည်း မော်လမြိုင်သူဆိုတော့ အချက်ကောင်းတယ်။ ဒီတော့ ၂ ယောက်စလုံး ဆီက သင်ယူဖြစ်ပါတယ်။

ငယ်ငယ်ကကြိုက်ပြီး အသက်ကြီးမှ မကြိုက်တာဆိုရင်ရော၊ ငယ်ငယ်က မကြိုက်ဘဲ အသက်ကြီးမှ ကြိုက်တာမျိုးဆိုရင်ရော။

          ငယ်ငယ်ကကြိုက်ပြီး အသက်ကြီးမှ မကြိုက်တာမျိုးက မရှိပါဘူး။ ဒါပေမဲ့ ငယ်ငယ်က မကြိုက်ဘဲ အသက်ကြီးမှ ကြိုက်တာမျိုးဆိုရင်တော့ ခရမ်းသီးပါ။ ခရမ်းသီးကို ငယ်ငယ်တုန်းက လုံးဝမကြိုက်ဘူး။ ဘယ်လိုပဲကျွေးကျွေး မစားဘူး။ အသက်ကြီးလာတော့မှ ခရမ်းသီးနှပ်တို့၊ ခရမ်းသီးအကင်တို့ ကြိုက်လာတယ်။ နောက်ပြီးတော့ ကြက်သွန်ဆိုရင် ငယ်ငယ်က အဖြူရော၊ အနီရော မစားဘူး။ အခုတော့ ကြက်သွန်မပါရင် မရတော့ဘူး။

အစားအသောက်နဲ့ ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်လေးတွေရှိရင် ပြောပြပေးပါဦး။ ဥပမာ- တချို့ သကြားလုံး မျိုမိတာတို့၊ ကျောင်းမှာ မုန့်ခိုးစားလို့ အရိုက်ခံရတာတို့၊ ဟင်းခိုးစားတာတို့ပေါ့။

          အဲဒီလို အစားအသောက်နဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်ဆိုရင်တော့ ငယ်ငယ်က အမေထမင်းခွံ့ကျွေးရင်းနဲ့ ငါးအရိုးစူးသွားတယ်။ ဘယ်လိုမှ မသက်သာလို့ ဆေးရုံတွေဘာတွေရောက်ပြီး ဇာဂနာနဲ့ပါ ဆွဲနုတ်လိုက်ရတဲ့ အဆင့်ထိရောက်သွားတယ်။ အဲဒီတုန်းကတည်းက အခုထိ မသိစိတ်ကနေ ငါးဆိုရင် ကြောက်သွားတယ်။ ဒါပေမဲ့ အခုတော့ ပြန်စားနေပါပြီ။

မနက်စာကို ဘယ်အချိန်လောက်စားဖြစ်လဲ။ ဘာဟင်းတွေနဲ့ စားဖြစ်တာများလဲ။ နေ့လယ်စာနဲ့ ညစာရော။

          အရင်တုန်းကတော့ ကိုယ့်ရဲ့ Life Style ကို သိပ်ပြီးတော့ သတိမထားတတ်ဘူး။ ကိုယ်စားချင်တာကို စားလိုက်တာများတယ်။ အခုနောက်ပိုင်းမှာ မနက်စာကို ပရိုတင်း ပြည့်ဝတာတွေနဲ့ အပြည့်အဝစားဖြစ်ပါတယ်။ နေ့လယ်စာကို နည်းနည်းလျှော့လိုက်ပြီး ညစာကျတော့ Salad တို့၊ ဖျော်ရည်တို့ပဲ စားသုံးဖြစ်ပါတယ်။ နောက်ပြီးတော့ ကျွန်တော်က အစာအိမ်ရောဂါရှိတော့ ပိုပြီး ဂရုစိုက်ရပါတယ်။ အခုဆိုရင် ညနေ ၆ နာရီကျော်ရင် တော်ရုံတန်ရုံ ပိုပြီးတော့ မစားဖြစ်တော့ပါဘူး။

ညစာကိုရော အိမ်မှာ မိသားစုနဲ့ စားဖြစ်သလား။ ဒါမှမဟုတ် အပြင်မှာ စားဖြစ်သလား။

          အခုက MC လည်း လုပ်နေတော့၊ ကြော်ငြာတွေဘာတွေလည်း ရိုက်တယ်ဆိုရင် အပြင်မှာ စားဖြစ်တာများတယ်။ ဒါပေမဲ့ အိမ်ထမင်း၊ အိမ်ဟင်းကတော့ အကောင်းဆုံးပေါ့။ ကျန်းမာရေးအတွက်လည်း အိမ်ထမင်း၊ အိမ်ဟင်းက အကောင်းဆုံးပါပဲ။

စားခဲ့ဖူးသမျှ အစားအစာတွေထဲမှာ တစ်သက်မမေ့လောက်အောင်ဖြစ်တဲ့ အစားအသောက်မျိုးရော ရှိလား။

          အဲဒီလိုမျိုး မေ့လို့မရတဲ့ အစားအသောက်ဆိုရင်တော့ အိမ်မှာ အဖေ့ရဲ့ စပိန်စတိုင် အမဲသား ခါးပတ်ပါ။ သူက အမဲသားကို စိတ်ရှည်ရှည်နဲ့ အကြောတွေကို သေချာထွင်းပြီး အသားချည်းပဲ ကျန်ခဲ့တာကို ခရမ်းချဉ်သီးဆော့စ်နဲ့ချက်တဲ့ ဟင်းကတော့ တစ်သက်မမေ့နိုင်တဲ့ အစားအစာပါ။ ဒါပေမဲ့ အဲဒါလေးလည်း မစားရတာတော်တော်ကြာပါပြီ။ ဘာလို့လဲဆိုတော့ အဖေကလည်း အခုလေဖြတ်ထားတော့ သူက ဟင်းတွေဘာတွေ မချက်နိုင်တော့ပါဘူး။

ထူးထူးဆန်းဆန်း အစားအသောက်တွေရော စားဖူးလား။

          ထူးထူးဆန်းဆန်း အစားအသောက်ဆိုရင်တော့ သိပ်မစားဖြစ်ပါဘူး။ ကျွန်တော်က မြင်သား၊ ကြားသား သိပ်မစားချင်ဘူး။ စိတ်လည်း မကောင်းလို့ပါ။ ဒါပေမဲ့ ကျွန်တော်က အစားအသောက်လည်း ကြိုက်တယ်။ ဥပမာ- ကင်းမြီးကောက်လို ကြော်ထားတာမျိုး စတာတွေကို ကျွန်တော်တွေ့ရင်တောင် မစားဖြစ်ဘူး။ ထူးထူးဆန်းဆန်းတော့ သိပ်မစားဖြစ်ဘူး။ ဒါပေမဲ့ သူများတွေစားရင်တော့ ကြည့်တယ်။ ဥပမာ- အင်တာနက်က ပေါက်ကရတွေ စားတာမျိုးတွေရှိတယ်။ အဲဒါမျိုးတွေတော့ ကြည့်ဖြစ်တယ်။ ကိုယ်တိုင်တော့ မစားရဲဘူး။

အားလပ်ရက်တွေမှာ  တစ်ခုခုလုပ်စားလေ့ရှိလား။

          အားလပ်ရက်တွေမှာဆိုရင်တော့ ပြောရမယ်ဆိုရင်  အခုလည်း သူငယ်ချင်း မိသားစုနဲ့ အတူတူနေဖြစ်တော့ ခရစ္စမတ်တို့ ဘာတို့မှာဆိုရင် အမြဲတမ်း တစ်ခုခု လုပ်စားလေ့ ရှိပါတယ်။ အရင်တုန်းကဆိုရင် ကျွန်တော်က မိသားစုတန်ဖိုး သိပ်မသိခဲ့ဘူး။ လူငယ်လည်း ဖြစ်တော့လေ။ အခုနည်းနည်းအသက်ကလေးရလာတော့ မိသားစုရဲ့ တန်ဖိုးကို နားလည်လာတယ်။ ဒီတော့ မိသားစုတွေ အတူရှိနေစဉ်မှာ တစ်နေကုန် ထမင်းအတူမစားဖြစ်ပေမယ့် နေ့လယ်စာကိုတော့ အတူတူစားဖို့ သတ်မှတ်ထားတယ်။

ရှုတင်တွေဘာတွေ သွားရင်ရော ထမင်းချိုင့် ယူသွားလေ့ရှိလား။

          အရင်တုန်းကတော့ မယူဖြစ်ဘူး။ ရှုတင်မှာပဲ စားဖြစ်တယ်။ ဒါပေမဲ့ အခုနောက်ပိုင်း ကျွန်တော်က အချိုမှုန့်မစားဖြစ်တော့ဘူး။ ကျန်းမာရေးနဲ့ ညီညွတ်အောင်နေလာတော့ အိမ်ကနေပြီး ချက်ပေးတာကိုပဲ စားဖြစ်တယ်။ ကျွန်တော်ကလည်း သိပ်ကြေး(ဂျီး) မများတတ်ပါဘူး။ ဒီတော့ အိမ်က လုပ်ပေးတဲ့ ကြက်ဥကြော်လေး၊ အသုပ်ကလေးဘာလေးနဲ့ ထမင်းချိုင့် ထည့်သွားပါတယ်။

ကိုယ်မစားဖူးတဲ့ အစားအသောက်တွေကို မြည်းစမ်းချင်စိတ်ရှိလား။

          မစားဘူးတဲ့ အစားအသောက်တွေကိုတော့ မြည်းတော့ မြည်းကြည့်ချင်ပါတယ်။ ဘဝမှာ လူဆိုတာ မလုပ်ဘူးတာ မရှိရအောင်လေ။ ပြီးမှ နောင်တရမှာစိုးလို့။ ပြီးတော့မှ ကြိုက်ရင်လည်း ကြိုက်သွားနိုင်တယ်လေ။ ပြောလို့တော့ မရဘူး။ ငယ်ငယ်တုန်းကလည်း ခရမ်းသီးနှပ်ကို မကြိုက်ခဲ့ဘူး။ အခုအသက်ကြီးမှ သူငယ်ချင်းတွေ အတင်းကျွေးလို့ ကြိုက်သွားခဲ့တယ်။ ဒီတော့ ကိုယ်မစားဘူးခဲ့တာဆိုရင်တော့ စားကြည့်ချင်ပါတယ်။

Russell ရဲ့  အစားအသောက်နဲ့ ကျန်းမာရေးပေါ်  အမြင်လေးကို ပြောပြပေးပါဦး။

          အစားအသောက်ကတော့ သိပ်မသိသာပါဘူး။ စားတယ်၊ သောက်တယ်။ စားတိုင်း၊ သောက်တိုင်းမှာ ခန္ဓာကိုယ်က အစာခြေဖျက်မှု ပိုပြီးအားကောင်းတဲ့အတွက်ကြောင့် သိပ်ပြီး ဝိတ်တွေ ဘာတွေမတက်ပါဘူး။ အခု အသက် ၂၅ နှစ် နောက်ပိုင်းဖြစ်လာတဲ့အချိန်မှာ နည်းနည်းစားရင် စားသလို ဝိတ်က တက်လာတယ်။ Gym မဆော့ဖြစ်တဲ့အချိန်မှာဆိုရင် ပိုသိသာပါတယ်။ တစ်ခါတလေကျရင်လည်း Gym မဆော့ဖြစ်ရင်တောင်မှ အစားအသောက်နဲ့ ဝိတ်ကို ပြန်ထိန်းရတာမျိုးလည်း ရှိပါတယ်။ စောစောကပြောသလို မနက်စာ၊ နေ့လယ်စာ၊ ညစာကို အကြီး၊ အလတ်၊ အသေးနဲ့ ပိရမစ်ပုံစံမျိုး စားဖြစ်ပါတယ်။

အိမ်က မိဘတွေချက်တဲ့ ဟင်းတွေထဲမှာ ဘယ်ဟင်းကို အကြိုက်ဆုံးလဲ။

          စောစောကပြောသလို အဖေချက်တဲ့ အမဲသားဟင်းကို အကြိုက်ဆုံးပါပဲ။

နိုင်ငံတကာ အစားအသောက်မှာ ဘယ်အစားအသောက်ကို ကြိုက်သလဲ။

          နိုင်ငံတကာအစားအသောက်တွေကျတော့ ကျွန်တော်က အီတာလျံ ပါစတာတွေ ကြိုက်တယ်။ ဝိတ်တက်မယ်မှန်းလည်း သိတယ်။ ဒါပေမဲ့ အဲဒါတွေ စားမယ်ဆိုရင် ကျွန်တော်က နေ့လယ်ပိုင်းမှာ စားဖြစ်တာများတယ်။

နိုင်ငံခြားကို ရောက်နေတဲ့အချိန်မှာ ကိုယ့်နိုင်ငံက ဘယ်အစားအစာကို  လွမ်းဆွတ်တမ်းတမိပါသလဲ။

          အဲဒါဆိုရင်တော့ မြန်မာပြည်ရဲ့ ငါးပိကြော်တို့၊ ဘာလချောင်ကြော်၊ အဓိက ချဉ်ပေါင် ကြော်ကို ပိုပြီးတော့ လွမ်းတယ်။ ဘာဖြစ်လို့လည်းတော့ မသိဘူး။ နိုင်ငံခြားမှာ သင်္ဘောတွေ လိုက်တုန်းကလည်း ချဉ်ပေါင်ရွက်က တော်တော်လေးကို ရှားတယ်။ ရှာရလည်း ခက်တယ်။ ဘာလချောင်ကြော်တောင် ကိုယ့်ဘာသာကိုယ်လုပ် ကြော်စားလို့ရသေးတယ်။ ချဉ်ပေါင်ကြော်ကတော့ တော်တော်ခက်တယ်။

ဘဝမှာ အမှတ်တရဖြစ်မယ့် အစားအစာရှိလား။ ဥပမာ- အစားအစာတစ်ခုခုကို စားလိုက်ရင် တစ်ချိန်ချိန်၊ တစ်နေရာရာ၊ တစ်ယောက်ယောက်ကိုသွားပြီး သတိရတာမျိုးပေါ့။

          အဲဒါမျိုး ပြောရမယ်ဆိုရင် ၈ တန်း၊ ၉ တန်း၊ ၁၀ တန်း ကျောင်းတက်တုန်းက ကျောင်းရှေ့မှာ ဝေဖာကို အုန်းသီး၊ နို့ဆီတို့နဲ့လုပ်ထားတဲ့ မုန့်လေးကို ကျွန်တော် Crush ဖြစ်တဲ့ ကောင်မလေးနဲ့အတူတူ သုံးနှစ် ဆက်တိုက် စားခဲ့ဖူးတယ်။ ဒီတော့ အဲဒီမုန့်လေးကို ပြန်စားမိရင် အဲဒီကောင်မလေးကို သတိရပါတယ်။

စားဖူးသမျှထဲမှာ ဈေးကြီးပြီး မတန်ဘူးဆိုတာမျိုးရော ကြုံဖူးလား။ ဈေးပေါပြီး တန်တယ် ထင်တာမျိုးဆိုရင်ရော။

          အဲဒီလိုမျိုးဆိုရင်တော့ မြန်မာထမင်းဟင်းတွေကို ဟိုတယ်ကြီးတွေမှာ သွားစားရင် အပြင်ထမင်းဆိုင်တွေလောက်တောင်မှ အရသာမကောင်းဘဲနဲ့ ဈေးအများကြီး ပိုပေးရတာမျိုးတွေ ကြုံဖူးပါတယ်။ ဈေးပေါပြီး တန်တာဆိုရင်တော့ ကျွန်တော်တို့ အင်းစိန်လမ်းသစ်လမ်းက မျိုးမုန့်ဟင်းခါးဆိုင်က မုန့်ဟင်းခါးကို တော်တော်ကြိုက်တယ်။ တန်တယ်လို့လည်း ထင်ပါတယ်။ သူတို့က  အရင်က လမ်းဘေးမှာရောင်းတာ။ အခုတော့ ဆိုင်ခန်းနဲ့ ဖြစ်သွားပါပြီ။ ဒါပေမဲ့ အရသာကတော့ မပြောင်းပါဘူး။

စားသောက်ဆိုင်နဲ့ အိမ်မှာဆိုရင် ဘယ်မှာ ပိုစားချင်လဲ။

          အမြဲတမ်းလည်း အိမ်မှာ မစားဖြစ်ပေမယ့် အိမ်မှာစားတာက ပိုတန်ပြီး ကျန်းမာရေးနဲ့ ညီညွတ်မယ်လို့ ထင်တယ်။ အပြင်မှာကျတော့ ကိုယ်လည်း မမြင်ရဘူး။ အချိုမှုန့်တွေ ထည့်တာမျိုးနဲ့ ချက်ထားတာမျိုးဆိုရင် ကိုယ်ကလည်း ပြောလို့မရဘူးပေါ့လေ။

အကြိုက်ဆုံး အသီးအနှံ၊ အရွက်၊ အသား၊ ငါးတွေကို ပြောပြပေးပါဦး။ ဖျော်ရည်တွေထဲမှာ ဆိုရင်ရော။

          အရင်တုန်းကတော့ အသားငါးဆိုရင် ငါးကို သိပ်မစားဖြစ်ဘူး။ ဒါပေမဲ့ အခုနောက်ပိုင်းကျတော့ ငါးကိုကြိုက်တတ်လာပြီ။ နောက်ပြီးတော့ အသီးအနှံထဲမှာဆိုရင် ခရမ်းချဉ်သီးကို ကြိုက်တယ်။ သူက အသားအရေလှတဲ့အပြင် ဖိုက်ဘာဓာတ်ပါတော့ ဝမ်းလည်းကောင်းစေပါတယ်။ ဖျော်ရည်ထဲမှာဆိုရင်တော့ မုန်လာဥနီကို ဘာမှမထည့်ဘဲနဲ့ ရေခဲနည်းနည်း ထည့်ပြီး သူ့ချည်းပဲ Blender နဲ့ ကြိတ်ပြီးတော့ သောက်ဖြစ်ပါတယ်။

ညီလေးနဲ့မတည့်တဲ့ အစားအသောက်တွေရော ရှိလား။ မကြိုက်တဲ့အစားအစာရော။

          မတည့်တာ၊ မကြိုက်တာတော့ မရှိပါဘူး။ ရှောင်ရတဲ့ အစားအစာတွေလည်း မရှိပါဘူး။ အကုန်လုံးတော့ စားဖြစ်ပါတယ်။

အစားအသောက်တစ်ခုခုကိုစားနေတုန်း အဲဒီထဲမှာ ရွံစရာတွေဘာတွေရော တွေ့ဖူးလား။အစားအသောက်စားနေရင်း သူငယ်ချင်းတွေက ဘေးနားက ရွံစရာပြောရင်ရော ရွံတတ်လား။

          မရွံတတ်ပါဘူး။ သူငယ်ချင်းတွေ ဘေးနားကနေ ပေါက်ကရတွေ စနောက်နေရင်လည်း မရွံတတ်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်ကိုယ်တိုင်တောင်မှ ဆရာဝန်ဖြစ်လုနီးပါး ဖြစ်ခဲ့တယ်။ ဆေးမှတ်လည်း မီခဲ့တယ်။ ငယ်ငယ်လေးကတည်းက ဆရာဝန်လည်းဖြစ်ချင်ခဲ့တော့ သူတို့ပြောတာတွေကို သိပ်မရွံဖြစ်ဘူး။

အစားအသောက်က နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှုကို ဖော်ဆောင်နိုင်တယ်လို့ ထင်မြင်မိပါသလား။

          ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အခုဆိုရင် ကိုရီးယားဆို ကင်ချီနဲ့ သိကြတယ်။ ယိုးဒယားဆိုရင် ပတ်ထိုင်းပေါ့။ မြန်မာနိုင်ငံဆိုရင်လည်း မုန့်ဟင်းခါးဆိုပြီးတော့ သိကြတယ်။ အဲဒီလိုဆိုတော့ ကျွန်တော်လည်း မြန်မာမုန့်ဟင်းခါးကို နိုင်ငံတကာမှာ ကျယ်ကျယ်ပြန့်ပြန့် သိစေချင်ပါတယ်။ ကျွန်တော်သင်္ဘောလိုက်တုန်းကဆိုရင် သင်္ဘောပေါ်မှာ မြန်မာ ၄၊ ၅ ယောက်ပါလာရင် မုန့်ဟင်းခါးချက်ဖြစ်တယ်။ ချက်ဖြစ်ရင် ကျန်တဲ့ အခြားလူမျိုး ၃၀ လောက်က မုန့်ဟင်းခါးစားချင်လို့ အနံ့လာရှူကြတယ်။ ဒီတော့ မုန့်ဟင်းခါး ချက်စားဖြစ်တဲ့နေ့ဆိုရင် သူတို့အတွက် ပိုချက်ပေးရတယ်။ မုန်ဟင်းခါးလုပ်စားတဲ့နေ့ဆို ထမင်းတောင်မလိုဘူး။ ကြိုက်ကြတယ်။ အဲဒီတော့ သူတို့ကြိုက်သလိုမျိုး နိုင်ငံတကာကလည်း လက်ခံနိုင်မယ်ဆိုတာကိုလည်း ကျွန်တော်ယုံကြည်တယ်။ ဒီတော့ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်နဲ့ နိုင်ငံတကာကို သိစေချင်ပါတယ်။

အခုလက်ရှိ အနုပညာလှုပ်ရှားမှုလေးတွေကိုလည်း ပြောပြပေးပါဦး။

          အခု မတ်လတုန်းက မျက်နှာဖုံးများဆိုတဲ့ ရုံတင်ကားကြီးကို မအေးသောင်း၊ မမြနှင်းရည်လွင်တို့နဲ့ ရိုက်ထားပါတယ်။ အခု ကျွန်တော် MC ကိုလည်း Professional အနေနဲ့ လုပ်ဖြစ်နေပါတယ်။ သရုပ်ဆောင်ပိုင်းမှာလည်း  ကျွန်တော့်ကို ကမ်းလှမ်းထားတာလေးတွေ အခုနောက်ပိုင်း အချိန်ရရင်ရသလို ရိုက်ကူးသွားဖို့ ရှိပါတယ်။

အခုချက်ပြတဲ့ ကြက်ဥ Muffin လေးကို လိုက်ချက်စားကြည့်မယ့် ပရိသတ်အတွက် အမှတ်တရစကားလက် ဆောင်လေးကို ပြောပြပေးပါဦး။

          အခုကျွန်တော်လုပ်ပြတဲ့ ကြက်ဥ Muffin လေး ကတော့ တကယ်ကို လွယ်ကူပြီး ရိုးရှင်းတယ်။ ပြီးတော့ အရသာလည်းရှိတယ်။ ကျန်းမာရေးနဲ့လည်း ညီညွတ်တယ်။ ပြီးတော့ ကျွန်တော့်လို ချက်ပြုတ်ရမှာ ပျင်းတဲ့ သူတွေ အလွယ်တကူလိုက်လုပ်လို့ ရပါတယ်။ ဒီတော့ အားလုံးလည်း ပျော်ပျော်ပါးပါးနဲ့ စမ်းသပ်ပြီး လုပ်ကြည့်ပါလို့ ပြောချင်ပါတယ်။

Russell ရဲ့ ကြက်ဥ Muffin

ပါဝင်ပစ္စည်းများ

ကြက်ဥ  –  ၅ လုံး

ပန်းငရုတ်ပွ  –  ၁ လုံး

မုန်လာဥနီ  –  အနည်းငယ်

ဝက်အသားပြား  –  ၅ ချပ်

ဟင်းနုနယ်  –  လက်တစ်ဆုပ်စာ

ဆား၊ ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။       မုန်လာဥနီကို အခွံနွှာပါ။ မုန်လာဥနီနှင့် ပန်းငရုတ်ပွကို ရေစင်အောင် ဆေးပါ။ မုန်လာဥနီ၊ ပန်းငရုတ်ပွနှင့် ဝက်သားပြားကို  သေးသေးလေးတွေဖြစ်အောင် လှီးထားပါ။ ဟင်းနုနယ်ကို ရေစင်အောင်ဆေးပြီး အနေတော်အရွယ်လေးတွေ လှီးထားပါ။

၂။       အားလုံးကို ဇလုံတစ်လုံးထဲမှာ ထည့်ပြီး သမအောင် ရောမွှေပါ။ Cup Cake ဖုတ်တဲ့ ခွက်ထဲမှာ ထောပတ်သုတ်ပြီး ကြက်ဥအရောကို ထည့်ပါ။ မုန့်ဖုတ်ဖိုထဲမှာ အပေါ် အောက် အပူချိန် ၁၈၀˚ လောက်နဲ့ ၁၅ မိနစ်မှ မိနစ်၂၀ ခန့်အထိ ဖုတ်ပါ။ အခြားအသီးအနှံတွေ ထပ်ထည့်ချင်ရင်လည်း ရပါသေးတယ်။

Facebook Comments