အစားအသောက်က နှလုံးသားနဲ့ သက်ဆိုင်တယ်။ အမှတ်တရတွေလည်း အများကြီး ရှိတယ်ဆိုတဲ့ MAY GRACE PERRY

by အာဂ for Food Magazine

အချက်အပြုတ်ကို  ဘယ်အရွယ်ကတည်းက  စပြီးတော့ ဝါသနာ ပါခဲ့သလဲ။

          အချက်အပြုတ်ကတော့ ဝါသနာပါပါတယ်။ ကျောင်းတက်တုန်းကဆို မေတစ်ယောက်တည်းနေလို့ ကိုယ့်ဘာသာကိုယ် ချက်ပြုတ်စားရတယ်။ ဟင်းချက်တာကတော့ မေသိပ်မတော်ပေမယ့် ကိုယ်ချက်တာကိုတော့ ကိုယ်ကြိုက်ပါတယ်။ သူများတွေကြိုက်မကြိုက်တော့ မသိဘူး။

အခု ငါးသားလွှာကြော်နဲ့ ခရမ်းသီးမီးအုံးသုပ်လေး ပရိသတ်ကို ချက်ပြဖို့ စီစဉ် ဖြစ်သွားပုံလေးကိုလည်း ပြောပြပေးပါဦး။

          မေက ငယ်ငယ်ကတည်းက ယိုးဒယားစာတွေကို ကြိုက်ခဲ့တယ်။ ယိုဒယားစာ အရသာတွေကို ကြိုက်တယ်။ အခုချက်ပြတဲ့ အစားအသောက်တွေကလည်း မေကြိုက်တဲ့  အစားအသောက်တွေဖြစ်လို့ ပရိသတ်ကြီးကို ချက်ပြဖြစ်သွားတာပါ။

ဘဝမှာ ပထမဆုံး စချက်ဖြစ်တဲ့ ဟင်းပွဲလေးကို မှတ်မိသေးရင် ပြောပြပေးပါဦး။ အရသာကရော ဘယ်လိုရှိသလဲ။

          ပထမဆုံးလုပ်ဖြစ်တဲ့ ဟင်းပွဲလေးဆိုရင်တော့ နိုင်ငံခြားမှာ ကျောင်းတက်တုန်းက မေကြိုက်တဲ့ ကြက်သားအာလူးဟင်းကို ချက်စားချင်တာနဲ့ အမေ့ကို ဘယ်လိုချက်တာလည်း မေးပြီး ကိုယ့်ဘာသာကိုယ် ချက်ခဲ့ဖူးတယ်။ အရသာကတော့ နနွင်းတွေ များပြီး တူးသွားတယ်။

ညီမချက်တဲ့ဟင်းတွေထဲမှာ လူကြိုက်အများဆုံး ဟင်းပွဲကရော ဘာဟင်းပွဲဖြစ်မလဲ။

          စောစောက  ညီမ စပြီးချက်ဖြစ်တဲ့ ကြက်သားအာလူးဟင်းကိုတော့ နောက်ပိုင်း လက်ရာမှန်လာတဲ့အခါမှာ သူငယ်ချင်းတွေက သဘောကျကြပါတယ်။ ဒါပေမဲ့ ညီမတို့ သူငယ်ချင်းတွေထဲမှာ ဆိုရင်တော့ ဟင်းချက်တော်တဲ့အထဲမှာ မပါပါဘူး။ မေရဲ့ သူငယ်ချင်းတွေချက်တာကိုပဲ သွားပြီးစားတတ်တဲ့ လူတစ်ယောက်ပါ။ (ရယ်လျက်)

ညီမချက်တဲ့ ဟင်းကိုစားပြီး ပထမဆုံး ချီးမွမ်းခံရတုန်းက ခံစာျးက်ကရော။ အချက်အပြုတ်ကို ဘယ်သူတွေဆီက သင်ယူဖူးလဲ။

          အဲဒီ ညီမချက်ကျွေးတဲ့ဟင်းကို သူငယ်ချင်းတွေရော မိသားစုကပါ အရသာက မဆိုးဘူး။ ကောင်းတယ်။ ကြိုက်ကြလို့ ချီးမွမ်းတော့ ပျော်တာပေါ့။ ကိုယ်ကြိုးစားပြီး ချက်ထားတာကို သူများတွေက ကြိုက်တယ်ဆိုတော့ ဝမ်းသာတာပေါ့။ သူငယ်ချင်း တစ်ယောက်ဆိုရင် မေ့ရဲ့ ကြက်သားအာလူးဟင်းကို တော်တော် ကြိုက်တယ်။ ချက်တာပြုတ်တာတွေကတော့ အမေ့ဆီက အဓိကသင်ယူဖြစ်တယ်။ အမေက ဟင်းချက်တာ အရမ်းတော်တယ်။ အမေက ဟင်းချက်တာ အရမ်းလည်း မြန်မာမဆန်ဘူး။ ကရင်-မြန်မာနည်းနဲ့ မြန်မြန်ဆန်ဆန် ချက်တာပါ။ သူချက်တာက အရမ်းလည်း မြန်ပြီး စားလို့လည်း အဆင်ပြေတယ်။

ငယ်ငယ်တုန်းကကြိုက်ပြီး အသက်ကြီးမှ မကြိုက်တာနဲ့ ငယ်ငယ်က မကြိုက်ဘဲ  အသက်ကြီးမှ ကြိုက်တာဆိုရင်ရော။

          အဲဒီလိုမျိုးတော့ ငယ်ငယ်က ကြက်အရေခွံ ကြွပ်ကြွပ်ကြော်ထားတာ  ကြိုက်တယ်။ အခု အသက်ကြီးလာတော့ မကြိုက်တော့ဘူး။ ငယ်ငယ်က မကြိုက်ဘဲ အသက်ကြီးမှ ဆိုရင်တော့ ရွှေဖရုံသီးပါပဲ။

အစားအသောက်နဲ့ ပတ်သက်ပြီး အမှတ်တရ အဖြစ်အပျက်လေးတွေရှိရင် ပြောပြပေး ပါဦး။ ဥပမာ-တချို့ သကြားလုံးမျိုမိတာတို့၊ ကျောင်းမှာ မုန့်ခိုးစားလို့ အရိုက်ခံရတာတို့၊ ဟင်းခိုးစားတာတို့ပေါ့။ 

          အစားအသောက်နဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်ဆိုရင် I.S.M ကျောင်းမှာတက်တုန်းက  ဟင်းချက်တဲ့ အစ်မကြီးတစ်ယောက်ရှိတယ်။ အဲဒီ အစ်မကြီးက ဝက်သားလုံးကြော်တာ အရမ်းကောင်းတယ်။ ဒါပေမဲ့ မွန်းတည့် ၁၂ နာရီဆိုရင် ကုန်သွားပြီ။ ဒီတော့ မနက်ရောက်ရင် သူ့ကို ဘိုကင် ကြိုပေးရတယ်။ သူ့ဆီမှာ ဘိုကင်မီတဲ့ ရက်ဆိုရင် အရမ်းပျော်တယ်။ မမီတဲ့ ရက်ဆို စိတ်မကောင်းဖြစ်ရတယ်။ သူများဟာတွေ နှိုက်စားရတယ်။

မနက်စာကို ဘယ်အချိန်လောက် စားဖြစ်လဲ။ ဘာဟင်းတွေနဲ့ စားဖြစ်တာများလဲ။ နေ့လယ်စာနဲ့  ညစာကိုရော။

          မေကတော့ အခု ဝိတ်လျှော့နေတဲ့ အချိန်ဆိုတော့ မနက်စာကို လျှော့စားတယ်။ လူတွေကတော့ ပြောတယ်။ နေ့တစ်နေ့အတွက် မနက်စာက အရေးကြီးဆုံးပဲတဲ့။ ဒါပေမဲ့ မေကတော့  မနက်ဆိုရင် ငှက်ပျောသီးနဲ့ ဒိန်ချဉ်စားတယ်။ နေ့လယ်တို့၊ ညစာတို့ဆိုရင်တော့ ကြိုက်တာစားတယ်။ ဒါပေမဲ့ အမေသင် ပေးထားတဲ့နည်းအတိုင်း စားတယ်။ အဲဒီနည်းကတော့ စားသောက်ဆိုင်သွားရင် ဟင်းပွဲတွေအများကြီး မှာပြီး နည်းနည်းချင်းစီစားတယ်။ အာသာပြေရုံလောက်ပဲ စားတယ်။

ညစာကိုရော အိမ်မှာ မိသားစုနဲ့ စားဖြစ်လား။ ဒါမှမဟုတ် အပြင်မှာစားဖြစ်သလား။ ညစာစားပြီးရင်ရော အချိုတည်းလား။

          ညစာကတော့ ပုံမှန်မရှိဘူး။ အိမ်မှာလည်း စားတယ်။ အပြင်မှာလည်း ထွက်စားဖြစ်တာမျိုး ရှိတယ်။ မိသားစုအားလုံးကလည်း သူ့အလုပ်နဲ့သူဆိုတော့ မအားကြဘူး။ သိပ်တော့ အတူတူမဆုံဖြစ်ဘူး။ ဒါပေမဲ့ ဆုံတဲ့အချိန်မှာတော့ စားဖြစ်တယ်။ ဒါပေမဲ့ မေ့ရဲ့ အဖေက ဩစတြေးလျံ လူမျိုးဆိုတော့ ညစာကို မိသားစုနဲ့အတူတူစားတာကို သူက အရမ်းကြိုက်တယ်။ ဒီတော့ ညစာအတူတူစားဖို့ တစ်ချိန်လုံးတော့ ပြောနေတာပါပဲ။ ညစာစားပြီးရင်တော့ အချိုတည်းတဲ့အနေနဲ့ ဒိန်ချဉ်၊ ရေခဲမုန့်၊ အသီးတွေ စားတာများပါတယ်။

စားဖူးသမျှအစားအစာတွေထဲမှာ တစ်သက်မမေ့လောက်အောင်ဖြစ်တဲ့ အစားအသောက်မျိုးရော ရှိလား။

          တစ်သက်မမေ့လောက်တာမျိုးဆိုတော့ အမေချက်ကျွေးတဲ့ မြန်မာကြက်သား စွပ်ပြုတ်ဟင်းလေးနဲ့ အာလူးထောင်းလေးပါ။ နောက်တစ်ခုဆိုရင်တော့ မန္တလေးကို ရောက်တုန်းက စားခဲ့ရတဲ့ ၁၆လမ်း မြီးရှည်ပါ။

ထူးထူးဆန်းဆန်း အစားအသောက်တွေရော ညီမစားဖူးလား။

          ထူးထူးဆန်းဆန်း အစားအသောက်ဆိုရင်တော့  ညီမက အဲဒီလိုထူးဆန်းတဲ့ အကောင်သားတွေဆိုရင် သိပ်တော့မစားဖြစ်ပါဘူး။ တစ်ခုပဲရှိမယ် ထင်တယ်။ သင်ပေါင်းပိုးတော့ ကြိုက်ပါတယ်။

အားလပ်ရက်တွေမှာ  တစ်ခုခုလုပ်စားလေ့ရှိလား။

          အားလပ်ရက်တွေမှာဆိုရင် သိပ်လုပ်စားလေ့ မရှိဘူး။ ဒါပေမဲ့ အခုတလောတော့ အိမ်မှာ အရွက်သုပ်တွေ သုပ်စားဖြစ်တာ များပါတယ်။

ရှုတင်သွားတဲ့အခါမှာ  ထမင်းချိုင့်တွေ ယူလေ့ရှိလား။

          ရှုတင်သွားရင်တော့ ထမင်းချိုင့်ယူလေ့ မရှိပါဘူး။ ဒါပေမဲ့ ညီမရဲ့အိမ်က အရွက်သုပ်ကို ဘူးလေးနဲ့ပြင်ထားပြီး လာပို့ပေးတာမျိုး ရှိတယ်။ ဒါပေမဲ့ များသောအားဖြင့်တော့ ကြုံရာမှာ စားလိုက်တာ များပါတယ်။ အမေက ရှုတင်တွေ လိုက်ပေးတယ်ဆိုတော့ အမေက အမြဲဂရုစိုက်ပေးပါတယ်။

ကိုယ်မစားဖူးတဲ့ အစားအသောက်တွေကို မြည်းစမ်းချင်စိတ်ရှိလား။

          အဲဒီလိုမျိုးတော့ မရှိပါဘူး။ ဒါပေမဲ့ ပဲရစ်မြို့မှာ Croissant အရမ်းကောင်းတယ် ပြောတယ်။ ဒီတော့ တကယ်လို့ ပဲရစ်မြို့ကို မေရောက်ခဲ့ရင်တော့ အဲဒါကို ရအောင်တော့ စားချင်မိတယ်။ မေကတော့ ချိုတဲ့ အရသာတွေဆိုရင် သိပ်မကြိုက်ဘူး။ Savory အရသာမျိုးကို ပိုမြည်းစမ်းချင်စိတ် ရှိတယ်။ နောက် အစပ်ဘက်အပိုင်းပေါ့။

တချို့တွေက စိတ်ညစ်တာတို့၊ ဝမ်းနည်းတာ၊ ပျော်ရွှင်တာ၊ ဝမ်းသာတာမျိုးမှာ  အစားတွေ များများစားလေ့ရှိတယ်။ ညီမကရော အဲဒီလိုအခါများမျိုးမှာ အစားအသောက်နဲ့ ပတ်သက်ပြီး ဘာတွေစားဖြစ်လဲ။ များများစားလား။ နည်းနည်းစားလား။

          တချို့တွေကဆိုရင် စာမေးပွဲဖြေတဲ့အချိန်မှာ ဝိတ်တွေကျသွားတတ်တယ်။ မေကတော့ အဲဒီလိုမျိုးမဟုတ်ဘူး။ စာမေးပွဲဖြေတဲ့အချိန်မှာ စိတ်လှုပ်ရှားပြီး စိတ်ဖိစီးမှု များတတ်တယ်။ ဒီတော့ ချောကလက်တွေ စားဖြစ်တယ်။ အင်ဒိုနီးရှားအစားအစာဖြစ်တဲ့ ကန်စွန်းရွက်ကို စပ်စပ်လေးကြော်ထားကိုလည်း စားဖြစ်တယ်။ ပြောရရင်တော့ စိတ်ဖိစီးမှုများရင် အစားစားဖြစ်ပါတယ်။

ညီမရဲ့ အစားအသောက်နဲ့ ကျန်းမာရေးပေါ်အမြင်နဲ့ အစားအသောက်နဲ့ ခန္ဓာကိုယ် ထိန်းသိမ်းပုံလေးကို ပြောပြပေးပါဦး။      

          အစားအသောက်နဲ့ ကျန်းမာရေးဆိုရင်တော့ လူတွေပြောကြတာပဲ။ You ar Weight to Eat ဆိုတော့ ကိုယ့်ခန္ဓာကိုယ်ထဲထည့်တဲ့ အစားအသောက်အရာမှန်သမျှ ကိုယ့်ကို အင်အားတွေ၊ အသားအရေတွေကို အကုန်လုံးကို အကျိုးသက်ရောက်မှု ပေးမယ်ဆိုတော့  မေရဲ့ ခန္ဓာကိုယ်ထဲ ဘာထည့်မလဲဆိုတာ မေ ရွေးချယ်ပါတယ်။ အချို့ ဆီကြော်တွေ၊ ဝက်ခေါက်တွေ အရမ်းစားချင်ပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် မစားမိအောင်လည်း ပြန်လည် ထိန်းကျောင်းထားပါတယ်။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် ကျန်းမာချင်တယ်ဆိုရင်တော့ ကိုယ့်အတွက် ကျန်းမာစေမယ့် အစားအစာကို ရွေးစားသင့်ပါတယ်။ မေဆိုရင်တော့ မေက သွိုင်းရိုက်ဖြစ်နေတယ်ဆိုတော့ သွိုင်းရိုက်ရောဂါအတွက် သက်သာစေတဲ့ ပင်စိမ်းကို စားဖြစ်တာများပါတယ်။ နောက် အိုမီဂါ ၃ ပါဝင်တဲ့ အစားအစာတွေကို ရွေးစားဖြစ်ပါတယ်။

အိမ်က မိဘတွေချက်တဲ့ ဟင်းတွေထဲမှာ ဘယ်ဟင်းကို အကြိုက်ဆုံးလဲ။

          မေမေချက်တဲ့ ဟင်းထဲကဆိုရင် တော်တော်များများ ကြိုက်ပါတယ်။ ဒီနေ့ဆိုရင် အာလူးနဲ့ ကြက်အသည်းအမြစ်နဲ့ ချက်ကျွေးတာကို ကြိုက်တယ်။ ဘူးသီးဟင်းခါးလည်း ကြိုက်တယ်။ ကြက်စွပ်ပြုတ်လည်း ကြိုက်ပါတယ်။

နိုင်ငံတကာက အစားအသောက်တွေမှာဆိုရင် ဘယ်နိုင်ငံက ဘယ်အစားအသောက်ကို စားဖြစ်တာ များလဲ။

          မေကတော့ အာရှအစားအစာတွေကို ပိုကြိုက်တယ်။ အနောက်တိုင်း အစားအစာကျတော့ အီလို့သိပ်မကြိုက်ပါဘူး။ ယိုးဒယားစာနဲ့ မြန်မာစာကို ကြိုက်ပါတယ်။

နိုင်ငံခြားကိုရောက်နေတဲ့အချိန်မှာ ကိုယ့်နိုင်ငံက ဘယ်အစာအစားကို  လွမ်းဆွတ်တမ်းတမိပါသလဲ။

          မေက နိုင်ငံခြားရောက်ရင်တော့ မြန်မာပြည်က အမေလုပ်ကျွေးတဲ့ အာလူးထောင်း စားချင်တယ်။ ဟိုမှာကျောင်းတက်တုန်းကလည်း အာလူးထောင်းကို ဘယ်မှာမှရှာမရဘူး။ ကိုယ့်ဘာသာကိုယ် ချက်တော့လည်း ဘယ်လိုမှ အဆင်မပြေဘူး။ ဒီတော့ မြန်မာပြည် ပြန်ရောက်တိုင်း အာလူးထောင်းကို ရအောင်သွားစားဖြစ်ပါတယ်။

ဘဝမှာ အမှတ်တရဖြစ်မယ့် အစားအစာရှိလား။ ဥပမာ- အဲဒီအစားအစာကို စားလိုက်ရင် တစ်နေရာရာ၊ တစ်ယောက်ယောက် စသဖြင့် အမှတ်တရဖြစ်မယ့် အစားအစာမျိုးပေါ့။

          အဲဒီလိုမျိုးဆိုရင်တော့ ပြောရရင် အစားအသောက်က နှလုံးသားနဲ့သက်ဆိုင်တယ်။ အမှတ်တရတွေလည်း အများကြီးရှိတယ်။ အိမ်မှာစားဖူးတဲ့ အစားအသောက်မျိုးစားမိရင် အိမ်က အမေ၊ ညီမလေး၊ သူငယ်ချင်းတွေကို သတိရတယ်။ အစားအသောက်တစ်မျိုးရယ်မှ မဟုတ်ပါဘူး။ အများစုကတော့ မေ့ကို မှတ်မိစေတယ်။ အမှတ်တရ ဖြစ်စေပါတယ်။

ညီမစားဖူးသမျှထဲမှာ ဈေးကြီးပြီး မတန်ဘူးထင်တဲ့ အစားအသောက်တွေရှိလား။

          အဲဒီလိုမျိုးတော့ ကြုံဖူးတယ်။ တစ်ခေါက် မေ ကျောင်းတက်တုန်းက အိမ်အောက်မှာ ဟော့ပေါ့ဆိုင်လေးလာဖွင့်တာ လူရှင်းလို့ သွားစားမိလိုက်တယ်။ ဈေးလည်းမကြည့်ဘဲ မှာစားမိလိုက်တယ်။ ကောင်းလည်း သိပ်မကောင်းဘူး။ ဈေးကလည်း ကြီးလွန်းလို့ အံ့ဩမိသွားတယ်။ ဈေးပေါပြီး တန်တယ်ထင်တာမျိုးကတော့ အများကြီးပါပဲ။

စားသောက်ဆိုင်နဲ့ အိမ်မှာဆိုရင် ဘယ်မှာပိုပြီးတော့ စားချင်လဲ။

          ညီမကတော့ စားသောက်ဆိုင်မှာ ပိုစားချင်တယ်။ ဒါပေမဲ့ အိမ်မှာဆိုရင်တော့ အမေက ကျန်းမာရေးနဲ့ ညီညွတ်အောင် ချက်ပြုတ်ကျွေးတယ်။ အသီးအနှံဆိုရင်လည်း စိမ်း၊ ဝါ၊ နီ အရောင်စုံအောင် ချက်ကျွေးတယ်။

ညီမအကြိုက်ဆုံး အသီးအနှံ၊ အရွက်၊ အသား၊ ငါးတွေကို ပြောပြပေးပါဦး။ ဖျော်ရည် တွေထဲမှာဆိုရင်ရော။

          ညီမအကြိုက်ဆုံး အသီးအနှံဆိုရင်တော့ မာလကာသီး၊ အရွက်တွေထဲမှာဆိုရင်တော့ ချဉ်ဖတ်၊ မုန်ညင်း၊ ကင်ချီလိုလေးတွေကို ကြိုက်တယ်။ အသားငါးထဲမှာဆိုရင်တော့ ငါးကြိုက်တယ်။ ဖျော်ရည်ထဲမှာဆိုရင်တော့ ကမ္ဗလာသီးဖျော်ရည်ကြိုက်တယ်။

ညီမနဲ့ မတည့်တဲ့ အစားအသောက်တွေရော ရှိလား။ မကြိုက်တဲ့အစားအစာရော။

          မေမကြိုက်တာဆိုရင်တော့ သင်္ဘောသီးကို မကြိုက်ဘူး။ သင်္ဘောသီးထောင်းတော့ ကြိုက်တယ်။ မတည့်တာဆိုရင်တော့ ပင်လယ်စာစားရင် အလာဂျိတ်ဖြစ်တတ်တယ်။ ဒါပေမဲ့ အရမ်းကြိုက်တော့ တစ်ခါတလေ အလာဂျိတ်အဖြစ်ခံပြီး စားတယ်။

အစားအသောက်တစ်ခုခုကို စားနေတုန်း  အဲဒီထဲမှာ ရွံစရာတွေ ဘာတွေရော တွေ့ ဖူးလား။ အစားအသောက်စားနေရင်း  သူငယ်ချင်းတွေက ဘေးနားမှာ ရွံစရာပြောရင်ရော ရွံတတ်လား။

          တွေ့ဖူးပါတယ်။ ဒါပေမဲ့ သိပ်ပြီး အရွံကြီးတော့ မဟုတ်ပါဘူး။ တစ်ခေါက်က စားသောက်ဆိုင်သွားတာ  ငါးဖယ်ထဲမှာ လက်သည်းခွံကြီးတွေ့တော့ တော်တော်လန့် သွားတယ်။ သူငယ်ချင်းတွေ စနောက်ရင်လည်း တွေးပြီး ရွံတတ်တာမျိုးလည်း မရှိပါဘူး။ နောက်နေလည်း အေးဆေးပါပဲ။

အစားအသောက်က နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှုကို ဖော်ဆောင်နိုင်တယ်လို့ ထင်မြင်မိပါသလား။

          ထင်ပါတယ်။ နိုင်ငံတကာတောင် မဟုတ်ပါဘူး။ မြန်မာပြည်ထဲက ပြည်နယ်တွေက တိုင်းရင်းသားရဲ့ အစားအသောက်တောင်မှ ကွဲပြားပါတယ်။ အေးတဲ့ဒေသရဲ့ အစားအသောက်နဲ့ ပူတဲ့ဒေသရဲ့  အစားအသောက်က မတူညီပါဘူး။ ဒါပေမဲ့ မေက မြန်မာပြည်မှာ လူဖြစ်ခွင့်ရပြီး မြန်မာအစားအသောက်တွေကို စားခွင့်ရတဲ့အတွက် အရမ်းကံကောင်းတယ်လို့ ထင်မြင်မိတယ်။ တိုင်းရင်းသားပေါင်းစုံရဲ့ အစားအသောက်တွေကိုလည်း မေက အရမ်းကြိုက်ပါတယ်။

အခု မေမြန်မာပြည်ပြန်ရောက်ပြီးတော့ အနုပညာလှုပ်ရှားမှုလေးတွေကရော။

          အခုမေ မြန်မာပြည်ကို ပြန်ရောက်ပြီးတော့ ဓာတ်ပုံတွေရိုက်တယ်။ ကြော်ငြာတွေ ရိုက်ဖြစ်ပါတယ်။ အခု မေက ကျန်းမာရေးကို ပြန်ဂရုစိုက်နေရတော့ အနုပညာအလုပ်တွေကို သိပ်အချိန်မပေးနိုင်ဘူး ဖြစ်နေပါတယ်။

အခုညီမလုပ်ပြတဲ့ ငါးသားလွှာကြော်နဲ့ ခရမ်းသီးမီးအုံးသုပ်ကို လိုက်လုပ်စားမယ့် ပရိသတ်အတွက် အမှတ်တရစကား လက်ဆောင်လေးကို ပြောပြပေးပါဦး။

          ငါးသားလွှာကြော်နဲ့ ခရမ်းသီးမီးအုံးသုပ်က ကျန်းမာရေးရှုထောင့်ကနေ မြင်ရင်တောင် စားသင့်တဲ့ အစားအသောက်တစ်ခုတည်းမှာ ပါပါတယ်။ ဒီအသုပ်လေးက လုပ်ရတာလည်း လွယ်ကူတယ်။ နောက်ပြီး ယိုးဒယားစတိုင်လိုလေး သုပ်ထားလို့ ဆန်းသစ်နေမှာပါ။ အချိန်လည်း သိပ်မပေးရတဲ့အတွက် ပရိသတ်အကုန်လုံး လုပ်စားလို့ အဆင်ပြေမယ့် အစားအသောက်တစ်ခုလို့ ထင်ပါတယ်။ ငါး အသားလွှာကြော်ဆိုရင်လည်း အချိုမှုန့်မပါဘဲ သဘာဝ အရသာစစ်စစ်တွေနဲ့ ကြော်ထားတဲ့အတွက် လိုက်လုပ်စားကြည့်ပါလို့ ပြောချင်ပါတယ်။

MAY GRACE PERRY ရဲ့ ငါးသားလွှာကြော်

          ပထမဆုံး ရေချို ငါးရံ့  ၃၅ ကျပ်သား ခန့်ကို အရိုးထုတ်၊ အသွားလွှာပြီး အနေတော် အတုံးလေးတွေတုံးကာ ရေ စင်စင်ဆေးကြောထားပါ။ ပြီးလျှင် ငါး အသားလွှာများကို ဆားအနည်းငယ်၊ သကြားအနည်းငယ်၊ ငံပြာရည် အနည်းငယ်ဖြင့် နယ်ပြီး ၁၅ မိနစ်ခန့် နှပ်ထားပါ။ ပြီးလျှင် ဆီ ၂၅ ကျပ်သားခန့်ထည့်ပြီး ဆီပူလာလျှင် ငါးသားများကို တန်ပူရာ မုန့်နှစ်ထဲ စိမ်ကာ ရွှေအိုရောင်ရလာအောင် ကြော်ပြီး ဆယ်ယူထားပါ။ ပြီးလျှင် ကြက်သွန်ဖြူကြော်၊ ကြက်သွန် မြိတ်လေးများဖြူးပြီးပါက အရသာရှိစွာ စားသောက်နိုင်ပါပြီ။

MAY GRACE PERRY ရဲ့ ခရမ်းသီးမီးအုံးသုပ်

          ခရမ်းသီး ခရမ်းရောင်ကို တူးနေအောင် မီးဖုတ်ပါ။ ပြီးလျှင် အပြင်က မီးအုံးထားတဲ့ အခွံများကို စိတ်ရှည် လက်ရှည်နွှာပါ။ ကျန်တဲ့ အသားများကို (နံနံပင်ရဲ့ အမြစ်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း ရောထောင်းနှင့်) ယိုးဒယား ငါးပိစိမ်း၊ ယိုးဒယားငံပြာရည်၊ သံပရာသီး၊ မြေပဲထောင်းတို့နှင့် ရောပြီးတော့ ဆီချက်လေးဖြင့် ဖွဖွလေးသုပ်ပေးပါက အရသာရှိတဲ့ ခရမ်းသီးမီးအုံးသုပ်လေးကို နံနံပင်လေးအုပ်ကာ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

အာဂ မေးမြန်းရေးသားသည်

Facebook Comments