အစားစားရင် ကျွန်တော်ပျော်တယ်၊ အစားအသောက်ဖန်တီးရရင်လည်း ပျော်တယ်ဆိုတဲ့ ဖြိုးပြည့်စုံ

အစားစားရင် ကျွန်တော်ပျော်တယ်၊ အစားအသောက်ဖန်တီးရရင်လည်း ပျော်တယ်ဆိုတဲ့ ဖြိုးပြည့်စုံ

အာဂ မေးမြန်းရေးသားသည်

အချက်အပြုတ်ကို ဘယ်အရွယ်ကတည်းက စပြီးတော့ ဝါသနာပါခဲ့ပါသလဲ။

          အိမ်မှာကတော့ မိသားစုက ၄ ယောက်ရှိတယ်။ ၂၀၁၀ ပြည့်နှစ် မှာ အမေဆုံးသွားတယ်။ မောင်နှမ၂ ယောက်နဲ့ ကျွန်တော့်အဖေနဲ့ ပဲရှိတယ်။ အဖေကလည်း များသောအားဖြင့် ခရီးသွားတာများတယ်။ ဒီတော့  အဲဒီအချိန်လောက်မှ အချက်အပြုတ်ကို စပြီ လေ့လာခဲ့တယ် လို့ပြောရမလိုဘဲ။ ဘာလို့လည်းဆိုတော့ တစ်ယောက်တည်းဖြစ်နေတဲ့ အချိန်မှာ အားတဲ့အချိန်ဆိုရင် ဟင်းချက်စားချင်တဲ့ စိတ်ဗီဇရှိတယ်။ ငယ်ငယ်လေးကတည်းက ဝါသနာပါတယ်။ ကိုယ်တိုင်လုပ်ဖြစ်သွား တာကတော့ ၂၀၁၀ ပြည့်နှစ်လောက်ကစပြီး ဖြစ်လာတာပါ။

အခု ကန်စွန်းရွက် တန်ပူရာကြော်သုပ်လေးကို ပရိသတ်ကို ချက်ပြဖို့ စီစဉ်ဖြစ်သွားပုံလေးကိုလည်း ပြောပြပေးပါဦး။

          အဓိကက  ကျွန်တော်ကိုယ်တိုင် ငယ်စဉ်ကတည်းက လူပျိုဖြစ်တဲ့အထိ ခြေလေးချောင်းသားမစားဘူး။ အဲဒီကနေ နည်းနည်း အသက်ကြီးလာတဲ့အချိန်မှာ ရာသက်ပန်သက်သတ်လွတ်ဆိုပြီး တစ်နှစ်ကျော်ကျော် နှစ်နှစ်လောက်တော့  စားလိုက်သေးတယ်။ နောက်ပိုင်းကျတော့ ကျန်းမာရေးအရရော အစာအိမ်အတွက်ပါ စားဖို့လိုအပ်လာတဲ့အခါမှာ ငါး၊ ပုစွန်တွေစားဖြစ်တယ်။ အသီးအရွက်ကိုတော့ ပိုပြီးစားဖြစ်တယ်။ အသားကတော့ မစားဖြစ်တော့ပါဘူး။ ဒီတော့ ဒီနေ့အစီအစဉ်မှာလည်း အသီးအရွက် မီနူးကို ချက်ပြဖြစ်ဖို့ လုပ်ဖြစ်သွားတာပါ။ ကန်စွန်းရွက်ဆိုတာကလည်း လူငယ်၊ လူလတ်၊ လူကြီးမရွေး ကြိုက်တယ်။ ဆင်းရဲချမ်းသာမရွေး စားတယ်။ ဆန်းသစ် မယ်လို့လည်းထင်လို့ ကြော်ပြမိတာပါ။

ဘဝမှာ ပထမဆုံးစချက်ဖြစ်တဲ့ ဟင်းပွဲလေးကို မှတ်မိသေးရင် ပြောပြပေးပါဦး။  အရသာကရော ဘယ်လိုရှိသလဲ။

          ပထမဆုံးလုပ်ဖြစ်တာက ဟင်းပွဲက ကျွန်တော်တို့မိသားစုရဲ့ မိရိုးဖလာဟင်းလို့ ပြောလို့ရပါတယ်။ အဘွားလက်ထက်မှာလည်း ချက်တယ်။ အမေ့လက်ထက်မှာလည်း ချက်တယ်။ အစ်မလက်ထက်မှာလည်း ချက်တယ်။ ကျွန်တော်အရမ်းကြိုက်တဲ့  ပဲကြီးရယ်၊ မျှစ်ရယ်၊ ခရမ်းသီးရယ် သောက်ဆမ်းလိုဟာမျိုး၊ အရည်ဆမ်းစားလို့လည်းရတယ်။ ထမင်းနဲ့ တွဲစားလို့ရတဲ့ ခပ်ပျစ်ပျစ် ပဲဟင်းတစ်ခွက်ပါ။ မျိုးရိုး စဉ်ဆက်ချက်လာတာဆိုတော့ ဒီဟင်းရဲ့ အရသာကို ကျွန်တော် ကောင်းကောင်းသိနေပြီ။ အမေ၊ အစ်မနဲ့ အဒေါ်တို့ဆီကလည်း ချက်နည်းသိနေတော့ ကိုယ်တိုင်ချက်တဲ့အခါမှာ ဘာမှထူးထူးခြားခြား ပြောင်းလဲမှုမရှိပါဘူး။ အရသာကလည်း အဆင်ပြေပါတယ်။

ဖြိုးပြည့်စုံချက်တဲ့ ဟင်းတွေထဲမှာ လူကြိုက်အများဆုံး ဟင်းပွဲကရော ဘာဟင်းပွဲဖြစ်မလဲ။

           လူကြိုက်အများဆုံးဆိုရင်တော့ ကျွန်တော်က ဘယ်တော့မဆို ချက်တိုင်း ခုနကပြောတဲ့ ပဲဟင်း အပါအဝင်  ပဲနီလေးတွေ၊ ရိုးရိုးပဲဟင်း တွေချက်တာများတော့ သူငယ်ချင်းတွေက ပဲဟင်း ခဏခဏစားရတယ်။ ဒီတော့ ပဲဟင်းကတော့ လူကြိုက်အများဆုံးဟင်းပွဲလို့ ပြောလို့ရပါတယ်။

ဖြိုးပြည့်စုံချက်တဲ့ ဟင်းကိုစားပြီး ပထမဆုံး ချီးမွမ်းခံရတုန်းက ခံစားချက်ကရော။ အချက်အပြုတ်ကို ဘယ်သူတွေဆီက သင်ယူဖူးလဲ။

          ကျွန်တော်က သီချင်းဆိုဖို့ ခရီးတွေအများကြီးထွက်ဖြစ်တယ်။ ဒါပေမဲ့ ကိုယ်အားလပ်တဲ့ အချိန်မှာတော့ သူငယ်ချင်းအပေါင်းအသင်းတွေကို အိမ်မှာဖိတ်ပြီး ချက်စားဖြစ်တယ်။ တစ်ယောက်တည်းနေတာ များတော့လေ။ သူငယ်ချင်းတွေကလည်း ချက်တတ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က အားလပ်ရက်မှ ချက်ဖြစ်လို့ သူတို့က ကျွန်တော့်ကို ဦးစားပေးပြီး ပေးချက်ပါတယ်။ သူတို့စားပြီးရင်လည်း ကျွန်တော့်လက်ရာကို ချီးမွမ်းကြပါတယ်။ အဲဒီ အခါကျရင် အရမ်းပီတိဖြစ်မိပါတယ်။ ဒုတိယ ဝါသနာပါတဲ့ ဟင်းချက်တာကို သူများတွေစားပြီး ကောင်းတယ်၊ ကြိုက်ကြတယ်၊ ကျေနပ်တယ်ပြောရင် ကျွန်တော့်ရင်ထဲမှာ အတိုင်းမသိ ဝမ်းသာကျေနပ်ပီတိဖြစ်မိပါတယ်။  ကြားဆရာ၊ မြင်ဆရာတွေကတော့ အများကြီးပါပဲ။ အဓိကကတော့ အဘွား၊ အမေ၊ အစ်မနဲ့ အဒေါ်တို့ဆီက သင်ယူပါတယ်။ အများဆုံး သင်ယူဖြစ်တာကတော့ ကျွန်တော့်အစ်မဝမ်းကွဲတစ်ယောက်ဆီကပါ။

ငယ်ငယ်ကကြိုက်ပြီး အသက်ကြီးမှ မကြိုက်တာဆိုရင်ရော။

          ငယ်ငယ်တုန်းကကြိုက်ပြီး အသက်ကြီးမှမကြိုက်တဲ့ အစားအစာတော့သိပ်မရှိပါဘူး။ ငယ်ငယ်ကမကြိုက်ဘဲ  အသက်ကြီးမှ ကြိုက်တာမျိုးတော့ ရှိပါတယ်။ ငယ်ငယ်တုန်းကဆိုရင် ကြက်သွန်၊ ဂေါ်ဖီ၊ သခွားသီး စသဖြင့် ကိုက်လိုက်ရင် ကြွပ်ကြွပ်နဲ့ စိမ်းရွှေရွှေဖြစ်တဲ့အရာတွေကို မကြိုက်ဘူး။ ငါးဆိုရင်လည်း လုံးဝမစားဘူး။ အသက်ကြီးလာတာနဲ့အမျှ  စောစောက အဆာပလာတွေ ကြိုက်လာတယ်။ နောက်ငယ်ငယ်တုန်းက မစားတဲ့ ငါးကို အခုစားဖြစ်တယ်။ ဒါတွေကလည်း ထူးခြားတဲ့ ပြောင်းလဲမှုတွေပါ။

အစားအသောက်နဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်လေးတွေရှိရင် ပြောပြပေးပါဦး။ ဥပမာ-တချို့ သကြားလုံးမျိုမိတာတို့၊ ကျောင်းမှာ မုန့်ခိုးစားလို့ အရိုက်ခံရတာတို့၊ ဟင်းခိုးစားတာတို့ပေါ့။ 

          အစားအသောက်နဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်ဆိုရင် ငယ်ငယ်တုန်းက ရပ်ကွက်ထဲမှာ  အမူးသမားကြီးတစ်ယောက်ရှိတယ်။ သူက နှုတ်ခမ်းမွေးစစနဲ့ ရပ်ကွက်ထဲက ကလေးတွေဆိုးရင် သူနဲ့ခြောက်လေ့ရှိတယ်။ ကျွန်တော်က အမြဲမှတ်ထားတယ်။ ငါးဆိုရင်လည်း နှုတ်ခမ်းမွေးပါတဲ့ ငါး၊ ပုစွန်တို့ဆိုရင် ကြောက်ပြီး မစားဖြစ်ဘူး။ အဲဒီလိုအမှတ်တရတော့ ရှိခဲ့ဖူးပါတယ်။

မနက်စာကို ဘယ်အချိန်လောက် စားဖြစ်လဲ။ ဘာဟင်းတွေနဲ့ စားဖြစ်တာများလဲ။ နေ့လယ်စာနဲ့ ညစာရော။

          ကျွန်တော်က ကျွန်တော့်အရပ်နဲ့ ဝိတ်ကိုချိန်ကြည့်တော့ အိုဗာဝိတ်ဖြစ်နေသလိုမျိုး၊ ပေါင် ၁၆၀ ကျော်အထိ ရောက်ခဲ့ဖူးတယ်။ အခု ကာလမှာ ကျွန်တော် Diet လေးလုပ်နေတယ်။  ဒီတော့ နည်းနည်းစားတဲ့ Plan ကို  ရွေးထားပါတယ်။ မနက်၊ နေ့လယ်၊ ညအပြင် ကြားထဲမှာ ဖြည့်စွက်တဲ့အနေနဲ့ ၅ ကြိမ်လောက်စား ပါတယ်။ စားရင်လည်း အများကြီး မစားဘူး။ တစ်ခါစားရင်  ထမင်း ၄၊ ၅လုတ်လောက်ပဲစားတယ်။ စားတဲ့ အထဲမှာလည်း ပရိုတင်းပါတာမျိုးကို အဓိကထားပြီး စားဖြစ်ပါတယ်။ ပဲပါမယ်၊ ငါးပါမယ်၊ အသီးအရွက်တွေ များများပါမယ်။

ညစာကိုရော အိမ်မှာမိသားစုနဲ့ စားဖြစ်လား။ ဒါမှမဟုတ် အပြင်မှာ စားဖြစ်သလား။ ညစာစားပြီးရင်ရော အချိုတည်းလား။

          ကျွန်တော်က တစ်ယောက်တည်းနေရတာများတော့ အပြင်မှာစားဖြစ်တာများတယ်။  အလုပ်ကလည်း ညဘက် ညစာစားပွဲတွေမှာ သီချင်းဆိုရတာမျိုး၊ စတူဒီယိုဆိုရင်လည်း ညဘက်သီချင်းသွင်းရတာမျိုးဖြစ်တော့ အပြင်မှာပဲ အချိန်ကုန်တာများတယ်။ ဒီတော့ အပြင်မှာပဲ စားဖြစ်တာများပါတယ်။ ညစာစားပြီးရင်တော့ အချိုမတည်းဖြစ်ပါဘူး။

စားဖူးသမျှအစားအစာတွေထဲမှာ တစ်သက်မမေ့လောက်အောင်ဖြစ်တဲ့ အစားအသောက် မျိုးရောရှိလား။

          အဲဒီလိုမျိုး မေ့လို့မရတဲ့အစားအသောက်ဆိုရင် ကျွန်တော်စောစောကပြောသလို ကျွန်တော်တို့ မိရိုးဖလာ ပဲကြီး၊ ခရမ်းသီးနဲ့ မျှစ်တို့ကို ရောချက်ထားတဲ့ဟင်းပါ။ အဲဒီဟင်းကတော့ ဘယ်တော့မှ မမေ့နိုင်တဲ့ဟင်းပါပဲ။

ထူးထူးဆန်းဆန်း အစားအသောက်တွေရော စားဖူးလား။

          ထူးထူးဆန်းဆန်း အစားအသောက်ဆိုရင်တော့ မစားတတ်ပါဘူး။ အားလပ်ရက်တွေမှာ  တစ်ခုခုလုပ်စားလေ့ရှိလား။

          အားလပ်ရက်တွေမှာ အိမ်ဟင်းချက်စားလေ့ရှိပါတယ်။  စောစောကပြောခဲ့သလိုပဲ ကျွန်တော်နဲ့ သူငယ်ချင်းတွေ အားလပ်ရက်မှာစုပြီးတော့ မြန်မာဟင်းလေးတွေကို တစ်ယောက်တစ်မျိုးစီ ချက်လေ့ရှိပါတယ်။

ရှုတင်သွားတဲ့အခါမှာ ထမင်းချိုင့်တွေ ယူလေ့ရှိလား။

           မယူဖြစ်ပါဘူး။ စတူဒီယိုသွားရင်တော့ နီးစပ်ရာဆိုင်မှာ ဝင်စားလိုက်တယ်။ အခွေအတွက် ရှုတင်ရိုက်တဲ့အခါမျိုး၊ အခြားပရိုဂရမ်တစ်ခုအတွက် သွားရိုက်တာမျိုးဆိုရင်တော့ သူတို့ ရှုတင်ထမင်းဟင်းပဲ စားဖြစ်တာများပါတယ်။

ကိုယ်မစားဖူးတဲ့ အစားအသောက်တွေကို မြည်းစမ်းချင်စိတ်ရှိလား။

          ဟုတ်ကဲ့ ရှိပါတယ်။ ဒါပေမဲ့ သက်သတ်လွတ်ထဲက၊  ကျွန်တော်မစားတဲ့ အသားထဲက မဟုတ်ရင်တော့ မြည်းစမ်းချင်စိတ်ရှိပါတယ်။ ကျွန်တော်က  အသားမစားပေမယ့်  ပင်လယ်စာ တော့စားတယ်။ ဒီတော့ ပင်လယ်စာထဲကနေပြီးတော့မှ  တခြားထူးခြားတာမျိုးဆိုရင်တော့ စားဖြစ်ပါတယ်။

တချို့တွေက စိတ်ညစ်တာတို့၊ ဝမ်းနည်းတာ၊ ပျော်ရွှင်တာ၊ ဝမ်းသာတာမျိုးမှာ အစားတွေ များများစားလေ့ရှိတယ်။ ဖြိုးပြည့်စုံကရော အဲဒီလိုအခါမျိုးမှာ အစားအသောက်နဲ့ ပတ်သက်ပြီး ဘာတွေစားဖြစ်လဲ။ များများစားလား။ နည်းနည်းစားလား။

          သူများတွေတော့ မသိဘူး။ ကျွန်တော်ကတော့ စားတယ်။ အစားစားရင် ကျွန်တော်ပျော်တယ်။ အစားအသောက်ဖန်တီးရရင်လည်း ပျော်တယ်။ ဒီတော့ ကျွန်တော်က များသောအားဖြင့် စိတ်ပင်ပန်းလို့ရှိရင် အစားစားဖို့ အချိန်ပေးရတာများတယ်။ သူငယ်ချင်း တွေကိုလည်း အစားနဲ့မြှူဆွယ်တာများတယ်။

ဖြိုးပြည့်စုံရဲ့  အစားအသောက်နဲ့ ကျန်းမာရေးပေါ်အမြင်လေးကို ပြောပြပေးပါဦး။

          အစားအသောက်နဲ့ ကျန်းမာရေးက အရေးကြီးပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ နေ့စဉ်ဖြစ်တည်နေတဲ့ ကျန်းမာတာ၊ ရောဂါဖြစ်တာမျိုးတွေက နေ့စဉ် ကျွန်တော်တို့ ပါးစပ်ကနေပြီးတော့ သွင်းနေတဲ့ အစားအစာတွေနဲ့ ဆိုင်ပါတယ်။ ဒီတော့ နံပါတ်တစ်က အစားအသောက်နဲ့ဆိုင်ပါတယ်။ နံပါတ်နှစ်က သောက်သုံးနေတဲ့ ဆေးဝါးတွေ၊ မှီဝဲနေတဲ့ အားဆေးတွေနဲ့ဆိုင်ပါတယ်။ ဒီတော့ ကျွန်တော်တို့က အဓိက ဒီပါးစပ်ကဝင်တဲ့အစားအစာကို ထိန်းသိမ်းရမှာဖြစ်ပါတယ်။ ဒီတော့ အစားအသောက်က ကျန်းမာရေးအတွက်  အဓိကဖြစ်နေပါတယ်။ ကျွန်တော်ဆိုရင်လည်း  အခုသက်လတ်ပိုင်း ပဲရှိတယ်။  ဒီအချိန်မှာ အစားအသောက်နဲ့ ကျန်းမာရေးကို မထိန်းခဲ့ရင် အသက်ကြီးလာတဲ့အခါမှာ  အစားအသောက်ကြောင့်ဖြစ်မယ့် နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရမှာဖြစ်ပါတယ်။ ဒါကို အားလုံးလည်း သိပြီးသားပါ။ ဒီတော့ အစားအသောက်ကို တကယ်စားတတ် မယ်ဆိုရင် ဆေးတစ်မျိုးလိုပဲ ကျန်းမာရေးကို တကယ်စောင့်ရှောက်ပါတယ်။ ဒီတော့ အစာလည်းဆေးပါလို့ ပြောချင်ပါတယ်။

အိမ်က မိဘတွေချက်တဲ့ ဟင်းတွေထဲမှာ ဘယ်ဟင်းကို အကြိုက်ဆုံးလဲ။

          ကျွန်တော့်အမေချက်တဲ့ စောစောကပြောတဲ့ ပဲဟင်းပါပဲ။

နိုင်ငံတကာ အစားအသောက်မှာ ဘယ်အစား အသောက်ကိုကြိုက်လဲ။

          ကျွန်တော်တို့ပါးစပ်က အာရှပါးစပ်ဖြစ် နေတဲ့အခါကျတော့ ဥရောပစာထက် တရုတ် အစားအစာ၊ ယိုးဒယားအစားအစာတွေကို ပိုကြိုက်ပါတယ်။

နိုင်ငံခြားကိုရောက်နေတဲ့အချိန်မှာ ကိုယ့်နိုင်ငံက ဘယ်အစားအစာကို  လွမ်းဆွတ်တမ်းတမိပါသလဲ။

          နိုင်ငံခြားရောက်နေတဲ့အချိန်မှာ အဓိက မြန်မာ့ရိုးရာ ငါးပိရည်နဲ့ ထမင်းနဲ့ စားရတဲ့အရသာက အကောင်းဆုံးပေါ့။ ကျွန်တော်ကလည်း ငါးပိကြိုက်တဲ့လူတစ်ယောက်ဖြစ်တော့ ဒီလိုငါးပိနဲ့ ပတ်သက်တဲ့ အစားအသောက်ကို အလွမ်းဆုံးဖြစ်မှာပါ။

ဘဝမှာ အမှတ်တရဖြစ်မယ့် အစားအစာရှိလား။ ဥပမာ အဲဒီအစားအစာကို စားလိုက်ရင် တစ်နေရာရာ၊ တစ်ယောက်ယောက် စသဖြင့် အမှတ်တရဖြစ်မယ့် အစားအစာမျိုးပေါ့။

          ရှိပါတယ်။ ပြောရမယ်ဆိုရင်  ဒီဘူတာပဲ ပြန်ဆိုက်မှာပါ။  ကျွန်တော်က အမေမရှိတော့ဘူး။ အမေဆုံးသွားပြီ။ စောစောကပြောတဲ့ ဟင်းတွေဆိုရင်  မိသားစုရှိစဉ် အတူတူစားခဲ့တဲ့ ဟင်းလေးတွေပါ။ ကျွန်တော်ကိုယ်တိုင်ချက်ပြုတ် စားသောက်နေတဲ့ ဟင်းလေးတွေပါ။ အဲဒီဟင်း လေးတွေကို စားမိရင်တော့ ကိုယ့်မိဘကို ပြန်သတိရတာပါပဲ။ နောက်  အစားကောင်းစား ရတိုင်းလည်း မရှိတော့တဲ့ အမေနဲ့ အခုဝေးနေတဲ့ ကျွန်တော့်အဖေအပါအဝင် မိသားစုနဲ့ အတူတူစားသောက်ခဲ့ရတဲ့ကာလကို အမြဲသတိရပါတယ်။

စားဖူးသမျှထဲမှာ ဈေးကြီးပြီး မတန်ဘူးထင်တဲ့ အစားအသောက်တွေရှိလား။ ဈေးပေါပြီး တန်တယ်ထင်တာမျိုးရော။

          စားဖူးသမျှထဲမှာ ဈေးကြီးပြီး မတန်ဘူးဆိုတာမျိုး ကြုံဖူးပါတယ်။ တချို့က ဈေးကြီးပြီး အဆာပလာနဲ့ တန်ဆာဆင်ထားတာများတယ်။ တကယ့်အရသာကျတော့ ရိုးရိုး ကိုယ်တိုင်လုပ်စားရင်လည်း ရတဲ့အရသာမျိုး။ တချို့ကျတော့လည်း နေရာနဲ့ နာမည်ကြောင့် ပေးရတာမျိုးလည်းရှိပါတယ်။ ဈေးပေါပြီး တန်တာမျိုးကတော့ ကျွန်တော့်စိတ်ထင် သိပ်မရှိပါဘူး။ များသောအားဖြင့် အစားအသောက်က တန်ရာတန်ကြေးပေးစားမှလည်း ကောင်းမှာလေ။ လမ်းဘေးစာတွေကျတော့လည်း များသောအားဖြင့် ကျန်းမာရေးနဲ့ မညီညွတ်တာများတယ်။

စားသောက်ဆိုင်နဲ့ အိမ်မှာဆိုရင် ဘယ်မှာပိုပြီးတော့ စားချင်လဲ။

          ဖြစ်နိုင်ရင်တော့ အိမ်မှာပိုစားချင်တယ်။ ကိုယ်အိမ်ပြန်သွားတဲ့အချိန်မှာ ကိုယ်စားချင်တာကို စားချင်သလို ချက်စားလို့ရတယ်။ အပြင်မှာကျတော့ သူတို့ဆီမှာရှိတဲ့ မီနူးတစ်ခုကိုပဲ စားရတာလေ။ ဒါပေမဲ့ များသောအားဖြင့် ကျွန်တော်က အပြင်မှာပဲ စားနေရတာ များတယ်။ တကယ်စားချင်တာကတော့ အိမ်မှာပဲ ပိုစားချင်ပါတယ်။

ဖြိုးပြည့်စုံ အကြိုက်ဆုံး အသီးအနှံ၊ အရွက်၊ အသား၊ ငါးတွေကို ပြောပြပေးပါဦး။ ဖျော်ရည် တွေထဲမှာဆိုရင်ရော။

          အကြိုက်ဆုံးအသီးအနှံဆိုရင်တော့ ဒူးရင်းသီး၊ သရက်သီး အရမ်းကြိုက်ပါတယ်။ အရွက်တွေထဲမှာဆိုရင် ကန်စွန်းရွက်၊ မုန်ညင်း၊ ကိုက်လန် ကြိုက်တယ်။ အသားငါးဆိုရင်တော့ အသားတော့ မစားဖြစ်တဲ့အခါမှာ ပုစွန်ကို ရွေးချယ် စားဖြစ်နေပါတယ်။ ဖျော်ရည်ဆိုရင်တော့ ထောပတ်သီး၊ သရက်သီးဖျော်ရည်ကို ကြိုက်တယ်။

မတည့်တဲ့ အစားအသောက်တွေရောရှိလား။ မကြိုက်တဲ့ အစားအစာရော။

          ကြိုက်ပြီး မတည့်တာက ငှက်ပျောသီးပါ။ ကျွန်တော်က အစာအိမ်မကောင်းတဲ့ အခါမှာ အစာမကြေဘူးလို့ခံစားရတယ်။ အဲဒါစားလိုက်ရင် ဗိုက်အောင့်တယ်၊ ဗိုက်နာတယ်ဆိုတဲ့ ခံစားမှုမျိုးရတဲ့ အကျင့်တစ်ခုဖြစ်နေတယ်။

အစားအသောက်တစ်ခုခုကို စားနေတုန်း အဲဒီထဲမှာ ရွံစရာတွေ ဘာတွေရော တွေ့ဖူးလား။ အစား အသောက်စားနေရင်း သူငယ်ချင်းတွေက  ဘေးနားက ရွံစရာပြောရင်ရော  ရွံတတ်လား။

          အရမ်းရွံစရာဆိုရင် များသောအားဖြင့် အိမ်မှာချက်စားရင်ဖြစ်ဖြစ်၊ ဆိုင်မှာစားရင်ပဲဖြစ်ဖြစ် ဆံပင်တို့ကတော့ ပါနိုင်ပါတယ်။ လတ်ဆတ်မှုမရှိတဲ့ အစားအစာမှာကျတော့ အနံ့အားဖြင့်ဖြစ်ဖြစ်၊  အရသာဖြစ်ဖြစ် ပျက်နေတာမျိုးတွေတော့ ကြုံဖူးပါတယ်။ ကိုယ့်အတွက် ဥပဒ်ဖြစ်နေတာသေချာရင်တော့ ဆက်မစားတော့ဘူး။ အခြားသူတွေကိုလည်း အဲဒီလိုမျိုး ဆက်မစားသင့်တာမျိုး၊ ဥပဒ်ဖြစ်နိုင်တာ မျိုးကြုံရင် ဆက်မစားဖို့ တိုက်တွန်းပါတယ်။

အစားအသောက်က နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှုကို ဖော်ဆောင်နိုင်တယ်လို့ ထင်မြင်မိပါသလား။

          ထင်ပါတယ်။ ရိုးရာတစ်ခုကို ချပြတော့မယ်ဆိုရင် စကားပြောတာ၊ ဝတ်တာစားတာ အပါအဝင် အစား အသောက်ကလည်း အဓိကကျပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အိမ်လည်ခေါ်ကြရင် အစားအသောက်နဲ့ပဲ ဧည့်ခံကြတာများတယ်။ ဒီတော့ အိမ်တစ်အိမ်ချင်းစီရဲ့ ယဉ်ကျေးမှုနဲ့အတူတူ တိုင်းပြည်တစ်ပြည်၊ နေရာဒေသတစ်ခုအတွက် အစားအသောက်က အရေးကြီးပါတယ်။ အစားအသောက်က နိုင်ငံတစ်နိုင်ငံရဲ့  ယဉ်ကျေးမှုကို ဘာသာစကား ပြန်မလိုလောက်အောင် ပြောပြ၊ ရှင်းပြလို့ရတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

ပရိသတ်အတွက် အမှတ်တရစကားလက်ဆောင်လေးကို ပြောပြပေးပါဦး။

          အခု ကျွန်တော်ချက်ပြထားတဲ့ ကန်စွန်းရွက်တန်ပူ ရာကြော်သုပ်လေးပါ။ အဓိက ကတော့ အသားငါးထက်စာရင် အသီးအရွက်စားတာ ဗီတာမင်၊ သတ္တုဓာတ်တွေပြည့်ဝတဲ့ အာဟာရရှိစေတယ်။ နောက်တစ်ခုက ကျွန်တော့်စိတ်ထဲမှာ ကိုယ်ချင်းစာမိတာက  အသားမစားဖြစ်တော့ အကုသိုလ်လည်း နည်းမယ်လို့ထင်ပါတယ်။ အသားငါးဆိုတာက အသက်တွေလည်းပါတယ်။ ဒီတော့ သူတို့တွေလည်း နာကျင်မှုတွေရှိပါတယ်။ ဒီတော့ ဒီလိုအရာတွေမပါဘဲ စားရတဲ့အစားအသောက်ဆိုတော့ အေးချမ်းတယ်။ ပိုပြီးတော့လည်း အကျိုးရှိမယ်လို့ ယုံကြည်မိတယ်။ ဒါကတော့ ကျွန်တော့်တစ်ဦးရဲ့ ခံယူချက်ပါ။ ဒီတော့ ဒီလိုမျိုး အသီးအရွက်နဲ့ပတ်သက်တဲ့ အစားအသောက်မျိုးလေးတွေကိုလည်း  များများစားကြပါ။ အခုလုပ်ပြတဲ့ ကန်စွန်းရွက်တန်ပူရာကြော်သုပ်လေးမှဆိုရင်လည်း ဆီကြောက်တဲ့ လူတွေ ဆီလျှော့ပြီး အဆာပြေစာဖြစ်ဖြစ်၊ ထမင်းနဲ့ဖြစ်ဖြစ် တွဲဖက်စားလို့ရပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်လေးဖြစ်လို့ အားလုံးလည်း  အဆင်ပြေရင် ချက်ပြုတ်စားသောက်ကြည့်ပါလို့ တိုက်တွန်းအပ်ပါတယ်။

   ဖြိုးပြည့်စုံရဲ့ ကန်စွန်းရွက်တန်ပူရာကြော်သုပ်

♦   ကန်စွန်းရွက်   –    တစ်စည်း

♦   ကြက်သွန်ဖြူ   –   ၃ မြွှာ

    (တောက်တေက်စဉ်း)

♦   ငရုတ်သီးစိမ်း   –   အနည်းငယ်

    (တောက်တောက်စဉ်း)

♦   တန်ပူရာမှုန့်   –   အနည်းငယ်

♦   ဆီ   –    ၁၀ သားခန့်

♦   ရွှေလိပ်ပြာအကြော်မှုန့်   –   အနည်းငယ်

♦   ရေ   –   အနည်းငယ်

♦   ကြက်သွန်အနီ   –   တစ်ဥ

♦   နံနံပင်   –   အနည်းငယ်

♦   ခရမ်းချဉ်သီး   –   ၁ လုံးခန့်

♦  ဆား   –   အနည်းငယ်

♦   ငံပြာရည်   –   ထမင်းစားဇွန်း ၁ ဇွန်း

♦   မန်ကျည်းသီးအနှစ်   –   အနည်းငယ်

   ပြုလုပ်နည်း

၁။      ပထမဆုံး တန်ပူရာမှုန့်နှင့် ရွှေလိပ်ပြာအကြော်မှုန့်ကို ရေ၊ ဆားအနည်းငယ်ထည့်ပြီး မွှေပါ။

၂။      ဆီပူလာလျှင် ကန်စွန်းရွက်လေးများကို အကြော်မုန့် နှစ်ထဲထည့်နှစ်ပြီး ကြော်ဆယ်ထားပါ။

၃။      ပြီးလျှင် ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းစဉ်းထားပါ။

၎။      ထို့နောက် ကြက်သွန်နီ၊ ခရမ်းချဉ်သီး ပါးပါးလှီးနှင့် ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း စဉ်းထားတာတွေကို ရောထည့်ပြီး အရသာအဖြစ် ငံပြာရည်၊ မန်ကျည်း သီးအနှစ် ၊ ဆား ၊ နံနံပင်တို့ကို ရောထည့်ပြီးသုပ်ပါ။

၅။      ပြီးလျှင် စောစောကကြော်ထားတဲ့ ကန်စွန်းရွက် ကြော်အပေါ်ကို သုပ်ထားသော အနှစ်များထည့်ပြီး နံနံပင်အုပ်ကာ သုံးဆောင်နိုင်ပါပြီ။

♦   အာဂ   ♦

Vol 6, No 9, September, 2017 လထုတ် Food Magazine

Facebook Comments