အစားစားတဲ့အချိန်နဲ့ အရမ်းစိတ်ညစ်တာမျိုး ကြုံလာပြီဆိုရင်တော့ ပလုတ်ပလောင်းနဲ့ နင်အောင်စားတတ်တဲ့ အကျင့်မျိုးတော့ ရှိတယ်ဆိုတဲ့ ဂျူးစံသာ

cele_2

cele_4

cele_3

အစားစားတဲ့အချိန်နဲ့ အရမ်းစိတ်ညစ်တာမျိုး ကြုံလာပြီဆိုရင်တော့ ပလုတ်ပလောင်းနဲ့ နင်အောင်စားတတ်တဲ့ အကျင့်မျိုးတော့ ရှိတယ်ဆိုတဲ့ ဂျူးစံသာ

♦   အချက်အပြုတ်ကို ဘယ်အရွယ်လောက်ကတည်းက စပြီးတော့ ဝါသနာပါခဲ့ပါသလဲ။

            အချက်အပြုတ်ကိုတော့ ညီမ က ငယ်ငယ်ကတည်းက ဝါသနာပါတယ်။ အမေတွေ၊ အစ်မတွေ ချက်တာကို ဘေးနားကနေ ကူညီပေးတာမျိုးတို့ပေါ့။ ဘယ်အရွယ်လောက်ကတည်းက ဝါသနာပါလည်းဆိုရင်တော့ ၇ တန်း၊ ၈ တန်းလောက်ကတည်းကစပြီး ဝါသနာပါခဲ့တာပါ။

♦   အခု ပဲသီးသုပ်လေးကို ပရိသတ်ကို သုပ်ပြဖို့ စီစဉ်ဖြစ်သွားပုံလေးကိုလည်း ပြောပြပေးပါဦး။

            ဒီပဲသီးသုပ်လေးက အခုလိုရာသီဥတုနဲ့လည်း ကိုက်ညီတယ်။ ခံတွင်းလည်း ရှင်းစေတယ်။ အာဟာရဓာတ်၊ သံဓာတ်တွေလည်း ကြွယ်ဝတယ်။ ထမင်းလည်းမြိန်စေတဲ့အတွက် သုပ်ပြဖို့ စီစဉ်မိသွားတာပါ။

♦   ဘဝမှာ ပထမဆုံးစချက်ဖြစ်တဲ့ ဟင်းပွဲလေးကို မှတ်မိသေးရင် ပြောပြပေးပါဦး။ အရသာကရော ဘယ်လိုရှိသလဲ။

            အဲဒီလိုမျိုးတော့ မှတ်မှတ်ရရတော့ မရှိပါဘူး။ ဒါပေမဲ့ ဟင်းချို ၊ ကန်စွန်းရွက်ကြော်၊ ကြက်ဥကြော် ၊ ညီမအရမ်းကြိုက်တဲ့ ပုစွန်ဟင်းတို့တော့ ချက်ဖြစ်ပါတယ်။ ပထမဆုံးချက်ဖြစ်တဲ့ ဟင်းပွဲအရသာကတော့ မချက်တက်သေးတော့ အရသာက တစ်ခါတလေကျရင် ပေါ့သွားတာတို့ ဖြစ်ခဲ့ဘူးပါတယ်။

♦   ဒါဆို ဂျူးစံသာချက်တဲ့ဟင်းတွေထဲမှာ လူကြိုက်အများဆုံး ဟင်းပွဲကရော ဘာဟင်းပွဲဖြစ်မလဲ။

            ညီမအိမ်မှာ အမြဲတမ်းလုပ်တာဆိုလို့ရှိရင် သင်္ဘောသီးထောင်း၊ ဟင်းနုနယ်ရယ် ကြက်ဥရယ်ကို ရောခေါက်ပြီးတော့ ကြက်ဥလိပ်လို ကြော်တာမျိုးလေးတွေကိုတော့ တော်တော်များများ ကြိုက်ကြပါတယ်။

♦   ဂျူးစံသာချက်တဲ့ ဟင်းကိုစားပြီး ပထမဆုံး ချီးမွမ်းခံရတုန်းက ခံစားချက်ကရော။ အချက်အပြုတ်ကို ဘယ်သူတွေဆီက သင်ယူဖူးလဲ။

            ကိုယ်က ပင်ပင်ပန်းပန်းစေတနာနဲ့ချက်ထားတာကို စားတဲ့လူတွေက ကောင်းတယ်လို့ ချီးမွမ်းတဲ့အခါကျတော့ ကိုယ်ချက်ရကျိုးလည်း နပ်တယ်။ အရမ်းလည်း ပျော်မိပါတယ်။ အချက်အပြုတ်ကတော့ မေမေဆီကပဲ အဓိကသင်ယူမိပါတယ်။

♦   ငယ်ငယ်တုန်းကကြိုက်ပြီး အခုမကြိုက်တဲ့ အစားအစာ ဒါမှမဟုတ် ငယ်ငယ်တုန်းက မကြိုက်ဘဲ အခုမှကြိုက်တဲ့ အစားအစာရောရှိလား။

            အဲဒီလိုမျိုးဆိုတော့ မရှိဘူး။ ညီမက ငယ်ငယ်ကတည်း နန်းကြီးသုပ်မစားဘူး။ အခု အသက်ကြီးတဲ့အထိလည်း မစားဘူး။ ညီမ အစားအသောက် ချေး(ဂျီး) များတယ်။ ငယ်ငယ်တုန်းက မကြိုက်ဘူးဆိုရင် အခုအသက်ကြီးတဲ့အထိလည်း မစားဘူး။

♦   အစားအသောက်နဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်လေးတွေရှိရင် ပြောပြပေးပါဦး။ ဥပမာ- တချို့ သကြားလုံးမျိုမိတာတို့၊ ကျောင်းမှာ မုန့်ခိုးစားလို့ အရိုက်ခံရတာတို့၊ ဟင်းခိုးစားတာတို့ပေါ့။

            အစားသောက်နဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်ဆိုရင် ကိုယ်မကြိုက်တဲ့ အစားအစာတစ်ခုကို သူများက ဘယ်လောက်ပဲ အတင်းကျွေးကျွေး မစားတတ်ဘူး။ ငယ်ငယ်တုန်းကတော့ ညအိပ်ပြီဆိုရင် သကြားလုံးကို ငုံပြီးအိပ်တတ်တယ်။ ဒီတော့ တစ်ခါတလေ အိပ်ပျော်သွားရင် သကြားလုံး အလုံးလိုက် မျိုချမိတာမျိုးတော့ ဖြစ်တတ်ပါတယ်။

မနက်စာကို ဘယ်အချိန်လောက်စားဖြစ်လဲ။ ဘာဟင်းတွေနဲ့ စားဖြစ်တာများလဲ။ နေ့ လယ်စာနဲ့ ညစာရော။

            ပုံမှန်ဆိုရင် ညီမက မနက်စာနဲ့ နေ့လယ်စာကို ပေါင်းစားဖြစ်တာများတယ်။ တစ်ခါတလေ မနက်အစောကြီး ရှုတင်တွေသွားဖြစ်ရင်တော့ စားဖြစ်တယ်။ ညစာကတော့ များသောအားဖြင့် ထမင်းမစားဖြစ်တာများတယ်။ အသီးအနှံလေး စားရင်စားတယ်။ ဒါမှမဟုတ် တစ်ခါတလေ ထမင်းစားရင်လည်း လက်တစ်ဆုပ်စာလောက် စားဖြစ်တယ်။ အသီးအနှံကတော့ ပုံမှန်စားဖြစ်ပါတယ်။ အများဆုံးစားဖြစ်တာက ပန်းသီးပေါ့။

♦   ညစာကိုရော အိမ်မှာ မိသားစုနဲ့စားဖြစ်လား။ ဒါမှမဟုတ် အပြင်မှာစားဖြစ်သလား။ ညစာစားပြီးရင်ရော အချိုတည်းလား။

            ညစာကတော့ တစ်ခါတလေကျရင် အိမ်မှာစားဖြစ်တာများတယ်။ ဒါပေမဲ့ ရှုတင်မပြီးတဲ့နေ့တွေဆိုရင်တော့ ရှုတင်မှာ စားရင်စားတယ်။ ဒါမှမဟုတ်ကြုံတဲ့ ဆိုင်တစ်ဆိုင်မှာ ဝင်စားဖြစ်ပါတယ်။ အိမ်မှာကတော့ ကိုယ်နားတဲ့ရက်ကလေးတွေ၊ မိသားစုကိုအချိန်ပေးတဲ့ ရက်ကလေးတွေမှာ စားဖြစ်ပါတယ်။

♦   စားဖူးသမျှအစားအစာတွေထဲမှာ တစ်သက်မမေ့လောက်အောင်ဖြစ်တဲ့ အစားအသောက်မျိုးရောရှိလား။

            တစ်သက်မမေ့လောက်တာမျိုးဆိုရင်တော့ မေမေချက်တဲ့ဟင်းတွေပါပဲ။ မေမေချက်တဲ့ မုန့်ဟင်းခါးတို့ ဘာတို့ပေါ့။ မေမေလက်ရာကိုတော့ တစ်သက်မမေ့ပါဘူး။ အရမ်းလည်းကြိုက်ပါတယ်။

♦   ထူးထူးဆန်းဆန်း အစားအသောက်တွေရော ညီမစားဘူးလား။

            ထူးထူးဆန်းဆန်း အစားအသောက်တွေကိုတော့ ညီမသိပ်မစားဖြစ်ဘူး။ ညီမက ပင်လယ်စာဆိုရင်လည်း ပုစွန်တို့၊ ကင်းမွန်တို့ကလွဲပြီး မစားတတ်ဘူး။ ကိုယ်စားနေကျ အစားအစာမဟုတ်ရင်လည်း မစားတတ်ဘူး။

♦   အားလပ်ရက်တွေမှာ တစ်ခုခုလုပ်စားလေ့ရှိလား။

            အားလပ်ရက်လုပ်စားဖြစ်တာဆိုရင်တော့ အိမ်မှာတော့ မုန့်ဟင်းခါးလုပ်စားတာဖြစ်ဖြစ်၊ အသုပ်တစ်ခုခုလုပ်တာဖြစ်ဖြစ် လုပ်စားဖြစ်ပါတယ်။

♦   New Year မှာရော ဘာတွေလုပ်စားဖြစ်ပါသလဲ။

            New Year ဆိုရင်တော့ အိမ်မှာနေတာများပါတယ်။ တစ်ခါတလေကျရင်တော့ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့အတူ ခြံထဲမှာ၊ အိမ်ထဲမှာ အကင်တွေ ကင်စားကြရင်း နှစ်သစ်ကို ပျော်ပျော်ပါးပါး ဖြတ်သန်းပါတယ်။

♦   ရှုတင်တို့၊ စတူဒီယိုတို့သွားတဲ့အခါမှာ ထမင်းချိုင့်တွေ ယူလေ့ရှိလား။

            ရှုတင်သွားရင် မယူဖြစ်တာများတယ်။ အပြင်မှာစားဖြစ်တာများပါတယ်။

♦   ကိုယ်မစားဖူးတဲ့ အစားအသောက်တွေကို မြည်းစမ်းချင်စိတ်ရှိလား။

            တစ်ခါတလေကျရင်တော့ သူများတွေက ကောင်းတယ်လို့ပြောလို့ နည်းနည်းလေးတော့ မြည်းကြည့်ချင်ပါတယ်။ ဒါပေမဲ့ မမြည်းဖြစ်တာက များပါတယ်။ ကိုယ်စားနေကျမဟုတ်တော့ ကိုယ်နဲ့မတည့်တာ တစ်ခုခုဖြစ်မှာဆိုးလို့ မစားဖြစ်တာများပါတယ်။

♦   တချို့တွေက စိတ်ညစ်တာတို့၊ ဝမ်းနည်းတာ၊ ပျော်ရွင်တာ ဝမ်းသာတာမျိုးမှာ အစားတွေ များများစားလေ့ရှိတယ်။ ညီမကရော အဲလိုအခါများမျိုးမှာ အစားအသောက်နဲ့ပတ်သက်ပြီး ဘာတွေစားဖြစ်လဲ။ များများစားလား။ နည်းနည်းစားလား။

            စိတ်ညစ်တဲ့အခါတိုင်းတော့ အစားအများကြီး မစားတတ်ဘူး။ ဒါပေမဲ့ တစ်ခါတလေ အစားစားတဲ့အချိန်နဲ့ အရမ်းစိတ်ညစ်တာမျိုး ကြုံလာပြီဆိုရင်တော့ ပလုတ်ပလောင်းနဲ့ နင်အောင်စားတတ်တဲ့အကျင့်မျိုးတော့ရှိတယ်။

♦   ညီမရဲ့   အစားအသောက်နဲ့ ကျန်းမာရေးပေါ်အမြင်နဲ့ အစားအသောက်နဲ့ ခန္ဓာကိုယ်ထိန်း သိမ်းမှုပုံလေးကို ပြောပြပေးပါဦး။

            အစားအသောက်နဲ့ ကျန်းမာရေးက အမြဲဆက်စပ်နေပါတယ်။ တကယ်လို့ အဆီများတဲ့အစာတွေကို များများစားသုံးမယ်ဆိုရင် အဆီပိတ်တာ၊ အသည်းအဆီဖုံးတာ၊ နှလုံးအဆီဖုံးတာတို့ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ အဝလွန်ရောဂါတွေလည်း ဖြစ်နိုင်ပါတယ်။ အစားအသောက်ပေါ်မှာ မူတည်ပြီးတော့ ကျန်းမာရေးက လိုက်ပြောင်းလဲနိုင်တဲ့အတွက် အစားအသောက်ကို ဂရုစိုက်သင့်ပါတယ်။ ညီမရဲ့ ခန္ဓာကိုထိန်းသိမ်းမှုကတော့ ညစာကို အမြဲတမ်းရှောင်ဖြစ်တယ်။ အဆီများတာတို့၊ အငန်များတဲ့ အစားအသောက်တွေ ရှောင်ဖြစ်ပါတယ်။ အချိုမှုန့်ကိုလည်း နည်းသမျှနည်းအောင် စားပါတယ်။ အသီးအနှံများများစားပါတယ်။ နောက်ပြီး အုန်းနို့နဲ့ ပတ်သက်တာတွေလည်း ရှောင်ပါတယ်။

♦   အိမ်ကမိဘတွေချက်တဲ့ ဟင်းတွေထဲမှ ဘယ်ဟင်းကိုအကြိုက်ဆုံးလဲ။

            မေမေချက်တဲ့ ဟင်းထဲကဆိုရင် ပုစွန်ဟင်းအကြိုက်ဆုံးပါပဲ။

♦   နိုင်ငံတကာက အစားအသောက်တွေမှာဆိုရင် ဘယ်နိုင်ငံက ဘယ်အစားအသောက်ကို စားဖြစ်တာများလဲ။

            ညီမ မြန်မာလူမျိုးဖြစ်တဲ့အတွက် ကိုယ့်နိုင်ငံက အစားအသောက်ကိုပဲ ကြိုက်ပါတယ်။ အခြား နိုင်ငံခြားအစားသောက်တွေကို မကြိုက်ပါဘူး။

♦   နိုင်ငံခြားကိုရောက်နေတဲ့အချိန်မှာ ကိုယ့်နိုင်ငံက ဘယ်အစားအစာကို လွမ်းဆွတ်တမ်းတမိပါသလဲ။

            အဓိကအားဖြင့် မုန့်ဟင်းခါး၊ နောက် ငါးပိရည်၊ တို့စရာလေးတွေကို လွမ်းမိပါတယ်။

♦   ဘဝမှာ အမှတ်တရဖြစ်မယ့် အစားအစာရှိလား။ ဥပမာ အဲဒီအစားအစာကို စားလိုက်ရင် တစ်နေရာရာ၊ တစ်ယောက်ယောက် စသဖြင့် အမှတ်တရဖြစ်မယ့် အစားအစာမျိုးပေါ့။

            အဲဒီလိုမျိုးဆိုရင်တော့ ညီမတို့ ငယ်ငယ်ကျောင်းတက်တုန်းက ကျောင်းရှေ့မှာရောင်းတဲ့ ကပ်စေးနဲ ပါ။ အဲဒီလို ကပ်စေးနဲလေးတွေ တွေ့ ရင်တော့ ကျောင်းတက်တုန်းက ဘဝကို ပြန်သတိရမိပါတယ်။ ဟိုးငယ်ငယ်တုန်းက ပေါင်းခဲ့တဲ့ ငယ်သူငယ်ချင်းတွေကို သတိရမိတယ်။

♦   ညီမစားဖူးသမျှထဲမှာ ဈေးကြီးပြီး မတန်ဘူးထင်တဲ့ အစားအသောက်တွေရှိလား။

            အစားအသောက်တိုင်းကတော့ သူတန်ဖိုးနဲ့သူ ရှိကြတယ်။ ကိုယ်စားချင်လို့ စားလိုက်တဲ့ အစားအသောက်ပေါ်မှာ အရမ်းဈေးကြီးသွားပြီ၊ မတန်တော့ဘူး မစားချင်တော့ဘူးရယ်လို့တော့ မရှိပါဘူး။

♦   ဈေးပေါပြီး တန်တာမျိုးဆိုရင်ရော။

            ဈေးပေါပြီး တန်တာဆိုရင် ညီမ မကွေးတို့၊ မင်းဘူးတို့ဘက် ခရီးသွားတုန်းက စားခဲ့ရတဲ့အသုပ်က အများကြီးပဲကို တစ်ပွဲ ပိုက်ဆံ ၁ဝဝ ပဲ ပေးရတယ်။ အရမ်းတန်ပါတယ်။ အရမ်းလည်း အရသာကောင်းသလို သန့်လည်းသန့်ရှင်းတယ်။ တကယ်အရမ်းလည်း စားလို့ကောင်းပါတယ်။

♦   စားသောက်ဆိုင်နဲ့ အိမ်မှာဆိုရင် ဘယ်မှာပိုပြီးတော့ စားချင်လဲ။

            ညီမက အိမ်မှာစားရတာကို ပိုကြိုက်ပါတယ်။ စားသောက်ဆိုင်ကျတော့ တစ်ခါတလေ စားရတာသဘောကျတယ်။ အိမ်မှာကျတော့ ကိုယ်ကြိုက်တာလေးတွေကို ကြိုက်နှစ်သက်သလို လုပ်စားလို့ရပါတယ်။

♦   ဂျူးစံသာအကြိုက်ဆုံး အသီးအနှံ၊ အရွက်၊ အသား၊ ငါးတွေကို ပြောပြပေးပါဦး။ ဖျော်ရည်တွေထဲမှာဆိုရင်ရော။

            ညီမအကြိုက်ဆုံး အသီးအနှံဆိုရင် ဒူးရင်းသီး၊ ပန်းသီး။ အရွက်တွေထဲမှာဆိုရင် ကန်စွန်းရွက်၊ အသားငါးထဲမှာဆိုရင်တော့ ပုစွန်အရမ်းကြိုက်တယ်။ ဖျော်ရည်ဆိုရင်တော့ ထောပတ်သီး ဖျော်ရည်ကြိုက်ပါတယ်။

♦   ညီမနဲ့မတည့်တဲ့ အစားအသောက်တွေရောရှိလား။

            ညီမနဲ့မတည့်တာက ဒံပေါက်၊ အုန်းထမင်း၊ အုန်းနို့ပါတာတွေလည်း မတည့်ပါဘူး။

♦   အစားအသောက်တစ်ခုခုကို စားနေတုန်း အဲဒီထဲမှာ ရွံစရာတွေ ဘာတွေရော တွေ့ဖူးလား။ အစားအသောက်စားနေရင်း သူငယ်ချင်းတွေက ဘေးနားက ရွံစရာပြောရင်ရော ရွံတတ်လား။

            တွေ့ဖူးပါတယ်။ အဲဒီအခါမျိုးဆိုရင် လုံးဝဆက်မစားနိုင်တော့ပါဘူး။ မအီမလည်ကြီးနဲ့ တစ်မျိုးကြီးပါပဲ။ ဘေးနားမှာ သူငယ်ချင်းတွေက ရွံစရာတွေ စနောက်နေရင်တော့ ပထမ မပြောနဲ့၊ မပြောနဲ့လို့ ပြောတယ်။ မရရင်တော့ ကိုယ်ကလည်း သူတို့ကို ပြန်စရင်းနဲ့ ပျော်စရာ ထမင်းဝိုင်းလေး ဖြစ်သွားတာပါပဲ။

♦   အစားအသောက်က နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှုကိုဖော်ဆောင်နိုင်တယ်လို့ ထင်မြင်မိပါသလား။

            ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ ယဉ်ကျေးမှုကို ဖော်ဆောင်တာထက် ကိုယ့်နိုင်ငံရဲ့ ရိုးရာဓလေ့တွေကို ဖော်ပြနေတာလည်း ပါပါတယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အစားအသောက်ချင်းက မတူသလို ကိုယ်ကသူများနိုင်ငံသွားရင်လည်း သူ့နိုင်ငံရဲ့ အစားအသောက်တွေကို လေ့လာသလို၊ သူတို့ကလည်း ကိုယ့်နိုင်ငံလာရင် ဒီက အစားအသောက်တွေကို လေ့လာမြည်းစမ်းကြပါတယ်။ ဒါကြောင့်မို့ထင်ပါတယ်။

♦   အခုလုပ်ပြတဲ့ ပဲသီးသုပ်လေးကို လိုက်လုပ်စားမယ့်ပရိသတ်တွေအတွက် အမှတ်တရ စကားလက်ဆောင်လေးကို ပြောပြပေးပါဦး။

            ဒီပဲသီးသုပ်လေးက အခုရာသီနဲ့လည်း လိုက်ဖက်ပါတယ်။ ကျန်းမာရေးနဲ့လည်း ညီညွတ်တယ်။ နောက် လူတစ်ယောက်မှာ လိုအပ်တဲ့ အာဟာရဓာတ်တွေလည်း ပေးစွမ်းပါတယ်။ အသီးအနှံလည်းဖြစ်တဲ့အတွက် ခန္ဓာကိုယ်အတွက်လည်း ကောင်းမွန်ပါတယ်။ လူငယ်၊ လူကြီး ဘယ်သူမဆို စားဖို့လည်း အဆင်ပြေပါတယ်။ ထမင်းနဲ့စားရင်လည်း ရသလို၊ ဒီအတိုင်းလည်း စားလို့ရပါတယ်။ ဒီတော့ ပရိသတ်ကြီးလည်း အခု ညီမသုပ်ပြတဲ့ ပဲသီးသုပ်လေးကို လိုက်လုပ်စားကြည့်ပါလို့ ပြောချင်ပါတယ်။

————————————————————————

ဂျူးစံသာရဲ့ ပဲသီးသုပ်

   ပါဝင်ပစ္စည်းများ

♦   ပဲသီး   –   ၁ စည်း

♦   မြေပဲထောင်း   –   သင့်တော်ရုံ

♦   ဆီချက်   –   ၃ ကျပ်သားခန့်

♦   နှမ်းဖြူ   –   အနည်းငယ်

♦   နှမ်းနက်   –   အနည်းငယ်

♦   ဆား   –   အနည်းငယ်

♦   ကြက်သွန်ကြော်   –   အနည်းငယ်

♦   သံပရာသီး   –   ၁ ခြမ်း

►   ပဲသီးသုပ်နည်း

၁။         ပထမဆုံး ပဲသီးစိမ်းများကို ထိပ်ဖြတ်၊ ဖင်ဖြတ်ပြီး ရေနွေးဖြောထားပါ။

၂။         ပြီးလျှင် ကြက်သွန်ဖြူကို ဆီချက်ချက်ပါ။

၃။         ရေနွေးဖြောထားသော ပဲသီးများကို ဆယ်ပြီးလှီးပါ။ ထို့နောက် ဇလုံထဲထည့်ပြီး ဆီချက်၊ မြေပဲ၊ နှမ်းဖြူ၊ နှမ်းနက်၊ ဆား၊ သံပရာရည်တို့နဲ့ နယ်ပါ။ ပြီးလျှင် အပေါ်က ကြက်သွန်ကြော်လေးများဖြူးပြီး စားသုံးနိုင်ပါပြီ။

♦   အာဂမေးမြန်းရေးသားသည်   ♦

Facebook Comments