အစားက အရမ်းအရေးကြီးပါတယ်။ အဓိကက အစားအသောက် ကယ်လိုရီကိုတွက်ပြီး စားနိုင်ဖို့နဲ့ ပုံမှန် နည်းစနစ်တကျ စားသုံးဖို့က အရေးကြီးပါတယ်လို့ဆိုတဲ့ မြနှင်းရည်လွင်

by အာဂ for Food Magazine

အချက်အပြုတ်ကို ဘယ်အရွယ်ကတည်းက စပြီးတော့ ဝါသနာပါခဲ့ပါသလဲ။

          အချက်အပြုတ်ကို ပြောရရင်  မြနှင်းက ငယ်ငယ်ကတည်းကတော့ အရမ်းကြီးဝါသနာပါခဲ့တဲ့သူ မဟုတ်ပါဘူး။ ဒါပေမဲ့ ၁၀ တန်းလောက်ကျတော့ ကိုရီးယားဇာတ်လမ်းတွဲတွေ စလာနေတဲ့အချိန်မှာ ကိုရီးယားကားတွေထဲက စွပ်ပြုတ်သောက်တာ၊ စားတာတွေကို ကြည့်ပြီးတော့ စမ်းပြီးချက်ရင်းနဲ့ စပြီး ဝါသနာပါလာတာပါ။ အိမ်မှာကတော့ ပုံမှန်ချက်နေကျမဟုတ်ပေမယ့် တီဗွီချန်နယ်တွေက ချက်ပြတာမျိုးဆိုရင် လိုက်ချက်ဖြစ်တယ်။

အခု ရန်ကုန်ငါးဟင်းလေးကို ပရိသတ်ကို ချက်ပြဖို့ စီစဉ်ဖြစ်သွားပုံလေးလည်း ပြောပြပေးပါဦး။

          ဒီဟင်းလေးချက်ဖြစ်တာက ငါးဟင်းကျတော့ လူတိုင်းစားကြတယ်။ အသားဟင်းထက် ငါးဟင်းက အဆီလည်းမတက်ဘူး။  ကျန်းမာရေးအတွက်လည်း ကောင်းတယ်ဆိုတော့ အဲဒီဟာလေးကို ချက်ဖြစ်သွား တာပါ။

ဘဝမှာ ပထမဆုံးစချက်ဖြစ်တဲ့ ဟင်းပွဲလေးကို မှတ်မိသေးရင် ပြောပြပေးပါဦး။ အရသာကရော ဘယ်လိုရှိသလဲ။

          ပထမဆုံးလုပ်ဖြစ်တာဆိုရင် ကိုရီးယားဇာတ်လမ်းတွဲတွေထဲက ကင်ချီစွပ်ပြုတ်လို သဘောမျိုးကို ကိုယ့်ဘာသာကိုယ် စမ်းချက်ကြည့်လိုက်မိတာပါပဲ။ အရသာကတော့ အားလုံးက ကြိုက်ကြတယ်လို့တော့ ပြောကြတာပါပဲ။ အမှန်ကတော့ ကိုယ်က ပေါက်ကရတွေ လျှောက်ထည့်ပြီး ချက်လိုက်တာပါပဲ။ ဟင်းချိုလို စပ်စပ်နဲ့ပေါ့။

မြနှင်းချက်တဲ့ဟင်းတွေထဲမှာ လူကြိုက်အများဆုံး ဟင်းပွဲကရော ဘာဟင်းပွဲဖြစ်မလဲ။

          ညီမချက်တဲ့ ဟင်းထဲမှာ လူကြိုက်အများဆုံးဟင်းဆိုရင်တော့ စောစောပြောတဲ့ ကိုယ့်ဘာသာကိုယ် ပေါက်ကရလျှောက်ပြီးချက်ဖြစ်တဲ့ ဟင်းပွဲလေးပဲဖြစ် မှာပေါ့လေ။သူငယ်ချင်းတွေကလည်း ကြိုက်ကြတယ် လို့ပြောတယ်။

အဲဒီဟင်းချိုလေးကိုစားပြီး ပထမဆုံး ချီးမွမ်းခံရတုန်းက ခံစားချက်ကရော။ အချက်အပြုတ်ကို ဘယ်သူတွေဆီက သင်ယူဖူးလဲ။

          ပျော်တာပေါ့။ ကိုယ်က လျှောက်လုပ်လိုက်တဲ့ ဟင်းလေးကို စားတဲ့သူတွေက တကယ်ကြိုက် သွားကြတယ်။ အိမ်မှာဆိုရင်လည်း လူကြီးတွေကအစ ကြိုက်ကြတော့ ပျော်တယ်။ အချက်အပြုတ်ကျတော့ အမေနဲ့ အစ်မရယ်၊ အိမ်မှာ အမြဲတမ်းချက်ပေးတဲ့ အမေသန်းဆိုတာရှိတယ်။ သူတို့တစ်တွေဆီက အဓိကသင်ယူဖြစ်ပါတယ်။

အစားအသောက်နဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်လေးတွေရှိရင် ပြောပြပေးပါဦး။ ဥပမာ- တချို့ သကြားလုံးမျိုမိတာတို့၊ ကျောင်းမှာ မုန့်ခိုးစားလို့ အရိုက်ခံရတာတို့၊ ဟင်းခိုးစားတာတို့ပေါ့။ 

          အဲဒီလိုအစားအသောက်နဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်ဆိုရင်တော့ မြနှင်းက ခရမ်းသီး အလာဂျိတ်ရှိတယ်။ ခရမ်းသီးနှပ်၊ ခရမ်းသီးနဲ့ ကြော်ထားတဲ့ဟာတွေဆိုရင် အမြဲတမ်းအန်ချင်သလိုဖြစ်တယ်။ ဒီတော့ နောက်ပိုင်းမစားဖြစ်အောင် ရှောင်တယ်။ ခရမ်းရောင် အခွံရှိတဲ့ဟာမျိုးဆိုရင်လည်း ဖြစ်တတ်တယ်။ အဲဒီဟာကတော့ မှတ်မှတ်ရရပေါ့။ ကျောင်းမှာ မုန့်ခိုးစားတာကျတော့ ကိုယ်တွေက ကျောင်းမှာ အမြဲခိုးစားနေကျ၊ မှတ်မှတ်ရရမိသွားတာမျိုးလည်း မရှိဘူး။ ကိုယ်တွေက မုန့်ခိုးစားတဲ့နေရာမှာ ဆရာကျတော့လေ။ (ရယ်လျက်)

မနက်စာကို ဘယ်အချိန်လောက်မှာ စားဖြစ်လဲ။ ဘာဟင်းတွေနဲ့ စားဖြစ်တာများလဲ။ နေ့လယ်စာနဲ့ ညစာကိုရော။ ညစာစားပြီးရင်ရော အချိုတည်းလား။

          အခုနောက်ပိုင်းမှသာ အချိန်လေးနဲ့ ပြန်သတ်မှတ်ပြီး စားဖြစ်တာပါ။ ခါတိုင်းဆိုရင် စားချင်တဲ့အချိန် စားတယ်။ အိပ်ရာထချင်တဲ့အချိန် ထတယ်။ အခုနောက်ပိုင်းကျတော့ မနက်စာကို Muesli ဟာမျိုးနဲ့ ဒိန်ချဉ်နဲ့စားတယ်။ နေ့လယ်စာကျတော့ ဒီအနုပညာအလုပ် ပြန်လုပ်နေတော့ ဝိတ်လေးလည်း ထိန်းတယ်။ အချိန်မှန်မှန်လေးနဲ့ ၃ နပ်စားတယ်။ ထမင်းဆိုရင်လည်း နည်းနည်းလောက်ပဲ စားဖြစ်တယ်။ အရွက်များများ၊ ဟင်းရည်နဲ့ စားဖြစ်တယ်။ ပုံမှန်ဆိုရင်တော့ ခြောက်ခြောက်စားတဲ့သူ၊ အဆီကြော်တွေ အရမ်းကြိုက်တယ်။ ညစာကတော့ တစ်ခါတလေလည်း စားဖြစ်တယ်။ တစ်ခါတလေကျတော့လည်း ရှေ့က ကျန်းမာရေးနဲ့ညီအောင် စားထားပေမယ့် ပီဇာစားပစ်လိုက်တာမျိုးလည်း ရှိတယ်။

ညစာကိုရော အိမ်မှာ မိသားစုနဲ့ စားဖြစ်လား။ ဒါမှမဟုတ် အပြင်မှာ စားဖြစ်သလား။

          ၂ ခုစလုံး မျှပါတယ်။ အပြင်စာဆိုရင်လည်း အပြင်ကနေဝယ်ပြီး အိမ်မှာ မိသားစုနဲ့ အတူတူ တစ်ဖွဲ့ကြီးစားတာမျိုးလည်း ရှိတယ်။ အိမ်မှာ စားဖြစ်တာများတယ်။

စားဖူးသမျှ အစားအစာတွေထဲမှာ တစ်သက်မမေ့လောက်အောင်ဖြစ်တဲ့ အစားအသောက်မျိုးရောရှိလား။

          အဲဒီလိုမျိုးမေ့လို့မရတဲ့ အစားအသောက်ဆိုရင် မြနှင်းရဲ့ အမေရိကားက အစ်မဆီကိုသွားတုန်း ဈေးက ကပ္ပလီမတစ်ယောက်ချက်တဲ့ Macaroni and Cheese ဆိုလား မသိဘူး။ အဲဒါက အရမ်းကောင်းတယ်။ မြနှင်းအကြိုက်ပေါ့။ အဲဒီဟာလေးကတော့ တစ်သက်မမေ့ဘူး။

ထူးထူးဆန်းဆန်း အစားအသောက်တွေရော စားဖူးလား။

          ထူးထူးဆန်းဆန်းအစားအသောက်ဆိုရင်တော့ သိပ်မစားဖြစ်ပါဘူး။ ထူးဆန်းတယ် ထင်တာဆိုရင် သင်ပေါင်းပိုးပဲရှိမယ်။ ငရဲကြီးမှာလည်း ကြောက်တယ်။ အရင်တုန်းကဆိုရင် လင်မယားနှစ်ယောက် တစ်ယောက်ကို ၁၅ ကောင်လောက် စားကြတယ်။ တစ်ခါကတော့ သူငယ်ချင်းတစ်ယောက်က အရှင်လေး စားပြပါဆိုလို့ တစ်ကောင်တော့ စားပြဖူးတယ်။ အဲဒါကတော့ မှတ်မှတ်ရရပဲ။ အဲဒီကောင်က ကိုယ့်နှုတ်ခမ်းတောင် ပြန်ကိုက်လိုက်သေးတယ်။

အားလပ်ရက်တွေမှာ  တစ်ခုခုလုပ်စားလေ့ရှိလား။

          အားလပ်ရက်တွေမှာတော့ သူများကို လုပ်ခိုင်းတာပဲ များတယ်။ ကိုယ့်ဘာသာကိုယ် ချက်မယ်ဆိုရင်တော့ ထူးဆန်းတာလေးတွေကို လုပ်ဖြစ်တာများတယ်။ သမားရိုးကျ ဟင်းတွေကျတော့ သိပ်မချက်ဖြစ်ဘူး။ ထူးဆန်းတဲ့ချက်နည်းတွေကျတော့ တီဗွီချန်နယ်တွေက လုပ်နည်းတွေကြည့်ပြီး ချက်ဖြစ်တာများပါတယ်။

ရှုတင်တွေ ဘာတွေသွားရင်ရော ထမင်းချိုင့် ယူသွားလေ့ရှိလား။

          ထမင်းချိုင့်ကတော့ ကိုယ့်ဘာသာ ဝိတ်လျှော့နေတဲ့အချိန်မှာဆိုရင် အိမ်ကနေ ယူသွားလေ့ရှိပါတယ်။ ပုံမှန်ကတော့ ရှုတင်ထမင်းဟင်းစားပါတယ်။

ကိုယ်မစားဖူးတဲ့ အစားအသောက်တွေကို မြည်းစမ်းချင်စိတ်ရှိလား။

          စားလို့ရတဲ့ အရာမှန်သမျှတော့ မြည်းတော့မြည်းကြည့်ချင်ပါတယ်။ ဒါပေမဲ့ ထူးထူးဆန်းဆန်းအကောင်တွေ၊ သွေးတွေနဲ့ အရှင်တွေဆို မစားချင်ပါဘူး။ စားလို့ရတဲ့ ဟာထဲမှာဆိုရင်တော့  အီဆိမ့်တာမျိုး၊ စပ်တဲ့ဟာမျိုး အရသာရှိတာကိုပဲ မြည်းစမ်းချင်ပါတယ်။

တချို့က စိတ်ညစ်တာတို့၊ ပျော်တာတို့၊ ဝမ်းနည်းတာတို့ဖြစ်ရင် အစားအများကြီး စားဖြစ်တာရှိတယ်။ ညီမကရော . . . ။

          ရှိတယ်။ အခု အသက် ၂၅ နှစ်နောက်ပိုင်းမှာ ပိုသိသာလာပါတယ်။ အရင်တုန်းကဆိုရင် စိတ်ညစ်တာတို့ ဘာတို့ဆိုရင် ဘယ်လောက်စားစား မဝဘူး။ အဲဒီအချိန်မှာ စားတဲ့ဟာကလည်း ဘာမှမဖြစ်ဘူး။ အခုနောက်ပိုင်းကျတော့ ကိုယ့်ရဲ့မသိစိတ်ထဲမှာ စိတ်ရှုပ်တာမျိုး၊ အပြင်မှာတော့ အဆင်ပြေတယ်။ အဲဒီလိုအခါမျိုးမှာ အရမ်းစားနေတယ်။ ဘယ်လိုပြောရမလဲ စိတ်ညစ်တာကပဲ ပိုစားစေတဲ့ဓာတ်တွေ ပိုထွက်နေတယ်။ ဒီတော့ ပိုပိုစားဖြစ်တော့ ဝိတ်က အခုနောက်ပိုင်း ပိုတက်လာတယ်။

မြနှင်းရဲ့ အစားအသောက်နဲ့ ကျန်းမာရေးအပေါ် အမြင်လေးကို ပြောပြပေးပါဦး။

          အစားအသောက်ကတော့ အဓိကပါ။ ဥပမာ- လူတွေ Gym ကစားတယ်ဆိုတာထက်၊ အမှန်တော့ အစားအသောက်ကိုသာ ပြောင်းလဲနိုင်ရင် ကိုယ့်ဟာနဲ့ကိုယ် ကျန်းမာရေးနဲ့ ညီညွတ်ပြီးတော့  ဝိတ်လည်းကျသွားမှာ သေချာပါတယ်။ အဓိကကတော့ အစားပဲပေါ့။ အစားက အရမ်းအရေးကြီးပါတယ်။ အဓိကက အစားအသောက်ကယ်လိုရီကို တွက်ပြီး စားနိုင်ဖို့ရယ်၊ ပုံမှန်နည်းစနစ်တကျ စားသုံးဖို့က အရေးကြီးပါတယ်။

အိမ်က မိဘတွေချက်တဲ့ ဟင်းတွေထဲမှာ ဘယ်ဟင်းကို အကြိုက်ဆုံးလဲ။

          အိမ်မှာကတော့ အမေက အလုပ်ရှုပ်တော့ သိပ်မချက်ဖြစ်ဘူး။ ဒါပေမဲ့ အိမ်က အမေသန်းဆိုတာက မော်လမြိုင်သူဆိုတော့ ဟင်းချက်တာကောင်းတယ်။ သူချက်တဲ့ ဘဲအသည်းထောင်းကို သရက်ပြားနဲ့ထောင်းတာ။ နောက် ဘဲသားဟင်း၊ အဲဒါကတော့ စားလို့ကောင်းပါတယ်။

နိုင်ငံတကာအစားအသောက်မှာ ဘယ်အစားအသောက်ကို ကြိုက်လဲ။

          နိုင်ငံတကာအစားအသောက်တွေကျတော့ အိန္ဒိယအစားအသောက်တွေကို ကြိုက်တယ်။

နိုင်ငံခြားကိုရောက်နေတဲ့အချိန်မှာ ကိုယ့်နိုင်ငံက ဘယ်အစာအစားကို  လွမ်းဆွတ်တမ်းတ မိပါသလဲ။

          အဲဒါဆိုရင်တော့ အကြာကြီးနေဖူးတာမျိုးမရှိသေးလို့ သတိတော့မရဖြစ်သေးဘူး။ ဒါပေမဲ့ ၁လ၊ ၂ လလောက်တော့ နေဖူးပေမယ့် အဲဒီအချိန်က  ကိုယ်စားချင်တာတွေချည်း၊ အကြိုက်တွေချည်းပဲ စားနေရတော့ သိပ်မတမ်းတဖြစ်ပါဘူး။

ဘဝမှာ အမှတ်တရဖြစ်မယ့် အစားအစာရှိလား။ ဥပမာ- အစားအစာတစ်ခုခုကို စားလိုက်ရင် တစ်ချိန်ချိန်၊ တစ်နေရာရာ၊ တစ်ယောက်ယောက်ကိုသွားပြီး သတိရတာ မျိုးပေါ့။

          အဲဒါမျိုးဆိုရင်တော့ ပြောရမယ်ဆိုရင် ငယ်ငယ်က ကျောင်းတက်တုန်းက လှည်းလေးနဲ့ စက်ဝိုင်းလေးကို လှည့်လိုက်ရင် နို့ရေခဲချောင်လေးတွေပေါ့။ အဲဒါမျိုးလေးတွေကို စားလိုက်ရရင် ငယ်ငယ်က ကျောင်းတက်ခဲ့တဲ့ဘဝကို သွားပြီးတော့ သတိရတယ်။

စားဖူးသမျှထဲမှာ ဈေးကြီးပြီး မတန်ဘူးဆိုတာမျိုးရော ကြုံဖူးလား။ ဈေးပေါပြီး တန်တယ် ထင်တာမျိုးဆိုရင်ရော။

          အဲဒီလိုမျိုးတော့ မကြုံဖူးသေးဘူး။ ဈေးပေါပြီး တန်တယ်ထင်တာကတော့ သန့်သန့် ရှင်းရှင်းနဲ့ဖြစ်တယ်ဆိုရင်တော့ မြနှင်း အကုန်စားတယ်။ လမ်းဘေးမှာလည်း စားတယ်။ ဒါပေမဲ့ လမ်းဘေးမှာ ယင်တွေ ဘာတွေနဲ့ ညစ်ပတ်နေရင်တော့ မစားဘူးပေါ့နော်။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီလိုအစားအသောက်ကြောင့် မြနှင်းအသည်းလည်း ရောင်ဖူးတယ်ဆိုတော့ မစားရဲဘူး။

စားသောက်ဆိုင်နဲ့ အိမ်မှာဆိုရင် ဘယ်မှာပိုစားချင်လဲ။

          အမှန်အတိုင်းပြောရရင်တော့ အပြင်စာပိုကြိုက်တဲ့အထဲမှာ ပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းတော့ အိမ်မှာ စားရတာ ပိုပြီးတော့ စားကောင်းလာတယ်။

မြနှင်းအကြိုက်ဆုံး အသီးအနှံ၊ အရွက်၊ အသား၊ ငါးတွေကို ပြောပြပေးပါဦး။ ဖျော်ရည်တွေ ထဲမှာဆိုရင်ရော။

          အကြိုက်ဆုံးအသီးအနှံဆိုရင် စိန်တစ်လုံးသရက်သီး၊ အသီးအရွက်ထဲမှာဆိုရင် ပဲရွက်ကြိုက်တယ်။ အသားငါးဆိုရင်တော့ ကြက်သားပဲ စားဖြစ်တော့ ကြက်သားပဲ စားဖြစ်တာများပါတယ်။ နောက် ခုံးကြိုက်တယ်။ ဖျော်ရည်ထဲမှာဆိုရင်တော့ ပန်းသီး၊ နာနတ်သီးဖျော်ရည် ကြိုက်တယ်။

ညီမနဲ့မတည့်တဲ့ အစားအသောက်တွေရောရှိလား။ မကြိုက်တဲ့ အစားအစာရော။

          မတည့်တာ၊ မကြိုက်တာတော့ ခရမ်းသီးတစ်မျိုးတည်းပါပဲ။ ကျန်တာကတော့ ငယ်ငယ်က ကဏန်းစားပြီး အလာဂျိတ်ဖြစ်တာမျိုးတော့ ဖြစ်ဖူးပါတယ်။ ရှောင်တာကတော့ ခြေ ၄ ချောင်း သဘောမျိုးပါပဲ။ ဆိတ်သားကျတော့ အမြဲမစားဖြစ်ဘူး။ ကြုံမှစားဖြစ်တာပါ။

အစားအသောက်တစ်ခုခုကိုစားနေတုန်း အဲဒီထဲမှာ ရွံစရာတွေဘာတွေရော တွေ့ဖူးလား။ အစားအသောက်စားနေရင်း သူငယ်ချင်းတွေက ဘေးနားက ရွံစရာပြောရင်ရော  ရွံတတ်လား။

          အဓိကကတော့ ဆံပင်ချည်ပါတာရယ်၊ စားနေတုန်း ကြက်ရိုးလိုမျိုး စားနေရင်း ပါးစပ်ထဲမှာ အရိုးတစ်ခုခုထိမိလိုက်ရင် တစ်မျိုးပဲ၊ မနေတတ်ဘူး။ သူငယ်ချင်းတွေက စားနေတုန်း စနောက်ရင်တော့ သိပ်မရွံတတ်ပါဘူး။

အစားအသောက်က နိုင်ငံတစ်နိုင်ငံ ၊ လူမျိုးတစ်မျိုးရဲ့  ယဉ်ကျေးမှုကို ဖော်ဆောင်နိုင်တယ်လို့ ထင်မြင်မိပါသလား။

          ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အခုဆိုရင် ကိုရီးယားဆို ကင်ချီရှိမယ်။ မြန်မာဆိုရင် ငါးပိရည်၊ လက်ဖက်။ ဘိုတွေဆို ချိစ်ပေါ့။ အဲဒီလိုမျိုး နေရာဒေသအလိုက် အရသာတွေက ကွဲသွားတာပေါ့။ ဘိုတွေဆိုရင်လည်း မြန်မာစာတွေကို သိပ်ပြီးတော့ အရသာမတွေ့ဘူးပေါ့။ မြန်မာတွေကျတော့လည်း မြန်မာဘက်နွယ်တာကို ကြိုက်တယ်။ ပုံစံယဉ်ကျေးမှုတွေလည်း မတူဘူးလေ။ ဒါပေမဲ့ ဒီလို ကိုယ်ပိုင်အစားအစာတွေကပဲ ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှုကို ဖော်ဆောင်နိုင်မှာပါ။

နွေကန္တာဦး ရုပ်သံဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ဖြစ် သွားပုံလေးကို ပြောပြပေးပါဦး။

          ဒီဇာတ်လမ်းတွဲက မြနှင်း သရုပ်ဆောင်အလုပ်နဲ့ တော်တော်ကြီး အဆက်အသွယ်ပြတ်သွားပြီးမှ ပြန်ပြီး ကမ်းလှမ်းလာလို့ ကြည့်ကြည့်တဲ့အချိန်မှာ ကြိုက်လို့ ဟုတ်ပြီ၊ ရိုက်မယ်ဆိုပြီး ပြန်လက်ခံပြီး ရိုက်ဖြစ်သွားတာပါ။ နောက်ပိုင်းတော့ မြန်မာ့အသံမှာ ကြမ္မာနွံဆိုတဲ့ ဇာတ်လမ်းတွဲ၊ နောက်ပြီးတော့ ဇနီးချောများကွန်ရက်ဆိုပြီး ရိုက်ပါတယ်။ ရုပ်ရှင်ကားကြီးကတော့ မျက်နှာဖုံးများဆိုတဲ့ ဇာတ်ကားရိုက်ထားပါတယ်။ နောက်အခု Cannal+ က Top 6 ဆိုပြီး ဇာတ်လမ်းတွဲပြသနေပါတယ်။ အဲဒီကားကျတော့ ဒါရိုက်တာက မြန်မာ။ ဒါရိုက်တာကြီးကြပ်တာကတော့ ပြင်သစ်တွေပါ။ တော်တော်ကောင်းမယ့် ဇာတ်ကားလေးတစ်ခုပါ။ သမားရိုးကျလာနေတဲ့ ဇာတ်လမ်းတွဲတွေနဲ့ လုံးဝမတူပါဘူး။ အဲဒီမှာလည်း မြနှင်းက လုံးဝမတူတဲ့ ကာရိုက်တာနဲ့ သရုပ်ဆောင်ထားပါတယ်။

အခုချက်ပြတဲ့ဟင်းလေးကို လိုက်ချက်စားကြည့်မယ့် ပရိသတ်အတွက် အမှတ်တရ စကားလက်ဆောင်လေးကို ပြောပြပေးပါဦး။

          လိုက်လုပ်စားကြည့်ကြပါ။ အသားတွေထက် တချို့ ခြေ ၄ ချောင်းသား ရှောင်တာမျိုးဆိုရင်လည်း အဆင်ပြေပါတယ်။ နောက်ပြီးချက်ရတာလည်း လွယ်လွယ်ကူကူ ဖြစ်တယ်။ လုပ်စားရတာလည်း အဆင်ပြေတယ်။ ဒီတော့ အခုမှစပြီး ချက်စားမယ့်သူတွေအနေနဲ့လည်း လိုက်ချက်စားကြည့်ရင် အဆင်ပြေစေပါမယ်။

မြနှင်းရည်လွင်ရဲ့  ရန်ကုန်ငါးချက်

 ပါဝင်ပစ္စည်းများ

ငါး (ရေချိုငါးတန်)  –  ၂၀  ကျပ်သား  (အချို၊ အငန် နယ်ထားရန်)

ဆီ  –  ၅ ကျပ်သား

ကြက်သွန်ဖြူ  –  ၁ လုံး

ကြက်သွန်အနီ  –  ၁ လုံး

ခရမ်းချဉ်သီး  –  ၂ လုံး (၁ လုံးကို ၄ စိတ်ခြမ်းပါ)

ငရုတ်သီးပွ

အချို၊ အငန် (ဆား၊ နနွင်းမှုန့်၊ ငံပြာရည်)  –  အနည်းငယ်

ရေ  –  အနည်းငယ်

ပြုလုပ်နည်း

၁။       ဦးစွာ ကြက်သွန်ဖြူ/အနီ၊ ခရမ်းချဉ်သီး ထည့်ပြီး ဆီသတ်ပါ။

၂။       ပြီးလျှင် ငါးကို ထည့်ပြီး လုံးပါ။ ရေ အနည်းငယ်ထည့်ပါ။

၃။       ငါးနူးလာ၍ ကျက်ခါနီးလျှင် ခရမ်းချဉ်သီး ၄ စိတ်နှင့် ငရုတ်သီးပွ ၄ စိတ် ထည့်ပါ။

၎။       ပင်စိမ်းလေးအုပ်ပြီးလျှင် သုံးဆောင်လို့ရပါပြီ။

Facebook Comments