အချိုမှုန့်တို့ ဓာတုဗေဒတွေနဲ့ပြုလုပ်ထားတဲ့ ဟင်းခတ်တွေသုံးရပြီဆိုရင် ဟင်းချက်တဲ့နေရာမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကင်းမဲ့တဲ့ အိမ်ရှင်မလိုမျိုး ခံစားရလို့ အဲဒါတွေကို လုံးဝမသုံးပါဘူးဆိုတဲ့ သန္တာလှိုင်

အချိုမှုန့်တို့ ဓာတုဗေဒတွေနဲ့ပြုလုပ်ထားတဲ့ ဟင်းခတ်တွေသုံးရပြီဆိုရင် ဟင်းချက်တဲ့နေရာမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကင်းမဲ့တဲ့ အိမ်ရှင်မလိုမျိုး ခံစားရလို့ အဲဒါတွေကို လုံးဝမသုံးပါဘူးဆိုတဲ့ သန္တာလှိုင်

Food Magazine ပရိသတ်ကြီးအတွက် မြန်မာနှစ်သစ်ကူးဆုတောင်း စကားလက်ဆောင်လေး ပြောပြပေးပါဦး။

ပရိသတ်ကြီးအတွက်  စကားလက်ဆောင်ဆိုရင် မြန်မာနှစ်သစ်မှာ အကုန်လုံး စိတ်ရောကိုယ်ပါ။ ကျန်းမာချမ်းသာပြီး  ကိုယ်လိုချင်တဲ့ ပန်းတိုင်ကိုရောက်အောင် ဒီနှစ်ထဲမှာ အကုန်လုံးကြိုးစားနိုင် ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

အခုနှစ်သင်္ကြန်မှာရော အစ်မအနေနဲ့ ဘာတွေလုပ်ဖြစ်မယ်ထင်လဲ။

သင်္ကြန်မှာ သြစတေးလျနိုင်ငံ ဆစ်တနီမြို့မှာ ကျောင်းပြန်တက်နေတဲ့ အစ်မသမီးဆီကို မိသားစု လိုက်သွားပြီးတော့ သမီးနဲ့တွေ့ဖို့ချိန်းထားပါတယ်။ သင်္ကြန်မှာ မြန်မာပြည်မှာမရှိပါဘူး။

အစ်မရဲ့ ဟင်းချက်နည်းလျှို့ဝှက်ချက် (သို့) အကြိုက်ဆုံး ဟင်းခတ်အမွှေးအကြိုင်တွေက ဘာတွေများလဲ။

အစ်မကတော့ ပုံမှန်မရှိပါဘူး။ ဘယ်အချိန်မှာ ဘာစားချင်သလဲဆိုတာမူတည်ပြီး ပြောင်းလဲ သွားတယ်။ အစ်မရဲ့ ဟင်းချက်နည်းလှို့ဝှက်ချက်ဆိုရင်တော့ ဟင်းချိုမှုန့်၊ ဓာတုဗေဒ နည်းနဲ့လုပ်ထားတဲ့ ဟင်းခတ်အရသာ အပိုထည့်တဲ့ဟာတွေကို  လုံးဝမသုံးပါဘူး။ အဲဒီလို အချိုမှုန့်တို့ ဓာတုဗေဒနဲ့ပြုလုပ်ထားတဲ့ ဟင်းခတ်တွေ သုံးရပြီဆိုရင်  ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကင်းမဲ့သလိုခံစားရလို့ အဲ့ဒါတွေကို လုံးဝ မသုံးပါဘူး။

အစားသောက်အာဟာရနဲ့ပတ်သက်တဲ့ ဒီပလိုမာ(Diploma in Nutrition) ကိုတက်ဖြစ်သွား ပုံလေးပြောပြပေးပါဦး။

အစ်မသမီးမွေးပြီး ၈ လလောက်တုန်းကစပြီး ဓာတ်မတည့်တဲ့ရောဂါဖြစ်လာတာကို တွေ့ရတယ်။ အဲဒါက အခြေအနေဘယ်လောက်တောင်ဆိုးလည်းဆိုရင် အခန့်မသင့်ရင် သေသွားနိုင်တယ်။ ဥပမာ မြေပဲနဲ့မတည့်လို့ မြေပဲစားပြီး အသက်ဆုံးရှုံးသွားတဲ့ ကလေးတွေ အကြောင်း ကြားဖူးကြမှာပါ။ သူကလည်း အဲ့ဒီလိုမျိုးအခြေအနေဆိုးလာတယ်။ ဒါပေမဲ့ သူက မြေပဲနဲ့မတည့်တာတော့မဟုတ်ဘူး။ နို့နဲ့မတည့်တဲ့ ရောဂါပါ။ အခုအသက်ရွယ်အထိလည်း Pistachio နဲ့မတည့်တာတွေ စားလိုက်မိရင် အင်ပျဉ်တွေထ၊ အသက်ရှူကျပ်ပြီး ဆေးရုံရောက်တဲ့ အထိဖြစ်ပါတယ်။ အဲဒါက သူ့မှာ ဓာတ်မတည့် တဲ့ရောဂါရှိလို့ပါ။ ဒီတော့ သူ့အတွက် အစားသောက်ကို  ဘာတွေတည့်တယ်၊ မတည့်ဘူး၊ ဘယ်ဟာက သူ့အတွက်ကောင်း တယ်၊ မကောင်းဘူးဆိုတာကို လေ့လာရင်းနဲ့  Natural Therapy နဲ့ Nutritional Diploma ပါပေးတဲ့ ကောင်းတာတွေကို စုံစမ်းမိရာကနေ Nutrition နဲ့ ပတ်သက်တဲ့ Diploma ပါယူဖြစ်တဲ့အဆင့်ထိ လေ့လာဖြစ်သွားတာပါ။

Diplomain Nutrition ယူထားတဲ့အတွက် ဟင်းချက်တာကို ဘယ်လို အထောက်အကူပြုလဲ။

အဲဒီ Diploma က ဟင်းချက်တာနဲ့ လုံးဝမဆိုင်ပါဘူး။ ကိုယ်စားမယ့်အစားသောက်က ကိုယ့်အတွက်  ဘာတွေအကျိုးရှိမလဲ၊ မရှိလဲ။ကိုယ့်အတွက်ကောင်းလား၊ မကောင်းလား။ပြီးတော့ ကိုယ့်ရဲ့ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပိုပြီးတော့ကောင်းလာစေချင်ရင် ဘယ်လိုစားသုံးသင့်လဲ။ အဲဒီလိုအစားအစာတွေကို ဘယ်နေရာမှာ ဘယ်လိုရှာရလဲဆိုတဲ့ အသိပညာ လေးတိုးသွားရုံပါပဲ။ ဒီပညာက ကိုယ့်မှာရှိတဲ့ရောဂါတွေကို အစားအသောက်နဲ့ကုနည်း၊ လိုအပ်နေသော ဓာတ်စာတွေ၊ အစားအသောက်ကိုဓာတ်စာအနေနဲ့ အသုံးချနည်း စသည်ဖြင့်ပေါ့ သင်ပေးသွားတာပါ။ ဟင်းချက်တဲ့နည်းပညာက  ကိုယ့်ရဲ့စိတ်ဝင်စားမှုနဲ့ ဘယ်လောက်အထိလုပ်ချင်လဲဆိုတဲ့ အိမ်ထောင်ရှင်မစိတ်နဲ့ပဲ အများကြီးဆိုင်ပါတယ်လို့ အစ်မပြောချင်ပါတယ်။

ဟင်းချက်ရာမှာ ကျန်းမာရေးနဲ့ညီညွတ်တာကို ဦးစားပေးလား။ အရသာကို ဦးစားပေးလား။

အစ်မကတော့ ကျန်းမာရေးညီညွတ်တာကိုပဲ ဦးစားပေးပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ အစ်မအနေနဲ့ ဘယ်ဟင်း၊ ဘယ်လောက်ကောင်းကောင်း၊ မကောင်းကောင်း၊ ဘာပဲရှိရှိ၊ မရှိရှိ ကိုင်လိုက်တာနဲ့ အစ်မ ချက်လိုက်ရင် အကုန်လုံးက အရသာရှိနေရမယ်ဆိုတဲ့ ယုံကြည်မှုအပြည့် အစ်မမှာရှိနေလို့ပါ။

ငယ်စဉ်က မိသားစုထဲမှာစားဖြစ်ခဲ့တဲ့  ဟင်းလျာတွေထဲက အကြိုက်ဆုံးနဲ့ သတိရဆုံးဟင်း လျာ ။ ဥပမာ- အမေ့လက်ရာ၊ အဒေါ့်လက်ရာ၊ အဘွား စသည့်ဖြင့်ပေါ့။

အဘွားလက်ရာဆိုရင်တော့ ငယ်ငယ်တုန်းက အစ်မတို့ရဲ့  ကလေးထိန်း ဘွားမေက ညနေတိုင်းမှာ ဝက်နံရိုးကို ချင်းများများနဲ့ အချိုချက်ချက်ပြီး လက်နဲ့ခွံကျွေးတာကို စားမိတဲ့အချိန်ကိုအရမ်းသတိရပါတယ်။ အခုချိန်ပြန်စဉ်းစားရင်တော့ လက်ကြီးနဲ့ခွံတာ ရွံစရာ ကြီးပေါ့။ ဒါပေမဲ့ အဲဒီအချိန်က ပျော်စရာအချိန်တွေကို အခုထိ သတိ ရနေတုန်းပါ။ အစ်မအမေကတော့ ငယ်ငယ်လေးကတည်း သူဌေးသမီး ခြေမွှေးမီးမလောင်၊ လက်မွှေးမီး မလောင်နေခဲ့ ရတော့ သိပ်မချက်တတ်တော့ အစ်မတို့အမေ ချက်တာဆိုရင် ဘယ်သူမှ သိပ်မစားကြပါဘူး။ အခုအချိန်မှာတော့ အစ်မအမေက သြစတေးလျမှာ ကိုယ်တိုင်ချက်နေပြီဆိုတော့ အခုချိန်မှာ တော့ စားလို့ကောင်းပါတယ်။

အစ်မသမီးကိုရော ဘယ်လိုဟင်းချက်နည်းတွေ သင်ကြားဖြစ်လဲ။

အစ်မသမီးက သူဝါသနာပါတာ အကုန်ချက်ပါတယ်။ သူက ဘာဝါသနာပါလဲဆိုတော့  မုန့်ဖုတ်နည်း၊ အချိုနဲ့ပတ် သက်တဲ့  မုန့်လုပ်နည်းတွေကို သူတို့ဘာသာလေ့လာပြီး သူ့ ဘာသာသူ စမ်းပြီးတော့လုပ်ပါတယ်။ အစ်မကတော့ ကိုယ် တတ်သ လောက် နည်းနည်းပါးပါးပဲ ဘေးနားကွကငိန လုပ်ပြီး သင်ပြပေးတာပဲရှိပါတယ်။ သူလုပ်ချင်တာကို သူကိုယ်တိုင်ရှာဖွေပြီးလုပ်တာကိုပဲ အစ်မကတော့ အားပေးပါတယ်။

ဟင်းချက်ရမှာ ပျင်းပြီး  ဝါသနာမပါဘူး၊ တစ်ဖက်ကလည်း အလုပ်လုပ်နေတဲ့ အိမ်ရှင်မတွေအတွက် အကြံပေးစကား။

ကိုယ့်မိသားစုအတွက် ကျန်းမာရေးအရ ဘာလိုအပ်လဲ၊ ဘာကောင်းလဲဆိုတာကို ကြည့်ပြီးတော့ အပြင်ကနေပြီး အ ကောင်းဆုံးဖြစ်မယ့်အစားသောက်တွေကိုသာ ဝယ်ကျွေးပါ လို့ပဲ အကြံပေးချင်ပါတယ်။ အိမ်ထောင်ဦးစီးအနေနဲ့ အိမ်တွင်း မှုထက် အိမ်အပြင်ကအလုပ်ကို ပိုအားသာတဲ့အိမ်ရှင်မတွေ အတွက် အစ်မတို့လို မိန်းမတွေကလည်း ကျန်းမာရေးနဲ့ညီ ညွှတ်တဲ့ အစားအသောက်တွေ ဈေးကွက်မှာ အလွယ်တကူ အဆင်သင့်ဝယ်နိုင်အောင် ပံ့ပိုးပေးမယ့်လုပ်ငန်းတွေ စနေပြီပဲလေ။ ဝါသနာမပါတဲ့အလုပ်ကို မလုပ်တာအကောင်းဆုံးပါ။

အစ်မရဲ့  လူမူကွန်ယက်မီဒီယာမှာ ဟင်းချက်အစီအစဉ်တွေ တင်ဆက်သွားမယ်လို့ သိရပါ တယ်။ အဲဒီအကြောင်း ပြောပြပါဦး။

အဲ့ဒါအတွက်က အစ်မတို့ အကုန်လုံး ပြင်ဆင်လို့ပြီးပါပြီ။ အစ်မရိုက်ဖို့အချိန်ရပြီဆိုတာနဲ့ ရိုက်ကူးဖို့အဆင်သင့်ပါပဲ။ ရိုက်ပြီးတာနဲ့ စပြီးလွှင့်တော့မှာပါ။

Food Magazine  ပရိသတ်ကြီးအတွက်  အစားအသောက် နဲ့ပတ်သက်ပြီးဖြစ်ဖြစ်၊ အခုချက်ပြုတ်ပြတဲ့ ဟင်းပွဲ အကြောင်းဖြစ်ဖြစ်  အစ်မပြောချင်တဲ့ စကားလက်ဆောင်လေးကရော။

အစ်မက ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်ကို ဘယ်လိုအသုံးပြုပြီး ကျန်းမာရေးအတွက် အထောက်အကူ ပြုအောင်ဘယ်လိုစားရမယ်ဆိုတာကို အစ်မရဲ့  Page ပေါ်မှာ တင်သွားမှာပါ။ Facebook ပေါ်မှာ Thandar Hlaing ဆိုပြီး ရိုက်ရှာကြည့်ပါ။ ပြီးရင် အစ်မရဲ့ Page ကို Like & Follow လုပ်ထားပါ။ အဲဒီမှာ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အစား အသောက်တွေ၊ လေ့ကျင့်ခန်းတွေ မျှဝေသွားပါမယ်လို့ ပြောချင်ပါတယ်။

သန္တာလှိုင်ရဲ့ ဆိတ်သားဟင်း

   ပါဝင်ပစ္စည်းများ။

♦   ဆိတ်သားပေါင်သား   –    ၃ဝဝ ဂရမ်

♦   ရှလကာရည်   –  စားပွဲဇွန်း ၃ ဇွန်း

♦   ဆား   –   စားပွဲဇွန်း ၁ ဇွန်း

♦   Himalayan Pink Rock Salt    –    စားပွဲဇွန်း ၁ ဇွန်း(ထောင်းထည့်ရန်)

♦   ဇာတိပ္ဖိုလ်သီး   –   တစ်လုံး

♦   ဖာလာစေ့   –   ၃ စေ့

♦   သစ်ကြံပိုးခေါက်   –   တစ်ချောင်းရဲ့တစ်ဝက်

♦   လေးညင်းပွင့်   –   ၃ ပွင့်

♦   ဇီရာမှုန့်   –   လက်ဖက်ရည်ဇွန်း တစ်ဝက်

♦   ကရဝေးရွက်မှုန့်   –    လက်ဖက်ရည်ဇွန်း တစ်ဝက်

♦   ကြက်သွန်ဖြူဥကြီး   –   ၅ မြွှာ

♦   ကြက်သွန်နီ (အလတ်)   –   ၅ လုံး

♦   နေကြာဆီ   –    စားပွဲဇွန်း ၅ ဇွန်း

♦   အရောင်တင်မှုန့်   –    အနည်းငယ်

►   ချက်ပြုတ်နည်း

၁။      ပထမဆုံး ဆိတ်သားပေါင်သားကို အတုံးလေးများတုံးပြီး ရှလကာရည်နဲ့ စိမ်ထားပါ။

၂။      အနံ့နည်းနည်းလေးပျောက်သွားလျှင် ရှလကာရည်ကိုသွန်ပြီး ကျန်တဲ့ဆိတ်သားကို   ဆား၊ Himalayan Pink Rock Salt (ထောင်းပြီးသား)၊ ဇာတိပ္ဖိုလ်သီး၊ ဖာလာစေ့၊ သစ်ကြံပိုးခေါက်၊ လေးညင်းပွင့်၊ ဇီရာမှုန့်၊ ကရဝေးအရွက်မှုန့်တို့နှင့်နယ်ပြီး ၁ နာရီ ခန့်နှပ်ထားပါ။

၃။      ကြက်သွန်အဖြူ၊ ကြက်သွန်နီကို ဆီသတ်ပါ။ (ကြက်သွန်အနီကို အရင်ထည့်ပါ။  ကြက်သွန်အနီအရောင်ဖျော့လာရင် ကြက်သွန်အဖြူကိုထည့်ပါ။)

၎။      ပြီးလျှင်  မီးပိတ်ပြီး ငရုတ်သီးအရောင်တင်မှုန့်ထည့်ပါ။ ထို့နောက် မီးပြန်ပေးပြီး စောစောက တစ်နာရီနှပ်ထားသော ဆိတ်သားကိုထည့်ပြီး မီးပြင်းပြင်းပေးပြီး အဖုံးကို လုံအောင် တစ်ခုခုနဲ့ ဖိအုပ်ထားပါ။ (ရေလုံးဝမထည့်ဘဲ နာရီဝက်လောက်တည်ထားပါ။ဟင်းအနူး ပေါ်မှာမူတည်ပြီး ရေထည့်သင့်ရင်ထည့်ပါ။)

၅။      ဒါဆိုရင်တော့ အနံ့အရသာနဲ့ပြည့်စုံတဲ့ ဆိတ်သားဟင်းလေးကို သုံးဆောင်နိုင်ပါပြီ။

မှတ်ချက်။       အာလူးကြိုက်ရင် ထည့်ချက်လို့ရပါတယ်။ အာလူးထည့်မယ်ဆိုရင်တော့ ရေများများထည့်ပြီး ဆားနည်းနည်းပိုခတ်ပေးရပါမယ်။

အာဂ မေးမြန်းရေးသားသည်

Facebook Comments