အခုလိုမိုးရာသီမှာဆိုရင် ၂ ယောက်အတူ ဟော့ပေါ့သွားသောက်ရတာ အကြိုက်ဆုံးပဲဆိုတဲ့ စိုးဘိုနဲ့ ဟေမာန်

by အာဂ for Food Magazine

အချက်အပြုတ်ကို ဘယ်အရွယ်ကတည်းက စပြီးတော့ ဝါသနာပါခဲ့ပါသလဲ။

          အချက်အပြုတ်ကို ငယ်ငယ်က ၁၀ တန်းလောက်ကတည်းက ကိုယ့်ဘာသာကို ကြက်ဥတွေ ဘာတွေ ကြော်စားရင်းနဲ့ ဝါသနာပါခဲ့တာပါ။

အခု Lemon Butter Fish Fried ကို ပရိသတ်ကိုလုပ်ပြဖို့ စီစဉ်ဖြစ်သွားပုံလေးကိုလည်း ပြောပြပေးပါဦး။

          ဒါက ဟေမာန်ကလည်း ဒီဟင်းလေးကြိုက်တယ်။ ကျွန်တော်ကလည်း သူကြိုက်တဲ့ ဟာလေးလည်းဖြစ်တော့ ကျွန်တော့်ဘာသာ You Tube ကနေ ရှာပြီး စမ်းချက်ပြကြည့်တာပါ။

ဘဝမှာ ပထမဆုံးစချက်ဖြစ်တဲ့ ဟင်းပွဲလေးကို မှတ်မိသေးရင် ပြောပြပေးပါဦး။ အရသာကရော ဘယ်လိုရှိသလဲ။

          ပထမဆုံးလုပ်ဖြစ်တာဆိုရင် ကြက်ဥကြော်၊ ဘဲဥကြော်က စတာပါပဲ။ အဲဒီတုန်းက အရသာကတော့ ကိုယ့်ဘာသာကို ချက်လို့လားတော့ မသိဘူး။ စားလို့တော့ ကောင်းတယ်။

ညီမဟေမာန်ကရော …။

          ညီမကတော့ အမေကို ကူလုပ်ပေးရင်းနဲ့ ချက်တာဆိုတော့ ဟင်းပွဲတွေများတော့ မမှတ်မိတော့ပါဘူး။

အဲဒီလို ညီတို့၊ ညီမတို့ ချက်တာကိုစားပြီး ပထမဆုံး ချီးမွမ်းခံရတုန်းက ခံစားချက်ကရော။ အချက်အပြုတ်ကို ဘယ်သူတွေဆီက သင်ယူဖူးလဲ။

ဟေမာန်-  အဲဒီလိုမျိုးဆိုရင်တော့ ညီမကလည်း ပျော်နေတာ။ ချက်ကျွေးရတဲ့ ပင်ပန်းတာတွေပါ ပျောက်သွားရော။

စိုးဘို- ကျွန်တော်လည်း ပျော်တယ်။ အဲဒီလိုချီးမွမ်းရင်တော့ ပိုပြီးတော့တောင် ချက်ကျွေးချင်သေးတယ်။ အချက်အပြုတ်ကတော့ အိမ်က လူကြီးတွေ ချက်ပြုတ်တာကို ကြည့်ပြီးတော့ သင်ဖြစ်ခဲ့တာပါပဲ။

အစားအသောက်နဲ့ ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်လေးတွေရှိရင် ပြောပြပေးပါဦး။ ဥပမာ-တချို့ သကြားလုံးမျိုမိတာတို့၊ ကျောင်းမှာ မုန့်ခိုးစားလို့ အရိုက်ခံရတာတို့၊ ဟင်းခိုးစားတာတို့ပေါ့။

          အဲဒီလိုအစားအသောက်နဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်က ငယ်ငယ်တုန်းက မုန့်စားကျောင်းဆင်းချိန်ဆိုရင် ကျွန်တော့်ထမင်းချိုင့်ထဲမှာ ဘာမှမရှိတော့ဘူး။ မဆင်းခင်ကတည်းက ခိုးစားထားလို့။ ဆရာမ မိတာလည်း ခဏခဏပါပဲ။

ညီမကရော…

          ညီမလည်း မုန့်တွေ ခဏခဏခိုးစားတာပါပဲ။ မိတဲ့အခါလည်း မိတာပေါ့။

မနက်စာကို ဘယ်အချိန်လောက်မှာ စားဖြစ်လဲ။ ဘာဟင်းတွေနဲ့ စားဖြစ်တာများလဲ။ နေ့လယ်စာနဲ့ ညစာကိုရော။

          ကျွန်တော်က အိပ်ရာထ နောက်ကျတာများတော့ မနက်စာနဲ့ နေ့လယ်စာ ပေါင်းစားဖြစ်တာများပါတယ်။ အများအားဖြင့်တော့ ထမင်းနဲ့ ပတ်သက်တာတွေပဲ စားဖြစ်တာများပါတယ်။ သူများတွေလို ကော်ဖီတို့ ဘာတို့တော့ မသောက်တတ်ဘူး။ ညစာစားလည်း ထမင်းပဲ စားတယ်။ ဒါပေမဲ့ ညစာစားတဲ့အချိန်တော့ ကျွန်တော်က နောက်ကျတယ်။ ညစာကို မိသားစုနဲ့ စားဖြစ်တာ နည်းတယ်။ စုံကြတာ နည်းတယ်။

စားဖူးသမျှအစားအစာတွေထဲမှာ တစ်သက်မမေ့လောက်အောင်ဖြစ်တဲ့ အစားအသောက်မျိုးရော ရှိလား။

စိုးဘို- အဲဒီလိုတော့ မရှိပါဘူး။ ကြိုက်တယ်ဆိုရင် စားလိုက်တာပါပဲ။

ဟေမာန်- ညီမက ဘိုစာတွေ သိပ်မကြိုက်တတ်ဘူး။ ဒါပေမဲ့ တစ်ခါ စပါကတီခေါက်ဆွဲကို ဆိုင်တစ်ဆိုင်မှာ စားကြည့်တာ တော်တော်ကြိုက်တယ်။ နောက်ပိုင်း တခြားဆိုင်တွေမှာ စားတော့ စားလို့မရတော့ဘူး။ မကြိုက်တော့ဘူး။ အဲဒီတစ်ခါ စားဖူးတဲ့ စပါကတီကတော့ တစ်သက်မမေ့လောက်တဲ့ဟာမျိုးပါပဲ။

ထူးထူးဆန်းဆန်း အစားအသောက်တွေရော စားဖူးလား။

          ထူးထူးဆန်းဆန်းအစားအသောက်ဆိုရင်  ကျွန်တော့်အတွက်ကတော့ ပုစွန်အစိမ်း၊ ငါးအစိမ်းတို့လောက်ပဲ ရှိပါတယ်။ ဂျပန်စာပေါ့။ အရမ်းကြီးထူးဆန်းတာမျိုးတော့ မစားဖူးပါဘူး။

အားလပ်ရက်တွေမှာ  တစ်ခုခုလုပ်စားလေ့ရှိလား။ အပြင်မှာရော ဘာတွေထွက်စားဖြစ်လဲ။

          အားလပ်ရက်တွေမှာ လုပ်စားဖြစ်ပါတယ်။ ကျွန်တော်တို့ ဟော့ပေါ့တို့ ဘာတို့ ချက်စားဖြစ်ပါတယ်။  အားလပ်ရက်တွေမှာဆိုရင်လည်း ၂ ယောက်အတူတူ ဟော့ပေါ့ဆိုင်တွေမှာ လိုက်စားကြတာများပါတယ်။

ကိုယ်မစားဖူးတဲ့ အစားအသောက်တွေကို မြည်းစမ်းချင်စိတ်ရှိလား။ ဘယ်လိုအရသာမျိုးကို မြည်းစမ်းချင်လဲ။

          ကိုယ်မစားဖူးတဲ့ အစားအသောက်ဆို မြည်းစမ်းချင်စိတ်ရှိပါတယ်။ မစားဘူးတဲ့ဟာ တွေကို စားဖူးလေ့ရှိအောင် နည်းနည်းလေးတော့ မြည်းကြည့်တတ်တယ်။ ပြီးတော့မှ ကိုယ်မကြိုက်ရင် မစားဘူး။ ကြိုက်ရင်တော့ စားတယ်။

တချို့က စိတ်ညစ်တာတို့၊ ပျော်တာတို့၊ ဝမ်းနည်းတာတို့တွေဖြစ်ရင် အစားအများကြီး စားဖြစ်တာရှိတယ်။

ဟေမာန်- ညီမကတော့ စိတ်ညစ်ရင် အစားတွေအများကြီးစားတယ်။

စိုးဘို- ကျွန်တော်ကတော့ အဲဒီလိုမဟုတ်ပါဘူး။

အခုလို မိုးရာသီအစမှာ မိုးလေးအေးနေရင် ဘယ်လိုအစားအသောက်မျိုးကို စားချင်လဲ။

          အခုလိုမိုးရာသီမှာဆိုရင် ၂ ယောက်အတူ ဟောပေါ့သွားသောက်ရတာ အကြိုက် ဆုံးပဲ။

အစားအသောက်နဲ့ ကျန်းမာရေးပေါ်အမြင်လေးကို ပြောပြပေးပါဦး။

          ကျွန်တော့်အမြင်ကတော့ ခန္ဓာကိုယ်ကျန်းမာဖို့အတွက် အစားအသောက်က အဓိကကျပါတယ်။ ကျွန်တော်တို့လို မော်ဒယ်တွေအတွက်၊ ခန္ဓာကိုယ်လှအောင်၊ အသံကောင်းအောင် အစားအသောက်နဲ့ပဲ အဓိကထိန်းသိမ်းဖြစ်ပါတယ်။ ဒါ့အပြင် အခြား ရောဂါဖြစ်တဲ့ သွေးတိုး၊ နှလုံး၊ ဆီးချိုတို့မဖြစ်အောင်လည်း အစားအသောက်ကို ဆင်ဆင်ခြင်ခြင်နဲ့ စားသောက်ပေးပြီး ကာကွယ်နိုင်ပါတယ်။

အိမ်က မိဘတွေချက်တဲ့ ဟင်းတွေထဲမှ ဘယ်ဟင်းကို အကြိုက်ဆုံးလဲ။

ဟေမာန်- ညီမကတော့ အမေချက်တဲ့ဟာမှန်သမျှ အကုန်ကြိုက်တယ်။

စိုးဘို- ကျွန်တော်ကတော့ ဘဲဥချဉ်ရည်ဟင်းကြိုက်တယ်။

နိုင်ငံတကာအစားအသောက်မှာ ဘယ်အစားအသောက်ကို ကြိုက်လဲ။

          နိုင်ငံတကာအစားအသောက်တွေကျတော့ ကျွန်တော် စောစောကပြောသလို ဟော့ပေါ့တို့ ဘာတို့ စားတာပဲရှိတယ်။ ကျန်တဲ့နိုင်ငံတကာအစားအသောက်တွေတော့ သိပ်မစားဖြစ်ဘူး။

ဘဝမှာ အမှတ်တရဖြစ်မယ့် အစားအစာရှိလား။ ဥပမာ- အစားအစာတစ်ခုခုကို စားလိုက်ရင် တစ်ချိန်ချိန်၊ တစ်နေရာရာ၊ တစ်ယောက်ယောက်ကို သွားပြီးသတိရတာမျိုးပေါ့။

          စိုးဘို- အဲဒါမျိုးဆိုရင်တော့ ပြောရမယ်ဆိုရင် ဟေမာန်နဲ့က အမြဲအတူတူစားနေတော့ သူမပါဘဲ စားမိရင် သူ့ကို သတိရမိမှာပါ။ နောက်တစ်ခုက ကျွန်တော်ငယ်ငယ်တုန်းက ကျောင်းရှေ့မှာရောင်းတဲ့ အစားအစာလေးတွေ၊ ကပ်စေးနှဲလို မုန့်ဆိုရင်တော့ ပြန်တွေ့ရင်ဖြစ်ဖြစ်၊ စားမိရင်ဖြစ်ဖြစ် ကျောင်းတက်တုန်းက ဘဝကို ပြန်သတိရမိပါတယ်။

          ဟေမာန်- ညီမကတော့ ကျောင်းရှေ့မှာရောင်းတဲ့ လက်သုပ်စုံလေးတွေကို ပြန်သတိရတယ်။ အခုပြန်စားရင်လည်း အဲဒီတုန်းက အရသာကို မရတော့ဘူး။

စားသောက်ဆိုင်နဲ့ အိမ်မှာဆိုရင် ဘယ်မှာပိုစားချင်လဲ။

ဟေမာန်- ညီမက အိမ်မှာစားတာများတော့ အိမ်အစားအစာတွေ ကြိုက်တယ်။

စိုးဘို- ကျွန်တော် ကတော့ အိမ်မှာစားတာ နည်းတယ်။ အပြင်မှာ စားတာများတယ်။

စားဖူးသမျှထဲမှာ ဈေးကြီးပြီး မတန်ဘူးထင်တဲ့ အစားအစာဆိုရင်ရော၊ ဈေးပေါပြီး တန်တာမျိုးရော။

          ဈေးကြီးပြီး မတန်ဘူးထင်တဲ့ အစားအစာတွေကတော့ ကြုံတော့ကြုံဖူးတယ်။ ပေးရတာများပြီး စားရတာကျတော့ နည်းနည်းလေးဆိုတာမျိုး ကြုံဖူးပါတယ်။ လှည်းတန်းက ငါးကင်မျိုးကျတော့ ဈေးပေါပြီး တန်တယ်လို့ ထင်မိပါတယ်။

အကြိုက်ဆုံးအသီးအနှံ၊ အရွက်၊ အသား၊ ငါးတွေကို ပြောပြပေးပါဦး။ ဖျော်ရည်တွေရောပေါ့။

စိုးဘို- ကျွန်တော်ကတော့ အကြိုက်ဆုံးအသီးအနှံဆိုရင် စပျစ်သီး၊ ဖရဲသီး ကြိုက်တယ်။ အသားငါးဆိုရင်တော့ အမဲသားကြိုက်တယ်။

ဟေမန်- ညီမကတော့ ငါးနဲ့ ပင်လယ်စာတွေပဲ ကြိုက်တယ်။

အစားအသောက်တစ်ခုခုကို စားနေတုန်း အဲဒီအထဲမှာ ရွံစရာတွေ ဘာတွေရော တွေ့ဖူး လား။ အစားအသောက်စားနေရင်း သူငယ်ချင်းတွေက ဘေးနားက ရွံစရာပြောရင်ရော ရွံတတ်လား။

ဟေမာန်- ညီမကတော့ တွေ့ဖူးလားဆိုတာထက် စားနေတုန်း ရွံဖို့ကောင်းတဲ့ဟာတွေ ပြောတာတို့၊ ရွံစရာပုံတွေပြရင်တော့ ဆက်မစားချင်တော့ဘူး။

စိုးဘို- ကျွန်တော်ကတော့ မရွံတတ်ဘူး။ အဲဒီလိုဟာမျိုးတွေပြရင် စားလည်း စားတတ်တယ်။ ပြီးတော့ သူများကိုလည်း စတတ်၊ နောက်တတ်သေးတယ်။ သူများတွေ စားလို့ မရအောင်လေ။ ကိုယ်တစ်ယောက်တည်း စားမယ်ဆိုတဲ့ အကြံနဲ့လေ။ (ရယ်လျက်)

အစားအသောက်က နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးရဲ့  ယဉ်ကျေးမှုကို ဖော်ဆောင်နိုင်တယ်လို့ ထင်မြင်မိပါသလား။

          ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့  နိုင်ငံတိုင်းမှာ သူ့ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ အစားအသောက်တစ်မျိုးမျိုးတော့ ရှိကြတယ်လေ။ ကိုယ့်နိုင်ငံမှာလည်းရှိတယ်။ သူများနိုင်ငံမှာလည်း ရှိတယ်။

အခုချက်ပြတဲ့ ဟင်းလေးကို လိုက်ချက်စားကြည့်မယ့် ပရိသတ်အတွက် အမှတ်တရ စကားလက်ဆောင်လေးကို ပြောပြပေးပါဦး။

          ဒါလေးက ကြော်ရ၊ ချက်ရတာလည်း လွယ်တယ်။ ချက်လည်း ချက်စားကြည့်ပါလို့၊ အရမ်းအရသာလည်း ကောင်းပါတယ်လို့။ အခု ကျွန်တော်တို့ ၂ ယောက် ချက်တဲ့ နည်းလေးအတိုင်းပေါ့နော်။

စိုးဘိုနဲ့ ဟေမာန်တို့ရဲ့Lemon Butter Fish Fried

ပါဝင်ပစ္စည်းများ

ထောပတ်  –  စားပွဲဇွန်း ၄ ဇွန်း

သံပရာရည်  –  စားပွဲဇွန်း ၂ ဇွန်း

ကြက်သွန်ဖြူ  –  စားပွဲဇွန်း ၁ ဇွန်း (နုပ်နုပ်စဉ်း)

ဆား၊ ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

ငါး  –  ၁၆၀ ဂရမ်

ဂျုံ  –  အနည်းငယ် (ကပ်ကြော်ရန်)

ဆီ  –  ကြော်ရန်

အာလူး  –  ၂ လုံး (အသေး)

ပြုလုပ်နည်း

၁။       လက်ဝါးအပြားလောက်ရှိတဲ့ငါးကို သေချာဆေး ကြောပြီး လက်မဝက်ခန့်အထူ အပြားလေးတွေ လွှာထားပါ။ ဆီပူပူထဲမှာ ငါးကို ဂျုံကပ်ပြီး နီညို ရောင်ရလာတဲ့ အထိ ကြော်ပါ။

၂။       ထောပတ်ကို ဒယ်အိုးထဲမှာ အပူပေးပါ။ ထောပတ် အနံ့ပြောင်းလာပြီဆိုလျှင် ကြက်သွန်ဖြူ (နုပ်နုပ်စဉ်း)နှင့် သံပရာရည်ထည့်ပြီး ၃ မိနစ်ခန့် ချက်ပါ။ ကြော်ထားတဲ့ ငါးအပြားပေါ်မှာ ဆမ်းပါ။

၃။       အာလုံးကို သေချာသန့်စင်သွားအောင် ဆေးကြောပြီး ဆား၊ ငရုတ်ကောင်းမှုန့် ဖြူးပါ။ ဒယ်အိုးထဲ ထောပတ်ထည့်ပြီး ရဲလာတဲ့အထိ ကြော်ပါ။ ပန်းကန်တစ်ချပ်မှာ ငါးပြားကြော်၊ အာလူးနှင့် အချဉ်လိုလျှင် ဆမ်းစားဖို့ သံပရာသီးတို့ကို ပြင်ဆင်ပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments