ဟင်းတစ်မျိုးကိုကြိုက်သွားရင် နေ့တိုင်း တစ်လနည်းပါးလောက် အဲဒီဟင်းကိုစားတတ်တယ်ဆိုတဲ့ ဧငြိမ်းဖြူ

ဟင်းတစ်မျိုးကိုကြိုက်သွားရင် နေ့တိုင်း တစ်လနည်းပါးလောက် အဲဒီဟင်းကိုစားတတ်တယ်ဆိုတဲ့ ဧငြိမ်းဖြူ

အာဂ မေးမြန်းရေးသားသည်

အချက်အပြုတ်ကို ဘယ်အရွယ်လောက်ကတည်းက စပြီးတော့ ဝါသနာပါခဲ့ပါသလဲ။

          အချက်အပြုတ်ကတော့ ငယ်ငယ်ကတည်းက ဝါသနာပါပါတယ်။ အခုကျတော့ အိမ်မှာနေရင်းတော့ သိပ်မချက်ဖြစ်ဘူး။ တစ်ခါတလေကျရင် Facebook မှာတွေ့တဲ့ ဟင်းချက်နည်းတွေကြည့်ပြီးတော့ ချက်ဖြစ် တယ်။

အခု မန်ကျည်းရွက်သုပ်လေးကို ပရိသတ်ကို ချက်ပြဖို့ စီစဉ်ဖြစ်သွားပုံလေးကိုလည်း ပြောပြပေးပါဦး။

          ဒီအသုပ်လေးကို လုပ်ပြဖြစ်တာက မန်ကျည်းရွက်သုပ်က ညီမလည်းစားဖြစ်တယ်။  အခုက မိုးရာသီ လည်းရောက်နေတဲ့အခါမှာ မန်ကျည်းရွက်နုလေး တွေကလည်းပေါလာတယ်။ နောက်ပြီးတော့ မန်ကျည်းရွက်က ဆေးဘက်လည်းဝင်တယ်ဆိုတော့ အကုန်လုံးစားဖို့အတွက် သင့်တော်မယ်ထင်လို့ လုပ်ပြဖြစ်သွားတာပါ။

ဘဝမှာ ပထမဆုံးစချက်ဖြစ်တဲ့ ဟင်းပွဲလေးကို မှတ်မိသေးရင် ပြောပြပေးပါဦး။ အရသာကရော ဘယ်လိုရှိသလဲ။

          ပထမဆုံးလုပ်ဖြစ်တဲ့ဟင်းပွဲလေးက ဆိတ်သား ဟင်းလေးပါ။ အရသာကတော့ ပထမဆုံး ချက်နည်းကြည့်ချက်တာဆိုတော့ သိပ်တော့အဆင်မပြေလှဘူး။

ညီမချက်တဲ့ဟင်းတွေထဲမှာ လူကြိုက်အများဆုံး ဟင်းပွဲကရော ဘာဟင်းပွဲဖြစ်မလဲ။

          ညီမအိမ်မှာ ညီမချက်ဖြစ်တဲ့ ဆိတ်သားဟင်းကိုတော့ အမေတို့က သဘောကျတယ် လို့တော့ ပြောဖူးပါတယ်။ ဒီတော့ ဆိတ်သားဟင်းက လူကြိုက်များတယ်လို့ ပြောရမလိုပါပဲ။

ညီမချက်တဲ့ဟင်းကိုစားပြီး ပထမဆုံးချီးမွမ်းခံရတုန်းက ခံစားချက်ကရော။အချက်အပြုတ်ကို ဘယ်သူတွေဆီက သင်ယူဖူးလဲ။

          အဲဒီ ညီမချက်ကျွေးတဲ့ဆိတ်သားဟင်းကို သူငယ်ချင်းတွေရော၊ မိသားစုကပါ အရသာကို မဆိုးဘူးကောင်းတယ်။ ကြိုက်ကြတော့ ချီးမွမ်းတော့ ပျော်တာပေါ့။ ညီမတို့ အိမ်မှာကြတော့  အများဆုံး အမေကချက်တာများတယ်။ ဒီတော့ အမေချက်တာကို ဝိုင်းကူရင်းနဲ့ အမေ့ဆီက ပညာရတာမျိုးလည်းရှိတယ်။ တခြားကတော့ စောစောကပြောသလို အင်တာနက်ကနေ ထူးထူးဆန်းဆန်း ဟင်းချက်နည်းလေးတွေတွေ့ရင် လိုက်လုပ်စား ဖြစ်ရင်နဲ့ သင်ယူမိတယ်။ အဓိက လက်ဦးဆရာကတော့ အမေပါ။

ငယ်ငယ်တုန်းကကြိုက်ပြီး အသက်ကြီးမှ မကြိုက်တာနဲ့ ငယ်ငယ်က မကြိုက်ဘဲ အသက်ကြီးမှ ကြိုက်တာဆိုရင်ရော။

          အဲ့ဒီလိုမျိုးတော့ မရှိဘူး။  ညီမက အစားအသောက်ကို အရမ်းအစွဲအလန်းကြီးတယ်။ဥပမာ ဟင်းတစ်မျိုးကိုကြိုက်သွားရင် နေ့တိုင်း တစ်လနည်းပါလောက် အဲ့ဒီဟင်းကို စားတတ်တယ်။ ရိုးသွားတာမျိုးတော့မရှိဘူး။

အစားအသောက်နဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်လေးတွေရှိရင် ပြောပြပေးပါဦး။ ဥပမာ-တချို့ သကြားလုံးမျိုမိတာတို့၊ ကျောင်းမှာ မုန့်ခိုးစားလို့ အရိုက်ခံရတာတို့၊ ဟင်းခိုးစားတာတို့ပေါ့။ 

          အစားအသောက်နဲ့ပတ်သက်ပြီးအမှတ်တရအဖြစ်အပျက်ဆိုရင် စောစောကပြောသလို အစားစာတစ်ခုကို ကြိုက်သွားရင် နေ့တိုင်း စားတတ်တဲ့အကျင့်ရှိတော့ ။ သရက်သီးကို နေ့တိုင်းစားမိလို့ အစာအိမ်ရောင်ပြီး ဆေးရုံတက်လိုက်ရတာမျိုးရှိတယ်။ ကျောင်းတက်တုန်းကတော့ အတန်းထဲမှာ ခဏခဏ မုန့်ခိုးစားဖြစ်တာမျိုးက အမှတ်တရပါ။

မနက်စာကို ဘယ်အချိန်လောက်စားဖြစ်လဲ။ ဘာဟင်းတွေနဲ့ စားဖြစ်တာများလဲ။နေ့ လယ်စာနဲ့ ညစာရော။

          မနက်စာကိုတော့ မနက် ၁၂ နာရီမကျော်ခင်လောက်မှာ နန်းကြီးသုပ်စားဖြစ်တယ်။ နေ့လယ်စာကတော့ ပုံမှန်ထမင်းစားချိန်မှာ ထမင်းစားတယ်။ ညနေစာလည်း စားဖြစ်တယ်။ ညစာလည်းစားဖြစ်တယ်။ ညီမက ခန္ခာကိုယ်သေးပေမယ့် ခဏ၊ ခဏတော့ စားဖြစ်တယ်။

ညစာကိုရော အိမ်မှာမိသားစုနဲ့စားဖြစ်လား။ ဒါမှမဟုတ် အပြင်မှာစားဖြစ်သလား။ညစာ စားပြီးရင်ရော အချိုတည်းလား။

          ညစာကတော့ ပုံမှန်မရှိဘူး။ အိမ်မှာလည်းစားတယ်။ အပြင်မှာလည်း ထွက်စားဖြစ် တာမျိုးရှိတယ်။ အမေက သူချက်တဲ့ဟင်းကို စားမှကျေနပ်တတ်တဲ့လူဆိုတော့ ညစာကို အပြင်မှာစားမိရင်လည်း အိမ်ရောက်ရင်လည်း ထပ်စားဖြစ်ပါတယ်။ ညစာစားပြီးရင်တော့ တစ်ခါတလေမှာတော့ အချိုတည်းဖြစ်ပါတယ်။ အမြဲတမ်းကြီးတော့ မတည်းဖြစ်ပါဘူး။

စားဖူးသမျှအစားအစာတွေထဲမှာ တစ်သက်မမေ့လောက်အောင်ဖြစ်တဲ့ အစားအသောက် မျိုးရောရှိလား။

          တစ်သက်မမေ့လောက်တာမျိုးဆိုတော့ ညီမက ဆိတ်သားဟင်း အရမ်းကြိုက်တယ်။ အဘွားရှိတုန်းကဆိုရင် အဘွားချက်ကျွေးတဲ့  ဆိတ်သားဟင်းက ဘယ်ဆိတ်သားဟင်းနဲ့မှ မတူဘူး။ ဘယ်တော့မှလည်း မေ့လို့မရဘူး။

ထူးထူးဆန်းဆန်း အစားအသောက်တွေရော ညီမစားဘူးလား။

          ထူးထူးဆန်းဆန်း အစားအသောက်ဆိုရင်တော့  ညီမက အဲဒီလိုထူးဆန်းတဲ့ အကောင်သားတွေဆိုရင် သိပ်တော့မစားဘူး။ ကြောက်တယ်။

အားလပ်ရက်တွေမှာ  တစ်ခုခုလုပ်စားလေ့ရှိလား။

          အားလပ်ရက်တွေမှာဆိုရင်  စောစောကပြောသလို  Facebook မှာတွေ့တဲ့ ထူးဆန်းတဲ့ ဟင်းလေးတွေဆိုရင် လုပ်စားဖြစ်တယ်။ များသောအားဖြင့် ပေါင်မုန့်ကို ချိစ်နဲ့ရောလုပ်တာမျိုး စသဖြင့် လွယ်လည်းလွယ်တယ်။ ဆန်းလည်းဆန်းတာမျိုးလေးတွေဆိုရင် လုပ်စားဖြစ်ပါတယ်။

ရှုတင်သွားတဲ့အခါမှာ ထမင်းချိုင့်တွေယူလေ့ရှိလား။

          ရှုတင်သွားရင်တော့  ထမင်းချိုင့်ယူလေ့မရှိပါဘူး။ ရှုတင်သွားရင် ရှုတင်ထမင်းစားတယ်။ ဗိုက်ဆာလာရင် ရှုတင်နားမှာရှိတဲ့ ဆိုင်တစ်ခုခုမှာဝယ်စားတာမျိုးပဲရှိတယ်။

ကိုယ်မစားဖူးတဲ့ အစားအသောက်တွေကို မြည်းစမ်းချင်စိတ်ရှိလား။

          အဲ့ဒီလိုမျိုးတော့မရှိဘူး။ ဥပမာ ညီမက ငယ်ငယ်လေးကတည်းက သင်္ဘောသီးမစားဖူးဘူး။ သင်္ဘောသီးက ဘာမှမဖြစ်ဘူးဆိုတာလည်း သိတယ်။ ဒါပေမဲ့ ကိုယ်မစား ဘူးတဲ့အရာကို စားရမှာကျတော့ တစ်မျိုးကြီးပဲ။ အဲ့ဒါကြောင့် စားလေ့မရှိဘူး။

တချို့တွေက စိတ်ညစ်တာတို့၊ ဝမ်းနည်းတာ၊ ပျော်ရွင်တာ၊ ဝမ်းသာတာမျိုးမှာ အစားတွေများများစားလေ့ရှိတယ်။  ညီမကရော အဲလိုအခါများမျိုးမှာအစားအသောက်နဲ့ပတ်သက်ပြီး ဘာတွေစားဖြစ်လဲ။ များများစားလား၊ နည်းနည်းစားလား။

          တချို့တွေက  စိတ်ညစ်ရင် မစားချင်တာမျိုးရှိတယ်။  ညီမကျတော့ အဲ့ဒီလိုမဟုတ်ဘူး။ စိတ်ညစ်ရင် ဘာဖြစ်ဖြစ်စားချင်နေတယ်။ ပိုတောင်စားဖြစ်တယ်ထင်တယ်။

ညီမရဲ့ အစားအသောက်နဲ့ ကျန်းမာရေးအပေါ် အမြင်နဲ့ အစားအသောက်နဲ့ ခန္ဓာကိုယ်  ထိန်းသိမ်းမှုပုံလေးကို ပြောပြပေးပါဦး။      

          အစားအသောက်နဲ့ ကျန်းမာရေးဆိုရင်တော့ ပိန်တဲ့သူဖြစ်စေ၊ ဝတဲ့လူဖြစ်စေ  အစားဆိုတာ  တန်ဆေးလွန်ဘေးလိုပါပဲ။ ကိုယ်နဲ့မတည့်တာမျိုးဆိုရင်လည်း ရှောင်သင့်တယ်။ ဥပမာ အချဉ်တွေဆိုရင်လည်း စားတာများလို့ရှိရင် ဝမ်းလျောတာမျိုးဖြစ်တတ်တယ်။ ဒီတော့ ကိုယ့်ခန္ဓာကိုယ်နဲ့ လိုက်လျောညီထွေဖြစ်အောင်  ထိန်းသိမ်းစားသောက်တာကတော့ အကောင်းဆုံးပါပဲ။ တချို့တွေ ဝိတ်ချတဲ့လူတွေဆိုရင် ထမင်းမစားဘူး။ အဲဒီလိုမျိုးတွေကိုလည်း မလုပ်စေချင်ပါဘူး။ ထမင်းကတော့ ပုံမှန်စားပြီးတော့ တခြားနည်းနဲ့ ဝိတ်လျော့တာမျိုးပဲ လုပ်စေချင်တယ်။ ညီမကတော့ ဘယ်လောက် စားစားဝမလာတဲ့ ခန္ဓာကိုယ်ထဲမှာမပါတော့ အစားအသောက်ကို အများကြီးတော့ ရှောင်လေ့တော့မရှိဘူး။ အသက်ကြီးလာရင်တော့ မပြောတတ်ဘူး။  ဒါပေမဲ့ ညီမက အစာအိမ်ရောင်တတ်တော့ အစပ်တွေ ဘာတွေကိုတော့ အများကြီးမစားဖြစ်ပါဘူး။

အိမ်ကမိဘတွေချက်တဲ့ ဟင်းတွေထဲမှ ဘယ်ဟင်းကိုအကြိုက်ဆုံးလဲ။

          မေမေချက်တဲ့ဟင်းထဲကဆိုရင် တော်များများတော့စားတယ်။ဘယ်ဟာအကြိုက်ဆုံးရယ် လို့တော့ မရှိပါဘူး။ ညီမက အစားသောက်ကို သိပ်ပြီးချေးမများတတ်တော့လေ။

နိုင်ငံတကာက အစားအသောက်တွေမှာဆိုရင် ဘယ်နိုင်ငံက ဘယ်အစားသောက်ကို စားဖြစ်တာများလဲ။

          ညီမကတော့ အမှန်တိုင်းပြောရရင် မြန်မာအစားသောက်ကို အကြိုက်ဆုံးပဲ။ ပြည်ပ ခရီးတွေ ဘန်ကောက်တို့ကို ရက်ရှည်သွားရင်တောင် မြန်မာထမင်း၊ ဟင်းဆိုင်တွေကို တွေ့အောင်ရှာပြီးတော့ စားလေ့ရှိတယ်။

နိုင်ငံခြားကိုရောက်နေတဲ့အချိန်မှာ ကိုယ့်နိုင်ငံက ဘယ်အစာအစားကို  လွမ်းဆွတ်တမ်းတမိပါသလဲ။

          ညီမက နိုင်ငံခြားရောက်ရင်တော့ မြန်မာပြည်က ရှောက်သီးသုပ်၊ ရခိုင်မုန်တီတို့ကို အရမ်း သတိရတယ်။

ဘဝမှာ အမှတ်တရဖြစ်မယ့်အစားအစာရှိလား။ ဥပမာ အဲဒီအစားအစာကို စားလိုက်ရင် တစ်နေရာရာ၊ တစ်ယောက်ယောက်စသဖြင့် အမှတ်တရဖြစ်မယ့် အစားအစာမျိုးပေါ့။

          အဲဒီလိုမျိုးဆိုရင်တော့  ညီမ အဘွားချက်ပေးတဲ့ ဆိတ်သားဟင်းကို အမေကချက်ပေးတဲ့အခါ အဘွားလက်ရာနဲ့ အရသာတူသွားတဲ့အခါမျိုးဆိုရင်တော့ အဘွားကိုသွားပြီးတော့ သတိရမိတယ်။ နောက်ပြီးတော့ ညီမ ဒဂုံ ၁ မှာတက်တုန်းကစားတဲ့ ရေခဲချောင်း၊ ငါးဖယ်အဆာသွတ်တို့ကို အရမ်း စားချင်လာပြီဆိုရင် ကျောင်းရှေ့မှာသွားသွားစားတယ်။ အဲဒီအချိန်ကျရင်တော့ ကျောင်းတက်တုန်းကဘဝကို ပြန်ပြီးတော့သတိရတယ်။

ညီမစားဖူးသမျှထဲမှာ ဈေးကြီးပြီး မတန်ဘူးထင်တဲ့ အစားအသောက်တွေရှိလား။

          အဲ့ဒီလိုမျိုးတော့ ကြုံဖူးတယ်။  တစ်ခါတလေကျရင် ဈေးအများကြီးပေးလိုက်ရပေမယ့် နည်း နည်းလေးပဲပါတာမျိုး၊ အရသာမရှိတာမျိုး၊ စားမကောင်းတာမျိုးတော့ ခဏခဏကြုံဖူးတယ်။

စားသောက်ဆိုင်နဲ့ အိမ်မှာဆိုရင် ဘယ်မှာပိုပြီးတော့ စားချင်လဲ။

          ညီမကတော့ အိမ်မှာပိုစားချင်တယ်။

ညီမကြိုက်ဆုံး  အသီးအနှံ ၊  အရွက်၊ အသား၊ ငါးတွေကို ပြောပြပေးပါဦး။ ဖျော်ရည်တွေထဲမှာဆိုရင်ရော။

          ညီမအကြိုက်ဆုံး အသီးအနှံဆိုရင်တော့ လိမ္မော်သီး၊ ကျွဲကောသီး။ အရွက်တွေထဲမှာဆိုရင် ကန်စွန်းရွက်ကြိုက်တယ်။ အသားငါးထဲမှာဆိုရင်တော့ ဝက်သား၊ အမဲသားမစားတော့ ဆိတ်သားကြိုက်တယ်။ ဖျော်ရည်ထဲမှာဆိုရင်တော့ ကမ္ဗလာသီးဖျော်ရည်ကြိုက်တယ်။

ညီမနဲ့မတည့်တဲ့ အစားသောက်တွေရောရှိလား။ မကြိုက်တဲ့အစားစာရော။

          မတည့်တာမျိုးတော့မရှိဘူး။ မကြိုက်တာဆိုရင်တော့ မစားဖြစ်တဲ့အစားစာတွေပါပဲ။ ဥပမာ နံနံပင်ဆိုရင် မကြိုက်ဘူး။ အဲဒီလိုမျိုး အခြားအသီးတွေ ကိုယ်မစားဖြစ်တဲ့ဟာတွေဆို မစားပါဘူး။

အစားအသောက်တစ်ခုခုကိုစားနေတုန်း အဲဒီထဲမှာ ရွံစရာတွေဘာတွေရောတွေ့ဖူးလား။ အစား အသောက်စားနေရင်း သူငယ်ချင်းတွေက ဘေးနားက ရွံစရာပြောရင်ရော ရွံတတ်လား။

          တွေ့ဖူးပါတယ်။ ညီမ ဆိုင်တစ်ဆိုင်မှာသွားစားတုန်းက ပိုးဟပ်လိုမျိုးဟာမျိုးတွေ့ဖူးတယ်။ ဒါပေမဲ့ သိပ်ပြီးတော့ အရွံကြီးတော့မဟုတ်ပါဘူး။ သူငယ်ချင်းတွေ စနောက်ရင်လည်း တွေးပြီးရွံတတ်တာမျိုးလည်း မရှိပါဘူး။ နောက်နေလည်း အေးဆေးပါပဲ။

အစားအသောက်က နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးရဲ့  ယဉ်ကျေးမှုကို ဖော်ဆောင်နိုင်တယ်လို့ ထင်မြင်မိပါသလား။

          ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်မှာ ဆိုရင်လည်း မြန်မာပြည်ကလုပ်တဲ့ မြန်မာ့ယဉ်ကျေးမှုမုန့်တို့  တခြားနိုင်ငံမှာဆိုရင်လည်း သူတို့ယဉ်ကျေးမှုကိုဖော် ဆောင်တဲ့မုန့်တွေ တစ်ခုမဟုတ်တစ်ခုရှိပါတယ်။

အခု ညီမလုပ်ပြတဲ့ မန်ကျည်းရွက်သုပ်ကို လိုက်လုပ်စား မယ့်ပရိသတ်အတွက် အမှတ်တရစကားလက်ဆောင် လေးကို ပြောပြပေးပါဦး။

          ဒီမန်ကျည်းရွက်အသုပ်လေးက  ကျန်းမာရေးရှူ့ ထောင့်ကနေမြင်ရင်တောင် စားသင့်တဲ့  အစားအသောက် တစ်ခုတည်းမှာပါပါတယ်။ ဒီအသုပ်လေးက လုပ်ရတာလည်း လွယ်ကူတယ်။ အချိန်လည်း သိပ်မပေးရတဲ့အတွက် ပရိသတ်အကုန်လုံး လုပ်စားလို့အဆင်ပြေမယ့် အစား အသောက်တစ်ခုလို့ ထင်ပါတယ်။ ဒီတော့  လိုက်လုပ် စားကြည့်ပါလို့။

ဧငြိမ်းဖြူရဲ့ မန်ကျည်းရွက်သုပ်

    ပါဝင်ပစ္စည်းများ

♦   မန်ကျည်းရွက်   –   ၁၀ သား

♦   ကြက်သွန်နီ   –   ၂ လုံး(ပါးပါးလှီး)

♦   နှမ်းဖြူ   –   ၂ ဇွန်းခန့်

♦   နှမ်းမည်း   –   ၁ ဇွန်း

♦   မြေပဲ   –   ၂ ဇွန်းခန့် (ထောင်းပြီးသား)

♦   ဆီ(ဆီချက်)   –    စားပွဲဇွန်း ၂ ခန့်

♦   ဆား   –   အနည်းငယ်

♦   ငံပြာရည်   –   အနည်းငယ်

   ပြုလုပ်နည်း

၁။      ပထမဆုံး မန်ကျည်းရွက်ကိုနွှင်ပြီး ရေစင်စင်ဆေးကြောထားပါ။

၂။      ပြီးလျှင်  ကြက်သွန်နီ၊ ဆီချက်၊ ဆား၊ ငံပြာရည်၊ နှမ်းဖြူ၊ နှမ်းမည်း၊ မြေပဲမှုန့်တို့ကိုထည့်ပြီးနယ် ပြီးပါက အရသာရှိသော မန်ကျည်းရွက်သုပ်ကို သုံးဆောင်နိုင်ပါပြီ။

Facebook Comments