ဟင်းချက်တယ်ဆိုတာကလည်း အနုပညာတစ်မျိုးဆိုတာ သိခဲ့ရတယ်ဆိုတဲ့ အိမ့်ချစ်

 

ဟင်းချက်တယ်ဆိုတာကလည်း အနုပညာတစ်မျိုးဆိုတာ သိခဲ့ရတယ်ဆိုတဲ့ အိမ့်ချစ်

အာဂ မေးမြန်းရေးသားသည်

အချက်အပြုတ်ကို ဘယ်အရွယ်လောက်ကတည်းက စပြီးတော့ ဝါသနာပါခဲ့ပါသလဲ။

          အချက်အပြုတ်ကတော့ ဝါသနာပါတာထက်စာရင် ညီမကို အမေအချက်အပြုတ်သင်ပေးတာက ၇ တန်း၊ ၈ တန်းလောက်ကပါ။

အခု အမဲသားလက်ဖက်ဟင်းကို ပရိသတ်ကို ချက်ပြဖို့စီစဉ်ဖြစ်သွား ပုံလေးကိုလည်း ပြောပြပေးပါဦး။

          ညီမက အသားဆိုရင် အရမ်းရှောင်တဲ့အထဲမှာမပါပါဘူး။ အိမ်မှာ ဆိုလို့ရှိရင်လည်း အမေ့ရဲ့ အမဲသားဆီပြန်၊ အမဲနှပ်ဟင်းတွေက ညီမအကြိုက်ဆုံး ဟင်းလေးတွေပါပဲ။ ဒီတော့ ကိုယ်ကိုယ်တိုင်ချက်စားရင် လည်း အဲဒီဟင်းလေးတွေချက်စားဖြစ်တာများတယ်။ အဲဒါကြောင့် ထူးထူးခြားခြားလည်းဖြစ်သွားအောင် လက်ဖက်လေး ထည့်ချက်ဖြစ်တာပါ။

ဘဝမှာ ပထမဆုံးစချက်ဖြစ်တဲ့ ဟင်းပွဲလေးကိုမှတ်မိသေးရင် ပြောပြပေးပါဦး။ အရသာကရော ဘယ်လိုရှိသလဲ။

          မိန်းကလေးတွေရဲ့ အချက်အပြုတ်အစက ပြောရမယ်ဆိုရင် ကြက်ဥကြော်တာကစတာပါပဲ။ ညီမလည်း ကြက်ဥကြော်ကနေပြီးတော့ စတာပါပဲ။ အဲဒီတုန်းက အရသာထက် ဘယ်လိုဖြစ်လည်းဆိုတော့ ကြက်ဥကြော်ရင် အမြဲတမ်းအနှစ်ပေါက်တယ်။ အနှစ်မပေါက်အောင်လို့ အိမ်က အမေတွေက ကြော်ခိုင်းတယ်။ ဒါပေမဲ့ ပေါက်တယ်။ ကြက်ဥကြော်တာတောင် လွယ်မယ်လို့ထင်ခဲ့တာ တကယ်တော့ မလွယ်မှန်းသိသွား တယ်။ တကယ်တော့ ဟင်းချက်တယ်ဆိုတာကလည်း အနုပညာတစ်မျိုးဆိုတာ သိခဲ့ရတယ်။

ညီမချက်တဲ့ဟင်းတွေထဲမှာ လူကြိုက်အများဆုံးဟင်းပွဲကရော ဘာဟင်းပွဲဖြစ်မလဲ။

          ညီမက အိမ်မှာ ဆီပြန်ဟင်းတွေစားတာများတယ်။ အိမ်မှာကတော့ ကိုယ်ချက်ရင် အများဆုံးအားပေးတာ အမေပဲရှိတယ်။ ချက်ဖြစ်တာလည်း ဆီပြန်ဟင်းတွေပေါ့။  ညီမကတော့ ထူးထူးဆန်းဆန်းတွေတော့ ချက်လေ့ချက်ထမရှိဘူး။

ညီမချက်တဲ့ဟင်းကိုစားပြီး ပထမဆုံးချီးမွမ်းခံရတုန်းက ခံစားချက်ကရော။ အချက်အပြုတ်ကို ဘယ်သူတွေဆီက သင်ယူဖူးလဲ။

          ကမ္ဘာပေါ်မှာ ကိုယ်ချက်တဲ့ဟင်းကို ဘယ်သူကြိုက်ကြိုက်၊ မကြိုက်ကြိုက် အမေက ကြိုက်တယ်လို့ပြောရင်တော့ ဝမ်းသာရတာပေါ့။ အမေက ညီမရဲ့ အကဲဖြတ်ဒိုင်သူကြီးဆို တော့လေ။ ကျန်တဲ့လူတွေက ချီးကျူးတာထက် အမေချီးကျူးရင်တော့  ဪသာ် -ငါ တော် တော်တိုးတက်လာပြီ ဆိုပြီးတော့ ဝမ်းသာမိတယ်။ အချက်အပြုတ်ကတော့ အမေ့ဆီကပဲ အဓိကသင်ယူဖြစ်တာပါ။

ငယ်ငယ်တုန်းကကြိုက်ပြီး  အသက်ကြီးမှ မကြိုက်တာနဲ့ ငယ်ငယ်က မကြိုက်ဘဲ  အသက်ကြီးမှကြိုက်တာ ဆိုရင်ရော။

          အဓိကက ငယ်ငယ်တုန်းကကြိုက်ပြီး အသက်ကြီးမှမကြိုက်တာထက်၊ ငယ်ငယ်က မကြိုက်ဘဲ အသက်ကြီးမှကြိုက်လာတာက ပိုများတယ်။ ညီမငယ်ငယ်တုန်းကဆိုရင် အခုလောက် အသီးအရွက်မစားဘူး။ ကန်စွန်းရွက်တစ်မျိုးကလွဲလို့ မစားဘူး။ အခု နောက်ပိုင်းကျတော့ ကိုက်လန်တွေဘာတွေလည်း စားတတ်လာတယ်။ မုန်ညင်းစားတတ် လာတယ်။ အရင်က  ညီမက တော်တော်လေးကို အသီးအရွက်မစားတဲ့ အထဲမှာပါတယ်။ ငယ်ငယ်ကဆိုရင် ပဲပင်ပေါက်ဆို လုံးဝအနံ့ခံလို့မရဘူး။ အခုတော့ နည်းနည်းပါးပါး စားတတ်လာတယ်။ ငါးပိရည်ဆိုရင်လည်း ဒီအတိုင်းပဲ။ အခုမှကြိုက်တတ်လာတယ်။

အစားအသောက်နဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်လေးတွေရှိရင် ပြောပြပေးပါ ဦး။ ဥပမာ-တချို့ သကြားလုံးမျိုမိတာတို့၊ ကျောင်းမှာ မုန့်ခိုးစားလို့ အရိုက်ခံရတာတို့၊ ဟင်းခိုးစားတာတို့ပေါ့။ 

          အစားအသောက်နဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်ဆိုရင် အရိုးစူးတာမျိုးက အဖြစ်များတယ်။ နောက်ပြီးတော့ ငယ်ငယ်တုန်းက ညီမက ကျောင်းမှာတော်တော်ဆိုးတယ်။ မုန့်ခိုးစားတာတောင် ရိုးရိုးမုန့်ကို ခိုးစားတာမဟုတ်ဘဲနဲ့ ရခိုင်မုန့်တီကို ချိုင့်ထဲမှာ ထည့်ပြီးခိုးစားတာ။ ငရုတ်သီးစပ်နေတာ ဆရာမမြင်ပြီး  အဆူခံရတာမျိုးလေးတွေရှိတယ်။ အိမ်မှာဆိုရင်လည်း ပုစွန်ခြောက်တွေခိုးစားတာမျိုး စသဖြင့်တော့ အမှတ်တရလေးတွေ ရှိပါတယ်။

မနက်စာကို ဘယ်အချိန်လောက်စားဖြစ်လဲ။ ဘာဟင်းတွေနဲ့ စားဖြစ်တာများလဲ။ နေ့လယ်စာနဲ့ ညစာရော။

          ညီမက  မနက်စာကို မြန်မာအစားအစာတွေစားရတာ ပိုကြိုက်တယ်။ မုန့်ဟင်းခါး၊ အသုပ် စသဖြင့်ပေါ့။ ခရီးသွားတဲ့အခါမျိုးဆိုရင်တော့ ပေါင်မုန့်တွေဘာတွေစားရတာပေါ့။ မနက်စာကတော့ ၁၀ နာရီအထိ နောက်အကျဆုံးစားတယ်။ နေ့လယ်စာကလည်း မနက်စာပေါ်မှာ မူတည်ပြီးတော့ အချိန်ပြောင်းလဲသွားတယ်။ မနက်စာစောစောစားထားရင် ၁၁ နာရီပေါ့။ နောက်ကျရင်တော့ ၁ နာရီအလွန်ဆုံး ပါပဲ။ ညစာကတော့ ၇ နာရီလောက်ဆို စားဖြစ်တယ်။

ညစာကိုရော အိမ်မှာမိသားစုနဲ့ စားဖြစ်လား။ ဒါမှ မဟုတ် အပြင်မှာစားဖြစ်သလား။ ညစာ စားပြီးရင်ရော အချိုတည်းလား။

          ညစာကတော့ ပုံမှန်မရှိဘူး။  ညီမက ခရီးတွေသွားနေရတာများတော့  အိမ်မှာစားတယ်။ ဆိုင် မှာစားတယ်ရတယ်လို့ ပုံသေမရှိပါဘူး။ ဒီနေ့အိမ်မှာစားရရင် နောက်နေ့အပြင်မှာ စားရတာမျိုးရှိတယ်။

စားဖူးသမျှအစားအစာတွေထဲမှာ တစ်သက်မမေ့ လောက်အောင်ဖြစ်တဲ့ အစားအသောက်မျိုးရော ရှိလား။

          တစ်သက်မမေ့လောက်တာမျိုးဆိုတော့ ညီမက အရမ်းဂျီးများတယ်။ အပြင်တွေမှာ ညီမက မြန်မာထမင်းဟင်းစားလို့ရှိရင် သူများချက်တဲ့ ဟာကိုမစားဘူး။ ငယ်ငယ်ကတည်းက  ကျောင်းမှာ ထမင်းချိုင့်အတူတူစားကြတယ် ဆိုရင် ညီမက သူများဟင်းကို ဘယ်တော့မှ မနှိုက်စားဘူး။ ဘာလို့လည်းဆိုတော့ သူများအိမ်က ဆီသတ်တဲ့အရသာကို ညီမ လုံးဝမကြိုက်ဘူး။ ညီမအမေဆီသတ်တာကိုပဲ သဘောကျတယ်။ အဲဒီ အမေ့ဟင်းအနှစ်ကလွဲလို့ ကျန်တာတွေမစားတတ်ဘူး။ ဒီတော့ အမေ့ရဲ့ဆီသတ်တဲ့ ဟင်းအနှစ်ကတော့ တစ်သက် မမေ့နိုင်တဲ့အစားအသောက်ပါပဲ။

ထူးထူးဆန်းဆန်း အစားအသောက်တွေရော ညီမစားဖူးလား။

          ထူးထူးဆန်းဆန်း အစားအသောက်ဆိုရင်တော့  ညီမက အခုလတ်တလောမှ ပိုးကောင်တွေ စားဖူးသွားတာပါပဲ။ ငယ်ငယ်ကဆို ပုရစ်တို့ဘာတို့ဆိုရင် အရမ်းကြောက်တယ်။ အခုနောက်ပိုင်းမှ သူများကကျွေးလို့ စမ်းစားကြည့်ပါဆိုတော့မှ စားဖူးသွားတယ်။ စားကြည့်တော့ ဪသာ် -ငါအရမ်းကြောက်တဲ့သတ္တဝါတစ်ကောင်က  စားလို့တော့ကောင်း သားပဲဆိုပြီးတော့လေ။

အားလပ်ရက်တွေမှာ  တစ်ခုခုလုပ်စားလေ့ရှိလား။

          အားလပ်ရက်တွေမှာဆိုရင်တော့ လုပ်စားလေ့ရှိပါတယ်။ မြန်မာအစားအစာမျိုးတွေ အသုပ်တို့၊ မုန့်ဟင်းခါးတို့လုပ်စားဖြစ်တာများတယ်။

ရှုတင်သွားတဲ့အခါမှာ ထမင်းချိုင့်တွေယူလေ့ရှိလား။

          ရှုတင်သွားရင်တော့ ထမင်းချိုင့်ယူလေ့ရှိပါတယ်။ ညီမပြောသလို  အပြင်က အစား အစာတွေသိပ်မစားဖြစ်တဲ့အခါကျတော့လေ။

ကိုယ်မစားဖူးတဲ့ အစားအသောက်တွေကို မြည်းစမ်းချင်စိတ်ရှိလား။

          အဲ့ဒီလိုမျိုးတော့မရှိဘူး။ တချို့တွေဆိုလို့ရှိရင် ဥပမာ – ဒါက ဖားသား၊ ဒါက မြွေသား စသဖြင့်ပေါ့။ စားကြည့်ပါလားဆိုပြီး ပြောကြတယ်။ တစ်ခါကဆိုရင် ညစာစားပွဲတစ်ခုမှာ ငန်းအသည်းဟင်း အရမ်းကောင်းတယ်။ အရမ်းလည်းဈေးကြီးပေးရတယ်။ စားကြည့်ပါ လားပြောတယ်။ ဒါပေမဲ့ ညီမ လုံးဝထိလည်းမထိကြည့်ဘူး။ စားပါလို့ အတင်းပြောလို့ နည်းနည်းလေးစားကြည့်တာတောင်မှ ညီမ ပြန်ပြီးတော့ထွေးထုတ်ရတယ်။ အဲဒီလိုမျိုး ညီမ လုံးဝမကြိုက်ဘူးဆိုရင် မြည်းစမ်းကြည့်ဖို့ ခဲယဉ်းတယ်။

တချို့တွေက စိတ်ညစ်တာတို့၊ ဝမ်းနည်းတာ၊ ပျော်ရွှင်တာ၊ ဝမ်းသာတာမျိုးမှာ အစားတွေ များများစားလေ့ရှိတယ်။  ညီမကရော အဲဒီလိုအခါမျိုးမှာ အစားအသောက်နဲ့ပတ်သက် ပြီး ဘာတွေစားဖြစ်လဲ။ များများစားလား။ နည်းနည်းစားလား။

          အဲ့ဒီလိုတော့မရှိဘူး။ ညီမက ပျော်လည်းစားတယ်။ ဝမ်းနည်းလည်းစားတယ်။ တစ်ခု ကတော့ ညီမက စားသလောက်တော့ မဝလာဘူး။

ညီမရဲ့ အစားအသောက်နဲ့ ကျန်းမာရေးပေါ်အမြင်နဲ့  အစားအသောက်နဲ့ ခန္ဓာကိုယ် ထိန်းသိမ်းမှုပုံလေးကို ပြောပြပေးပါဦး။

          အစားအသောက်နဲ့ ကျန်းမာရေးက အရမ်းကိုဆက်စပ်ပါတယ်။ အခု ညီမကြိုက်တဲ့ အစားအစာတွေဆိုရင်  တကယ်တမ်း ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ ညီမတို့မြန်မာလူမျိုး တွေက ဆီတွေဆိုရင် တအားသုံးကြတယ်။ အစပ်စားတယ်။ အငန်စားတယ်။ အဲဒါမျိုးလေးတွေက တကယ်တမ်းကျတော့ ကျန်းမာရေးကို အများကြီးထိခိုက်စေပါတယ်။ ဒါတွေက  ရောဂါပိုပြီးဖြစ်စေတဲ့အရာတွေပါ။ ဒီတော့ တတ်နိုင်သမျှ ဆီကို အသန့်ဆုံးသုံးတာမျိုး၊ ဆီအများကြီးမစားတာမျိုး၊ အငန်အများကြီးမစားတာမျိုးလေးတွေ ထိန်းနိုင်ရင်တော့ ပိုကောင်းတာပေါ့။ ကိုယ့်ရဲ့စားသောက်မှုပေါ်မူတည်ပြီး ကိုယ့်ရဲ့ အင်အားတွေကိုဖြစ်စေတယ်။ ညီမဆိုရင် သီချင်းဆိုရတဲ့အတွက် အစားမစားရလို့ အားနည်းနေတဲ့အချိန်၊ မအိပ်ထားတဲ့အချိန်တွေဆိုရင် သီချင်းဆိုရတာ အရမ်းသိသာပါတယ်။ အသံထုတ်နိုင်တယ်။ မထုတ်နိုင်ဘူးဆိုတာပါ သိသာတယ်။

အိမ်ကမိဘတွေချက်တဲ့ ဟင်းတွေထဲမှာ ဘယ်ဟင်းကိုအကြိုက်ဆုံးလဲ။

          မေမေချက်တဲ့ ဟင်းထဲကဆိုရင်တော့ အမဲသားဆီပြန်ဟင်းကို အကြိုက်ဆုံးပါပဲ။

နိုင်ငံတကာက အစားအသောက်တွေမှာဆိုရင် ဘယ်နိုင်ငံက ဘယ်အစားအသောက်ကို စားဖြစ်တာများလဲ။

          ညီမကတော့ အီတာလျှံအစာ ပါစတာကြိုက်တယ်။ စပါကတီစားရင်တောင်မှ  ခရမ်းချဉ်သီးအနှစ်နဲ့ဟာဆို မစားဘူး။ သံလွင်ဆီလေးနဲ့ ပင်လယ်စာလေးနဲ့လုပ်တဲ့ဟာ မျိုးကိုပဲ စားဖြစ်တယ်။

နိုင်ငံခြားကိုရောက်နေတဲ့အချိန်မှာ ကိုယ့်နိုင်ငံက ဘယ်အစာအစားကို  တမ်းတမိပါသလဲ။

          ညီမက နိုင်ငံခြားရောက်ရင်တော့ မြန်မာပြည်က ချဉ်ရည်ဟင်းတို့ စသဖြင့်အရည် သောက်လေးတွေကို လွမ်းတယ်။  ညီမ ပထမဦးဆုံး နိုင်ငံခြားရောက်တုန်းက အစားအသောက်နဲ့ ပတ်သက်ပြီး အရမ်းစိတ်ညစ်တာက ဂျပန်စရောက်တုန်းကပါ။ ဂျပန်က အသားစိမ်းတွေ လုံးဝမစားတတ်သေးဘူး။ နောက် သူတို့ဆီက ထမင်းတွေစေးနေတာတွေ၊ ဆူရှီတွေ ညီမ မစားတတ်ဘူး။ အဲဒီအခါကျတော့ စရောက်တဲ့နေ့ကတည်းက မြန်မာပြည်ကိုလွမ်း၊ မြန်မာထမင်းဟင်းကိုလွမ်းရတယ်။ အဲဒီမှာ ၁၀ ရက်နေခဲ့ရင် ၁၀ ရက်လောက် တော်တော်လေးကို ဒုက္ဓရောက်ခဲ့ရတယ်။

ဘဝမှာ အမှတ်တရဖြစ်မယ့်အစားအစာရှိလား။ ဥပမာ အဲဒီအစားအစာကိုစားလိုက်ရင် တစ်နေရာရာ၊ တစ်ယောက်ယောက် စသဖြင့် အမှတ်တရဖြစ်မယ့် အစားအစာမျိုးပေါ့။

          အဲဒီလိုမျိုးဆိုရင်တော့ မိုးတွင်းဆိုရင် အိမ်မှာအမြဲတမ်းအမေက ရေစိမ်ခေါက်ဆွဲ လုပ်ပြီးတော့ ကျွေးတယ်။ အဲဒါကလည်း  အမြဲတမ်းတော့မစားရဘူး။  မြန်မာပြည်ရဲ့ ရာသီဥတုက အခုဆိုရင် အမြဲတမ်းပူနေတော့ သိပ်အဆင်မပြေတာများတယ်။ အခုလို မိုးတွင်းလေးရောက်လာပြီဆိုမှ ရေစိမ်ခေါက်ဆွဲ ကိုစားရတယ်။ အဲဒီအခါကျ ဘာကိုသွား သတိရမိလည်းဆိုရင် ညီမတို့ကျောင်းတက် တုန်းက ကျောင်းကနေပြန်လာတဲ့အချိန်၊ မိုးကလည်းအေးနေတဲ့အချိန် ၊ ကျောင်းဝတ်စုံ လေးလဲပြီးတော့ စားရတဲ့ အချိန်က ဘဝကို ပြန်ပြီးတော့သတိရတယ်။

ညီမစားဖူးသမျှထဲမှာ ဈေးကြီးပြီး မတန်ဘူး ထင်တဲ့အစားအသောက်တွေရှိလား။

          အဲ့ဒီလိုမျိုးတော့ ကြုံဖူးတယ်။ အများကြီးရှိပါတယ်။

စားသောက်ဆိုင်နဲ့ အိမ်မှာဆိုရင် ဘယ်မှာပိုပြီးတော့ စားချင်လဲ။

          ညီမကတော့ အိမ်မှာပိုစားချင်တယ်။ အိမ်မှာစားရတာကျတော့ ပိုအဆင်ပြေတာပေါ့။ စားသောက်ဆိုင်မှာကျတော့ ကိုယ့်အိမ်မှာ မြန်မာအစားအစာစားရတာကို ငြီးငွေ့လာ တဲ့အခါမှ သွားစားဖြစ်တာပါ။

ညီမအကြိုက်ဆုံး အသီးအနှံ၊ အရွက်၊ အသား၊ ငါးတွေကို ပြောပြပေးပါဦး။ ဖျော်ရည် တွေထဲမှာဆိုရင်ရော။

          ညီမအကြိုက်ဆုံး အသီးအနှံဆိုရင်တော့ ပန်သီး၊ နာနတ်သီး၊ သရက်သီး။ အရွက် တွေထဲမှာဆိုရင် ကန်စွန်းရွက်၊ ဂေါ်ဖီပန်း၊ မုန်လာဥနီ ကြိုက်တယ်။ အသားငါးထဲမှာဆိုရင်တော့ အမဲသားကြိုက်တယ်။ ပုစွန်ကြိုက်တယ်။ ဖျော်ရည်ထဲမှာဆိုရင်တော့  ပန်သီး၊ ဖရဲသီးဖျော်ရည်ကြိုက်တယ်။

ညီမနဲ့မတည့်တဲ့ အစားအသောက်တွေရောရှိလား။ မကြိုက်တဲ့အစားအစာရော။

          မတည့်တာကတော့ ညီမမှာ တစ်ခုပဲရှိတယ်။ အဲဒါက သင်ပေါင်းပိုးနဲ့ မတည့်ဘူး။ အဲဒါစားရင် အကြီးအကျယ် အလက်ဂျစ်ထွက်တယ်။ အဲဒါကတော့ စားလို့မရဘူး။ ငယ်ငယ်ကတည်းက သိခဲ့တာပါ။ သူငယ်ချင်းတွေက တရုတ်တန်းသွားမယ်။ သင်ပေါင်းပိုး စားမယ်ဆိုရင် ဘယ်တော့မှမစားဘူး။ ကျန်တာကတော့  အစားအသောက်မတည့်ဘူးဆိုတာ မရှိပါဘူး။

အစားအသောက်တစ်ခုခုကိုစားနေတုန်း အဲဒီထဲမှာ ရွံစရာတွေဘာတွေရော တွေ့ဖူးလား။ အစားအသောက်စားနေရင်းသူငယ်ချင်းတွေက ဘေးနားက ရွံစရာပြောရင်ရော ရွံတတ်လား။

          တွေ့ဖူးပါတယ်။ ညီမက အရမ်းဆန်းစတစ်ဖြစ်တယ်။ ဆိုင်တွေဘာတွေသွားစားလို့ အဲဒီ နေရာတစ်ဝိုက်က  မသန့်ရှင်းတာတစ်ခုခု မြင်မိရင် ညီမလုံးဝဆက်မစားဘူး။ ညီမဆိုရင် ခရီးက အမြဲတမ်းသွားနေကျဆိုတော့ နယ်မြို့တွေရဲ့ဆိုင်တွေမှာ စားရတယ်။ ဘယ်လောက်ပဲ ဆိုင်လေးကနိမ့်ကျနေပါစေ အပြင်အဆင်ဆိုတာက သန့်ရှင်းအောင်လို့ ပြင် ဆင်လို့ရတယ်။ တချို့ဆိုင်တွေဆိုရင် ဆိုင်လေးသေးသေးလေးပေမယ့် အပြင်အဆင် သန့်သန့်ရှင်းရှင်းနဲ့ တည်ခင်းတယ်။ အချို့ကျတော့ ဆိုင်က ကြီးပေမယ့် ညစ်ပတ်တာမျိုးတွေ  ကြုံရတယ်။ အခုတစ်ခေါက် နောက်ဆုံး ကြုံဖူးတာမျိုးဆိုရင်  ဟင်းရည်ကို လက်မထည့် ပြီးတော့ ပန်းကန်ကြီးသယ်လာတာ။ အဲဒီလိုမျိုးကိုမြင်ရတဲ့ မြင်ကွင်းမျိုးမှာ ကိုယ်က ဘယ်လိုမှ ဆက်ပြီးတော့  စားလို့မရတော့ဘူး။ စားနေတုန်း သူငယ်ချင်းတွေ စနောက်ရင်တော့ ဘာမှမဖြစ်တတ်ပါဘူး။

အစားအသောက်က နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးရဲ့  ယဉ်ကျေးမှုကို ဖော်ဆောင် နိုင်တယ်လို့ ထင်မြင်မိပါသလား။

          ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံခြားသားတွေ မြန်မာပြည်ကိုလာတယ်။ မုန့်ဟင်းခါးဆိုရင် ဘာပဲပြောပြော မြည်းစမ်းကြည့်ကြတာပဲလေ။ လက်ဖက်သုပ်တို့၊ မြန်မာ မုန့်လေးတွေဆိုရင်လည်း နိုင်ငံခြားသားတွေက အင်မတန် စိတ်ဝင်စားတယ်။ ဒီတော့ အစားအသောက်က နိုင်ငံတစ် နိုင်ငံရဲ့ယဉ်ကျေးမှုကို ဖော်ဆောင်တဲ့နေရာမှာ အရမ်းအရေးပါပါတယ်။

အခု ညီမလုပ်ပြတဲ့ အမဲလက်ဖက်ဟင်းကို လိုက်လုပ်စားမယ့် ပရိသတ်အတွက် အမှတ်တရ စကားလက်ဆောင်လေးကို ပြောပြပေးပါဦး။

          ဒီအမဲလက်ဖက်ဟင်းလေးက အသားဓာတ်လည်းရရှိ စေသလို စောစောကပြောတဲ့ မြန်မာ့ရိုးရာဖြစ်တဲ့လက်ဖက်ကို ဒီဟင်းထဲမှာထည့်ပြီးတော့ ချက်ခြင်းအားဖြင့် အတွဲအစပ် လေးလည်းတည့်တယ်။ ထူးထူးဆန်းဆန်းလေးလည်းစားရတယ်။ အသားကို ရိုးရိုးဆီပြန်လေးထက်စာရင် ဒီလိုလက် ဖက်လေးထည့်စားလို့ရတဲ့အတွက် ထူးထူးဆန်းဆန်းလေး လည်းဖြစ်စေလို့ လိုက်လုပ်စားကြည့်ပါလို့ ပြောချင်ပါတယ်။

အိမ့်ချစ်ရဲ့ အမဲလက်ဖက်ဟင်း

►   ပါဝင်ပစ္စည်းများ

♦   အမဲသား   –   ၁၀ သား

♦   ကြက်သွန်နီ   –   ၁ လုံး

♦   ကြက်သွန်ဖြူ   –    ၃ တက်ခန့်

♦   ချင်း   –   ၁ပြား

♦   ငရုတ်သီးအနှစ်   –   အနည်းငယ်

♦   ဆီ   –    စားပွဲဇွန်း ၂ခန့်

♦   ဆား   –   အနည်းငယ်

♦   သကြား   –   အနည်းငယ်

♦   ငံပြာရည်   –   အနည်းငယ်

♦    မဆလာ   –   အနည်းငယ်

♦    ရှလကာရည်   –   အနည်းငယ်

♦   လက်ဖက်   –   အနည်းငယ်

►   ပြုလုပ်နည်း

၁။      ပထမဆုံး  အမဲသားကို အတုံးလေးများတုံးပြီး  အချို၊ အငန် ထည့်ကာ ရှလကာရည်နဲ့ မိနစ်အနည်းငယ် နှပ်ထားပါ။

၂။      ပြီးလျှင်ကြက်သွန်အဖြူ/အနီ၊ ချင်း ထောင်းထားတာနှင့် ငရုတ်သီးအနှစ်ကိုထည့်ပြီး ဆီသတ်ပါ။

၃။      ထို့နောက် နှပ်ထားသောအမဲသားကိုထည့်၊ ငံပြာရည်၊ မဆလာ၊ ရေထည့်ပြီး လုံးချက်ပါ။

၎။      အမဲသားနူးလို့ ကျက်ရင် လက်ဖက်ထည့်ပြီးပါက သုံးဆောင်လို့ရပါပြီ။

Facebook Comments