ဟင်းချက်တယ်ဆိုတာကလည်း ကိုယ့်ရဲ့ စိတ်ကို ပေါ့ပါးလန်းဆန်းစေတယ်လို့ဆိုတဲ့ ထွန်းကိုကို

by အာဂ for Food Magazine

အချက်အပြုတ်ကို ဘယ်အရွယ်လောက်ကတည်းက  စပြီးတော့ ၀ါသနာပါခဲ့တာလဲ။

          အရင်ကတည်းက ချက်တာတွေကိုတော့ ၀ါသနာပါပါတယ်။ ၁၀ တန်းဖြေပြီး တက္ကသိုလ် စတက်တဲ့ အချိန်လောက်ကစပြီး ၀ါသနာပါတယ်လို့ ပြောရမလိုပါပဲ။

အခု ရခိုင်ငါးချက်လေးကို ပရိသတ်ကို ချက်ပြဖို့ စီစဉ်ဖြစ်သွားပုံလေးလည်း ပြောပြပေးပါဦး။

          ဒီဟင်းလေးချက်ဖြစ်တာက ကျွန်တော် ကိုယ်တိုင် ၀က်သား၊ အမဲသား မစားဖြစ်တာရယ်၊ အခြားဟင်းတွေဆိုရင်လည်း အချို့ကဏ္ဍတွေမှာ ပါပြီးတဲ့အတွက် ဆန်းဆန်းလေး ဖြစ်သွားအောင်ရယ် ရခိုင်ငါးချက်လေးကို ချက်ပြဖြစ်သွားတာပါ။ လုပ်ကိုင်ရတာလည်း လွယ်လည်း လွယ်ပါတယ်။

ဘ၀မှာ ပထမဆုံး စချက်ဖြစ်တဲ့ ဟင်းပွဲလေးကို မှတ်မိသေးရင် ပြောပြပေးပါဦး။ အရသာကရော ဘယ်လိုရှိသလဲ။

          ပထမဆုံးလုပ်ဖြစ်တာဆိုရင် ဘဲဥချဉ်ရည်ဟင်းနဲ့ ကန်စွန်းရွက်ကြော်ပဲ ဖြစ်မယ်ထင်တယ်။ ချက်ချက်ချင်းမှာတော့ ငန်သွားတာတို့၊ ကန်စွန်းရွက်မနူးတာမျိုးတော့ ဖြစ်သွားတယ်။

ထွန်းကိုကိုချက်တဲ့ဟင်းတွေထဲမှာ လူကြိုက်အများဆုံး ဟင်းပွဲကရော ဘာဟင်းပွဲဖြစ်မလဲ။

          ကျွန်တော်ချက်တဲ့ဟင်းထဲမှာ လူကြိုက်အများဆုံးဆိုရင်တော့ ဘဲဥချဉ်ရည်ဟင်းပါ။ ဘယ်လိုပြောရမလဲ၊  အကာကို တင်းတင်းလေးဖြစ်အောင် ချက်တာဆိုတော့ လူကြိုက်များကြပါတယ်။

ထွန်းကိုကိုချက်တဲ့ ဟင်းကိုစားပြီး ပထမဆုံး ချီးမွမ်းခံရတုန်းက ခံစားချက်ကရော။  အချက်အပြုတ်ကို ဘယ်သူတွေဆီက သင်ယူဖူးလဲ။

           ကောင်းအောင်လည်း ချက်တယ်။ ကိုယ်ကိုယ်တိုင်လည်း ကြိုက်တယ်။ ကိုယ်ချက်တဲ့ ဟင်းကိုစားပြီးတော့ ကောင်းတယ်လို့ပြောရင်တော့  ပီတိဖြစ်တာပေါ့။ အချက်အပြုတ်ကတော့ အမေ့ဆီကပဲ  အဓိကသင်ယူဖြစ်ပါတယ်။ အမေချက်တာတွေ လျှောက်ကြည့်တယ်။ ရန်ကုန်မှာ ကျွန်တော်တစ်ယောက်တည်းနေတဲ့အချိန်မှာ ချက်စားဖြစ်တဲ့အခါကျတော့ အမေ့ချက်နည်းတွေကို သုံးဖြစ်တယ်။ ကျွန်တော်က တစ်ခါတလေ ကိုယ့်ဘာသာ ချက်စားရတာကို သဘောကျတယ်။ အားလပ်ချိန်တွေမှာဆိုရင် ကိုယ့်ဘာသာ ချက်စားဖြစ်တယ်။ ဟင်းချက်တယ်ဆိုတာကလည်း ကိုယ့်ရဲ့စိတ်ကို ပေါ့ပါးလန်းဆန်းစေတယ်ထင်လို့ လျှောက်ပြီး ချက်ကြည့်တာပါ။

ငယ်ငယ်က ကြိုက်ပြီး အသက်ကြီးမှ မကြိုက်တာဆိုရင်ရော။

          ငယ်ငယ်တုန်းကကြိုက်ပြီး အသက်ကြီးမှ မကြိုက်တဲ့ အစားအစာတော့ သိပ်မရှိပါဘူး။ ငယ်ငယ်က မကြိုက်ဘဲ  အသက်ကြီးမှ ကြိုက်တာမျိုးတော့ ရှိပါတယ်။ အဲဒါတွေက ငယ်ငယ်က ပဲသီးတွေကို အစိမ်းလိုက် မုန့်ဟင်းခါးထဲ ထည့်စားတာမကြိုက်ဘူး။ အသက်ကြီးမှ စားကြည့်တော့ ကောင်းတယ်။ ကြိုက်တယ်။

အစားအသောက်နဲ့ ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်လေးတွေရှိရင် ပြောပြပေးပါဦး။ ဥပမာ-တချို့ သကြားလုံးမျိုမိတာတို့၊ ကျောင်းမှာ မုန့်ခိုးစားလို့ အရိုက်ခံရတာတို့၊ ဟင်းခိုး စားတာတို့ပေါ့။

          အဲဒီလိုအစားအသောက်နဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်တော့ မရှိပါဘူး။

မနက်စာကို ဘယ်အချိန်လောက်စားဖြစ်လဲ။ ဘာဟင်းတွေနဲ့ စားဖြစ်တာများလဲ။ နေ့လယ်စာနဲ့ ညစာရော။

          မနက်စာကို များသောအားဖြင့် မနက် ၇ နာရီခွဲ၊ ၈ နာရီလောက် စားဖြစ်တယ်။ ပဲခူးမှာဆိုရင်တော့ ပုံမှန်မုန့်ဟင်းခါးစားတာ များတယ်။ ထမင်းကြော်စားဖြစ်တယ်။ မြန်မာစာပဲ  အဓိကထားပြီး စားဖြစ်တယ်။ နေ့လယ်စာကတော့ ပုံမှန် ၁၂ နာရီလောက် စားဖြစ်ပါတယ်။ တစ်ခါတလေ ရှုတင်ရှိရင်တော့  နောက်ကျတာပေါ့။ ဒါပေမဲ့ အဲဒီအချိန်တော့ ပုံမှန်စားဖြစ်အောင် ကြိုးစားတယ်။ ညစာကတော့ တစ်ခါတလေ စားဖြစ်တယ်။ တစ်ခါတလေကျတော့လည်း မစားဖြစ်ဘူး။ အသီးတို့ဘာတို့တော့ တစ်ခါတစ်ရံစားဖြစ်တယ်။ ညစာကို နည်းနည်းလေး ရှောင်တာများတယ်။

ညစာကိုရော  အိမ်မှာ မိသားစုနဲ့စားဖြစ်လား၊ ဒါမှမဟုတ် အပြင်မှာစားဖြစ်သလား။ ညစာ စားပြီးရင်ရော အချိုတည်းလား။

          ညစာကို  အိမ်မှာ မိသားစုနဲ့စားဖြစ်တာ  များပါတယ်။ ညစာက မီရင်တော့ အိမ်မှာ စားဖြစ်တယ်။ မမီရင်တော့ အပြင်မှာစားဖြစ်ပါတယ်။ ညစာစားပြီးတော့ အချိုတည်းသလားဆိုရင်တော့ မတည်းဖြစ်တာများတယ်။ တစ်ခါတလေ အမေက စီစဉ်ပေးရင်တော့ အသီးတွေ ဘာတွေ စားဖြစ်ပါတယ်။ ကိုယ့်ဘာသာဆိုရင်တော့ မလုပ်စားဖြစ်ဘူး။

စားဖူးသမျှအစားအစာတွေထဲမှာ တစ်သက်မမေ့လောက်အောင်ဖြစ်တဲ့ အစားအသောက်မျိုးရောရှိလား။

          အဲဒီလိုမျိုးမေ့လို့မရတဲ့ အစားအသောက်ဆိုရင် ကျွန်တော် နယ်ဘက်သွားတုန်းက လက်ဖက်သုပ်လေးနဲ့ ထမင်းလေးကိုစားပြီး သခွားသီးလေးကို ကိုက်ကိုက်ပြီး ဟင်းအနှစ်တစ်မျိုးနဲ့ စားရတာကတော့ အရမ်းစားလို့ကောင်းတယ်။ တော်တော်စွဲလမ်းစေတယ်။ တစ်သက် မမေ့လောက်ပါဘူး။

ထူးထူးဆန်းဆန်းအစားအသောက်တွေရော စားဖူးလား။

          ထူးထူးဆန်းဆန်းအစားအသောက်ဆိုရင်တော့ မစားတတ်ပါဘူး။ ငပလီဘက်သွားတုန်းက သူငယ်ချင်း ဂျပန်တစ်ယောက်က ငါးကို  ကိုယ်တိုင်ရေငုပ်ဖမ်းပြီး သူတို့မှာပါလာတဲ့ ဘီယာဘူးနဲ့ ဆေးပြီးတော့ အသားကို အစိမ်းလိုက် လွှာလွှာပြီး ဒီအတိုင်းပဲ ဆော့စ်၊ ဆာရှီးမိနဲ့ တို့စားဖူးတာမျိုးတော့ စားဖူးတယ်။

အားလပ်ရက်တွေမှာ  တစ်ခုခုလုပ်စားလေ့ရှိလား။

          အားလပ်ရက်တွေမှာတော့  တစ်ခုခုလုပ်စားဖြစ်တယ်။ အခုနောက်ပိုင်း အသား ငါးထက်စာရင် အရွက်ကြော်တို့၊ ဘာတို့ တစ်ခုခုလုပ်စားလေ့ရှိတယ်။

အလုပ်သွားတဲ့အခါ၊ ရှုတင်သွားတဲ့အခါမှာ ထမင်းချိုင့်တွေ ယူလေ့ရှိလား။

          မယူဖြစ်ပါဘူး။ ရှုတင်ထမင်းဟင်းစားတာပဲ များပါတယ်။ တစ်ခါတလေမှ အမေစီစဉ်ပေးရင်တော့ ယူသွားတတ်တယ်။

ကိုယ်မစားဖူးတဲ့ အစားအသောက်တွေကို မြည်းစမ်းချင်စိတ်ရှိလား။

          ဟုတ်ကဲ့ရှိပါတယ်။ အဲဒါကတော့ နယ်ဘက်တွေသွားတယ်ဆိုရင် အဲဒီ ဒေသမှာ ဘာပေါလဲ။ ကိုယ်မစားဘူးတဲ့ အစားအစာမျိုးကိုလိုက်ပြီး ရှာစားတာ မျိုးတော့ရှိတယ်။

တချို့တွေက စိတ်ညစ်တာတို့၊ ၀မ်းနည်းတာ၊ ပျော်ရွှင်တာ၊ ၀မ်းသာတာမျိုးမှာ အစားတွေ များများစားလေ့ရှိတယ်။ ထွန်းကိုကိုကရော အဲဒီလိုအခါမျိုးမှာ အစားအသောက်နဲ့ပတ်သက်ပြီး ဘာတွေစားဖြစ်လဲ။ များများစားလား။ နည်းနည်းစားလား။

          ကျွန်တော်ကတော့ ပျော်လည်း သိပ်မစားဘူး။ စိတ်ညစ်လည်း သိပ်မစားဖြစ်ပါဘူး။

ထွန်းကိုကိုရဲ့အစားအသောက်နဲ့ ကျန်းမာရေးပေါ် အမြင်လေးကို ပြောပြပေးပါဦး။

          အစားအသောက်က လူနဲ့တည့်ပါတယ်။ ဒါပေမဲ့ သင့်တင့်မျှတရုံပဲ စားဖို့သင့်ပါတယ်။ အဆီပါတဲ့ဟာတွေ စားတာများတော့လည်း အဆီတက်တာတို့၊ ၀ိတ်တက်တာတို့၊ ပြီးတော့ အခြားသော ရောဂါတွေလည်း ၀င်လာနိုင်တယ်။ ဒီတော့ အစားအသောက်ကို သင့်တင့်မျှတအောင် ကျန်းမာရေးနဲ့ ညီညွတ်တာမျိုးလေးတွေ စားပေးရင် ကျန်းမာရေးအတွက် အဆင်ပြေမှာပါ။ ကျန်းမာရေးနဲ့ပတ်သက်ပြီး ခန်္ဓာကိုယ်ထိန်းသိမ်းမှုဆိုရင်တော့ ဘယ်လိုပြောရမလဲ။ ထိန်းတော့ ထိန်းရတာပေါ့။ အများကြီး စိတ်လွှတ်ပြီး စားလို့တော့မရဘူး။ စားချင်ရင် ၂ ပန်းကန်၊ ၃ ပန်းကန်နေရာမှာ တစ်ပန်းကန်ပဲ စားမယ်။ ညဘက်တွေဆိုရင်လည်း အရမ်းမိုးချုပ်သွားရင် ထမင်းကို မစားတော့ဘဲ အသီးအရွက်၊ အသားငါး တစ်ခုခုတော့ စားဖြစ်ပါတယ်။

အိမ်က မိဘတွေချက်တဲ့ ဟင်းတွေထဲမှာ ဘယ်ဟင်းကို အကြိုက်ဆုံးလဲ။

          အမေချက်တာဆိုရင် ခရမ်းသီးနှပ်၊ ဆိတ်သားဟင်း အဲဒီဟင်းတွေကြိုက်တယ်။

နိုင်ငံတကာအစားအသောက်မှာ ဘယ်အစားအသောက်ကိုကြိုက်လဲ။

          နိုင်ငံတကာအစားအသောက်တွေကျတော့ ကျွန်တော်က သိပ်မကြိုက်ဘူး။ ကိုရီးယားအစားအစာ ကင်ချီတစ်ခုပဲ ကြိုက်တယ်။ ကျန်တာတွေတော့ သိပ်ပြီး မကြိုက်ဘူး။ မြန်မာအစားအစာကို အကြိုက်ဆုံးပါပဲ။

နိုင်ငံခြားကိုရောက်နေတဲ့အချိန်မှာ  ကိုယ့်နိုင်ငံက ဘယ်အစားအစာကို  လွမ်းဆွတ်  တမ်းတမိပါသလဲ။

          နိုင်ငံခြားရောက်နေတဲ့ အချိန်မှာတော့ မြန်မာအစားအစာတွေကို အရမ်းလွမ်းတယ်။ အထူးသဖြင့် ပုစွန်ခြောက်ကြော်၊ ငါးပိကြော်၊ လက်ဖက်သုပ်၊ ချဉ်ပေါင်ကြော်တို့ အရမ်းလွမ်းတယ်။ တစ်ခါတလေကျရင်လည်း ထည့်သွားတယ်။ နိုင်ငံခြားရောက်လို့ ဟိုက အစားအစာတွေ မစားချင်တော့ဘူးဆိုမှ ကိုယ်သယ်လာတဲ့ ဟင်းလေးတွေကို  ထုတ်စားတယ်။

2013 Asia New Star Model Contest ကိုရီးယားမှာ သွားပြိုင်တုန်းကရော အစားအသောက် ခက်ခဲသေးလား။

          အခက်အခဲတွေရှိတယ်။ ပြောမယ်ဆိုရင် ဒီလောက်ကောင်းတဲ့ဟာတွေကို ဘာလို့ မစားနိုင်တာလည်းဆိုပြီး ထင်ကြတယ်။ ဒါပေမဲ့ တကယ့်တကယ် ကိုယ်တိုင်သွားတဲ့အခါ  ဒီဟာတွေချည်းပဲ နေ့တိုင်း စားနေရတော့ မြင်တောင် မမြင်ချင်တော့ဘူး။ K.F.C တို့လို ကြက်ကြော်ဆိုင်တွေဆိုရင်  အနံ့မခံနိုင်လို့  ဆိုင်ရှေ့ကတောင်  ဖြတ်မလျှောက်ချင်လောက်တဲ့ အထိပါပဲ။

ဘ၀မှာ အမှတ်တရဖြစ်မယ့် အစားအစာရှိလား။ ဥပမာ  အဲဒီအစားအစာကို စားလိုက်ရင် တစ်နေရာရာ၊ တစ်ယောက်ယောက် စသဖြင့် အမှတ်တရဖြစ်မယ့် အစားအစာမျိုးပေါ့။

          ရှိတယ်။ အဲဒါကတော့ ဘဲဥချဉ်ရည်ဟင်းပါ၊ ဒီဟင်းကို ကိုယ်တိုင်လည်းကြိုက်တယ်။ အမေလည်း ကြိုက်တယ်။ ဒီတော့ ဘဲဥချဉ်ရည်ဟင်း ကောင်းကောင်းလေးများစားမိရင် အမေ့ကိုတော့ သတိရမိတယ်။

စားသောက်ဆိုင်နဲ့ အိမ်မှာဆိုရင် ဘယ်မှာပိုပြီးတော့ စားချင်လဲ။

          အိမ်မှာ ပိုစားချင်တယ်။ အထူးသဖြင့် အိမ်မှာမချက်ဖြစ်ဘူးဆိုမှသာလျှင် ဆိုင်မှာ စားဖြစ်တာပါ။ ပုံမှန်ကတော့ အိမ်မှာပဲစားရတာ ပိုကောင်းတယ်လို့ထင်တယ်။ အိမ်ဟင်း၊ အိမ်ထမင်းကိုလည်း ပိုကြိုက်တယ်။

ထွန်းကိုကိုအနေနဲ့  အခုလို ဖေဖော်ဝါရီလ ချစ်သူများနေ့မှာ ချစ်သူနဲ့အတူတူစားရမယ်ဆိုရင် ဘယ်လိုအစားအသောက်မျိုးကို စားချင်မိလဲ။

          အဲဒီဆိုရင်တော့ ကျွန်တော်က ကြိုက်တာက မြန်မာအစားအစာဖြစ်တဲ့အတွက် သူနဲ့ မြန်မာအစားအစာပဲ စားဖြစ်မယ် ထင်ပါတယ်။

ထွန်းကိုကိုအကြိုက်ဆုံး အသီးအနှံ၊ အရွက်၊ အသား၊ ငါးတွေကို ပြောပြပေးပါဦး။ ဖျော်ရည်တွေထဲမှာဆိုရင်ရော။

          အကြိုက်ဆုံး အသီးအနှံဆိုရင် ပန်းသစ်တော်၊ သင်္ဘောသီး၊ ရုံးပတီသီး၊ ကန်စွန်းရွက် ကြိုက်ပါတယ်။ အသားငါးဆိုရင်တော့ အမဲသား၊ ၀က်သားမစားဖြစ်တော့ ဆိတ်သား စားဖြစ်တာများတယ်။ ငါးကြိုက်တယ်။ ဖျော်ရည်ထဲမှာဆိုရင်တော့ သံပရာဖျော်ရည်ကို ကြိုက်တယ်။

မတည့်တဲ့ အစားအသောက်တွေရော ရှိလား။ မကြိုက်တဲ့အစားအစာရော။

          မကြိုက်တာတော့ မစားဖြစ်တာက အမဲသား၊ ၀က်သားပါ။ နောက် ဆန်းပြားတဲ့ အသားတွေဆိုရင်လည်း မစားပါဘူး။ ပင်လယ်စာကတော့ ကျွန်တော်နဲ့ သိပ်မတည့်ဘူး။ ပင်လယ်စာ မလတ်ရင်တော့ မတည့်ဘူး။ လတ်ဆတ်ရင်တော့ စားလို့ရတယ်။ မဟုတ်ရင် အလာဂျီထွက်တတ်တယ်။

အစားအသောက်တစ်ခုခုကို စားနေတုန်း အဲဒီထဲမှာ ရွံစရာတွေ ဘာတွေရော တွေ့ဖူးလား။ အစားအသောက် စားနေရင်း သူငယ်ချင်းတွေက ဘေးနားက ရွံစရာပြောရင်ရော ရွံတတ်လား။

          အဲဒီလိုတော့ မရွံတတ်ဘူး။ သူငယ်ချင်းတွေ စနောက်ရင်လည်း ဘာမှမဖြစ်ပါဘူး။

အစားအသောက်က နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးရဲ့  ယဉ်ကျေးမှုကို ဖော်ဆောင်နိုင်တယ် လို့ ထင်မြင်မိပါသလား။

          ထင်ပါတယ်။ ဒါကလည်း ကိုယ့်နိုင်ငံက အစားအသောက်နဲ့ ဓလေ့တွေကို နိုင်ငံခြားက လူတွေလာလို့ သူတို့စားပြီး အရသာရှိသွားတယ်ဆိုရင် ကိုယ့်နိုင်ငံအတွက် ဂုဏ်ယူစရာပေါ့။ သူတို့လက်ခံတယ်။ ကြိုက်နှစ်သက်တယ်ဆိုရင် ပိုကောင်းတာပေါ့။ ဥပမာ- လက်ဖက်တို့ ဘာတို့ ဆိုရင်လည်း သူတို့ခံတွင်းတွေ့ ကြတယ်။

အခုလက်ရှိ အနုပညာလှုပ်ရှားမှုလေးတွေကို ပြောပြပေးပါဦး။

          အခုလက်ရှိ ၂၀၁၇ ခုနှစ်ထဲမှာ ဇာတ်ကားတွေ အများကြီး ရိုက်ထားပါတယ်။ ဒီကားတွေကလည်း ၂၀၁၈ ခုနှစ်လောက်မှာ ထွက်လာမယ်ထင်ပါတယ်။၂၀၁၈ ခုနှစ်မှာလည်း ဆက်ရိုက်ဖို့ရှိပါတယ်။ ပရိသတ်တွေလည်း အားပေးကြပါဦးလို့ ပြောချင်ပါတယ်။

အခုချက်ပြတဲ့ ရခိုင်ငါးချက်လေးကို လိုက်ချက်စားကြည့်မယ့် ပရိသတ်အတွက် အမှတ်တရ စကားလက်ဆောင်လေးကို ပြောပြပေးပါဦး။

          အခု ကျွန်တော်ချက်ပြထားတဲ့ ဟင်းလေးက  တကယ်လည်း အိမ်မှာ ချက်ရလွယ်ကူပါတယ်။ ဒီဟင်း လေးကိုလည်း အိမ်မှာအားတဲ့ရက်ပဲဖြစ်ဖြစ်၊ မိသားစုနဲ့ အတူတူ ပျော်ပျော်ပါးပါး လိုက်ပြီးတော့ ချက်စားလို့ရတဲ့ အတွက် အားလုံးလည်း စားကောင်းပြီး ပျော်ရွှင်နိုင်ကြပါစေလို့ ပြောချင်ပါတယ်။

ထွန်းကိုကိုရဲ့  ရခိုင်ငါးချက်ဟင်း

ပါဝင်ပစ္စည်း

ငါးတန်  –  ၁၅ ကျပ်သားခန့်

ကြက်သွန်ဖြူ  –  ၃

ကြက်သွန်နီ  –  ဥ တစ်ခြမ်း

ငရုတ်သီးစိမ်း  –  ၅ တောင့်

မျှင်ငါးပိ  –  အနည်းငယ်

ဆီ  –  ထမင်းစားဇွန်း ၂ ဇွန်း

ရေ  –  အနည်းငယ်

နနွင်း  –  အနည်းငယ်

ဆား  –  အနည်းငယ်

မန်ကျည်းရည်  –  အနည်းငယ်

ငံပြာရည်  –  အနည်းငယ်

နံနံပင်

ပြုလုပ်နည်း

၁။       ပထမဆုံး ငါးကို ဆား၊ ငံပြာရည်၊ နနွင်းမှုန့်၊ အချိုအငန်ထည့်ပြီး နယ်ထားပါ။

၂။       ကြက်သွန်ဖြူ/အနီ၊ ငရုတ်သီးစိမ်းကို ရောထောင်းပြီး ငါးပိအနည်းငယ်ထည့်၊ ဆီသတ်ပါ။

၃။       ပြီးလျှင် အချိုအငန်နယ်ထားသော ငါးကို ထည့်၊ ရေအနည်းငယ်ထည့်ပြီး အုပ်ထားပါ။

၎။       ငါးနူးလာလျှင် မန်ကျည်းရည်ထည့်၊ နံနံပင် အုပ်ပြီးလျှင် အရသာရှိသော ရခိုင် ငါးချက်ကို သုံးဆောင်လို့ရပါပြီ။

Facebook Comments