သင့်ဘဝ စနစ်တကျ ပိုဖြစ်စေဖို့ စားဖိုမှူးတစ်ဦးလို ကျင့်ကြံစို့

 by စိုးသိဏ်း for Food Magazine

          (ဒီဆောင်းပါးဟာ စာရေးဆရာ Dan Chamas ရဲ့  ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားတာ ဖြစ်ပါတယ်။)

          အမေရိကန်ပြည်သူတွေဟာ ကျော်ကြားတဲ့ စားဖိုမှူးတွေကို သိပ်စွဲလမ်းနေကြပါတယ်။ ၄င်းတို့ဟာ သူတို့အကြောင်းတွေ ပြောဆိုကြတယ်။ သူတို့အကြောင်းတွေ တွစ်တာမှာ ရေးကြတယ်။ သူတို့စားသလိုစားဖို့ ကြိုးစားတယ်။ ဒါပေမဲ့ သူတို့ရဲ့  ချက်ပြုတ်နည်းတွေနဲ့ အသုံးပြုတဲ့ပစ္စည်းတွေထက် ပိုပြီး ကျွန်တော်တို့ ဘာတွေလေ့လာဆည်းပူး မိကြပါသလဲ။

          Marketdata Enterprises ရဲ့ အဆိုအရ အမေရိကန်ပြည်သူတွေဟာ တက်ကျမ်း စာအုပ်တွေနဲ့ တစ်ကိုယ်ရေသုံး ကုန်ပစ္စည်းတွေအတွက် နှစ်စဉ် ဒေါ်လာ ၁၀ ဘီလီယံနီးပါး သုံးစွဲကြကြောင်း သိရပါတယ်။ အခြေခံပညာသင်ကျောင်းနဲ့ တက္ကသိုလ်ကောလိပ် အများစုက အခြေခံစနစ်တကျဖွဲ့စည်းမှုကို မသင်ပေးလိုက်တာကြောင့် အဲဒီဈေးကွက်ဟာ သိပ်ကြီးမားပါတယ်။ ဒါပေမဲ့ အချက်အပြုတ်အဖွဲ့အစည်းတစ်ခုရဲ့  စည်းကမ်းတွေဟာ နာမည်ကျော်စားဖိုမှူးမဟုတ်တဲ့ ကျွန်တော်တို့ကို သာမန်လူတွေကိုတောင် ကူညီလမ်းပြနိုင်ကောင်းပါရဲ့။ စားဖိုဆောင်တွေကို ပုံမှန်လည်ပတ်စေတဲ့စနစ်ကို ပြင်သစ်လို mise-en-place (နေရာတကျထားရှိခြင်း)လို့ ခေါ်ကြပါတယ်။ အဲဒါရဲ့ အဓိပ္ပာယ်က ချက်ပြုတ်ဖို့ လိုအပ်တဲ့ ကိရိယာတန်ဆာပလာတွေနဲ့ ပစ္စည်းအမည် (အမယ်)တွေကို စုစည်းစီစဉ်ဖို့ ဖြစ်တယ်။

          ဒါပေမဲ့ ပညာရှင်စားဖိုမှူးအတော်များများအတွက်တော့ ဒီစကားစုက ပိုပြီး နက်နဲတယ်။ တချို့က အဲဒါဟာ သူတို့ကိုးကွယ်တဲ့ ဘာသာတရားလို့ ပြောကြတယ်။ အဲဒီစနစ်က အလုပ်သမားနဲ့ ပစ္စည်းပမာဏအမြောက်အမြားကို ပူးပေါင်းညှိနှိုင်းဆောင်ရွက်ဖို့ အထောက်အကူပြုပြီး အာရုံစိုက်မှုနဲ့ ကိုယ်ပိုင်စည်းကမ်းတို့အရ လုပ်ဆောင်သူတွေရဲ့ ဘဝတွေကို ပြောင်းလဲပေးပါသတဲ့။ တချို့စားဖိုမှူးတွေရဲ့ ကိုယ်ပေါ်မှာ အဲဒီစကားစုလေးကို ဆေးမင်ကြောင်ထိုးထားတယ်။ အဲဒါဟာ ဘဝနေထိုင်မှုပုံစံတစ်မျိုးပါပဲ။ ကိစ္စတစ်ခုပြုလုပ်တဲ့ အချိန်လေးမှာ အာရုံထွေပြားစရာတွေကို ဖယ်ရှားပြီး ကိုယ်လိုအပ်တဲ့ လက္ခဏာတွေ အပေါ်မှာသာ အာရုံစူးစိုက်ထားတဲ့ နည်းလမ်းဖြစ်တယ်။

          အမေရိကန်ချက်ပြုတ်နည်းတက္ကသိုလ် (CIA = Culinary Institute of America) မှ အကြီးတန်းနည်းပြ စားဖိုမှူး မယ်လစ်ဆာဂရေးက ပြောပါတယ်။ အဲဒီအကျင့်ကို ချက်ပြုတ်သင်တန်းဆင်းကျောင်းသူ၊ ကျောင်းသားတချို့က မီးဖိုချောင်ထဲမှာသာမက အပြင်မှာပါ ကျင့်သုံးကြတယ်။

          “သင့်ဘဝကို နေရာတကျစီစဉ်ထားရှိပါ။ သင်တန်းအတွက် သင့်စာအုပ်တွေကို အစီအရီထားသလို စားဖိုမှူးဝတ်စုံကို နေရာချပါ။ သင့်ရှူးဖိနပ်ကို ပြောင်အောင်တိုက်ပါ။ တစ်နေ့တာအတွင်း သင်လုပ်ရမယ့်ကိစ္စတိုင်းကို သင်သိနေလိမ့်မယ်” လို့ CIA  မှ ကျောင်းသူလေးတစ်ဦးဖြစ်သူ အဲလက်ဇန်းဒရားတစ်ဘက်က ပြောပါတယ်။

          မယ်လစ်ဆာကလည်း ယခုအခါ သူမအိမ်ထဲက ရုံးခန်းကို mise-en-place စနစ်အတိုင်း စီစဉ်ထားရှိကြောင်း ပြောပါတယ်။ “ကျွန်မ အလုပ်စားပွဲပေါ်မှာ ကျွန်မရဲ့ အသုံးအများဆုံးပစ္စည်းလေးတွေကို လက်တစ်ကမ်းအကွာမှာ ထားရှိတယ်။ အဲဒီလို စည်းစနစ် သိပ်ကျလွန်းတဲ့အခါ ကျွန်မရဲ့ဖောင်တိန်ကို နေရာမှားမချဘဲ တစ်နေရာတည်းမှာပဲ အမြဲချထားဖြစ်တော့တယ်” လို့ သူမက ပြောပါတယ်။

          ကောင်းပါပြီ။ ဒါဆိုရင် လူတစ်ဦးဟာ အဲဒီလို အစီအစဉ်တကျဖြစ်နေအောင် ဘယ်လိုလုပ်ရမလဲ။ “အဲဒီအတွက် ခင်ဗျား စာရင်းတစ်ခု အရင်ပြုစုပါ။ ကျွန်တော်ဆိုရင် နေရာတကျ ချထားရမယ့်ပစ္စည်း ၂၃ မျိုး နေ့တိုင်းရှိတယ်ဆိုပါစို့ဗျာ။ ဒီတော့ ကျွန်တော် မှတ်စုစာအုပ်လေးထဲမှာ အဲဒါတွေကို စာရင်းလုပ်ပြီး အိမ်ယူသွားတာ။ အိမ်ရောက်တော့ အဲဒီစာရွက်ကို ချေမွပြီး လွှင့်ပစ်လိုက်တယ်။ အလုပ်သွားရင်းနဲ့ အဲဒီစာရင်းကို ပြန်ရေးတာနဲ့ ကြာတော့ စာရင်းနဲ့ ကျွန်တော်က တစ်သားတည်းဖြစ်သွားရော။ ကျွန်တော့်ခေါင်းထဲမှာ အဲဒါက သံမှိုလိုစွဲနေပြီလေ။ ကျွန်တော်နဲ့ စာရင်းနဲ့က တစ်ထပ်တည်းအတူတူပဲ” လို့ နယူးယောက်မြို့တော်က wd-50  နဲ့ Alden စားသောက်ဆိုင်တွေရဲ့ ပိုင်ရှင်နဲ့ ဂျိမ်း(စ်)ဘီးယာ့(ဒ်) ထူးချွန်ဆုရ စားဖိုမှူးကြီး ဝိုင်လီဒူးဖရက်(စ်)နီက ပြောပါတယ်။

          ဒါပေမဲ့ mise-en-place ရဲ့ သော့ချက်က အခြေခံစိတ်ထားဖြစ်ပါတယ်။ စားဖိုမှူးတွေဟာ သုံးနာရီကြာမယ့် ညစာစားပွဲအတွက် ခြောက်နာရီအချိန်ယူပြီး အလွယ်တကူ စီမံချက်ပြုတ်ပေးနိုင်ကြတယ်။  mise-en-place စနစ်က စားဖိုမှူးတွေကို မိနစ်တိုင်း လှုပ်ရှားမှုတိုင်း တန်ဖိုးရှိအောင် ထိန်းကွပ်ကြပ်မတ်ပေးတယ်လို့ စားဖိုမှူး ဒွိန်းလီပူးမားက ပြောပါတယ်။

          “ဟင်းလျာတစ်ပွဲမှာ ပါဝင်တဲ့ပစ္စည်း တစ်ခုချင်းစီဟာ သူ့နေရာနဲ့သူရှိနေတော့ စားဖိုမှူးရဲ့လက်က လက်မအနည်းငယ်ပဲ ရွေးရတယ်။ သင်တန်းသားတွေ ချက်ပြုတ်ဖို့ နေရာယူပြီးတဲ့အခါ သူတို့မျက်စိကို အဝတ်စည်းပြီး ကျွန်တော်က ပြောပြတယ်။ သူတို့ ကိုင်မယ့်ညှပ်တွေ ဘယ်မှာရှိမှန်း သူတို့သိတယ်။ အဲဒီ နည်းကြောင့် စားဖိုမှူးတွေ ချက်ပြုတ် ဖို့ အမြဲတမ်းအသင့်ဖြစ်နေကြပါတယ်။ သူတို့က ဘတ်စကက်ဘောကစားတဲ့လူလိုပဲ ခြေတစ်ဖက်ကို အမြဲတမ်းမဏ္ဍိုင်လိုချထားတယ်” လို့ လီပူးမားက ပြောပါတယ်။

          မန်ဟက်တန်မြို့နယ် ပြဇာတ်ရုံရပ်ကွက်ထဲရှိ အီတလီစားသောက်ဆိုင် Esca ရဲ့ စားဖိုမှူးကြီး ဂရက်ဘားက mise-en-place ရဲ့ အဓိကအချက်က သန့်ရှင်းစွာ ချက်ပြုတ်ခြင်းလို့  ပြောပါတယ်။ “ဒါက ဂျပန်ပြည်က “ဇင်” ဗုဒ္ဓဘာသာနဲ့ သိပ်တူတယ်။ ကျွန်တော့် ဓားအားလုံး သန့်တယ်။ စဉ်းတီတုံးလည်း သန့်တယ်။ အလုပ်လုပ်တဲ့နေရာက သန့်ပြန့် ရှင်းလင်းတယ်။ ကျွန်တော့်စိတ်က ကြည်လင်တယ်” လို့ သူက ပြောပါတယ်။

          “သန့်ရှင်းစွာ ချက်ပြုတ်ရေးသာ အရေးကြီးဆုံးပါပဲ။ မသန့်တဲ့အစားအစာက အသက်အန္တရာယ် ဖြစ်စေနိုင်တယ်လေ။ စားဖိုမှူးတွေမသန့်ရင် စားသုံးသူတွေ နာမကျန်း ဖြစ်မယ်။ ချက်ပြုတ်ရင်း သန့်ရှင်းရေးလုပ်ဖို့က အရေးကြီးဆုံးပဲ” လို့ စားဖိုမှူးကြီး ဒူဖရက် စနေးက ပြောတယ်။

          “စားဖိုဆောင်ကို သန့်အောင်မထားရင် ပရမ်းပတာဖြစ်မယ်။ ဒါကို အိမ်မှာနေတဲ့ လူတွေလည်း လိုက်နာလို့ရတယ်။ အောင်မြင်တဲ့ ညစာစားပွဲကြီးတစ်ပွဲပြီးဆုံးတဲ့အခါ စားပြီးသားပန်းကန်တစ်ထပ်ကြီးကို ဆေးကြောမယ့်အစား ရိုက်ခွဲပြီး အသစ်တွေ ဝယ်မှာလား။ စားသောက်လိုက်၊ ဆေးကြောလိုက်လုပ်ရင် အချိန်ကုန်သက်သာတယ်။ ခင်ဗျား ဘဝက ပိုပြီးသာယာမယ်” လို့ ၄င်းက ဖြည့်စွက်ပြောတယ်။

          မန်ဟက်တန်ရှိ Telepan စားသောက်ဆိုင်ပိုင်ရှင်နဲ့ စားဖိုမှူး “ဘီ(လ်)တယ်လီပန်” mise-en-place ရဲ့ တခြားစည်းကမ်းတစ်ချက်ကတော့ “အရှိန်မြှင့်ချင်ရင် အရှိန်လျှော့ဖို့” ပါတဲ့။

          “မှန်ကန်တဲ့ ဝန်ဆောင်မှုပေးဖို့ မင်းနေရာမှာ ငါသာဆိုရင် တစ်မိနစ်၊ နှစ်မိနစ်လောက် အချိန်ပိုယူလိုက်မှာပဲလို့ လုပ်ဖော်ကိုင်ဖက်တွေကို ကျွန်တော် အမြဲပြောပါတယ်။ ဘာကြောင့်လဲဆိုတော့ အခု ခင်ဗျား တစ်မိနစ်နောက်ကျမခံရင် လွဲချော်မှုဖြစ်ပြီး ဟင်းလျာတစ်ပွဲလုံး ပြန်ပြင်ရတဲ့အခါ ခြောက်မိနစ်ပိုနောက်ကျသွားမှာလေ” လို့ သူက ပြောပါတယ်။

          Telepan ဆိုင်ရဲ့ အပေါ်ထပ်မှာ ဒိန်ခဲညှပ်ပေါင်မုန့်မီးကင်ပြုလုပ်နည်း စားဖိုမှူးအသစ်ကို သင်ပေးရာမှာ ဒီကိစ္စက ပေါ်လွင်တယ်။ “ဒီဟာ မကျက်သေးဘူး။ နောက်တစ်ခုထပ်လုပ်။ စိတ်ရှည်ရှည်ထား၊ ဒိန်ခဲညှပ်ပေါင်မုန့်မီးကင်မှန်း ကျုပ်သိပါတယ်။ ဒါပေမဲ့ ဒီဟာက အရမ်းကောင်းတဲ့ ဒိန်ခဲညှပ်ပေါင်မုန့် မီးကင်ဖြစ်ကိုဖြစ်ရမယ်။ သဘောပေါက်လား” လို့ သူက ရှင်းပြပါတယ်။

          mise-en-place ဟာ တကယ်တော့ ရှေးဟောင်းစစ်စည်းကမ်းနဲ့ တူတယ်လို့ တချို့စားဖိုမှူးတွေက ပြောပါတယ်။ တကယ်တော့လည်း တင်းကျပ်တဲ့ အချက်အပြုတ် စည်းကမ်းကို ၁၉ ရာစုနှစ်က ဂျော့ဩဂတ်အက်(စ်)ကိုဘာက တပ်မဟာစနစ်ကို သတ်မှတ်ပေးခဲ့တာပါ။

          “အဲဒီစည်းကမ်းကြောင့် စားဖိုမှူးတစ်ဦးဟာ အမြဲအချိန်မှန်နေရမယ်” လို့ နယူးယောက်မြို့တော်ရှိ နိုင်ငံတကာ ချက်ပြုတ်နည်းဗဟိုဌာနရဲ့ ကျောင်းအုပ်ဆရာကြီး အွန်ဒရေးဆို(လ်)နားက ပြောပါတယ်။ “စားဖိုဆောင်ပြင်ပမှာလည်း အလားတူ ထိရောက်မှု၊ စွမ်းဆောင်ရည်မျိုးကို တောင့်တပါတယ်။ ဆရာဝန်ဆီ ကျွန်တော်သွားတဲ့အခါ သူ အဆင်သင့်မဖြစ်သေးရင် ကျွန်တော် အိမ်ပြန်တာပဲ။ အဲဒါဟာ mise-en-place စနစ်ကြောင့် ဖြစ်တယ်” လို့ သူက ပြောပါတယ်။

          သို့ပေမဲ့ နယူးယောက်မြို့ The Harrision စားသောက်ဆိုင်မှ “အာရီဘိုကိုဇ်” လို စားဖိုမှူးတချို့က အဲဒါဟာ နေအိမ်ထဲက ဘဝကို နည်းနည်းတင်းကျပ်စေတယ်လို့ ပြောကြတယ်။

          “လုပ်ငန်းခွင်မှာ ကျွန်တော်တို့  ပြုမူလှုပ်ရှားတဲ့ပုံစံအတိုင်း အိမ်မှာပဲ လှုပ်ရှားကြတယ်။ တကယ်ဆို အဲဒီဟာကို ဆိုင်မှာပဲ ထားရစ်ခဲ့ချင်တယ်။ “အိမ်မှာ အာရီဘယ်လိုနေသလဲ” လို့ ကျုပ်မိန်းမကို ခင်ဗျားမေးရင် “သူက တကယ့်သောက်ရူးကြီးပဲ။ သူငြိမ်ငြိမ်ထိုင်နေလို့ မရဘူး” လို့ ပြန်ဖြေလိမ့်မယ်လို့ လီပူးမားက ပြောတယ်။ “ဒါပေမဲ့ ဒီစနစ်၊ ဒီစည်းကမ်းကို အဆုံးစွန်လိုက်နာကျင့်သုံးရင် အချိန်ရဲ့ တန်ဖိုးကို သင်သိလိမ့်မယ်။ စွမ်းအားအရင်းအမြစ်တွေလည်း အဖိုးတန်တယ်။ နေရာလွတ်လည်း အဖိုးတန်တယ်။ သင့်ကိုယ်သင်လေးစားမှုနဲ့ သူများကို လေးစားမှုတို့ဟာ အဖိုးတန်တယ်။ အဲဒါတွေကို လိမ္မာပါးနပ်စွာ သုံးပါ။ ကမ္ဘာကြီးဟာ အခုအချိန်မှာ ကြွက်ကလေးဝင်ပြေးနေတဲ့ ဧရာမဘီးလုံးကြီးနဲ့ တူတယ်ဆိုတာ ဒီခေတ်ရဲ့ ဒဿန မဟုတ်လား။ ကျွန်တော်တို့တစ်တွေ ပိုပြီး စနစ်တကျ ဖြစ်လာမယ်။ နေရာချတတ်မယ်။ ကျွန်တော်တို့ တကယ်လိုအပ်တာနဲ့ လိုအပ်တာကိုပဲ လုပ်ဖို့ နားလည်ရင် ကျွန်တော်တို့ဟာ အရေးကြီးတဲ့အရာအတွက် အချိန်ပိုပြီး ရနိုင်တယ်။ “ခင်ဗျားရဲ့ ကလေးတွေနဲ့အတူ စားပွဲမှာထိုင်ပြီး စားစရာတွေ ချက်ပြုတ်လို့ရမယ်။ ခင်ဗျား အသက်ရှူချိန် ပိုရအောင် နည်းနည်းစောစောအိပ်ရာထပါ။ အာရုဏ်တက်ချိန်ကို ခင်ဗျား နှုတ်ခွန်းဆက်လိုက်ပါ” လို့ လီပူးမားက ပြောပါတယ်။

စိုးသိဏ်း

Facebook Comments