လုပ်သမျှအားလုံးက အခြားအမျိုးသမီးများအပေါ် သက်ရောက်မှုဖြစ်စေတဲ့ အမျိုးသမီး စားဖိုမှူး ဒေါမနစ်စခရင်း(န်) (Dominique Crenn)

by စိုးသိဏ်း for Food Magazine

          စားဖိုမှူး ဒေါမနစ် စခရင်း(န်)ဟာ ဘာပဲပြောပြော Michelin ပရိသတ်တွေအတွက်တော့ အစားအသောက်လောကမှာ အောင်မြင်မှုအထွတ်အထိပ်ကို ရောက်ရှိနေသူပါ။ စားဖိုမှူးအများစုဟာ လူသိခံရဖို့စိတ်ကူးပါတယ်။ မကြာခင်က ဆန်ဖရန်စစ္စကိုမြို့ရှိ သူမရဲ့ စားသောက်ဆိုင် Atelier Crenn ဟာ စားသောက်ဆိုင်များကို အဆင့်သတ်မှတ်ပေးတဲ့ Michelin ရဲ့  ကြယ်ပွင့်သုံးပွင့်အဆင့်ရရှိပါတယ်။ သူမဟာ အမေရိကန်နိုင်ငံမှာ အဆင့်မြင့်ဆုံး သတ်မှတ်ခံရတဲ့ ပထမဆုံး အမျိုးသမီးစားဖိုမှူးလည်း ဖြစ်ပါတယ်။

          “ကျွန်မတို့က Michelin ကြယ်ပွင့်ရဖို့ ကြိုးစားနေတာမဟုတ်ဘူး။ ကျွန်မတို့ လုပ်တဲ့ အလုပ်ကပဲ အရေးပါနေတယ်။ အဲဒါဟာ ကျွန်မတို့က သူများတွေထက် ပိုတော်တဲ့ သဘောမဟုတ်ပါဘူး” လို့ သူမကပြောကြားပါတယ်။ ဒါပေမဲ့ သူမရဲ့ အမှုထမ်းတွေကို အသိအမှတ်ပြုတဲ့တန်ဖိုးကို သူမက အလေးထားပါတယ်။

          “ဒါက ကျွန်မအဖွဲ့အတွက် ကောင်းပါတယ်။ ဒါဟာ စင်္ကြံတစ်ခုပါ။ ဘဝမှာ ကိုယ့်အတွက် အများကြီးစွမ်းဆောင်နိုင်ကြောင်း မိန်းကလေးတွေကို ပြသပါတယ်” လို့ သူမက ပြောပါတယ်။ ဒေါမနစ်ဟာ အမျိုးသားတွေ ကြီးစိုးတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုမှာ အောင်မြင်စွာ လျှောက်လှမ်းနိုင်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာအတွင်း သူမဟာ James Jeard ဆုပေးပွဲမှာ ၂၀၁၈ အကောင်းဆုံး စားဖိုမှူးဆုအပါအဝင် ဆုပေါင်းများစွာ ရရှိခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ သူမဟာ Eaters ရဲ့ တစ်နှစ်တာအကောင်းဆုံး စားဖိုမှူးဆုရခဲ့ပါ တယ်။ ၂၀၁၆ မှာ San Pelleagrino က ကမ္ဘာ့အကောင်းဆုံး အမျိုးသမီးစားဖိုမှူးအဖြစ် သူမကို ရွေးချယ်ပါတယ်။ ဒါပေမဲ့ ယောကျာ်းနဲ့မိန်းမတွေရဲ့ အချက်အပြုတ် ကျွမ်းကျင်မှုတွေကို အကဲဖြတ်တဲ့ဆုတွေကို သိပ်အထင်မကြီးပါဘူး။

          “လူတစ်ယောက်ကို ဆုတစ်ဆုပေးလိုက်ပြီး သူဟာ ကမ္ဘာ့အကောင်းဆုံး အမျိုးသမီး စားဖိုမှူးလို့ပြောရင် သူနဲ့တန်းတူတွေနဲ့ ခွဲထွက်သလိုဖြစ်မယ်။ အဲဒါ မယုံနိုင်စရာပဲ။ မိန်းမတွေအတွက် ကျွန်မတို့အမျိုးအစားတစ်ခု သတ်သတ်ခွဲခြားပေးစရာလိုလို့လား” လို့ သူမက ပြောပါတယ်။

          ကမ္ဘာကျော်စားဖိုမှူး ဒေါမနစ်ဟာ အချက်အပြုတ်သင်တန်း လုံးဝမတက်ဖူးပါဘူး။ သူမမှာ  နိုင်ငံတကာကူးသန်းရောင်းဝယ်ရေးအကယ်ဒမီက  စီးပွားရေးဘွဲ့ရရှိထားပါတယ်။ ပြင်သစ်နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းရှိ ဘရစ်တနီးမြို့မှာ ကြီးပြင်းခဲ့စဉ်က ဒေါမနစ်ဟာ ကျေးလက်ဒေသမှာ အကြာကြီးနေခဲ့ရပါတယ်။ သူမအသက် ၂၀ ကျော်အရွယ်မှာ ဆန်ဖရန်စစ္စကိုမြို့ကို ပြောင်းရွှေ့ပြီး စားသောက်ဆိုင်ပေါင်းစုံမှာ ဝင်လုပ်ရင်း ရာထူးတက်လာပါတယ်။

          “ကျွန်မအလုပ်စလုပ်တော့ အဲဒီမှာ ချက်ပြုတ်နေတဲ့ မိန်းမတွေ အများကြီး မရှိသေးဘူး။ အဲဒါကို ကျွန်မက အာရုံမစိုက်ဘူး။ ကျွန်မသူများတွေထက် ပိုကြိုးစားရတယ်။ တစ်ခါတလေ ကျွန်မ အပြစ်ပြောခံရတယ်။ ဒါပေမဲ့ ကျွန်မက သိပ်သန်မာတဲ့လူပါ။ ကျွန်မကို ဘယ်သူမှမထိရဲဘူး”လို့ သူမက ပြောပါတယ်။

          ဒေါမနစ်ရဲ့ အချက်အပြုတ်ပင်ကိုစွမ်းရည်ဟာ ခပ်စောစောကတည်းက သတိထားခံရပြီး သူမ အလုပ်လုပ်တဲ့ဆိုင်တွေမှာ မြန်ဆန်စွာ နေရာပေးခံရပါတယ်။

          “စားဖိုဆောင်မှာလုပ်တဲ့ လူသစ်တစ်ဦးမှန်သမျှ မြေအောက်ခန်းမှာ ကြိုတင်ပြင်ဆင်နည်းတွေ ခြောက်လလောက် လုပ်ရပါတယ်။ ကျွန်မက လုပ်စရာမလိုဘူး။ ကျွန်မက ချက်ချင်းနေရာရတယ်” လို့ သူမက ပြောပါတယ်။

          ဒေါမနစ်ဟာ Atelier Crenn ဆိုင်ကို ၂၀၁၁ ခုနှစ်မှာ ဖွင့်ပြီး Bas Crenn နဲ့ Petit Crenn တွေလည်း ပိုင်ဆိုင်ပါတယ်။ ဒေါမနစ်နဲ့ NAR ရေဒီယိုရဲ့ အင်တာဗျူးမှ ထူးခြားတဲ့ အမေးအဖြေတချို့ကို ဖော်ပြလိုက်ပါတယ်။

သူမဟာ မိန်းမဖြစ်တာကြောင့် စားသောက်ဆိုင်လောကမှာ မြန်မြန်နာမည်ကြီးလာတာလို့ ထင်တဲ့လူတွေနဲ့ တွေ့ဆုံမှု။

          လူတစ်ယောက်ရှိတယ်။ သူ့ကို ကျွန်မမှတ်မိတယ်။ သူ့နာမည်တော့မပြောတော့ ဘူး။ သူက အရပ်ပုတော့ သူ့ကို ကျွန်မက နပိုလီယံလို့ ခေါ်တယ်။ ကျွန်မက ဘယ်သူမှ ရန်မလိုပေမယ့် သူ့မျက်လုံးကို စိုက်ကြည့်ပြီး “ဒီမယ်နားထောင်၊ ကျွန်မကို ရှင်ထင်ချင်သလိုထင်ပါ။ ဒါပေမဲ့ ရှင့်ကိုကျွန်မပြမှာက ကျွန်မလုပ်နိုင်တာကို လုပ်ပြမှာပါ။ ရှင်မကျေနပ်ရင်လည်း ကျွန်မဂရုမစိုက်ဘူး။ စားဖိုမှူးကတော့  စိတ်ချမ်းသာတယ် ထင်တာပဲ။ ဒါကြောင့် ကျွန်မဒီနေရာကို အပို့ခံရတာ ကျွန်မ စားဖိုမှူးကြီး ကျေနပ်အောင်လုပ်ပြဖို့ လိုတယ်။ ဒါပေမဲ့ ကျွန်မဘာသာလည်း ကျေနပ်အောင်လုပ်နေတယ် ဒါပဲ။ ကျွန်မလုပ်နေတာက အလုပ်ပါ။ ကျွန်မက ရှင့်ထက်ပိုကြိုးစားနေတယ်။ ဘာကြောင့်လဲဆို ရှင်က ကျွန်မကို စကားလာ ပြောနေမယ့်အချိန်အတွင်း ရှင်ဟာ ရှင့်အလုပ်တစ်ခုခုကို သွားလုပ်နေသင့်တယ်” လို့ ကျွန်မပြောလွှတ်လိုက်ပါတယ်။ ကျွန်မတို့ အဲဒီလိုပြောမှဖြစ်မယ်။ ကျွန်မတို့ အကြမ်းဖက်လို့မဖြစ်ဘူး။ အဲဒါဆို သူတို့ကို သတ်ပုတ်ခိုင်းချင်တယ်လို့ ကျွန်မထင်တယ်လေ။ ကျွန်မက စကားလုံးနဲ့ တိုက်ခိုက်တယ်။

ဆန်ဖရန်စစ္စကိုမှ စားသောက်ဆိုင်ဝေဖန်ရေးဆရာ မိုက်ကယ်ဘောင်းဝါးရဲ့ နယူးယောက်တိုင်း(စ်) သတင်းစာထဲမှာ သူမအကြောင်း ဝေဖန်ချက်။ ဒေါမနစ်မှာ ပင်ကိုစွမ်းရှည်ရှိပြီး အလုပ်ကြိုးစားလို့ သူအောင်မြင်ခဲ့တယ်။ ပွင့်လင်းစွာ ပြောရမယ်ဆိုရင် ဒါဟာလည်း သူ့ရဲ့ကြီးမားတဲ့ ဩဇာတိက္ကမပြည့်စုံမှုကြောင့် ဖြစ်မယ်။ သူဟာ ရုပ်ချောပြီး စကားပြောရင် ပြင်သစ်လေသံဝဲတယ်။

          သူပြောတာ ကျွန်မ မကြိုက်ဘူး။ မစ္စတာဘောင်းဝါးက ကျွန်မဆီလာတွေ့ပြီး သတင်းစာမှာပါတာက အဓိပ္ပာယ်ကောက်လွဲစေတယ်လို့ ပြောတယ်။ သူပြောတာ ကျွန်မ နားထောင်တယ်။ အဲဒီအခိုက်အတန့်မှာ သူ့စကားက ကျွန်မကို နည်းနည်းနှိမ်သလိုပဲ။ သူ အစကတည်းက မပြောသင့်ဘူး။ ကိုယ်ထင်ရင် ခုတင်ရွှေနန်းပဲ။ ဒါပေမဲ့ နေရာတကာမှာ အဲဒီလိုမဖြစ်သင့်ဘူး။ ဩဇာတိက္ကမရှိလို့တဲ့။ အဲဒါဘာလဲ၊ ကျွန်မ စကားပြောတိုင်း အစစ်အမှန်ဖြစ်အောင် ကြိုးစားတယ်။ ဒါကို ဩဇာတိက္ကမလို့ ခေါ်သလား။ ဒါပေမဲ့ ဒါဟာ ကျွန်မပါပဲ။

ယောကျာ်းတွေ ချက်ပုံချက်နည်းအတိုင်း သူမ ချက်တာပါဆိုတဲ့ မိုက်ကယ် ဘောင်းဝါး ပြောကြားချက်။

          အဲဒါလည်း မမှန်ပါဘူး။ သူပြောချင်တာက ကျွန်မရောက်နေတဲ့ နယ်ပယ်ရယ်၊  အထူးသဖြင့် Atelier Crenn စားသောက်ဆိုင်ရဲ့ စတိုင်ရယ်ဟာ သမားရိုးကျ စားသောက်ဆိုင်တွေနဲ့ နည်းနည်းလေး ခြားနားတယ်လို့ သူပြောချင်တာထင်တယ်။ သူ့ရဲ့ ချီးမွမ်းစကားပဲ ဖြစ်စေချင်တယ်။ ဒါပေမဲ့ သူ့စကားမှန်တယ်လို့ ကျွန်မ မပြောပါဘူး။ အဲဒါနဲ့ ပတ်သက်လို့ ကျွန်မရန်မစွာဖို့ ကြိုးစားတယ်။ စကားလုံးတွေက အရေးပါကြောင်း ကျွန်မ ပြောချင်တယ်။ အကျိုးဆက်တွေက သူများတွေကို ထိခိုက်နိုင်တယ်။

#Me Too ခေတ်မှာ သူမရဲ့ စင်္ကြံကို ဘယ်လိုအသုံးပြုနေသလဲ။

          ကျွန်မက ပင်လယ်ထဲက ငါးလေးတစ်ကောင်ပါ။ ကျွန်မလုပ်သမျှက သက်ရောက်မှု သေးသေးလေးဖြစ်နိုင်မှန်း ကျွန်မသိတယ်။  ကျွန်မမှာ ယောကျာ်းစားဖိုမှူးအသိတချို့ ရှိတယ်။ သူတို့က ကျွန်မဆီ အီးမေး(လ်)ပို့ကြတယ်။ ရှင်နဲ့ ကျွန်မ မဆုံဖူးပေမယ့် လူတွေအပေါ် ကျွန်မဆက်ဆံပုံအတွက် ဂုဏ်မယူပါဘူး။ အဲဒါက မိန်းမတွေချည်းပဲ မဟုတ်ဘဲ ကျွန်မဘဝထဲက လူတွေအများကြီးပါတယ်။ ကျွန်မကို ပိုတော်တဲ့လူဖြစ် လာအောင် ရှင်က စိတ်ကူးပေးခဲ့တယ်။ ကျွန်မကို ရှင့်အကြံဥာဏ်တချို့ပေးဖို့ မျှော်လင့်ပါတယ်။ အဲဒါက သိပ်ဩဇာရှိတယ်။ တချို့လူတွေက ဘဝကို မှန်တဲ့လမ်းကလျှောက်ဖို့ သင်ပေးခြင်းမခံရဘူးလို့ ကျွန်မယုံကြည်တယ်။ ဒါပေမဲ့ သူတို့ကို ကျွန်မ အကဲဖြတ်လို့ မရဘူး။

(#Me Too ဆိုတာ လိင်ပိုင်းဆိုင်ရာစော်ကားမှုကို ဆန့်ကျင်တဲ့အမျိုးသမီးလှုပ်ရှားမှု Instagram ခေါင်းစီးဖြစ်ပါတယ်။)

စားသောက်ဆိုင်လောကမှာ လိင်စော်ကားမှုကျူးလွန်သူအဖြစ် စွပ်စွဲခံရသူတွေအပေါ် အမြင်

          လူတချို့ကို ကျွန်မမျက်နှာသာမပေးပါဘူး။ အထူးသဖြင့် လိင်ပိုင်းအကြမ်းဖက်မှု အပါအဝင် အကြမ်းဖက်တာ ဘာမှမလုပ်တဲ့လူတွေကို ကျွန်မမျက်နှာသာပေးပါတယ်။ လူတွေကို အတူတကွ စုစည်းပေးသင့်တဲ့ လောကထဲမှာ အဲဒီလူတွေမရှိသင့်ဘူး။

ဒုတိယအကြိမ်အခွင့်အရေး ဘယ်သူ့မှာ ရသင့်သလဲ။

          ကျွန်မကတော့ အဲဒီပတ်ဝန်းကျင်မှာ လုပ်ကိုင်နေတဲ့လူတွေကို မေးချင်တယ်။ သူတို့ဟာ နောက်လိုက်တွေ ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ သူတို့ဖွင့်ပြောပြီးပြီဆိုတာ သဘောပေါက်ပါတယ်။ ကမ္ဘာကြီးကိုကြည့်ရင် ကျွန်မတို့အားလုံးဟာ ပူးပေါင်းပါဝင်သူတွေချည်းပါပဲ။

Facebook Comments