ယူကေမာစတာစားဖိုမှူး နောက်ဆုံးစကာတင်စာရင်းဝင် စားဖိုမှူးကြီး ဆာရာဒန်နဲရှင်မီဒီယို UK Master Chef Finalist 2011 Chef Sara Danesin Medio

by သစ်ထူး for Food Magazine

          ရည်မှန်းချက်ပန်းတိုင်တွေအများကြီးနဲ့ ကလေးမလေးတစ်ယောက်၊ အလှဆင်ခြင်းအနုပညာ (Decorative Art) နဲ့ ဒီဂရီယူထားပြီးအဘွားမကျန်းမာလို့ သူနာပြုကျောင်းတက်ပြီး အဘွားကိုပြုစုပေးခဲ့ပြီးနောက် သူနာပြုဆရာမဘဝကနေ UK Master Chef 2011 ရဲ့ နောက်ဆုံးစကာတင်စာရင်းဝင်တစ်ယောက်ဖြစ်လာခဲ့တဲ့ Chef Sara Danesin Medio ဟာ မြန်မာနိုင်ငံကို အီတလီသံရုံးရဲ့အစီအစဉ်နဲ့ အလည်အပတ်ရောက်လာရင်း ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းရှိ Chatrium Hotel မှာ Master Class သင်တန်းတစ်ခုကို ကျင်းပပေးခဲ့ပါတယ်။ ဒီပွဲကို Food Magazine ကလည်း တက်ရောက်ရင်း စားဖိုမှူးဆာရာ (Chef Sara) ရဲ့ ဘဝဖြတ်သန်းရာအဖုံဖုံကို လေ့လာမေးမြန်းခွင့်ရခဲ့ပါတယ်။

Sara ရေ တကယ်တော့ ကျွန်တော်တို့ခင်ဗျားကို မြန်မာနိုင်ငံရောက်ပြီး ရက်နည်းနည်းကြာမှတွေ့ပြီး ဒီအစီအစဉ်အတွက်ချိန်းဖို့ပါပဲ။ ဒါပေမဲ့ နှစ်ဖက်စလုံးရဲ့ အချိန်အခက်အခဲကြောင့် ချက်ချင်းစီစဉ်လိုက်ရတာပါ။ ပထမဦးဆုံး Master Class လုပ်ပြီး တွေ့ ကြုံခဲ့ရတဲ့ အတွေ့အကြုံလေးနဲ့ ခံစားချက်လေးပြောပြပါ။

          Master Class ကို ရန်ကုန်မှာရှိနေတဲ့ အချက်အပြုတ်သင်တန်းကျောင်းက ကျောင်းသားတွေ စိတ်ဝင်တစားလာရောက်ပြီး သင်ယူလေ့လာကြတဲ့အတွက် အတိုင်းမသိ ဝမ်းသာပါတယ်။ သူတို့တွေအားလုံးတော်ကြပါတယ်။ ကျွန်မပြပေးတာကို သင်ယူရုံသက်သက်မဟုတ်ဘဲ အပြန်အလှန် မေးခွန်းတွေမေးလာတဲ့အတွက် အံ့ဩရပါတယ်။ ဒါသူတို့ရဲ့ စိတ်အားထက်သန်မှုနဲ့ သင်ယူလိုစိတ်ကို ပြတာပါ။ အားလုံးတော်ကြပါတယ်။

ပြောပါဦးဒီလို စားဖိုမှူး (Chef) တစ်ယောက်ဖြစ်ဖို့ ဘယ်လိုဖြတ်သန်းခဲ့ရတယ်ဆိုတာလေး။

          Master Chef မတိုင်ခင်ကပေါ့ ကျွန်မက ယူကေမှာ သူနာပြုတစ်ယောက်ပါ။ အီတလီဗင်းနစ်ဇာတိပါ။ Docorative Art ဘာသာရပ်သင်ယူခဲ့ပြီး သူနာပြုဒီဂရီကိုလည်း ယူခဲ့ပါတယ်။ အီတလီမှာ ၂ နှစ် သူနာပြုလုပ်ခဲ့ပြီး ၁၉၉၄ ခုနှစ်မှာ ယူကေနိုင်ငံကိုပြောင်းလာခဲ့ပြီး သူနာပြုအလုပ်ကိုပဲ ဆက်လုပ်ဖြစ်ပါတယ်။ Master Chef မတိုင်ခင်ပေါ့ သူနာပြုအလုပ် အနှစ် ၂၀ တောင် လုပ်ခဲ့တဲ့အလုပ်ဆိုတော့ ကြီးမားတဲ့ အပြောင်းအလဲပါပဲ။ တစ်နေ့ ကျွန်မစဉ်းစားမိတယ် ဒီအလုပ်မှာ တော်တော်လေးပေးဆပ်ခဲ့ပြီးပြီပေါ့/ တစ်ခုခုလို အပ်ချက်ကြီးတဲ့ တခြားအလုပ်တစ်ခုကို ပြောင်းလုပ်ချင်စိတ်ဖြစ်မိတယ်။ ဟာသပြောတာတော့ မဟုတ်ဘူးနော် ကျွန်မ Master Chef အဖွဲ့ကို အီးမေးလ်ပို့လိုက်တယ်။ ဒီလိုလုပ်လို့ သူတို့ဘယ်တော့မှ ခေါ်မယ်လည်း မထင်ပါဘူး။ ကျွန်မအစားအစာကို နှစ်သက်တယ် ချက်ရပြုတ်ရတာကို သဘောကျတယ်။ ကျွန်မတို့အီတလီလူမျိုးဆိုတာလေ တစ်နေကုန် အစားအကြောင်းပဲ ပြောနေတာ။ အမေဆို အားလုံးချက်တတ်တယ်။ ပါစတာကအစပေါ့။ ကျွန်မလည်းချက်တယ်။ ဒါကအီတလီလူမျိုးတွေ အစားအသောက်အပေါ်ဘယ်လိုသဘောထားတယ်ဆိုတာ သိစေချင်တာပါ။ ပြန်ဆက်ရအောင် ကျွန်မအီးမေးပို့လိုက်တယ် ပြီးတော့ မေ့မေ့ပျောက်ပျောက်ပါပဲ ကျွန်မအလုပ် ကျွန်မလုပ်တယ် အလုပ်ပုံမှန်သွားတယ်။ ၂ ပတ်နေတော့ BBC ဖုန်းဆက်လာတယ် မေးခွန်းလေးတွေမေးတယ်။

          အခြေခံကျတဲ့ ဆော့စ်ချက်နည်းတွေ၊ ဟင်းရည်ချက်နည်းတွေ၊ ပြင်ဆင်ပုံတွေကို မေးတယ်။

          နောက်တစ်ဆင့် လူတွေ့စစ်တယ်။ လူရွေးတယ်။ အဲနှစ်မှာ လူ ၂ သောင်းကျော် Master Chef မှာ လာလျှောက်ကြတာ။ တကယ်ရွေးတာက အယောက် ၂၀ တည်းပါ။ အဲဒီမှာ ၃ ပတ်၊ ၄ ပတ်လောက် ကျွန်မမှာ fine dining recipe တွေပြိုင်ပွဲအတွက် အလုံအလောက်ရှိရဲ့လားလို့ ပြန်ရှာပြီး လေ့ကျင့်ရပါတယ်။ တကယ်တော့ အီတလီရိုးရာအစားအစာမှာ အားလုံးရှိပြီးသားတွေပါ။ အိမ်မှာပဲ ချက်ပြုတ်စားနေခဲ့တဲ့ အစားအစာတွေပဲလေ။ သူငယ်ချင်းတွေအတွက် ချက်ပေးတယ်။ သူတို့ကလည်း တိုင်ပင်လို့ရတယ်လေ။ Presentation အတွက်ကျပြန်တော့ ကျွန်မသင်ခဲ့ရတဲ့ Decorative Art က ဒီမှာအသုံးချလို့ရသွားပြန်တယ်။ အရောင်အစပ်အဟပ်တွေပေါ့။ နောက် တကယ်လည်း အစီအစဉ်စရော ဘာမှလည်း ထွေထွေထူးထူး ပြင်ဆင်နေစရာ မရှိတော့ဘူးလေ။ ဒါပေမဲ့ အရမ်းဖိအားများတယ်။ အချိန်တိုင်းပြောင်းလဲနေတယ်။ မီးဖိုချောင်အပြင်အဆင်တွေကအစ၊ စားဖိုမှူးတွေအတွက် ချက်ပေးရတယ်။  စာနယ်ဇင်းတွေ၊ အစားအသောက်အကြောင်းရေးတဲ့ ဝေဖန်ရေးသမားတွေအတွက် ချက်ပေးရတယ်။ တစ်ခုပြီးတစ်ခု၊ တစ်ဆင့်ပြီးတစ်ဆင့် အားချိန် နားချိန်ကို မရဘူး။ ကမ္ဘာ့နေရာတော်တော်များများ အမေရိကားနယူးယောက် (New York) လို ဩစတေးလျလိုနေရာမျိုးတွေအထိ သွားချက်ရတယ်။ အရမ်းကိုဖိအားတွေ အပြည့်နဲ့ပါ။ သူတို့ကလည်း အမြဲမပြတ် ဖိအားတွေပေးနေတာ ကျွန်မဒီဖိအားတွေကို ဘယ်လိုတုံ့ပြန်မလည်းဆိုတာကို စစ်ကြတာပေါ့။  ပြိုင်ပွဲအရှိန်မြင့်လာလေ စိတ်ဖိစီးမှုများလာလေပဲ အမှတ်တရတစ်ခုအနေနဲ့ ပြိုင်ပွဲလုပ်နေစဉ်အတွင်း ကျွန်မ ဩစတေးလျကို သွားရတယ်။ လေယာဉ်နာရီ ၂၀ ကျော်စီးပြီး နောက်တစ်နေ့ ဟိုရောက်တာနဲ့ လူ ၁၀ဝ စာ မင်္ဂလာဆောင်က ကျွန်မအတွက် စောင့်နေတယ်။ ညွှန်ကြားချက်က သိုးသား Lamb Rack ကိုအဲဒီလူ ၁၀ဝ စာအတွက် ပြင်ဆင်ပေးရမယ်။ ချက်ချင်းကို လုပ်ရတာ။ နားနေချိန် မရှိဘူး။ တွေးနေဖို့အချိန်မရှိဘူး လုပ်မလား။ ပြုတ်မလား။ ဒီ ၂ လမ်းက ၁ လမ်းပဲ ရွေးစရာရှိတယ်။

          အစီအစဉ်မှာ ၁၀ ပတ်နီးပါး ပြိုင်ပြီးတော့မှ နောက်ဆုံးအဆင့်ကို ရောက်တာပါ။ အဲ့မှာ ကျွန်မရယ် အမေရိကန်ကောင်လေးတစ်ယောက်ရယ်၊ အင်္ဂလိပ်လေး တစ်ယောက်ရယ် ၃ ယောက် နောက်ဆုံးအဆင့်ကို ရောက်သွားပါတယ်။ ဘဝကို ပြောင်းသွားစေတဲ့ အံ့ဩစရာ အတွေ့အကြုံတွေပါဘဲ။ ၂ လခွဲလောက် TV မှာပါခွင့်ရပြီး ပြိုင်ခဲ့ရတာ သိတဲ့အတိုင်း တစ်ကမ္ဘာလုံးနီးပါး သိကြတဲ့ အစီအစဉ်မှာဆိုတော့ စိန်ခေါ်မှုတွေကလည်း အပြည့်ပဲ။ ခက်လည်း ခက်ခဲပါတယ်။ အပတ်တိုင်း ဘာလုပ်ရမယ်ဆိုတာတွေကလည်း အမြဲတမ်းပြောင်းနေတာလေ။ သူတို့ပြောတာတော့ရှိတယ်။ Master Chef မှာ ချက်ခွင့်ရပြီးပြီဆိုရင် ဘယ် နေရာမှာမဆို ချက်လို့ရသွားပြီတဲ့။

တကယ့်ဘဝအပြောင်းအလဲကြီးတစ်ခုပါပဲ။ Sara အခု Master Chef UK 2011 ကနေ Chef တစ်ယောက်ဖြစ်လာခဲ့ပြီဆိုတော့ ငယ်ငယ်က ဘယ်လိုရည်မှန်းချက်မျိုးထားခဲ့တာလဲ။ ကိုယ့်ကိုကိုယ် စားဖိုမှူးတစ်ယောက်ဖြစ်လာဖို့ရော ရည်ရွယ်ခဲ့ဖူးလား။

          ငယ်ဘဝရည်မှန်းချက်ဆိုတာ တခြားသူတွေတော့မသိပါဘူး၊ ကျွန်မအတွက်တော့ အသက်အရွယ်အခြေအနေတွေအလိုက် ပြောင်းလဲနေတာတွေမျိုးပါ။ ငယ်ငယ်က Decorative Art ကို သင်ယူခဲ့တယ်။

          နောက်တော့ သူနာပြုဖြစ်ချင်သွားတယ်။ ဘဝရည်မှန်းချက်က အမျိုးမျိုးဖြစ်ခဲ့ပါတယ်။ ကျွန်မအထင်တော့ ဒါကကောင်းပါတယ်။ ၁၀ နှစ်လောက်မှာ နောက်ထပ်မတူတဲ့ တစ်မျိုးပြောင်းလုပ်ပေါ့။ Decorative Art ကို သင်ပြီး အဘွားနေမကောင်းဖြစ်တော့ သူနာပြု ဖြစ်ချင်သွားတယ်။ အမျိုးသားနဲ့တုန်းက သူကလည်း အချက်အပြုတ်ကောင်းတဲ့သူဆိုတော့ သူ့ဆီကလည်း သင်ရတယ်။ သူကတော့ တကယ့်ဆရာကောင်းပါပဲ။ ဒီလိုနဲ့ပဲ Decorative Art, သူနာပြု ပြီးတော့ အခု စားဖိုမှူးဖြစ်လာတာ။ ကျွန်မမျှော်လင့်တာ၊ ဒါကတော့ နောက်ဆုံးတစ်ခုပဲလို့ မျှော်လင့်ပေမယ့် အဲလိုလည်းမထင်ပြန်ဘူး။ နောက် တစ်ခုပြောင်းဦးမယ် ထင်ပါတယ်။ အမြဲတမ်းပြောင်းလဲပြီး လုပ်နေရမှာလေ။

ကျွန်တော်ခင်ဗျားကို ဖြေရခက်တဲ့ မေးခွန်းမေးတယ်လို့တော့ မထင်ပါနဲ့။ မေးချင်တာက အကယ်ရွေ့သာ ခင်ဗျား Master Chef မှာ ဒီအဆင့်အထိ ရောက်မလာခဲ့ဘူးဆိုရင် အရင်သူနာပြုအလုပ်ကိုပဲ ဆက်လုပ်နေဦးမှာလား၊ ဒါမှမဟုတ် ဘာတစ်ခုခုလုပ်နေမလဲ။

          မဖြစ်ပါဘူး။ ကျွန်မ Master Chef မှာ အရမ်းချက်ချင်ခဲ့တယ်။ UK မှာ အရမ်းအရေးကြီးပါတယ်။ ကျွန်မအရမ်းသတိထားပြီး လုပ်ခဲ့တယ်။ သူနာပြုအလုပ်ဆိုတာ ပြီးသွားပြီး။ ဒီအလုပ်မှာ လမ်းဖြတ်လျှောက်သလို လာခဲ့တာတော့မဟုတ်ဘူးလေ။ စီနီယာတစ်ယောက်ဖြစ်တဲ့အထိ လုပ်ပြီးသွားပြီး အလုပ်တွေလည်း အများကြီးလုပ်ပေးပြီးသွားပြီ။ နှစ် ၂၀ လုပ်ပြီးတဲ့ အလုပ်တစ်ခုကို ပြန်မသွားတော့ဘူးလေ။ လွမ်းတော့လွမ်းတာပေါ့။ ပြန်လုပ်ဖို့ဆိုတာတော့ မဖြစ်နိုင်တော့ပါဘူး။ အခုလည်း Master Chef ကြောင့် စီနီယာ စားဖိုမှူးတစ်ယောက်ဖြစ်နေပြီ။ အချက်အပြုတ်တစ်ခုတည်းမဟုတ်ဘဲနဲ့ တခြားမတူညီတာတွေလည်း လုပ်နေတာပေါ့။ ဟင်းလေးချက်ရုံတော့လည်း ဒီအလုပ်ကို လူ ၂ သောင်း ၂ ထောင်ထဲကနေ အရွေးခံပြီး လုပ်မနေတော့ဘူးလေ။ တကယ်ထူးထူးခြားခြားကို လုပ်ချင်တာပါ။ ဒီတော့ ကျွန်မ Recipe Development ဟင်းချက်နည်းတွေ ဖန်တီးတာတွေ လုပ်တယ်။ အီတာလျံပါစတာကုမ္ပဏီအတွက် လုပ်ပေးတယ်။ လန်ဒန်မှာရှိတဲ့ အချက်အပြုတ်ကျောင်းတွေမှာ စာသင်ပေးတယ်။ ကျွန်မနိုင်ငံက ကျောင်းတွေမှာလည်း သင်ပေးတယ်။ နောက်ပြီး စာသင်ကျောင်းတွေမှာ အစားအသောက်နဲ့ပတ်သက်ပြီး ပညာပေးတာမျိုးတွေ လုပ်ပေးပါတယ်။ ကျွန်မတို့ယူကေရော ဥရောပမှာ ပြဿနာက ဘာရှိလည်းဆိုတော့ အစားအများကြီးစားပြီး အဝလွန်ကြတာ။ သူနာပြုလုပ်ခဲ့တဲ့အသိပညာကိုလည်း အသုံးချလို့ရတယ်။ လူတွေကိုပညာပေးဖို့ ထိုးဖောက်လုပ်ကိုင်ရတဲ့အလုပ်က လွယ်တော့ မလွယ်ဘူးလေ။ အမူအကျင့်တွေကို ပြောင်းပစ်ဖို့ဆိုတော့။ ဒါက ကျွန်မသွားချင်နေတဲ့နေရာလေ သူနာပြုအလုပ်ကိုတော့ပြန်မလုပ်နိုင်တော့ဘူး။ ဒါပေမဲ့ သူနာပြုပညာကို ဒီမှာ ပြန်အသုံးချပြီး ဆက်လုပ်သွားလို့ရတယ်။ ဒါပေမဲ့ ဒီလိုအဆင့်အနေအထားမျိုးရောက်အောင်လည်း ရှေ့တိုးပြီး ကြိုးစားနေတုန်းပါပဲ။ ဒီအမျိုးသမီးဟာ ဒီလိုတွေလုပ်ခဲ့ပါတယ်ဆိုတဲ့ အမှတ်အသားလေးတစ်ခုတော့ ရအောင်လုပ်သွားမှာပါ။

          ယူကေမှာက လူတွေသိပ်မချက်ကြတော့ဘူး။ အခြေခံကျကျအစားအစာတွေကိုတောင် ချက်ဖို့အချိန်မပေးနိုင်တော့ဘူး။ အစားအစာတွေအကြောင်း စာတွေဖတ်တယ်။ ရုပ်မြင်သံကြားအစီစဉ်တွေ ကြည့်တယ်။ ဒါပေမဲ့ မချက်တော့ဘူး။ အရေအတွက် အရမ်းနည်းတဲ့ အိမ်ရှင်မတွေဘဲ ချက်တာပြုတ်တာ လုပ်နေတော့တာ။ ဒါကြောင့်လည်း ဒီအလုပ်တွေကို လုပ်ချင်တာပါ။ ယူကေမှာမှမဟုတ်ပါဘူး အခုက တစ်ကမ္ဘာလုံးကြုံနေရတာပါ။

          စူပါမားကတ်သွားမယ် နွှေးစားလို့ရမယ့် အသင့်စားအစားအစာတွေ၊ အချိုရည်တွေကိုပဲ စားသောက်နေကြတာ။ အလုပ်များတယ်၊ ပင်ပန်းတယ်။ အခြေခံကျတဲ့အစားအစာတောင် မချက်တော့ဘူး။ စူပါစားဖိုမှူးတွေရဲ့ အစီအစဉ်တွေကို ကြည့်တယ်။ ဒါပေမဲ့ မချက်တော့ဘူး။ ဒီလိုအပ်နေတဲ့အပြောင်းအလဲကို ဝိုင်းပြောင်းလဲတဲ့နေရာမှာ ကူညီဖို့ပါပဲ။ ကျွန်မလုပ်ချင်တာဒါပဲ။ ခရီးတွေလည်း ထွက်တယ်။ စဉ်းစားကြည့်ပါဦး ချက်တာတစ်ခုတည်းအတွက်ဆိုရင်တော့ ညတိုင်း လူ ၂၅၀ စာချက်ပြီး ကျွန်မအမြဲငိုနေရတော့မှာပေါ့။

ဒါဆိုရင် ဘယ်ဟာကို ဦးစားပေးမလဲ။ လူတွေကို မီးဖိုထဲပြန်ဝင်ပြီး အစားအစာကောင်းတွေကို ချက်လာအောင်လုပ်မှာလား။ ကျန်းမာရေးအတွက် ညီညွတ်မျှတတဲ့ အစားအစာထုတ်ကုန်တွေကို လုပ်မှာလား။

          ၂ မျိုးလုံးကို နည်းနည်းစီ ကြိုးစားသွားမယ်။ ကျွန်မသိတယ်။ ကျန်းမာရေး အစားအစာတွေက ရှိပါတယ်။ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေ အရမ်းလည်းကောင်းတယ်။ ပါဝင်ပစ္စည်းတွေလည်း စုံစုံလင်လင်ရှိပါတယ်။ ယူကေမှာ ထိုင်းစာချက်မလား၊ မြန်မာအစားအစာချက်မလား။ အကုန်ရတယ်။ ချက်လို့ရတယ်။ လန်ဒန်မှာ မြန်မာဆိုင်တောင် ရှိသေးတယ်။ ကျွန်မလုပ်ချင်တာက လူတွေကို ပြန်ချက်ချင်လာအောင်ပေါ့။ ကိုယ်စားဖို့ကို ကိုယ်တိုင်ရွေး ကိုယ်တိုင်ချက်တာမျိုး။ များသောအားဖြင့် ချက်ပြုတ်နည်းတွေကလည်း မိနစ် ၂၀ ထက် ပိုမချက်ရတဲ့နည်းတွေပဲ။ ကြက်သားလေးနည်းနည်း၊ မုန်ညင်းလေး နည်းနည်း၊ ပဲငံပြာရည်လေးနည်းနည်းနဲ့ ရိုးရိုးရှင်းရှင်းလေးတွေ ချက်လို့ရတာပါပဲ။ ခက်ခဲတဲ့ကိစ္စတွေကိုကြည့်မယ်ဆိုရင် အသီးအရွက်တွေကို ဘယ်လိုသိမ်းရမလဲ။ မီးဖိုချောင်ကို အန္တရာယ်ကင်းအောင် ဘယ်လိုထားမလဲ။ ဓားတွေ ဘယ်လိုသုံးမယ်၊ သိမ်းမယ်ဆိုတဲ့ အခြေခံလေးတွေကို သိအောင်လုပ်ရမှာပေါ့။ လူတွေကို ဒီလိုဖြစ်အောင် သင်ပေးရတာ အရမ်းကောင်းပါတယ်။ စာအုပ်တွေဆိုရင်လည်း ရိုးရှင်းပြီး လွယ်ကူကြပါတယ်။ ပြင်ဆင်ချက်ပြုတ်ရတာ အရမ်းလွယ်ကူတဲ့နည်းတွေ အများကြီးပါပဲ။ ဒီတော့ မီးဖိုထဲကိုပြန်ဝင်ပြီး မိနစ် ၂၀ – ၃၀ လောက် အချိန်ပေးပြီး ချက်လိုက်ရင်ပဲ အစားအသောက်အတွက် အဆင်ပြေပါပြီ။ ကျွန်မထင်တယ် ဗြိတိန်ရဲ့မိသားစု ၂၅ % ကျော်လောက်က အိမ်မှာ ညစာထမင်းပွဲ မရှိဘူး။ သူတို့ TV ရှေ့က ဆိုဖာမှာထိုင်ပြီး မိုက်ကရိုဝေ့ကထွက်လာတာကို နာမည်ကြီး စားဖိုးမှူးတွေရဲ့ ချက်ပြုတ်နည်း အစီအစဉ်ကြည့်ရင်း စားနေကြတာ။ ဒီအလေ့အထက လူမှုရေးအရလည်း မကောင်းတော့ဘူး။ မိသားစုတွေ၊ ကလေးတွေ ဘာမှ နွေးထွေးမှုမရှိတော့ဘူးလေ။ အီတလီမှာကတော့ အိမ်မှာ အသက်ကြီးတဲ့လူတွေရှိတယ် အသက်တစ်ရာကျော်လည်း ရှိတယ်။

          သူတို့က ကိုယ်တိုင်ဝင်မချက်တော့ပေမယ့် အမြဲဝင်ကြည့်နေကြတာ။ ဒါလေးတစ်ခုတော့ ကောင်းသေးတယ်။

ဒီတော့ စားဖိုမှူးတစ်ယောက်ဖြစ်လာဖို့အတွက် ဘယ်လိုအခြေခံပညာတွေ လိုမယ်ထင်လဲ။

          စားဖိုမှူးတစ်ယောက်ဖြစ်ဖို့ လိုတဲ့အခြေခံပညာကတော့ ရင်ထဲကနေ လိုလိုချင်ချင်နဲ့ ဖြစ်ချင်တဲ့စိတ်ရှိဖို့ပါပဲ။ ဒီလိုဖြစ်ဖို့ အချိန်တွေအများကြီးပေးဆပ်ရတဲ့လမ်းဖြစ်တော့ အမြဲတမ်းဖြစ်ချင်စိတ်နဲ့ တက်ကြွနေဖို့တော့ လိုမယ်။ တော်ရုံဖြစ်ချင်ရုံနဲ့တော့ မရဘူးလေ။

          ကျွန်မအဖြစ်အပျက်ကတော့ သပ်သပ်စီပေါ့။ ကျွန်မကတော့ စားဖိုမှူးဘဝကို ခုန်ပြီး ရောက်လာခဲ့တာပါ။ သူနာပြုကနေ ဦးဆောင်စားဖိုမှူး ဖြစ်လာခဲ့တာဆိုတော့ ဒီလိုအချိန်တွေ အများကြီးမကြာခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်မ မီရှယ်လင်းစတားစားသောက်ဆိုင်တွေမှာ ချက်ခဲ့တယ်။ ကိုယ့်ကိုယ်ကို နောက်မကျအောင် အမြဲလေ့ကျင့်နေရတယ်။ စားဖိုမှူးဖြစ်ဖို့ စိတ်စွမ်းအားကောင်းကောင်းရှိဖို့ လိုမယ်။ အမြင်ပြတ်သားရမယ်။ တီထွင်ကြံဆနိုင်ရမယ်။ အရသာကောင်းကောင်းခံနိုင်စွမ်းရှိရမယ်။ အရသာအတွက်၊ အနံရနံ့တွေ ပေါင်းစပ်မှုတွေအတွက် ကြည်လင်ကောင်းမွန်တဲ့ အာရုံစူးစိုက်မှုရှိရပါမယ်။

          လျှာက အရသာခံလိုက်ပြီး ဦးနှောက်ကနေ ဆင်ခြင်ရတာဆိုတာ လွယ်တော့ မလွယ်ဘူး။ ဒါပေမဲ့ စားဖိုမှူးဖြစ်ချင်တယ်ဆို စပ်စပ်စုစုနဲ့ အစားအစာတိုင်းကို လေ့လာပါ၊ အဆင့်အတန်းမြင့်မြင့် စဉ်းစားတွေးခေါ်ပါ။ ကျွန်မအကြိုက်ဆုံး အသက်မွေးမှုပါပဲ။ သက်လုံကောင်းဖို့လိုတယ်။ တစ်ခုရှိတယ် မာနကြီး ဘဝင်မြင့်မယ်ဆိုရင်တော့ စားဖိုမှူးဘဝမှာ မကောင်းတော့ဘူး။ အထူးသဖြင့် ထိပ်ဆုံးမှာ ရောက်နေတဲ့သူဆိုရင်ပေါ့။ အပြောင်းအလဲကို ဘယ်တော့မှလက်မခံတတ်ဘူး။ ဒီလိုလုပ်လို့မရပါဘူးတကယ်တော့။ အချင်းချင်း မျှဝေရမယ်၊ သင်ကြားပေးရမှာဖြစ်သလို ပြန်သင်ယူဖို့လည်း အဆင်သင့်ဖြစ်နေရမယ်။ ပြော လို့ရပါတယ် ငါကတော့ ဒီကာရီကို ချက်တာကျွမ်းကျင်တယ်၊ ငါချက်တာက အရမ်းကောင်းတယ်ပေါ့။ ဒါပေမဲ့ သူများနဲ့ မျှဝေလုပ်ချင်စိတ်မရှိတဲ့သူမျိုးဆိုရင်တော့ သူလိုလူမျိုးနဲ့ ကျွန်မ ဘယ်တော့မှမျှဝေပြီး အလုပ်လုပ်တော့မှာမဟုတ်ဘူး။ ကျွန်မနားလည်လက်ခံထားတာက ကိုယ့်ချက်ပြုတ်နည်းတွေပေးလိုက်လို့ ဘယ်သူမှလည်း တကယ်ဖန်တီးတဲ့သူလောက် တူအောင်လုပ်နိုင်ချက်နိုင်မှာ မဟုတ်ပါဘူး။ ကျွန်မ ဟင်းချက်နည်းစာအုပ်တွေထုတ်တော့ လူတွေကမေးတယ် နင်လူတွေကို နင့်နည်းတွေ ရေးပေးနေတာလားဆိုတော့ ဟုတ်တယ် အစစ်တွေပါပေါ့၊ ဒီမှာ မတူတာတွေအများကြီးပါ။ ဘာမှတစ်ယောက်တည်း ထိန်းသိမ်းထားဖို့မလိုပါဘူး။ အပူချိန်တွေ၊ ကိုင်တွယ်မှုတွေ၊ ပါဝင်ပစ္စည်းတွေရဲ့ အခြေအနေတွေ ၁၀ဝ% နီးပါး လုပ်နိုင်ပါလိမ့်မယ်။ ထွက်လာတဲ့အဖြေက တူတော့တူမှာ မဟုတ်ဘူး။ ကျွန်မအတွက်ကတော့ ဟင်းချက်နည်းတွေနဲ့ပတ်သက်ပြီး လျှို့ဝှက်ထားတာ မရှိပါဘူး။ မီးဖိုတွေတိုင်းကိုက သူ့ဟာသူ လျှိုဝှက်ချက်တွေရှိနေတာဘဲ။ မတူတဲ့မီးဖိုထဲကို ဝင်ပြီးချက်သမျှ မတူတာတွေဘဲ ရှိနေမှာပါ။ ဒီတော့ မျှဝေလုပ်ခြင်းအားဖြင့်၊ သင်ပေးခြင်းအားဖြင့် ကိုယ်ကနေ ကိုယ့်တပည့်၊ ကိုယ့်သားသမီးတွေကို သင်ပေး၊ သူတို့ကတဆင့် ပြန်သင်ပေးရင်းနဲ့ ဒီနည်းတွေက အမြဲရှိနေမှာပါ။ ဒီလိုစိတ်ထားမျိုး ခံယူချက်မျိုးမရှိရင်ကတော့ စားဖိုမှူး လုပ်မနေတော့ဘဲ အားလုံးမေ့ထားလိုက်တာ ကောင်းပါတယ်။

နောက်တစ်ခုမေးချင်တာကဥရောပ စားဖိုမှူးတစ်ယောက်အနေနဲ့ပေါ့ ဒီဘက် အရှေ့တိုင်းမှာ တွင်တွင်ကျယ်ကျယ်သုံးနေတဲ့ ဟင်းခတ်မှုန့်၊ အသားမှုန့်လိုမျိုးတွေအပေါ်မှာ အမြင်ဘယ်လိုရှိပါသလဲ။

          ဒီမေးခွန်းကို တော်တော်သဘောကျတယ်။ ကျွန်မတို့ ဥရောပမှာရော အီတလီရိုးရာ ချက်ပြုတ်နည်းတွေမှာ သုံးတဲ့ ပါဝင်ပစ္စည်း အသားငါးသီးနှံတွေဟင်းသီးဟင်းရွက်တွေ ကောင်းရင်ကောင်းသလို ဒီပစ္စည်းတွေကပဲ စကားပြောပါတယ်။ ဘာလို့လည်းဆိုတော့ ဟင်းခတ်မှုန့်၊ အသားမှုန့်၊ အရသာရည်၊ အသားနှပ်တဲ့အရည်တွေဆိုတာလည်း ပြောရမယ်ဆိုအားလုံး MSG တွေ ပါနေတာပါ။ ဒါကအရသာကို တိုးအောင်လုပ်ပေးတဲ့အရာပါ။ ဒီတော့ အီတလီမှာဆိုရင် ဟင်းသီးဟင်းရွက်တွေမှာ သဘာဝအတိုင်း ပါဝင်နေတဲ့ MSG ကိုရှာပါတယ်။ ဥပမာ Soya၊ Artichoke၊ porcini mushroom စတာတွေမှာရှိတဲ့ MSG ကိုပဲ သုံးပါတယ်။ ဟင်းခတ်အမွှေးအကြိုင်တွေ၊ ဟင်းခတ်ရွက်တွေနဲ့ တကယ်ကောင်းတဲ့ ဟင်းသီးဟင်းရွက်တွေကို ပါဝင်ပစ္စည်းအနေနဲ့ သုံးပါတယ်။ ဥပမာတစ်ခုအနေနဲ့ porcini mushroom နဲ့ အာလူးကို ရောချက်ကြည့်ပါ ကြည့်တော့သာ ဘာမှမဟုတ်ပေမယ့်  အနံ့အရသာတွေ ပေါင်းစပ်စုစည်းပြီးဖြစ်လာတဲ့ ဟင်းတစ်ခွက်ဖြစ်တာကြောင့် ဘာမှသုံးစရာ မလိုပါဘူး။ ဒီတော့ ကျွန်မအဖြေကတော့ ဟင်းခတ်မှုန့်၊ အသားမှုန့်တွေ ကျွန်မတို့အတွက် မသုံးပါဘူး။

ဟုတ်ကဲ့ပါ ခုတော့ အီတာလျံတစ်ယောက်အနေနဲ့ ယူကေမှာ စားဖိုမှူးဘဝနဲ့ အောင်မြင်မှု ရလာခဲ့ပြီဆိုတော့ အဲဒီ အောင်မြင်လာတဲ့ခံစားချက်ကိုရော ဘယ်လိုပြောချင်လဲ။

          ကျွန်မအသက် ၂၀ မှာအီတလီကခွာပြီး ယူကေကို အလုပ်လုပ်ဖို့ပဲ လာခဲ့တာပါ။ အောင်မြင်တာပဲဖြစ်ဖြစ် ဘဝဘယ်လိုပဲပြောင်းပါစေ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့အထိ ကျွန်မက ၁၀ဝ% အီတာလျံလူမျိုးပါ။ အခုဆိုရင် ၂၅ နှစ်ရှိပါပြီ။ ဒါပေမဲ့ ကျွန်မအမြဲတမ်း အီတာလျံလူမျိုးပါ။ အီတာလျံလူမျိုးဖြစ်ရတာကိုလည်း အမြဲဂုဏ်ယူပါတယ်။ ဘယ်တော့မှလည်း ဒီစိတ်က ပျောက်မှာမဟုတ်ပါဘူး။

အခုလောလောဆယ်ဘာတွေလုပ်နေလဲ။

          ကျွန်မ အခု ယူကေ၊ ရောက်မြို့က ကျွန်မအိမ်မှာ လတိုင်း လဆန်းတိုင်းမှာ ညစာ (Dinner) ၄ ခါလုပ်ပါတယ်။ အွန်လိုင်းကနေ ဘိုကင်လုပ်လို့ရတယ်။ ကျွန်မချက်တဲ့ အစားအစာကို မြည်းဖို့ Taste Menu လုပ်ပေးထားတယ်။ စားပြီးရင် ရှင်းပေါ့။ အခုအချိန်အထိ စားသုံးသူ ၉၀ဝ၀ နီးပါး အိမ်မှာ လာမြည်းပြီးသွားပြီ။ တစ်ကြိမ်ကို ၁၂ ယောက် တစ်လ ၄ ကြိမ်၊ ကျွန်မတစ်ယောက်တည်းပဲ ချက်တာ၊ အကူ၊ ပေါ်တာ (Helper, Potter) တစ်ယောက်မှ မီးဖိုထဲမှာမရှိဘူး။ စားပွဲထိုးပဲ ထားပါတယ်။ ကျွန်မ အိမ်မှာဖိတ်ပြီး Fine Dinning အတွေ့အကြုံကိုပေးတာဆိုတော့ ဘာနဲ့မှမတူပါဘူး။ ပြီးတော့ ကျွန်မ လန်ဒန်နဲ့ တခြားကောင်တီတွေမှာရှိတဲ့ သင်တန်းကျောင်းတွေမှာ သင်တန်းပေးပါတယ်။  ပြီးတော့ အီတာလျံပါစတာကုမ္ပဏီမှာ သုတေသနနဲ့ တိုးတက်ရေး R&D လုပ်ပေးတယ်။ ဒါပါပဲ။

မြန်မာပြည်မှာ စားဖိုမှူးဖြစ်ချင်တဲ့သူတွေ အများကြီးပဲလေ သူတို့ကို ဘာပြောချင်လဲ။

          လေ့လာပါ၊ အမြဲတမ်းကိုယ့်ကိုယ်ကို နောက်မကျအောင် (Update) လုပ်နေပါ။ အတွေးအခေါ်နဲ့ တီထွင်ကြံဆမှုအားကောင်းအောင်နေပါ။ အာရုံစူးစိုက်မှု အပြည့်ထားပါ၊ ရင်ထဲကလာတဲ့ စေတနာမေတ္တာနဲ့ ကြိုးစားချက်ပြုတ်ပါလို့ ပြောပါရစေ။

Facebook Comments