ပုလဲရဲ့ ထူးခြားချက်က စိတ်ညစ်ရင်လည်းစားတယ်။ ဝမ်းနည်းရင်လည်း စားတယ်။ ပျော်ရင်လည်း စားတယ်ဆိုတဲ့ ထွန်းပုလဲရတနာ

by အာဂ for Food Magazine

အချက်အပြုတ်ကို ဘယ်အရွယ်လောက်ကတည်းက စပြီးတော့ ဝါသနာပါခဲ့ပါသလဲ။

          အချက်အပြုတ်က ဘယ်အရွယ်ကစပြီး ဝါသနာပါတယ်လို့တော့ မရှိပါဘူး။ ဒီအတိုင်းပဲ ကိုယ့်ဘာသာကို ဟိုဟာလေးလုပ်စားချင်၊ ဒီဟာလေးလုပ်စားချင်တဲ့အချိန်မှ လုပ်စားဖြစ်တာပါ။ တချို့ဟာတွေဆိုရင် ကိုယ့်ဘာသာသူငယ်ချင်း တွေစုပြီးတော့ လုပ်စားဖြစ်တာမျိုးလောက်ပါပဲ။ ထွေထွေထူးထူး အရမ်းကြီးဝါသနာပါတာမျိုးတော့ မဟုတ်ပါဘူး။ ချက်ပြုတ်တာထက်စာရင် ညီမက အစားစားရတာ ပိုကြိုက်တယ်။ အချက်အပြုတ်ကို ညီမက ၄ တန်း၊ ၅ တန်းလောက်ကတည်းက ဝါသနာပါတာပါ။

အခု ချိစ်ကြက်သွန်ကြော်ကို ပရိသတ်ကို လုပ်ပြဖို့ စီစဉ်ဖြစ်သွားပုံလေးကိုလည်းပြောပြပေးပါဦး။

          ပုလဲက အကြော်တွေဆို အရမ်းကြိုက်တယ်။ အကြော်နဲ့ပတ်သက်လာရင် ကြက်ကြော်ဖြစ်ဖြစ်၊ အာလူးကြော်ပဲဖြစ်ဖြစ် ကြိုက်ပါတယ်။ ရိုးရိုး သာမန်ပြုတ်တာတို့၊ သုပ်တာတို့၊ ပေါင်းတာတို့ ထက်စာရင် အကြော်ကို ပိုကြိုက်တယ်။ အခုလို ကြက်သွန်ကြော်မျိုးကို နိုင်ငံခြားမှာဆိုရင် Junk Food တွေမှာ ရပါတယ်။ အမှန်အတိုင်းပြောရရင် ပုလဲက ကြက်သွန်အရသာ သိပ်မကြိုက်ပေမယ့် ဒါလေးက အာလူးကြော်လိုမျိုးလေးဖြစ်ပြီး တစ်ခါတလေ ကိုယ့်ဘာသာကို လုပ်စားလို့လည်း လွယ်ကူတော့  လုပ်စားဖြစ်ဖို့ စီစဉ်ဖြစ်သွားတာပါ။

ဘဝမှာ ပထမဆုံး စချက်ဖြစ်တဲ့ ဟင်းပွဲလေးကို မှတ်မိသေးရင် ပြောပြ ပေးပါဦး။ အရသာကရော ဘယ်လိုရှိသလဲ။

          ပထမဆုံးလုပ်ဖြစ်တာဆိုရင် ကြက်ဥကြော်ပါ။ ငယ်ငယ်က မေမေတို့က ချက်တာ ပြုတ်တာတွေ သိပ်ပြီးတော့ မလုပ်ခိုင်းပါဘူး။ မလုပ်ခိုင်းတဲ့အခါမှာ ကိုယ့်ဘာသာကို ကြက်ဥကြော်ကြည့်ချင်တယ်။ ဒီတော့ ကိုယ့်ဘာသာကို စမ်းပြီး ကြက်ဥကြော်ကြည့်တာ။ ဪ ကြက်ဥကြော်တာ လွယ်လွယ်လေးဆိုပြီးတော့ Half Fried ကြော်လိုက်တဲ့အခါမှာ အပေါ်တစ်ခြမ်းကတော့ အဆင်ပြေတယ်။ အောက်တစ်ခြမ်းက တူးသွားတယ်။ ဒါက ဘဝမှာ ပထမဆုံးချက်ပြုတ်တာပါ။ မမေ့နိုင်တဲ့ အမှတ်တရတစ်ခုပါ။

ငယ်ငယ်က ကြိုက်ပြီး အသက်ကြီးမှ မကြိုက်တာဆိုရင်ရော။ ငယ်ငယ်တုန်းက မကြိုက်ဘဲ အသက်ကြီးမှ ကြိုက်တာဆိုရင်ရော။

          ငယ်ငယ်က မုန်လာဥနီကိုအရမ်းကြိုက်တယ်။ ဒီအတိုင်းတောင် ဝါးစားတယ်။ ဒါပေမဲ့ အခု အသက်ကြီးလာတော့ ဘာလို့လည်းမသိဘူး။ မကြိုက်တော့ဘူး။ ငယ်ငယ်က မကြိုက်ဘဲ အသက်ကြီးမှ ကြိုက်တာ ဆိုရင် အရွက်တွေအားလုံးလို့ ပြောရမယ်။ ငယ်ငယ်က အရွက်ဆို လုံးဝမစားဘူး။ အခု အသက်ကြီးလာတော့ ဘာပဲပြောပြော ကိုယ်က ကျန်းမာရေးအကြောင်း နားလည်လာတယ်။ ကျန်းမာတဲ့အစားအစာ စားရမယ်၊ အာဟာရဖြစ်အောင်စားရမယ့်အခါမှာ အရွက်တွေကလည်း အရေးကြီးကြောင်းသိလာတော့ ငယ်ငယ်က မကြိုက်ပေမယ့် အသက်ကြီးမှ စားတတ်ပြီး ကြိုက်လာပါတယ်။

မနက်စာကို ဘယ်အချိန်လောက်စားဖြစ်လဲ။ ဘာဟင်းတွေနဲ့ စားဖြစ်တာများလဲ။ နေ့လယ်စာနဲ့ ညစာကိုရော။

          မနက်စာကို ညီမအိပ်ရာကနိုးပြီး သိပ်မကြာခင် မနက် ၇ နာရီ ကနေ ၉ နာရီကြားဆိုရင် စားဖြစ်ပါတယ်။ နေ့လယ်စာကတော့ ပုံမှန်ကျောင်းသွားတော့ မွန်းလွဲ ၁၂ နာရီခွဲလောက် စားဖြစ်ပါတယ်။ ညစာကတော့ ညီမက ခန္ဓာကိုယ်ထိန်းနေတာမို့ မစားဖြစ်တာများပါတယ်။ တစ်ခါတလေ သူငယ်ချင်းတွေနဲ့ အပြင်သွားပြီး ညစာစားတာမျိုးတော့ ရှိတာပေါ့နော်။

စားဖူးသမျှအစားအစာတွေထဲမှာ တစ်သက်မမေ့လောက်အောင် ဖြစ်တဲ့ အစားအသောက်မျိုးရောရှိလား။

          အဲဒီလိုမျိုး မေ့လို့မရတဲ့ အစားအသောက်မျိုးတော့ မရှိဘူး။ ညီမက အစားအသောက်ကောင်းဆိုရင် အကုန်ကြိုက်တယ်။ ဒီတော့ အစားအသောက်ကောင်းဆို အမြဲတမ်း လိုက်ရှာပြီး စားဖြစ်တော့ အကုန်လုံးက ကောင်းနေတာချည်းပဲလေ။ တစ်သက်မမေ့လောက်တာမျိုးဆိုရင်တော့ ပုလဲရဲ့မေမေချက်တဲ့ အုန်းထမင်းနဲ့ ကြက်ကြော်ပါ။ ပုလဲက အုန်းထမင်းကို ဘယ်ဆိုင်မှာဖြစ်ဖြစ်၊ဘယ်သူချက်ချက် လုံးဝမစားဘူး။ မကြိုက်ဘူး။ ဒါပေမဲ့ အိမ်မှာ မေမေချက်တဲ့ အုန်းထမင်းကိုတော့ ပုလဲ အရမ်းကြိုက်တယ်။

ထူးထူးဆန်းဆန်းအစားအသောက်တွေရော စားဖူးလား။

          ထူးထူးဆန်းဆန်းအစားအသောက်ဆိုရင် ညီမက အကုန်စားတယ်။ ဒါပေမဲ့ ပေါက်ကရတွေ မစားဘူး။ ပေါက်ကရဆိုတာက ပုံမှန်စားနေကျ အစားအစာမဟုတ်တဲ့  အကောင်ရှင်တွေတို့၊ အသားစိမ်းတို့၊ ယုန်သားတို့၊ ဖားသားတို့ စသဖြင့်ပေါ့။ ပုလဲအနေနဲ့ အထူးခြားဆုံးဆိုရင် သိုးသားစားဖူးတာလောက်ပဲ ရှိမယ်။

ရှုတင်တွေဘာတွေသွားရင်ရော ထမင်းချိုင့် ယူသွားလေ့ရှိလား။

          ရှုတင်ဆိုရင်တော့ ထမင်းချိုင့်မယူဘူး။ ထမင်းချိုင့်ကို သယ်သွားရမှာ ရှုပ်တယ်ထင်လို့ မယူဖြစ်တာများပါတယ်။

ကိုယ်မစားဖူးတဲ့အစားအသောက်တွေကို  မြည်းစမ်းချင်စိတ်ရှိလား။ ဘယ်လိုအရသာမျိုးကို မြည်းစမ်းချင်လဲ။

          အစားအသောက်နဲ့ပတ်သက်လာရင် ကိုယ်ဒါကြိုက်တယ်၊ ဒါပဲစားတယ်။ အသစ်ကို မြည်းစမ်းချင်စိတ်တော့ မရှိပါဘူး။ နောက်ပြီးတော့ ပုလဲက အစားအသောက်ဆိုရင် သူ့ရဲ့ ပုံသဏ္ဌာန်ကို အရင်ကြည့်တယ်။ အရောင်ကို အရင်ကြည့်တယ်။ တချို့အစားအသောက် ဆိုရင် အရောင်မလှတာတွေရှိတယ်။ အရောင်လေးလှတယ်၊ ကောင်းမယ်လို့ထင်တဲ့ အရာမျိုးပဲ ပုလဲက မြည်းဖြစ်တာများတယ်။

တချို့က စိတ်ညစ်တာတို့၊ ပျော်တာတို့၊ ဝမ်းနည်းတာတို့တွေဖြစ်ရင် အစားအများကြီး စားဖြစ်တာရှိတယ်။ ညီမကရော…။

          ပုလဲရဲ့ ထူးခြားချက်က စိတ်ညစ်ရင်လည်းစားတယ်။ ဝမ်းနည်းရင်လည်းစားတယ်။ ပျော်ရင်လည်းစားတယ်။ ကိုယ့်ရဲ့စိတ်ထဲမှာ ဖြစ်နေတဲ့ခံစားချက်တစ်ခုခုက ပုံမှန်ထက် တစ်ခုခုထူးကဲဖြစ်တယ်ဆိုလို့ရှိရင် ဖြေသိမ့်ဖို့အတွက်က အစားအသောက်နဲ့ပဲ ဖြေသိမ့်တာ များပါတယ်။

ပုလဲရဲ့  အစားအသောက်နဲ့ ကျန်းမာရေးပေါ်အမြင်လေးကို ပြောပြပေးပါဦး။

          ညီမအမြင်ကတော့ အခုခေတ်မှာဆိုရင် Junk Food တွေ၊ ကြိုတင်ပြင်ဆင်ထားတဲ့ အစားအသောက်တွေ များတယ်။ တာရှည်ခံဆေးတွေ ထည့်ထားတဲ့အစားအသောက်တွေ အများကြီးပေါ်လာတယ်။ ဒါတွေက ကျန်းမာရေးအတွက် အရမ်းဆိုးရွားတယ်။ ကျန်းမာရေးနဲ့ မသင့်တော်တဲ့ အစားအသောက်တွေဖြစ်တယ်။ ဒီတော့ ကျန်းမာရေးညီညွတ်တဲ့ အစားအသောက်တွေကို စားသုံးပေးသင့်ပါတယ်။ ခန္ဓာကိုယ် အတွက်လိုအပ်တဲ့ အာဟာရတွေကို အစားအသောက်ကပဲရတာဆိုတော့ အစားအသောက်ကအရေးကြီးပါတယ်။ အခုခေတ်မှာ အသင့်စားအစားအသောက်တွေကို စားတာများတော့ လူတွေက အဝလွန်တာတွေ များပြားလာလို့ နောက်ဆက်တွဲရောဂါတွေ ဖြစ်လာတယ်။ ဒါတွေက အစားအသောက် မဆင်ခြင်လို့ ဖြစ်လာတာဆိုတော့ ဒါတွေကိုကြည့်ခြင်းအားဖြင့် အစားအသောက်ကို ဆင်ဆင်ခြင်ခြင် စားသုံးသင့်တယ်လို့ထင်ပါတယ်။

အိမ်က မိဘတွေချက်တဲ့ ဟင်းတွေထဲမှ ဘယ်ဟင်းကိုအကြိုက်ဆုံးလဲ။

          ပုလဲက အကြော်တွေကြိုက်တော့ မေမေကြော်တဲ့ ကြက်ကြော်ကို အရမ်းကြိုက်တယ်။ အခြားဘာမှထွေထွေထူးထူး လုပ်ပေးစရာမလိုဘဲနဲ့ ထမင်းဖြူလေးနဲ့ ကြက်သားကြော်လေးစားရရင် ပုလဲအတွက်က အဆင်ပြေတယ်။

နိုင်ငံတကာအစားအသောက်မှာ ဘယ်အစားအသောက်ကို ကြိုက်လဲ။

          ပုလဲက ယိုးဒယားအစားအစာ ကြိုက်တယ်။ အိန္ဒိယ အစားအစာ၊ တရုတ်အစားအစာ၊ နောက် အမေရိကန် အစားအစာတွေ ကြိုက်ပါတယ်။ နိုင်ငံတကာအစားအသောက်က ကုန်တောင်ကုန်တော့မယ်၊ (ရယ်လျက်) မကြိုက်တာဆိုရင်တော့ ဗီယက်နမ်အစားအသောက်ကို မကြိုက်ဘူး။

နိုင်ငံခြားကိုရောက်နေတဲ့အခါမှာ ကိုယ့်မြန်မာပြည်က ဘယ်စားအစာကို သတိရမိလဲ။

          နိုင်ငံခြားရောက်ရင် ဘာလွမ်းလဲဆိုတော့ ငါးပိကြော်ပါ။ ငါးပိကြော်ရှိရင် ဘာစားစား အဆင်ပြေတယ်။ တစ်ခါတလေ တချို့နိုင်ငံတွေမှာ အစားအသောက်တော်တော် အဆင်မပြေတဲ့အခါမျိုးတွေ ရှိတယ်။ ပေါင်မုန့်တွေချည်းပဲ များများစားနေရရင်တော့ ငါးပိကြော်လေးကို လွမ်းမိမှာပါ။

ညီမအကြိုက်ဆုံး အသီးအနှံ၊ အရွက်၊ အသား၊ ငါးတွေကို ပြောပြပေးပါဦး။

          အကြိုက်ဆုံးအသီးအနှံဆိုရင် နာနတ်သီး၊ ဖရဲသီး၊ နဂါးမောက်သီး၊ အသီးအရွက်ထဲမှာဆိုရင် ပန်းကော်ဖီအစိမ်း၊ ကန်စွန်းရွက်ကြိုက်တယ်။ အသားငါးဆိုရင်တော့ အမဲသား ကြိုက်တယ်။ ငါးသိပ်စားလေ့မရှိပေမယ့် ငါးသလဲထိုးတော့ကြိုက်တယ်။ ဖျော်ရည်ထဲမှာဆိုရင် ပုလဲက လိမ္မော်သီး၊ ဖရဲသီးကြိုက်ပါတယ်။ ပုလဲ ဝိတ်ချတုန်းကဆိုရင် မုန်လာဥနီနဲ့ ပန်းသီးစိမ်းကို ဘာမှမပါဘဲ  ဒီအတိုင်းဖျော်ထားတာကို အရမ်းကြိုက်ပါတယ်။

အစားအသောက်တစ်ခုခုကို စားနေတုန်း အဲဒီထဲမှာ ရွံစရာတွေဘာတွေရော တွေ့ဖူးလား။ အစားအသောက်စားနေရင်း သူငယ်ချင်းတွေက ဘေးနားက ရွံစရာပြောရင်ရော ရွံတတ်လား။

          တွေ့ဖူးတယ်။ ရွံ့တတ်တယ်။ အဓိကက ဆံပင်တို့၊ အကောင်တို့ကိုတွေ့ရင် အရမ်းရွံတယ်။ အဲဒီလိုမျိုး ကိုယ်စားနေတဲ့ အစားအသောက်ထဲမှာ တစ်ခုခုတွေ့ရင်တော့ ဆက်မစားချင်တော့ဘူး။ သူငယ်ချင်းတွေ စနောက်ရင် အိမ်သာကိစ္စတို့  ဘာတို့နဲ့ နောက်ရင်တော့ ရွံတတ်တယ်။ ကျန်တာ စရင်တော့ အခြားထွေထွေထူးထူးမရှိပါဘူး။

အစားအသောက်က နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှုကို ဖော်ဆောင်နိုင်တယ်လို့ ထင်မြင်မိပါသလား။

          ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံရဲ့ အစားအသောက်တွေက မတူဘူး။ ချက်ပြုတ်နည်း၊ အရသာတွေလည်း မတူဘူး။ ဥပမာ- မုန့်ဟင်းခါးဆိုရင် မြန်မာနိုင်ငံပဲ။ တုန်ယမ်းဟင်းချိုဆိုရင် ထိုင်းပေါ့။ ဒီတော့ အစားအသောက်ကလည်း နိုင်ငံကို အရမ်းကိုယ်စားပြုပါတယ်။

အခုညီမလုပ်ပြတဲ့ ချိစ်ကြက်သွန်ကွင်းကြော်လေး လိုက်လုပ်စားကြည့်မယ့် ပရိသတ်အတွက် အမှတ်တရစကားလက်ဆောင်လေးကို ပြောပြပေးပါဦး။

          လုပ်စားကြည့်ပါလို့ ပြောချင်ပါတယ်။ ဒီဟာလေးက ကိုယ်ကိုယ်တိုင်လည်း အိမ်မှာ အလွယ်တကူလုပ်စားလို့ရတယ်။ နောက်ပြီးတော့ ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။အကြော်တော့ အကြော်ဆိုပေမယ့် အာလူးကြော်ကြိုက်တဲ့ သားသား၊ မီးမီးတွေကို အာလူးကြော်ကြီးပဲ မကျွေးချင်ဘူးဆိုရင် ချိစ်တို့၊ ကြက်ဥတို့ပါတဲ့ အခုအကြော်လေးကို ပြောင်းလဲလုပ်ကျွေးလို့ရပါတယ်လို့ ပြောချင်ပါတယ်။

 

 Onion Ring

ပါဝင်ပစ္စည်းများ

ကြက်သွန်နီ (အကြီး)   –  ၂ လုံး

ကြက်ဥ  –  ၂ လုံး

All Purpose Flour  –  ၂၀ဝ ဂရမ်

Bread Crumb  –  ၂၀ဝ ဂရမ်

ချိစ်အပြား  –  ၁၀ ခု

ပြုလုပ်နည်း

၁။       ကြက်သွန်နီကို ခပ်ထူထူလေးတွေ လှီးပြီး အကွင်းလေးတွေ ခွာထားပါ။ ချိစ်အပြားလေးတွေကို ကြက်သွန်နီအပြားအရွယ် လောက် လှီးထားပါ။ ကြက်သွန်နီအကွင်းလေးတွေကို တစ်ခုကျော်လောက်စီနဲ့ တွဲပြီး ကြားထဲမှာ ချိစ်အပြားလေးတွေ ညှပ် ထားပါ။

၂။       ကြက်ဥခေါက်ပြီး ပန်းကန်ပြားတစ်ချပ်ထဲ ထည့်ထားပါ။ ကြက်သွန်နီကွင်းကို ကြက်ဥနှစ်၊ ဂျုံကပ်၊ ကြက်ဥပြန်နှစ်ပြီး Bread Crumb ကပ်၍ ဆီပူပူမှာ ကြော်ပါ။ အနီရောင်လေးသန်းလာလျှင် ဆီထဲကထုတ်လိုက်လို့ ရပါပြီ။

Facebook Comments