ပုစွန်ချိစ်ကော်ပြန့်ကြော်

ပုစွန်ချိစ်ကော်ပြန့်ကြော်

          Food Magazine ကိုဖတ်ရှုကြတဲ့ ပရိသတ်ကြီးအားလုံး မင်္ဂလာပါရှင်။ ဒီလ Kitchen for Kids မှာ ကလေးတို့ကြိုက်နှစ်သက်မယ့် လက်ချောင်းအရွယ် ပုစွန်ကော်ပြန့်လေးကို ဖော်ပြပေးချင်ပါတယ်။ အစားအစာရွေးတဲ့ကလေးတွေအတွက် တစ်မျိုးတည်းနဲ့ အာဟာရစုံလင်စွာပါဝင်ပြီး သရေစာအဖြစ်လည်း စားလို့ရသလို ကျောင်းထမင်းဘူးအတွက်လည်း သင့်တော်ပါတယ်။ ပုစွန်ကော်ပြန့်မှာ ပုစွန်အစား တခြားနှစ်သက်ရာ အသားကို အစားထိုးအသုံးပြုလို့ရပါတယ်။ ပုစွန်၊ မုန်လာဥနီ၊ ဗိုလ်စားပဲသီး၊ ပဲစိမ်းလုံး၊ ပြောင်းဖူးတို့ပါဝင်တာမို့ ကလေးတို့ရဲ့ တစ်နေ့တာလိုအပ်မယ့် အာဟာရသုံးမျိုးစလုံး ပါဝင်ပါတယ်။

   ပါဝင်ပစ္စည်းများ

♦   ကော်ပြန့်ရွက်    –   ၈ လက်မပတ်လည် (လေးပိုင်းပိုင်းထားပါ)

♦   ပုစွန်အလတ်   –   ခွက်တစ်ဝက်

    (အခွံခွာ၊ ခေါင်းဖြုတ်၊ ကျောခွဲပြီး သန့်စင်ထားသော)

♦   မုန်လာဥနီ၊ ပဲသီးစိမ်း၊ ဗိုလ်စားပဲ၊ ပြောင်းဖူး

    (အတုံးသေးသေးလေးများ လှီးထားပြီးသား)

♦   အရော    –   ခွက်တစ်ဝက်

    (ကျွန်မက အရော အသင့်သုံးအထုပ်ကို အသုံးပြုထားပါတယ်။ ကြိုက်နှစ်သက်ရာကို အသုံးပြုပါ)

   ပြုလုပ်နည်းအဆင့်ဆင့်

၁။      ကော်ပြန့်ရွက်မှလွဲပြီး ကျန်ပါဝင်ပစ္စည်းအားလုံးကို နုပ်နုပ်စဉ်း သို့မဟုတ် ကြိတ်ပါ။

၂။      ထောပတ်အနည်းငယ်ကိုအပူပေးပြီး ကြိတ်ထားသော ပုစွန်အရောကိုထည့်။ ခရုဆီ ထမင်းစားဇွန်း တစ်ဇွန်း၊ ငရုတ်ကောင်းမှုန့် အနည်းငယ်ထည့်ပြီး ကျက်အောင်ကြော်ပါ။ ပုစွန်အရောကျက်ပြီဆိုမှ မီးပိတ်ပြီး နှစ်သက်ရာချိစ်ကို ထမင်းစားဇွန်း သုံးဇွန်းခန့်ထည့်မွှေပြီး အအေးခံထားပါ။

၃။      အအေးခံထားသောပုစွန်အရောကို ကော်ပြန့်ဖတ်ပေါ်တင်ပြီးလိမ့်။ ဆီပူပူမှာ မီးအလယ်အလတ်ဖြင့် ရွှေရောင်သန်းလာသည်အထိကြော်။ ဆီစစ်ပြီး မရောနိစ် ခရမ်းချဉ်သီးဆော့စ်တို့ဖြင့် သုံးဆောင်နိုင်ပါတယ်။ ကိုင်ရအဆင်ပြေပြီး လက်ချောင်းအရွယ် ကော်ပြန့်ကြော်လေးကို ကလေးတွေ ကြိုက်နှစ်သက်ကြမှာပါ။ ကလေးတို့အားလုံးပျော်ရွှင်ကြပါစေနော်။

♦   May’s Healthy Food   ♦

Facebook Comments