နာမည်ကျော် ဩစတြေးလျစားဖိုမှူး ကားတစ္စစတုန်း (Curtis Stone)
by စိုးသိဏ်း for Food Magazine
          ကားတစ္စစတုန်းက ဩစတြေးလျဇာတိ စားဖိုမှူးတစ်ဦးဖြစ်ပြီး ယခုအခါ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ် (L.A) မြို့ရှိ လူကုံထံရပ်ကွက်ဖြစ်တဲ့ ဘရင့်ဝု(ဒ်)မှာ ဇနီးဖြစ်သူ လင်းဆေး၊ သားနှစ်ယောက်ဖြစ်တဲ့ ဟတ်ဆန် (၆ နှစ်)၊ အမ်မာဆန် (၃ နှစ်) တို့နဲ့အတူ နေထိုင်ပါတယ်။ အသက် (၄၂) နှစ်ရှိ ကားတစ္စက အရောင်းရဆုံး ချက်ပြုတ်နည်း လမ်းညွှန်စာအုပ် Coles Fresh Advisor ပြုစုသူ၊ အမေရိကနဲ့ ဩစတြေးလျတို့မှ ရုပ်မြင်သံကြားအစီအစဉ်တွေ တင်ဆက်သူနဲ့ L.A မြို့ရဲ့ ထိပ်တန်းစားသောက်ဆိုင် နှစ်ဆိုင်ဖြစ်တဲ့ Gwen နဲ့ Maude တို့ရဲ့ ပိုင်ရှင်ဖြစ်တယ်။ (Maude ဆိုတာက သူ့အဘွားနာမည်ဖြစ်တယ်) ကားတစ္စဟာ စားဖိုမှူးတစ်ဦးထက် ရုပ်ရှင်မင်းသားနဲ့ ပိုတူသူဖြစ်ပါတယ်။ တီရှပ်နဲ့ ဂျင်းဘောင်းဘီဝတ်ပြီး ဆံပင်ကို ထောင်ထားကာ ကြည်လင်တဲ့မျက်လုံးပြာပြာနဲ့ ပြုံးရွှင်နေတဲ့ ကားတစ္စဟာ ကယ်လီဖိုးနီးယား ဒါမှမဟုတ် ဩစတြေးလျက ပင်လယ်လှိုင်းလုံးစီးတဲ့ ယောကျာ်းတစ်ဦးပုံစံ ပေါက်နေပါသေးတယ်။ ဒါကြောင့်လည်း သူဟာ သူများရဲ့ တီဗွီအစီအစဉ်တွေ တင်ဆက်ပေးဖို့ မကြာခဏဖိတ်ကြားခံရပြီး ၂၀၁၀ ပြည့်နှစ်က ဒေါ်နယ်ထရမ့် တင်ဆက်တဲ့ Celebrity Apprentice  ပြိုင်ပွဲအစီအစဉ်မှာလည်း စတုတ္ထဆုရခဲ့တာဖြစ်တယ်။ မဲလ်ဘုန်းမြို့မှ စာရင်းစစ်ဘရိုင်ယင်နဲ့ ပန်းဆိုင်ပိုင်ရှင် လိုရိန်းတို့ရဲ့ သားဖြစ်တဲ့ ကားတစ္စဟာ ငယ်ငယ်က သိပ်မချမ်းသာခဲ့ပါဘူး။ သူ့အသက် (၂) နှစ်အရွယ်မှာ သူ့မိဘတွေ အိမ်ထောင်ကွဲခဲ့တယ်။
          “အမေ့မှာ အရသာရှိတဲ့ စားကောင်းသောက်ဖွယ်ရာတွေ ချက်ပြုတ်ဖို့ အချိန်မရှိဘူးဗျ။ သူဟာ ကိုယ့်ရဲ့မိခင်အဖြစ် နေ့တိုင်း သူ့ဆိုင်အလုပ်တွေ၊ အိမ်မှုကိစ္စတွေနဲ့ ချာလပတ် ရမ်းနေတယ်။ ကျွန်တော့်ကိုတော့ ဝအောင်ကျွေးပါတယ်။ ဘီစကွတ်မုန့်တွေ သူဖုတ်နေပုံ ကြည့်ရတာ ကျွန်တော်ပျော်တယ်” လို့ သူက ပြောတယ်။
          ကားတစ္စဟာ ဆယ်ကျော်သက်အရွယ်က မီးဖိုချောင်ထဲမှာ မနေချင်ခဲ့ပါဘူး။
          “စားဖိုမှူးသင်တန်း တက်နေတုန်းက စားဖိုမှူးဝတ်စုံဝတ်ပြီး ဦးထုပ်ကြီးဆောင်းထားတဲ့ ကျွန်တော့်ပုံစံက မှန်ထဲမြင်ရတော့ တူသလိုပဲဗျ။ သူငယ်ချင်းတွေ ဘောလုံးကန်ဖို့ ချိန်းထားတဲ့အခါ သင်တန်းနောက်ဖေးပေါက်က လစ်ပြေးပြီး ကားရပ်စခန်းထဲမှာ အဝတ်အစားလဲပြီးမှ သွားတယ်” လို့ သူက ပြောတယ်။
          ဒါပေမဲ့ ကားတစ္စက အချက်အပြုတ်အပေါ် စွဲလမ်းလာတဲ့အခါ အဲဒီရှက်စိတ်က မြန်မြန်ပျောက်သွားတယ်။ ကားတစ္စဟာ မဲ(လ်)ဘုန်းမြို့က ဟိုတယ်တစ်ခုရှိ အမဲသားဆိုင်မှာ အမဲသားလှီးသူအဖြစ် အလုပ်သင်လုပ်ခဲ့ပြီး အဲဒီမြို့က စားသောက်ဆိုင်အတော်များများမှာ အလုပ်ပြီးနောက် ကျောပိုးအိတ်တစ်လုံးလွယ်ပြီး ဩစတြေးလျမှ ထွက်ခွာသွားတယ်။
          “ကျွန်တော် (၂၁) နှစ်အရွယ်မှာ လန်ဒန်ကို ပြောင်းခဲ့တယ်။ လက်ထဲမှာ ငွေသိပ်မရှိဘူး။ အလုပ်ရပေမယ့် သူများအိမ်က ဆိုဖာပေါ် အတော်ကြာကြာအိပ်ခဲ့ရတယ်။ ဘတ်စ်ကားခ ချွေတာပြီး အလုပ်ကို ခြေကျင်လျှောက်လို့ စနေ၊ တနင်္ဂနွေကျတော့ ဘီယာဖိုးလေး စုမိတယ်” လို့ သူက ပြောတယ်။
          မကြာခင်မှာ နာမည်ကျော်စားဖိုမှူးကြီး မာကိုပီယံဝှိုက်ရဲ့ တပည့်ဖြစ်လာပြီး နောက်ဆုံးတော့ Quo Vadis ဆိုတဲ့ အဆင့်မြင့်စားသောက်ဆိုင်ကြီးမှာ စားဖိုမှူးကြီး ဖြစ်လာတယ်။
          “မာကိုက သိပ်လက်ဖျားခါလောက်အောင် တော်တယ်။ သူ့ရဲ့တီထွင် ဖန်တီးမှု စွမ်းအားက ပြင်းထန်တယ်” လို့ သူက သူ့လက်ဦးဆရာ “မာကို” နဲ့ပတ်သက်လို့ မှတ်ချက်ချတယ်။
          ဗြိတိန်မှာ ၁၁ နှစ်ကြာ နေထိုင်လုပ်ကိုင်ပြီး ၂၀၁၄ ခုနှစ်မှာ L.A ကို ပြောင်းကာ သူ့ကိုယ်ပိုင်ဆိုင် Maude ကို ဦးဆုံးဖွင့်တယ်။ နောက်နှစ်နှစ်ကြာတော့ Gwen ဆိုင်ကို ဖွင့်တယ်။
          သူနဲ့ လင်းဆေးတို့က အချင်းချင်း လုံးဝမမြင်ဖူးကြဘဲနဲ့ အောင်သွယ်တော်  ဝက်ဘ်ဆိုက်မှတစ်ဆင့် ချိန်းတွေ့ ပြီး ချစ်သွားကြတာပါ။
          “ကျွန်မတို့နှစ်ဦး အရူးအမူး ချစ်သွားကြတယ်။ သူက အနုပညာဆန်ပြီး ယောကျာ်း ပီသတယ်။ သူ့မှာ ပျော့ပျောင်းနူးညံ့မှုလည်း ရှိတယ်”လို့ လင်းဆေးက ပြောတယ်။ လင်းဆေး အထင်ကြီးအောင် ကားတစ္စ ပထမဆုံးဖန်တီးပြတဲ့ မေ့မရနိုင်စရာအစားအစာက ဘာလဲလို့အမေးခံရတော့ “မော့လ်ဝီစကီကို လင်းဆေးကြိုက်တော့ ကျွန်တော်က လိမ္မော်နဲ့ ဝီစကီကို ရောစပ်ထားတဲ့ ချော့ကလက် Mousse ကို လုပ်ပေးတယ်လေ။ အခုတော့ သူ့အလေးချိန် တိုးမှာစိုးလို့ အဲဒါသိပ်မစားတော့ဘူး” လို့ သူကပြောတယ်။
          လင်းဆေးအကြိုက်ဆုံး ကားတစ္စရဲ့ လက်ရာကတော့ ပူစပ်တဲ့ကဏန်းဟင်းပါတဲ့။
          “သူက ကျွန်မပိန်ချင်သလား၊ ဝချင်သလားဆိုတာကြည့်ပြီး သိပ်ကောင်းတဲ့ ပါစတာ၊ ဒါမှမဟုတ် မုန်လာရွက်ထုပ်ကြော် လုပ်ပေးတယ်” လို့ သူမက ရယ်ပြီးပြောတယ်။
          လင်းဆေးဟာ ကလေးတွေနဲ့အတူ နှစ်အနည်းငယ်ကြာ အိမ်မှာ အတူနေပြီးနောက် ယခုအခါ Spilitting Up Together ဆိုတဲ့ ရုပ်သံစီးရီးသစ်ကို ပြန်ရိုက်ကူးနေပါတယ်။
          သူတို့ဇနီးမောင်နှံနှစ်ယောက်တည်းလည်း ချိန်းပြီး ညဘက်ထွက်လည်တဲ့ကိစ္စဟာ စိန်ခေါ်မှုဖြစ်ပါသတဲ့။ သူတို့အလုပ်တွေကြားက အချိန်လုပြီး ချိန်းတွေ့ရတယ်လေ။
          “ကျွန်တော်တို့နှစ်ယောက် ၅ မိနစ်စာလောက်ဝေးတဲ့ လမ်းထဲက ဟိုတယ်မှာပဲ အခန်းငှားပြီး ဟိုတယ်စားဖိုဆောင်က မှာစားကြတယ်။ ဒါမှမဟုတ် အခန်းထဲကို အကြောပြင်ဆရာ လွှတ်ခိုင်းတယ်။ ဟိုတယ်ခန်းထဲမှာပဲ အပန်းဖြေခရီးထွက်ကြတာပေါ့” လို့လည်း ကားတစ္စက ပြောတယ်။
          “သူတို့က မီးဖိုချောင်ထဲဝင်ရတာကို ကြိုက်တယ်။ ကျွန်တော်တို့ခြံထဲမှာ ဟင်းသီးဟင်းရွက် စိုက်ထားတော့ သူတို့က သစ်ပင်ပန်းမန်စိုက်ပျိုးရတာလည်း ဝါသနာပါတယ်” လို့ ကားတစ္စက ပြောတယ်။ “သားငယ်လေး အမ်မာဆန်က သူ့ရဲ့ကိုရီးယားလူမျိုး ဘွားဘွား ချက်ကျွေးတဲ့ အစားအစာတွေကြိုက်တယ်။ (လင်းဆေးက ကိုရီးယားကပြားဖြစ်တယ်) Bulgogi နဲ့ ထမင်းကတော့ သူ့အကြိုက်ဆုံးပေါ့။ သားကြီး ဟတ်ဆန်က လူကြီးအများစုထက် ပိုပြီး အစုံစားဖူးတယ်။ ငန်းအသည်းကအစ ဖားခြေထောက်အထိပဲ” လို့ ကားတစ္စက ရယ်ရင်းပြောတယ်။
          ကားတစ္စက ဩစတြေးလျနဲ့ အမေရိကန်ပြည်သူတွေရဲ့ စားသောက်ပုံအပေါ် အဓိပ္ပာယ်ရှိတဲ့ သက်ရောက်မှုပေးနိုင်သူအဖြစ် ထင်ရှားခြင်းအတွက် ကျေနပ်နေတယ်။
          “မကြာသေးခင်က ကျွန်တော်နဲ့တွေ့တဲ့လူတစ်ယောက် သူတို့တစ်မိသားစုလုံး ငါးမစားဘူးလို့ ပြောတယ်။ ဒါပေမဲ့ ကျွန်တော့်ရုပ်သံအစီအစဉ်ကြည့်ပြီးကတည်းက သောကြာနေ့ ညတိုင်း  ဆာလ်မွန်ငါးဟင်း ချက်စားကြတယ်” လို့ ပြောတယ်။ “သူ့မိသားစုကို ကျွန်တော်က အပြောင်းအလဲလေး လုပ်ပေးခဲ့တာပဲ” လို့ ကားတစ္စက ပြောတယ်။ ကားတစ္စဟာ အမြန်စားသရေစာတွေကိုတော့ သူ့သားတွေ မစားစေချင်ဘူး။ “သူတို့ကို ရေခဲမုန့်နဲ့ မက္ကဆီကန် အစားအစာပဲ ကျွေးတယ်” လို့ သူကပြောတယ်။
          သူတို့ဇနီးမောင်နှံဟာ မိသားစုညစာစားပွဲတွေကို တက်ကြွစွာ လှုံ့ဆော်အားပေးနေကြသူဖြစ်တယ်။ “ပီဇာကို အိမ်လာပို့ခိုင်းပြီး မိသားစုအတူစားတာနဲ့ အိမ်မှာ ကိုယ်တိုင် ချက်ပြုတ်ပြီး မိသားစုအတူစားကြတာမတူပါဘူး။ အိမ်ထဲမှာ ဟင်းနံ့လေး သင်းနေတာကိုက ထူးခြားတယ်။ ညစာစားရင်းနဲ့ မိသားစုဝင်တွေဟာ ကိုယ့်ရဲ့တစ်နေ့တာအကြောင်းတွေ ပြောဆိုဆွေးနွေးလို့ရတယ်” လို့ ကားတစ္စက ပြောပါတယ်။ ကားတစ္စဟာ နေ့တိုင်း မနက်စာကို အိမ်မှာ အမြဲစားပြီးမှ အလုပ်သွားပါတယ်။
          “ကျွန်တော်တို့ ဝက်ပေါင်ခြောက်နဲ့ ကြက်ဥစားပြီး ရေကူးတယ်။ ကလေးတွေကို ကျောင်းပို့တယ်။ မနေ့က သားလေးတွေနဲ့အတူ စက္ကူလေယာဉ်ပျံရုပ်ကလေးတွေ လုပ်ကြတယ်။ ဖခင်ဖြစ်ရတာကို ကျွန်တော်ကြိုက်တယ်ဗျ” လို့ သူက ပြောတယ်။
          စနေ၊ တနင်္ဂနွေနေ့တွေမှာ အမေရိကန်အခြေချ၊ ဩစတြေးလျနိုင်ငံသား အတော်များများပါဝင်တဲ့ မိသားစု၊ မိတ်ဆွေတွေကို ဖိတ်ပြီး အိမ်မှာ အသားကင်လုပ်စားကြတယ်။
          “ကားတစ္စဟာ သိပ်အံ့ဩစရာကောင်းတဲ့ဖခင်တစ်ဦးဖြစ်ပြီး သူနဲ့အိမ်ထောင်ကျတာ ကျွန်မကံကောင်းတယ်လို့ အောက်မေ့မိတယ်” လို့ လင်းဆေးကပြောတယ်။
          ကားတစ္စဟာ မကြာသေးခင် နှစ်အနည်းငယ်အတွင်း လူအမြောက်အမြားကို သတ်ဖြတ်မှုနဲ့ လက်နက်တွေ လွယ်လွယ်ရရှိနိုင်မှုစတဲ့ အမေရိကန်နိုင်ငံရဲ့ ဘဝလက္ခဏာ တချို့အတွက်တော့ စိုးရိမ်မကင်းဖြစ်မိရှာတယ်။ “ငွေအဓိကကျတဲ့ အရင်းရှင်လူ့အဖွဲ့အစည်းထဲမှာ သေနတ်တွေက မသတီစရာကောင်းတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေတယ်။ သေနတ်ကိုင်ဆောင်မှု ပိတ်ပင်ရေး စည်းရုံးလှုံ့ဆော်ဖို့ ကြီးကြပ်သူတွေထဲမှာ သိပ်ဩဇာရှိတဲ့ လူတွေပါနေပါတယ်” လို့ သူကထောက်ပြတယ်။ ဇာတိနိုင်ငံနဲ့ပတ်သက်လို့ သူ့အလွမ်းဆုံးအရာက ဘာလဲ အမေးခံရတော့ “ဩစတြေးလျနိုင်ငံသားတွေရဲ့ ဟာသဥာဏ်ပေါ့ဗျာ။ အမေရိကားမှာက တစ်မျိုးပဲဗျာ။ ထေ့ငေါ့တာတွေ၊ ရွံခဲ့တာတွေ သိပ်မရှိဘူး” လို့ သူက ဖြေပါတယ်။
          ကားတစ္စက သားလေးတွေကို ၄င်းတို့ဟာ ဩစတြေးလျကပြားတွေဖြစ်တယ်ဆိုတာ မမေ့ဖို့လည်း အမြဲသတိပေးသတဲ့။ “သားတို့က ဩစတြေးလျနိုင်ငံသားတွေပီပီ အကြမ်းခံနိုင်ရမယ်နော်။ လဲကျရင် ပြန်ထပြီး သားတို့ ဘာမှမဖြစ်ဘူးလို့ပြောနိုင်ရမယ်” လို့ သူက ပြောတယ်။
          ဩစတြေးလျကို တစ်နေ့နေ့ပြန်သွားဖို့ စိတ်ကူးရှိသလားလို့ အမေးခံရတော့ “ဟုတ်တယ်။ အဲဒီကိုပြန်ပြီး မဲလ်ဘုန်းမှာ ဆိုင်တစ်ဆိုင်တော့ ဖွင့်ချင်တယ်။ ရယ်စရာတော့ အကောင်းသားဗျ။ ဘဝက ပိုရှုပ်ထွေးလာလေ၊ ရိုးစင်းမှုကို ပိုတောင့်တမိလေပဲ။ ဩစတြေးလျပြန်ဖြစ်ရင် ခြံတစ်ခြံဝယ်ပြီး သိုးတွေ၊ ဆိတ်တွေမွေးမယ်။ ဟင်းသီးဟင်းရွက် စိုက်ပျိုးမယ်” လို့ ဖြေလိုက်တဲ့ ကားတစ္စဟာ သူ့ဆိုင်ထဲဝင်လာတဲ့ ဟောလိဝုဒ်မှ ညစာ စားမယ့်သူတွေဆီ ချဉ်းကပ်သွားပါတော့တယ်။
Facebook Comments