တကယ်အရမ်းစိတ်ညစ်နေတဲ့အခါကျရင် ဘာမှစားလို့ မဝင်တော့ဘူး။ အရမ်းပျော်တဲ့အချိန်ကျရင်တော့ စားချင်တယ်ဆိုတဲ့ စုလင်းရှိန် @ ဆွိတီလေး

by အာဂ for Food Magazine

အချက်အပြုတ်ကို ဘယ်အရွယ်လောက်ကတည်း က စပြီးတော့ ဝါသနာပါခဲ့ပါသလဲ။

          အချက်အပြုတ်ကို ညီမက ငယ်ငယ်ကတည်းက ဝါသနာပါပါတယ်။ အကြော်အလှော်တွေလည်း လုပ်ဖြစ်ပါတယ်။ ၅ တန်း၊ ၆ တန်းလောက်ကတည်းက ကိုယ့်ဘာသာကိုယ် သရက်သီးသုပ်တွေ ဘာတွေ လုပ်စားဖြစ်ခဲ့ပါတယ်။

အခု မြူရွှက်သုပ်လေးကို ပရိသတ်ကို လုပ်ပြဖို့ စီစဉ်ဖြစ်သွားပုံလေးလည်း ပြောပြပေးပါဦး။

          အခုဟာလေးက  ဝိတ်လျှော့ချင်တဲ့သူတွေအတွက် ညနေမှာ ထမင်းမစားဘဲနဲ့ ဒါလေးပဲ စားမယ်ဆိုရင် ဝိတ်ကျစေနိုင်သလို ကျန်းမာရေးအရလည်း ညီညွတ်စေလို့ လုပ်ပြဖြစ်သွားတာပါ။

ဘဝမှာ ပထမဆုံးစချက်ဖြစ်တဲ့ ဟင်းပွဲလေးကို မှတ်မိသေးရင် ပြောပြပေးပါဦး။ အရသာကရော ဘယ်လိုရှိသလဲ။

          ပထမဆုံးလုပ်ဖြစ်တာဆိုရင် ခုနကပြောတဲ့ သရက်သီးသုပ်ပါ။ ပြီးတော့ မာလာဟင်းတို့ ဘာတို့ကို လုပ်ဖြစ်တယ်။ အရသာကတော့ ကောင်းပါတယ်။ သရက်သီးသုပ်ဆိုတော့ ငါးပိရယ်၊ ငံပြာရည်၊ ငရုတ်သီးမှုန့်ပဲ ပါတယ်ဆိုတော့ စားလို့ ကောင်းပါတယ်။

စုလင်းရှိန်ချက်တဲ့ဟင်းတွေထဲမှာ လူကြိုက်အများဆုံးဟင်းပွဲကရော ဘာဟင်းပွဲဖြစ်မလဲ။

          ညီမချက်တဲ့ ဟင်းထဲမှာ လူကြိုက်အများဆုံးဆိုရင်တော့ မာလာကြက်ဥချောင်းဟင်းလေးပါ။ အဲဒီဟင်းလေးကို သူငယ်ချင်းတွေရော အိမ်က မိသားစုတွေပါ ကြိုက်ကြပါတယ်။

အဲဒီလို ညီမချက်တာကိုစားပြီး ပထမဆုံးချီးမွမ်းခံရတုန်းက ခံစားချက်ကရော။ အချက်အပြုတ်ကို ဘယ်သူတွေဆီက သင်ယူဖူးလဲ။

          အဲဒီလိုချီးမွမ်းရင်တော့ အရမ်းပျော်သွားတာပေါ့။ ကိုယ်က အပင်ပန်းခံ ချက်ကျွေးတာကို သူတို့ကကြိုက်တယ်ဆိုတော့ ဝမ်းသာတာပေါ့။ အချက်အပြုတ်ကတော့ အမေ့ဆီကပဲ သင်ယူဖြစ်ပါတယ်။ အမေက အရမ်းအချက်တော်တယ်။

ငယ်ငယ်က မကြိုက်ဘဲ အသက်ကြီးမှကြိုက်တာမျိုးဆိုရင်ရော။

          ငယ်ငယ်တုန်းက ကြိုက်တာဆိုရင်တော့ ငါးပိရည်ကျိုပါ။ နောက်တစ်ခုက ငယ်ငယ်က အမေက ကြက်ဥဟင်းအမြဲချက်ကျွေးတာ။ အခုအသက်ကြီးလာတော့မှ ကြက်ဥဟင်း ပြန်စားနေတာ ၁ နှစ်လောက် ရှိပါပြီ။

အစားအသောက်နဲ့ ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်လေးတွေရှိရင် ပြောပြပေးပါဦး။ ဥပမာ- တချို့ သကြားလုံးမျိုမိတာတို့၊ ကျောင်းမှာမုန့်ခိုးစားလို့ အရိုက်ခံရတာတို့၊ ဟင်းခိုးစားတာတို့ပေါ့။

          အဲဒီလိုအစားအသောက်နဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်ဆိုရင် အရင်တုန်းက နယ်မှာနေလာတာ ရန်ကုန်ကို ပြောင်းလာတော့ ရန်ကုန်မှာ ခေတ်စားနေတာက မက်ဆီကန်ကြက်ကြော်ဆိုတော့ ရန်ကုန်ရောက်ရောက်ချင်း အများကြီးစားလိုက်တယ်။ ပြီးတော့ အိမ်ပြန်ရောက်ရောက်ချင်း အမေက ပုစွန်ဥကြော်ထားတယ်။ ပုစွန်ဥကြော် တစ်ခါမှလည်း မစားဘူးတော့ ထပ်စားလိုက်တယ်။ အဲဒီကနေ အိမ်ကနေအထွက် လှေကားနားလည်းရောက်ရော အကုန်လုံး အန်ထွက်ကုန်တာ အမှတ်တရပါပဲ။ အဲဒီ အထဲက အခုချိန်အထိ မက်ဆီကန်ကြက်ကြော်နဲ့ ပုစွန်ဥကြော်ဆို လုံးဝမစားတော့ဘူး။ (ရယ်လျက်)

မနက်စာကို ဘယ်အချိန်လောက်မှာ စားဖြစ်လဲ။ ဘာဟင်းတွေနဲ့ စားဖြစ်တာများလဲ။နေ့လယ်စာနဲ့  ညစာကိုရော။

          ကျောင်းမှာတုန်းကတော့ မနက်စာမစားဖြစ်ဘူး။ အိပ်ရာတန်းထပြီး ကျောင်းကို တန်းသွားတယ်။ အခုတော့ ညီမက Gym ဆော့တော့ အစားအသောက်ကို ပုံမှန်ပြန်စားတယ်။ မနက်စာဆိုလို့ရှိရင် သီးမွှေးငှက်ပျောသီးရယ်၊ ကြက်ဥ ၂ လုံးရယ်၊ ပဲနို့ရယ် သောက်တယ်။ နေ့လယ်စာကို ထမင်းလျှော့ပြီး ဟင်းများများစားဖြစ်တယ်။ ညစာတော့ မစားဖြစ်ဘူး။ အသီးတွေစားတယ်၊ ဒိန်ချဉ်သောက်တယ်။ ကြက်သားပြုတ်၊ ကြက်ဥ အကာ၊ အသီးအရွက်တွေ စားဖြစ်တယ်။

စားခဲ့ဖူးသမျှ အစားအစာတွေထဲမှာ တစ်သက်မမေ့လောက်အောင်ဖြစ်တဲ့ အစားအသောက်မျိုးရော ရှိလား။

          ငယ်ငယ်ကတည်းက အခုချိန်အထိ စားဖြစ်တာဆိုရင် ရွှေပုစွန်က ဖာလူတာပါ။ အဲဒါကတော့ တစ်သက်မမေ့ဘူး။

ထူးထူးဆန်းဆန်းအစားအသောက်တွေရော စားဖူးလား။

          ထူးထူးဆန်းဆန်း အစားအသောက်ဆိုရင်တော့ ညီမက သိပ်မစားဖြစ်ဘူး။ ဒါပေမဲ့ ဟိုတစ်လောက ဗီယက်နမ်သွားလည်တော့ ခုံးတွေ၊ ခုံးယောက်မတွေတော့ စားဖြစ်တယ်။ ဒါက ညီမအတွက်တော့ ထူးဆန်းတယ်။ အရင်က မစားရဲဘူး။

အားလပ်ရက်တွေမှာ  တစ်ခုခုလုပ်စားလေ့ရှိလား။

          အားလပ်ရက်တွေမှာ လုပ်စားဖြစ်ပါတယ်။ Facebook, Youtube တို့က အစားအသောက်နည်းတွေ၊ စာအုပ်တွေက ဟင်းချက်နည်းဖတ်ပြီး လုပ်စားဖြစ်တယ်။ ကြက်ဥချောင်းကို ပေါင်မုန့်နဲ့လိပ်ပြီး ကြော်တဲ့ဟာမျိုးတွေ လုပ်စားဖြစ်တယ်။

ရှုတင်တွေ ဘာတွေသွားရင်ရော ထမင်းချိုင့် ယူသွားလေ့ရှိလား။

          ရှုတင်ဆိုရင်တော့ ရှုတင်ထမင်း စားဖြစ်တာများတယ်။

ကိုယ်မစားဖူးတဲ့အစားအသောက်တွေကို မြည်းစမ်းချင်စိတ်ရှိလား။ ဘယ်လိုအရသာမျိုးကို မြည်းစမ်းချင်လဲ။

          ကိုယ်မစားဖူးတဲ့အစားအသောက်ဆို မြည်းစမ်းချင်စိတ်မရှိပါဘူး။ ညီမက ကိုယ်မကြိုက်တဲ့ အစားအသောက်ဆိုရင် ကြည့်လိုက်တာနဲ့ အဲဒီဟင်းက ကောင်းမကောင်း သိတယ်။ ခရမ်းချဉ်သီးတို့၊ ခရမ်းသီးတို့ ဟင်းတွေဆိုရင် ငယ်ငယ်ကတည်းက မကြိုက်လို့ အဲဒီဟင်းတွေမြင်ရုံနဲ့ ကိုယ်မကြိုက်ဘူးဆိုတာ သိတော့ မစားဖြစ်ဘူး။

တချို့က စိတ်ညစ်တာတို့၊ ပျော်တာတို့၊ ဝမ်းနည်းတာတို့တွေဖြစ်ရင် အစားအများကြီး စားဖြစ်တာရှိတယ်။ ညီမကရော…။

          တကယ်အရမ်းစိတ်ညစ်နေတဲ့အခါကျရင် ဘာမှစားလို့ မဝင်တော့ဘူး။ အရမ်း ပျော်တဲ့အချိန်ကျရင်တော့ စားချင်တယ်။ ညီမက ဝိတ်လျှော့နေလို့သာ မစားဖြစ်တာ။ တကယ်တမ်းဆိုရင်တော့ အရမ်းစားနိုင်တယ်။ နာရီဝက်တစ်ခါ ဗိုက်ဆာတယ်။ တကယ်စားပြီဆိုရင် အစားနဲ့ပါးစပ် မပြတ်အောင် စားနိုင်တယ်။

ညီမရဲ့ အစားအသောက်နဲ့ ကျန်းမာရေးပေါ်အမြင်လေးကို ပြောပြပေးပါဦး။

          ညီမအမြင်ကတော့ ဘယ်အစားအသောက်က ကျန်းမာရေးကို ထိခိုက်စေတယ်၊ ဘယ်အစားအသောက်က ကျန်းမာရေးကို ထိခိုက်စေနိုင်ဆိုတာ လူတိုင်းနီးပါး သိကြပါတယ်။ ဒါပေမဲ့ ရှောင်နိုင်ဖို့က ခက်တယ်။ ဒီတော့ ကိုယ်က အရမ်းစားချင်နေပြီဆိုရင်လည်း တစ်လတစ်ခါဖြစ်ဖြစ်၊ တစ်ပတ်တစ်ခါဖြစ်ဖြစ် စားပေးသင့်ပါတယ်။ ညီမဆိုရင်လည်း အချိုတွေ၊ အဆိမ့်တွေ အရမ်းကြိုက်တယ်။ အခုဝိတ်လျှော့နေတော့ မစားဖြစ်ဘူး။ ဒါပေမဲ့ တစ်ခါတလေ အရမ်းစားချင်ရင်တော့ တစ်လတစ်ခါလောက် စားဖြစ်တယ်။ ဒီတော့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ကိုယ့်စိတ်ကို ကိုယ်ထိန်းပြီးစားသင့်ပါတယ်။

အိမ်က မိဘတွေချက်တဲ့ဟင်းတွေထဲမှ ဘယ်ဟင်းကို အကြိုက်ဆုံးလဲ။

          ညီမရဲ့အမေချက်တဲ့ သီးစုံပဲကုလားဟင်းရယ်၊ အာလူးကြော်၊ ကြက်ဥကြော်ရယ် ကြိုက်ပါတယ်။

ညီမက စားသလောက် ဝတဲ့အထဲမှာပါလား။

          ပါပါတယ်။ အရမ်းလည်း စားချင်ပါတယ်။ ဟိုနေ့ကဆိုရင်တောင် Gym ကစားပြီး City Mark ရောက်တော့ ဝက်ခေါက်ကြော်၊ အာလူးကြော်၊ ကောက်ညှင်းခွက်ကြော် တွေ့တော့ အထုပ်တွေ အကုန်လုံးတန်းစီပြီး စားချင်သေးတယ်။

နိုင်ငံတကာအစားအသောက်မှာ ဘယ်အစားအသောက်ကို ကြိုက်လဲ။

          နိုင်ငံတကာအစားအသောက်တွေကျတော့  ပီဇာကို ကြိုက်ပါတယ်။

နိုင်ငံခြားကိုရောက်နေတဲ့အချိန်မှာ ကိုယ့်နိုင်ငံက ဘယ်အစားအစာကို  လွမ်းဆွတ်တမ်းတ မိပါသလဲ။

          နိုင်ငံခြားကို ရောက်နေတဲ့အချိန်မှာဆိုရင်တော့ ချဉ်ငန်စပ်တွေ စားချင်ပါတယ်၊ ဘာလို့လည်းဆိုတော့ သူတို့နိုင်ငံက အစားအသောက်တွေက အချိုဘက်နွယ်တဲ့ အစားအသောက်များတော့လေ။ ဟင်းတစ်ပွဲမှာလိုက်ရင် ကိုယ့်စိတ်ထဲမှာ ချဉ်စပ်လေးထင်ပေမယ့် တကယ်တမ်းစားလိုက်တော့ အချိုဘက်နွယ်နေတာ များတယ်။

ဘဝမှာ အမှတ်တရဖြစ်မယ့် အစားအစာရှိလား။ ဥပမာ- အစားအစာတစ်ခုခုကို စားလိုက်ရင် တစ်ချိန်ချိန်၊ တစ်နေရာရာ တစ်ယောက်ယောက်ကို သွားပြီးသတိရတာမျိုးပေါ့။

          အဲဒါမျိုးဆိုရင်တော့ ပြောရမယ်ဆိုရင် ငယ်ငယ်က ကျောင်းရှေ့မှာရောင်းတဲ့ နို့ဝေဖာလေးတွေကို စားမိရင်တော့ ငယ်ငယ်က ကျောင်းတက်တဲ့ဘဝကို ပြန်ပြီး သတိရမိတာမျိုးတော့ ရှိပါတယ်။

စားသောက်ဆိုင်နဲ့ အိမ်မှာဆိုရင် ဘယ်မှာပိုစားချင်လဲ။

          စားသောက်ဆိုင်မှာတော့ စားချင်ပါတယ်။ ဒါပေမဲ့ အိမ်မှာပိုစားဖြစ်တာများပါတယ်။

ညီမစားဖူးသမျှထဲမှာ ဈေးကြီးပြီး မတန်ဘူးထင်တဲ့ အစားအစာဆိုရင်ရော။

          ဈေးကြီးပြီး မတန်ဘူးထင်တဲ့ အစားအစာတွေကတော့ ကြုံတော့ကြုံဖူးတယ်။ ဥပမာ- ပွဲဈေးတွေထဲက အစားအသောက်တွေဆိုရင် ပုံမှန်ထက် ဈေးပိုကြီးတယ်။ စားလို့လည်း မကောင်းဘူး။ ဘူးသီးကြော်တစ်ပွဲ ၈၀ဝ၀ လောက်ပေးပြီး အေးစက်နေတာမျိုး။ နောက် BBK Night Market မှာ အစ်မနဲ့ ကဏန်းသွားဝယ်တာ တစ်ပွဲ ၅၀ဝ၀ အကြီးကြီးပဲ ထည့်ပေးလိုက်တယ်။ အိမ်ရောက်တော့ ဖွင့်ကြည့်လိုက်တော့ အခွံကြီးပဲ ပါလာတယ်။ အထဲမှာ ဘာမှမပါဘူး။

ညီမအကြိုက်ဆုံးအသီးအနှံ၊ အရွက်၊ အသား၊ ငါးတွေကို ပြောပြပေးပါဦး။ ဖျော်ရည်တွေ ရောပေါ့။

          အကြိုက်ဆုံးအသီးအနှံဆိုရင် အသီးက အကုန်ကြိုက်တယ်။ ပန်းသီး၊ စပျစ်သီး ကြိုက်တယ်။ အသီးအရွက်ထဲမှာဆိုရင် ဂေါ်ဖီပန်းပဲစားဖြစ်တယ်။ အသားငါးဆိုရင်တော့ ကြက်သား၊ ပုစွန်ကြိုက်တယ်။ ဖျော်ရည်ထဲမှာဆိုရင်တော့ သင်္ဘောသီးဖျော်ရည်ကြိုက်တယ်။

အစားအသောက်တစ်ခုခုကိုစားနေတုန်း အဲဒီထဲမှာ ရွံစရာတွေ ဘာတွေရော တွေ့ဖူးလား။အစားအသောက်စားနေရင်း သူငယ်ချင်းတွေက ဘေးနားက ရွံစရာပြောရင်ရော ရွံတတ်လား။

          တစ်ခါတလေ စိတ်ထဲမှာတွေးလိုက်ရင် ရွံတယ်။ မတွေးမိရင်တော့ မရွံဘူး။ နောက် ဗိုက်အရမ်းဆာနေရင်တော့ မရွံတော့ဘူး။ သူငယ်ချင်းတွေ စနောက်ရင်တော့ မရွံတတ်ပါဘူး။

အစားအသောက်က နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးရဲ့  ယဉ်ကျေးမှုကို ဖော်ဆောင်နိုင်တယ်လို့ ထင်မြင်မိပါသလား။

          ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ နေရာဒေသတစ်ခုမှာ သူ့ရဲ့ ရိုးရာအစားအစာဆိုတာ ရှိတယ်လေ။ ကိုယ့်နိုင်ငံမှာလည်း ကိုယ့်ရဲ့ရိုးရာအစားအစာတွေ ရှိတယ်လေ။ နိုင်ငံခြားသားတွေက လာလည်လို့ရှိရင်လည်း မြန်မာ့ရိုးရာအစားအစာတွေကို စားကြတယ်။ ကိုယ်တွေလည်း သူများနိုင်ငံကို သွားလည်ရင် ကိုယ်မစားဘူးတဲ့ အစားအစာကို စားကြည့်ချင်ကြတယ်လေ။ ဒီတော့ အစားအသောက်က နိုင်ငံတစ်နိုင်ငံကို ကိုယ်စားပြုပါတယ်။

အခုလတ်တလော ညီမရဲ့ အနုပညာလှုပ်ရှားမှုလေးတွေအကြောင်း ပြောပြပေးပါဦး။

          အခုမတ်လ ၂၇ ရက်နေ့မှာ မြဝတီမှာလွှင့်မယ့် နာရီ ၁၁၀ ဆိုတဲ့ ဇာတ်ကား ရိုက်ထားတယ်။ အခု ဒီလထဲမှာဆိုရင် Channel 7 မှာ ပြမယ့် အိပ်မက်ချစ်သူ ဇာတ်ကားလေးရိုက်ဖို့ ရှိပါတယ်။

ခြင်္သေ့မင်းကြော်ငြာမှာ ညီမအပြုံးလေးက ပရိသတ်အသိများတယ်နော်။ အဲဒီလို ပြုံးမိ သွားပုံလေးကရော။

          အဲဒီကြော်ငြာမှာ ကိုယ်က ပြောစရာစကားမရှိဘူးလေ။ ကိုမြင့်မြတ်ပဲ ပြောတာဆိုတော့ ညီမလည်း ဘာမှလုပ်စရာမရှိတော့ ပြုံးလိုက်တာပါ။ ပြောစရာမရှိတော့ ဟိဟိပဲ လုပ်မိသွားတာပါ။ (ရယ်လျက်)

အခုသုပ်ပြတဲ့ မြူရွက်သုပ်လေးကို လိုက်ချက်စားကြည့်မယ့်ပရိသတ်အတွက် အမှတ်တရ စကားလက်ဆောင်လေးကို ပြောပြပေးပါဦး။

          လိုက်သုပ်စားကြည့်မယ့် ပရိသတ်ကြီးကို ပြောချင်တာက အသီးအရွက်ကြိုက်တဲ့သူတွေ၊ ဝိတ်ချနေတဲ့သူတွေအတွက် အရမ်းကို အဆင်ပြေပါတယ်လို့။ ဒါကြောင့် အိမ်မှာ စမ်းပြီးတော့ သုပ်စားကြည့်ကြပါ။ တကယ်အရသာရှိပါတယ်လို့ ပြောချင်ပါတယ်။

စုလင်းရှိန်ရဲ့    မြူရွက်သုပ်

ပါဝင်ပစ္စည်းများ

မြူရွက်  –  ၁၅၀ ဂရမ်

ပဲပုစွန်  –  ၁၀ဝ ဂရမ်

ကြက်သွန်ဖူး  –  ၁၅၀ ဂရမ်

ခရမ်းသီး  –  ၁၀ဝ ဂရမ်

မြေပဲ  –  စားပွဲဇွန်း ၃ ဇွန်း (ထောင်းပြီးသား)

နှမ်း  –  စားပွဲဇွန်း ၁ ဇွန်း

ကြက်သွန်ဖြူ  –  ၄ မြွှာ

ဆီ  –  စားပွဲဇွန်း ၅ ဇွန်း

ကြက်သားမှုန့်  –  လက်ဖက်ဇွန်း ၁ ဇွန်း

ဆား  –  အနည်းငယ်

သံပရာသီး  –  ၁ ခြမ်း

ပြုလုပ်နည်း

၁။       ကြက်သွန်ဖြူကို နုပ်နုပ်စဉ်းပြီး ဆီနဲ့ ဆီချက်ရအောင် ချက်ပါ။ မြူရွက်ကို အရွက်လေးတွေြွေခပြီး ရေဆေး သန့်စင်၍ မိနစ်အနည်းငယ်ပြုတ်ပြီး ဆယ်ယူထားပါ။

ပဲပုစွန်ကို ဘေးနားက အမျှင်လေးတွေခွာပြီး ပြုတ်ပါ။ အနေတော်လေးတွေ လှီးထားပါ။ ခရမ်းသီးကို ပြုတ်ပြီး အတွင်းသားတွေ နွှာထားပါ။ ကြက်သွန်ဖူးကို အနေတော် အရွယ်လေးတွေဖြတ်ပြီး ပြုတ်ပါ။

၂။       ပြုတ်ထားတဲ့ ဟင်းသီးဟင်းရွက်တွေအားလုံးကို ရေစင်အောင်ညှစ်ပြီး မြေပဲ၊ နှမ်း၊ ဆီချက်၊ ကြက်သားမှုန့်နှင့် ဆားတို့ကို ထည့်ပြီး သမအောင်နယ်ပါ။ အချဉ်လေး စားချင်ရင်တော့ သံပရာရည်ညှစ်ပြီး ထည့်သုပ်ပါ။

Facebook Comments