ညီမဟင်းချက်လို့ရှိရင် ရည်ရွယ်ချက်က အာဟာရပြည့်တဲ့ပစ္စည်းတွေ သုံးတယ်။ ဓာတုပစ္စည်းပါတာတွေ ရှောင်တယ်ဆိုတဲ့ Jessica Parry

by အာဂ for Food Magazine

အချက်အပြုတ်ကို ဘယ်အရွယ်ကတည်းက စပြီးတော့ ဝါသနာပါခဲ့တာလဲ။

          ညီမ ကျောင်းတက်တုန်းကပါ။ အဲဒီတုန်း က ၂ နှစ်လောက် ထမင်းချိုင့်ကို ကိုယ်တိုင်ချက် ပြုတ်စီစဉ်ပြီး ထည့်ဖြစ်သွားတာပါ။ အဲဒီတုန်းက ညီမက ချက်ပြုတ်ရတာ လွယ်တဲ့ဟာတွေကို ဘူးသေးသေးလေးထဲမှာ ထမင်းချိုင့်လုပ်စား ရင်းနဲ့ တဖြည်းဖြည်း ဝါသနာပါလာတာပါ။ အသက်ကတော့ ၁၅ နှစ်၊ ၁၆ နှစ်လောက်က ဖြစ်မယ်ထင်ပါတယ်။

အခု Vegetable Pizza လေးကို ပရိသတ်ကို လုပ်ပြဖို့ စီစဉ်ဖြစ်သွားပုံလေးလည်း ပြောပြပေးပါဦး။

          ညီမက Pizza ကို ကြိုက်တယ်။ မေမေကလည်း  အခု  Pizza လုပ်ငန်း လုပ်နေတယ်ဆိုတော့ ကိုယ်စားချင်တဲ့ အချိန် လုပ်စားလို့ရတယ်။ ပရိသတ်တွေကလည်း Pizza ကို အကြိုက်များတယ်ဆိုတော့ ညီမလုပ်ဖြစ်သွားတာပါ။

ဘဝမှာ ပထမဆုံးစချက်ဖြစ်တဲ့ ဟင်းပွဲလေးကို မှတ်မိသေးရင် ပြောပြပေးပါဦး။ အရသာကရော ဘယ်လိုရှိသလဲ။

          တစ်ခါ မိသားစုနဲ့ ညစာစားတုန်း Jessica က ချက်ပြုတ်စီစဉ်ပေးလိုက်တယ်။ အမေနဲ့ အဖေကိုပေါ့။ မေဂရေ့စ်က နိုင်ငံခြားမှာဆိုတော့ သူတော့ မပါဘူး။ ပထမ စတိတ်လေး ချက်ကျွေးဖြစ်လိုက်တယ်။ ပြီးတော့ Salad လုပ်ကျွေးတယ်။ စွပ်ပြုတ်လုပ်ကျွေးတယ်။ အဲဒီမှာ အဖေက စားကြည့်ပြီးတော့ အံ့သြသွားတယ်။ ဒါ သမီးကိုယ်တိုင် ချက်တာလားဆိုပြီးတော့တောင် မေးခဲ့ရတဲ့အထိပါပဲ။ အဲဒီတုန်းက အရသာကတော့ မဆိုးပါဘူး။

Jessica ချက်တဲ့ဟင်းတွေထဲမှာ လူကြိုက်အများဆုံး ဟင်းပွဲကရော ဘာဟင်းပွဲဖြစ်မလဲ။

           လူကြိုက်အများဆုံးဆိုရင်တော့ Salad တွေ  ပိုကြိုက်ကြမယ်လို့ထင်တယ်။

Jessica ချက်တဲ့ဟင်းကိုစားပြီး ပထမဆုံးချီးမွမ်းခံရတုန်းက ခံစားချက်ကရော။

          ညီမဟင်းချက်လို့ရှိရင် ရည်ရွယ်ချက်က အာဟာရပြည့်တဲ့ ပစ္စည်းတွေသုံးတယ်။ ဓာတု ပစ္စည်းပါတာတွေ ရှောင်တယ်။ ဥပမာ- Salad တစ်ပွဲလုပ်မယ်ဆိုရင်  အရောင်တွေများတဲ့ ပါဝင် ပစ္စည်းတွေကို ရွေးတယ်။ လတ်ဆတ်တာကို ရွေးတယ်။ Salad ပေါ်မှာ ဖြူးတဲ့ Sauce ကိုလည်း ဗီနီကာပဲ သုံးတယ်။ မရောနိတို့ဘာတို့ကို မသုံးဘူး။ ဒီတော့ ပေါ့တယ်။ သူများတွေက စားလို့ရှိရင် အရွက်တွေများတော့ ဗိုက်ပြည့်တာမြန်တယ်။ ဒါပေမဲ့ နောက်ထပ်စားဖို့အတွက်လည်း အစာ ကြေလွယ်တော့ အဆင်ပြေတယ်။ ကိုယ်လုပ်ကျွေးတာလေးကို စားပြီးတော့ ကောင်းတယ်ပြောလို့ စိတ်ထဲမှာ ကျေနပ်ပြီးပျော်တယ်။ ဝမ်းသာတယ်။

ငယ်ငယ်တုန်းက ကြိုက်ပြီး အသက်ကြီးမှ မကြိုက်တာဆိုရင်ရော။

          ငယ်ငယ်တုန်းကကြိုက်ပြီး အသက်ကြီးမှ မကြိုက်တဲ့ အစားအစာဆိုရင် Soy Milk ပါ။ ငယ်ငယ်တုန်းကတော့ သောက်ဖြစ်တယ်။ ငယ်ငယ်က မကြိုက်ဘဲ အသက်ကြီးမှ ကြိုက်တာ မျိုးဆိုရင်တော့ ရှမ်းခေါက်ဆွဲတော့ ရှိပါတယ်။

အစားအသောက်နဲ့ ပတ်သက်ပြီး အမှတ်တရ အဖြစ်အပျက်လေးတွေရှိရင် ပြောပြပေးပါဦး။ ဥပမာ-တချို့ သကြားလုံး မျိုမိတာတို့၊ ကျောင်းမှာ မုန့်ခိုးစားလို့ အရိုက်ခံရတာတို့၊ ဟင်းခိုးစား တာတို့ပေါ့။    

          အစားအသောက်နဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်ဆိုရင် ငယ်ငယ်တုန်းက မေဂရေ့စ်နဲ့အတူ ဖရဲသီးစားပြီး အစေ့တွေကို ပတုပတု ဖြစ်အောင် ထွေးထုတ်ဖူးတယ်။ အဲဒါကတော့ အမှတ်တရပါပဲ။

မနက်စာကို ဘယ်အချိန်လောက် စားဖြစ်လဲ။ ဘာဟင်းတွေနဲ့ စားဖြစ်တာများလဲ။ နေ့လယ်စာ ကိုရော။ ညစာကိုရော။

          မနက်စာကို များသောအားဖြင့် မနက်၈နာရီခွဲလောက် စားဖြစ်တယ်။ မနက်ပိုင်းမှာ အရမ်း အများကြီးလည်း မစားပါဘူး။ ကော်ဖီတစ်ခွက်နဲ့ သံလွင်ဆီနဲ့ကြော်တဲ့ ကြက်ဥကြော်လောက်ပဲ ပုံမှန်စားဖြစ်တယ်။ နေ့လယ်စာကတော့ ညီမရုံးသွားလို့ရှိရင် အိမ်က အစ်မတွေက ထမင်းချိုင့် ထည့်ပေးတာနဲ့ စားတယ်။ ဟင်းကတော့ ဆလတ်ရွက်နဲ့ အသီးအရွက်တွေကိုစားဖြစ်တယ်။ ညစာကတော့ ညနေ ၆ နာရီနဲ့ ည ၇ နာရီလောက်မှာ စားဖြစ်တယ်။

ညစာကိုရော အိမ်မှာ မိသားစုနဲ့ စားဖြစ်လား။ ဒါမှမဟုတ် အပြင်မှာ စားဖြစ်သလား။ ညစာစား ပြီးရင်ရော အချိုတည်းလား။

          ညစာကို အပြင်စားရတာ ကြိုက်တယ်။ အမေနဲ့ တစ်ခါတလေ အပြင်မှာ လျှောက်စားတယ်။ စားသောက်ဆိုင်အသစ်ရှိရင် သွားစားဖြစ်တယ်။ ညီမက အရမ်းအချိုကြိုက်တယ်။ ညစာမှ မဟုတ်ဘူး။ နေ့လယ်စာစားပြီးရင်လည်း ညီမက အချိုတည်းတယ်။ ဘယ်လိုတွေ ကြိုက်လည်းဆိုရင် လက်ဖက်ရည်ကြိုက်တယ်။ Milk Tea ကြိုက်တယ်။ ညစာစားပြီးရင်တော့  Dark Chocolate စားဖြစ်တယ်။

စားဖူးသမျှအစားအစာတွေထဲမှာ တစ်သက်မမေ့လောက်အောင်ဖြစ်တဲ့ အစားအသောက် မျိုးရောရှိလား။

          အဲဒီလိုမျိုး မေ့လို့မရတဲ့ အစားအသောက်ဆိုရင် သြစတြေးလျမှာရှိတဲ့ ဆိုင်တစ်ဆိုင်ကHokkaido Cheese Tart ပါ။

ထူးထူးဆန်းဆန်းအစားအသောက်တွေရော စားဖူးလား။

          ထူးထူးဆန်းဆန်းအစားအသောက်ဆိုရင်တော့ မစားတတ်ပါဘူး။ ခရီးတွေလည်း အများကြီးလည်း သိပ်မသွားဖြစ်တော့ သိပ်အဆန်းကြီးတွေ မစားဖူးဘူး။ မြန်မာပြည်ထဲမှာဆိုရင် ကြက်ခြေထောက်စွပ်ပြုတ်လို့ ပြောရမလားပဲ။ ညီမ အတွက်တော့ အဲဒါက ထူးဆန်းတယ်။

အားလပ်ရက်တွေမှာ  တစ်ခုခုလုပ်စားလေ့ရှိလား။

          အားလပ်ရက်တွေမှာ အိမ်မှာတော့ ပီဇာလုပ်စားဖြစ်ပါတယ်။

ကိုယ်မစားဖူးတဲ့ အစားအသောက်တွေကို မြည်းစမ်းချင်စိတ်ရှိလား။

          ဟုတ်ကဲ့ ရှိပါတယ်။ ညီမမစားဖူးတဲ့ အစားအစာက တစ်ကမ္ဘာလုံးမှာလည်း အများကြီးရှိတယ်။ တစ်ခုရှိတယ်။ မြန်မာလို ဘယ်လိုခေါ်သလဲတော့ မသိဘူး။ PaPa Fish (ငါးပူတင်း) လို့ ခေါ်တယ်။ အဲဒီငါးကို ဂျပန်တွေက အရှင်ကြီး ချက်ကြတယ်။ အဲဒါကိုတော့ မြည်းစမ်းကြည့်ချင်တယ်။ နောက် ငါးအစိမ်းတွေကို ဆော့စ်နဲ့တွဲစားတာမျိုးလည်း မြည်းချင်မိတယ်။

တချို့တွေက စိတ်ညစ်တာ၊ ဝမ်းနည်းတာ၊ ပျော်ရွှင်တာနဲ့ ဝမ်းသာတာမျိုးတို့မှာ အစားတွေ များများစားလေ့ရှိတယ်။   ညီမကရော  အဲဒီလိုအခါမျိုးမှာ  အစားအသောက်နဲ့ပတ်သက် ပြီး ဘာတွေစားဖြစ်လဲ။ များများစားလား၊ နည်းနည်းစားလား။

          သူများတွေတော့မသိဘူး။ ညီမကတော့ စိတ်ဓာတ်တွေကျနေတဲ့အချိန်မှာ အချိုတွေစားတယ်။ ဝမ်းနည်းနေတဲ့အချိန်မှာဆိုရင်တော့ အခန်းထဲမှာ နေဖြစ်တာများတယ်။ ပြီးရင် အိမ်က ၂ ဖက်ရှိတော့  အခြားအိမ်ဘက်ကို ကူးလာပြီး  အချိုတွေ၊ ချောကလက်တွေ၊ နို့တွေကို သောက်ဖြစ်တာများတယ်။

ညီမရဲ့  အစားအသောက်နဲ့ ကျန်းမာရေးပေါ် အမြင်လေးကို ပြောပြပေးပါဦး။

          ညီမ ၁၅ နှစ်တုန်းက  အာဟာရမရှိတဲ့ဟာတွေကို  တော်တော်လေးစားဖြစ်တယ်။ ကိုလာတွေသောက်တယ်။ အာလူးကြော်စားတယ်။ ဆီကြော်မုန့်တွေ အရမ်းစားတယ်။ အဲဒီတော့ ညီမ ဝက်ခြံတွေအရမ်းပေါက်တယ်။ ခန္ခာကိုယ်လည်း ဝလာတယ်။ ကြီးလာတယ်။ လူကလည်းလေးလံပြီး မောလာတယ်။ အဲဒီမှာ ညီမဆုံးဖြတ်လိုက်တယ်။ ဒီလိုတော့ နေလို့မရတော့ဘူးဆိုပြီး အစားအသောက်ကို ပြင်လိုက်တယ်။ ငါးနဲ့ အသီးအရွက်ပဲ စားတယ်။ ချက်ရင်လည်း သံလွင်ဆီပဲ သုံးရတယ်။ နောက်Soft Drink တွေလည်း မသောက်တော့ဘူး။ ရေ၊ နွားနို့နဲ့ သစ်သီးဖျော်ရည်တွေပဲ သောက်တော့တယ်။ ခန္ဓာ ကိုယ်ကိုလည်း ဒီအတိုင်းပဲ ထိန်းဖြစ်သွားတယ်။ နောက်တစ်ခုက အားကစားကလည်း အရေးကြီးပါတယ်။ ပိန်ချင်ရင် အစားအသောက်တင်မဟုတ်ပါဘူး။ အားကစားလည်း လုပ်ရပါတယ်။

အိမ်က မိဘတွေချက်တဲ့ ဟင်းတွေထဲမှာ ဘယ်ဟင်းကို အကြိုက်ဆုံးလဲ။

          ညီမက အမေချက်တဲ့ ပဲနီလေးကြာဆံဟင်းချိုကိုတော့ တော်တော်ကြိုက်တယ်။

နိုင်ငံတကာအစားအသောက်မှာ ဘယ်အစားအသောက်ကိုကြိုက်လဲ။

          နိုင်ငံတကာအစားအသောက်မှာဆိုရင်တော့ ဂျပန်စာကို ပိုကြိုက်ပါတယ်။

နိုင်ငံခြားကို ရောက်နေတဲ့အချိန်မှာ ကိုယ့်နိုင်ငံက ဘယ်အစာအစားကို  လွမ်းဆွတ် တမ်းတမိပါသလဲ။

          နိုင်ငံခြားရောက်နေတဲ့အချိန်မှာတော့ မြန်မာပြည်က လက်ဖက်သုပ်ကို အရမ်းသတိရမိတယ်။ အဲဒီအချိန်တုန်းက အရမ်းစားချင်တော့ အမေ့ကို DHL ပါဆယ် ပို့ပေးခိုင်းရတယ်။

ဘဝမှာ အမှတ်တရဖြစ်မယ့်အစားအစာရှိလား။ ဥပမာ- အဲဒီအစားအစာကို စားလိုက်ရင် တစ်နေရာရာ၊ တစ်ယောက်ယောက် စသဖြင့် အမှတ်တရဖြစ်မယ့် အစားအစာမျိုးပေါ့။

          ရှိတယ်။ အဲဒါက ညီမတို့မိသားစုတွေ မဲဘုန်းမှာ နေတုန်းက မနက် ၄ နာရီလောက်ထပြီး စားရဖို့ တန်းစီရတဲ့ အစားအသောက်ပါ။ သူကတော့  ပဲရစ်မြို့မှာ Croissant အဖြစ် နာမည်ကြီးနေတဲ့ အစားအသောက်ပါ။ အဲဒါလေးစားမိရင်တော့ မိသားစုနဲ့ အဲဒီလို တန်းစီပြီး စားခဲ့ရတဲ့အချိန်တွေကို သတိရဖြစ်မှာပါ။

စားဖူးသမျှထဲမှာ ဈေးကြီးပြီး မတန်ဘူးလို့ထင်တဲ့ အစားအသောက်တွေရှိလား။

          အဲဒီလိုမျိုးဆိုရင် ညီမအမြင်က ဈေးကြီးပြီး ကိုယ်ကြိုက်ရင်တော့ တန်တယ်လို့ ထင်မိတယ်။ ဈေးကြီးပြီး စားကြည့်လို့မှ အရသာမကောင်းရင်တော့ မတန်ဘူးလို့ ထင်မိတယ်။

စားသောက်ဆိုင်နဲ့ အိမ်မှာဆိုရင် ဘယ်မှာပိုပြီးတော့ စားချင်လဲ။

          စားသောက်ဆိုင်မှာ ပိုစားချင်တယ်။

ညီမအကြိုက်ဆုံး အသီးအနှံ၊ အရွက်၊ အသားနဲ့ ငါးတွေကို ပြောပြပေးပါဦး။ ဖျော်ရည်တွေထဲမှာ ဆိုရင်ရော။

          အကြိုက်ဆုံးအသီးအနှံဆိုရင်တော့ စတော်ဘယ်ရီ၊ ဆန်းကစ်၊ မုန်လာဥနီကို ကြိုက်တယ်။ ဆလတ်ရွက်ကြိုက်တယ်။ သားငါးထဲမှာဆိုရင် အမဲသားကြိုက်တယ်။ သရက်သီး ဖျော်ရည်ကြိုက်တယ်။

မတည့်တဲ့ အစားအသောက်တွေရောရှိလား။ မကြိုက်တဲ့အစားအစာရော။

          မတည့်တဲ့အစားအစာဆိုရင် ကိုရီးယားကင်ချီနဲ့ မတည့်ဘူး။ အဲဒီဟာစားလို့ရှိရင် ညီမက အလာဂျိတ်ထွက်တယ်။ ယားလာတယ်။ မကြိုက်တာကတော့ မရှိပါဘူး။

အစားအသောက်တစ်ခုခုကို စားနေတုန်း အဲဒီထဲမှာ ရွံစရာတွေဘာတွေရောတွေ့ဖူးလား။ အစားအသောက် စားနေရင်း သူငယ်ချင်းတွေက ဘေးနားကနေ ရွံစရာ ပြောရင်ရော ရွံတတ်လား။

          တွေ့ဖူးတယ်။ ဆံပင်မွှေးတွေပါလာတာမျိုး၊ နောက်ပြီးတော့ ဝက်မွေးလိုမျိုးတွေတွေ့ရင် ညီမအရမ်းရွံတယ်။ စားနေတုန်း သူငယ်ချင်းတွေ စနောက်ရင်တော့ ဘာမှသိပ်မဖြစ်ပါဘူး။

အစားအသောက်က နိုင်ငံတစ်နိုင်ငံနဲ့ လူမျိုးတစ်မျိုးရဲ့  ယဉ်ကျေးမှုကို ဖော်ဆောင်နိုင်တယ်လို့ ထင်မြင်မိပါ

သလား။

          ထင်ပါတယ်။ အခုဆို ကိုရီးယားကားတွေမှာဆိုရင် သူတို့ရဲ့ အစားအသောက်တွေကို အရမ်းစားပြတာမျိုး တွေကြောင့် သူတို့ရဲ့ ရိုးရာအစားအသောက်တွေကို ညီမတို့တစ်တွေ သိလာတယ်။ ရင်းနှီးလာတယ်။ စားချင်ဖို့ အတွက်လည်း စိတ်ဝင်စားလာတယ် စသဖြင့် ဖော်ဆောင် လာနိုင်တယ်လို့ ထင်ပါတယ်။

ပရိသတ်အတွက် အမှတ်တရစကားလက်ဆောင်လေး ကို ပြောပြပေးပါဦး။

          အခု ညီမလုပ်ပြထားတဲ့ Vegetable Pizza လေးက လတ်ဆတ်တယ်။ အရသာကလည်း ဘိုဆန်တယ်။ ပါဝင်ပစ္စည်းတွေကလည်း လတ်ဆတ်တယ်။ အာဟာရလည်း ပြည့်စေပါတယ်။ ညီမလည်းကြိုက်သလို ပရိသတ်လည်း ကြိုက်မယ်လို့ မျှော်လင့်မိပါတယ်။ ပီဇာကြိုက်တဲ့သူတွေလည်း အခုပီဇာဖုတ်တဲ့ နည်းလေးနဲ့ လိုက်လုပ်စားရင် အဆင်ပြေမှာပါလို့ ပြောချင်ပါတယ်။

 

Vegetable Pizza

ပြုလုပ်နည်း

၁။       ပထမဆုံး ပီဇာဒိုးပြားကို ဂျုံမှုန့်ဖြူးပြီး လက်ကလေးဖြင့် အဝိုင်းလေးဖြစ်အောင်ဝိုင်းပါ။

၂။       ပြီးလျှင် ဂျုံမှုန့်ထပ်ဖြူးပြီး တလိမ့်တုံးနဲ့ ၁၂ လက်မ၊ ၉ လက်မ ဆိုဒ်လောက် ရအောင်လှိမ့်ယူပါ။

၃။       လိုချင်တဲ့ အနေအထားဆိုဒ်ရလျှင် ပီဇာဒိုးပြားပေါ်မှာ လတ်ဆတ်တဲ့ ခရမ်းချဉ်သီးဆော့စ်နဲ့ လတ်ဆတ်ချိစ် လိုသလောက်ထည့်ပေးပါ။

၎။       ထို့နောက် မိမိကြိုက်နှစ်သက်ရာ အသီးအနှံလေး အရောင်စုံလေးတွေကို ထည့်ပေးပါ။ (အသားတွေကြိုက်ရင်လည်း ထည့်လို့ရပါတယ်။) Oregano တို့လိုမျိုး ဟင်းခတ်အမွှေးအကြိုင် လေးတွေ ဖြူးပေးပါ။

၅။       နောက်ဆုံးမှာ အာဗင်ထဲ ၂၅ဝ စင်တီဂရိတ်လောက်နဲ့ ၆ မိနစ်ခန့်  ဖုတ်ပါ။

၆။       ထို့နောက် အရမ်းနွမ်းလွယ်တဲ့ မှိုတို့လို အသီးအရွက်မျိုးတွေကို ထပ်ထည့်ပြီး ၄ မိနစ်နဲ့  ၅ မိနစ် ပြန်ထည့်ဖုတ်ပြီးရင် Vegetable Pizza ကို သုံးဆောင်လို့ရပါပြီ။

အာဂ မေးမြန်းရေးသားသည်

Facebook Comments