ညီမချက်တာကို မကောင်းဘူးပြောရင် အရမ်းစိတ်ဆိုးတယ်ဆိုတဲ့ ပိုးကြာဖြူခင်

by အာဂ for Food Magazine

အချက်အပြုတ်ကို ဘယ်အရွယ်လောက်ကတည်းက စပြီးတော့ ဝါသနာပါခဲ့ပါသလဲ။

          အချက်အပြုတ်ကို ညီမက ၄ တန်း၊ ၅ တန်းလောက်ကတည်းက ဝါသနာပါတာပါ။

အခု ချိစ်၊ ကြက်သားပြားပေါင်မုန့်ကြော်ကို ပရိသတ်ကိုလုပ်ပြဖို့ စီစဉ်ဖြစ်သွား ပုံလေးလည်း ပြောပြပေးပါဦး။

          အခုဟာလေးက ကလေးရော လူကြီးပါ ကြိုက်တယ်။ လုပ်ရတာလည်း လွယ်ပြီး အရသာလည်းရှိလို့ ပရိသတ်ကြီးအတွက် လုပ်ပြဖို့ စဉ်းစားဖြစ်သွားတာပါ။

ဘဝမှာ ပထမဆုံးစချက်ဖြစ်တဲ့ ဟင်းပွဲလေးကို မှတ်မိသေးရင် ပြောပြပေးပါဦး။ အရသာကရော ဘယ်လိုရှိသလဲ။

          ပထမဆုံးလုပ်ဖြစ်တာဆိုရင် ညီမ ငယ်ငယ်တုန်းက ငါးနီတူခြောက်ကို မန်ကျည်းသီးအနှစ်နဲ့ ချက်တာပါ။ အရသာကတော့  ပထမဆုံးအကြိမ် အိမ်ကလူကြီးတွေ မရှိတဲ့အချိန်မှာ စမ်းပြီးချက်လိုက်တာ ကိုယ့်ကိုယ်ကိုယ်လည်း မသိဘူး။ နည်းနည်းတော့ တူးသွားတယ်။ ဒါပေမဲ့ စားလို့တော့ ကောင်းတယ်။

ပိုးကြာဖြူခင်ချက်တဲ့ ဟင်းတွေထဲမှာ လူကြိုက်အများဆုံး ဟင်းပွဲကရော ဘာဟင်းပွဲဖြစ်မလဲ။

          ညီမချက်တဲ့ဟင်းထဲမှာ လူကြိုက်အများဆုံးဆိုရင်တော့ ကြက်သားဆီပြန်ကို အာလူးနဲ့ချက်တာ ကြိုက်ကြတယ်။ နောက်ပြီးတော့ ငါးဖယ်ဟင်းဆိုရင်လည်း အိမ်ကလူကြီးတွေ ကြိုက်ကြတယ်။

အဲဒီလို ညီမချက်တာကိုစားပြီး ပထမဆုံး ချီးမွမ်းခံရတုန်းက ခံစားချက်ကရော။ အချက်အပြုတ်ကို ဘယ်သူတွေဆီက သင်ယူဖူးလဲ။

          အဲဒီလိုချီးမွမ်းရင်တော့ အရမ်းပျော်သွားတာပေါ့။ ညီမက ဟင်းချက်လို့ရှိရင် စိတ်လည်းရှည်တယ်၊ သေချာလည်းချက်တယ်။ ညီမချက်တာကို  မကောင်းဘူးပြောရင် အရမ်းစိတ်ဆိုးတယ်။ အချက်အပြုတ်ကတော့ ညီမအမေဆီက သင်တယ်။ အဖေဆီက သင်တယ်။ အစ်မဆီကလည်း သင်ပါတယ်။

ငယ်ငယ်ကကြိုက်ပြီး အသက်ကြီးမှ မကြိုက်တာဆိုရင်ရော။

          ငယ်ငယ်တုန်းကကြိုက်တာတွေကိုတော့ အသက်ကြီးတဲ့အထိ ကြိုက်ပါတယ်။ ငယ်ငယ်တုန်းကတော့ ချဉ်ပေါင်ကြော်ရယ်၊ ငါးပိကြော်ရယ်ဆိုရင် ညီမမကြိုက်ဘူး။ ဒါပေမဲ့ အသက်ကြီးသွားတော့ ကြိုက်ပါတယ်။

အစားအသောက်နဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်လေးတွေရှိရင် ပြောပြပေးပါဦး။ ဥပမာ- တချို့ သကြားလုံးမျိုမိတာတို့၊ ကျောင်းမှာ မုန့်ခိုးစားလို့ အရိုက်ခံရတာတို့၊ ဟင်းခိုးစားတာတို့ပေါ့။

          အဲဒီလို အစားအသောက်နဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်ဆိုရင် ညီမ ၉ တန်း၊ ၁၀ တန်းလောက်က  ပင်လယ်စာနဲ့ အလတ်ဂျိတ်ဖြစ်တယ်။ အသက်ကြီးလာတော့ သိပ်မစားဖြစ်တော့ဘူး။ နောက်တစ်ခုက အိမ်ကထည့်လာတဲ့ ထမင်းချိုင့်ကို ညီမက နေ့လယ် မုန့်စားဆင်းချိန်မတိုင်ခင် အချိန်မှာ ခိုးစားတာ။ မုန့်စားကျောင်းဆင်းရင် ဘာမှမရှိတော့ဘူး။ ကံကောင်းတာက ဆရာမတွေက တစ်ခါမှမမိတာပါဘဲ။ (ရယ်လျက်)

မနက်စာကို ဘယ်အချိန်လောက်စားဖြစ်လဲ။ ဘာဟင်းတွေနဲ့ စားဖြစ်တာများလဲ။ နေ့လယ်စာနဲ့ ညစာရော။ ညစာစားပြီးရင်ရော အချိုတည်းလား။

          မနက်စာကို ညီမအိပ်ရာကနိုးပြီး သိပ်မကြာခင် ၆ နာရီခွဲ၊ ၇ နာရီလောက်မှာ စားဖြစ်တယ်။ စားဖြစ်ရင်လည်း သူများတွေလို အပြင်သရေစာ မစားဖြစ်ပါဘူး။ ညီမက မနက်ဆိုရင် ထမင်းစားရမှ ကျေနပ်တယ်။ မစားလိုက်ရရင် တစ်နေ့လုံး နေလို့မကောင်းတော့ဘူး။ နေ့လယ်စာကိုတော့ ပန်းကန်လုံးလေးနဲ့ တစ်လုံးလောက်ပဲ စားဖြစ်ပါတယ်။ ညစာကတော့ ရှောင်တာများတယ်။ အပြင်ထွက်စားတဲ့အချိန်မျိုးမှ စားတယ်။ အိမ်မှာဆိုရင်တော့ မစားဖြစ်တာများပါတယ်။

စားဖူးသမျှအစားအစာတွေထဲမှာ တစ်သက်မမေ့လောက်အောင်ဖြစ်တဲ့ အစားအသောက်မျိုးရောရှိလား။

          အဲဒီလိုမျိုး မေ့လို့မရတဲ့ အစားအသောက်မျိုးတော့ မရှိဘူး။ အကုန်ကြိုက်တယ်။ စားသမျှ တစ်သက်မမေ့ဘူး။

ထူးထူးဆန်းဆန်းအစားအသောက်တွေရော စားဖူးလား။

          ထူးထူးဆန်းဆန်း အစားအသောက်ဆိုရင်တော့ ဖားကန့်ဘက်သွားတော့ ရှမ်းအိမ် တစ်အိမ်က ညီမကို ထမင်းဖိတ်ကျွေးတယ်။ ညီမက ဝက်သားဆိုရင် သိပ်မကြိုက်ဘူး။ ဖြစ်ချင်တော့ အဲဒီနေ့ကဆိုရင် ထမင်းစားပွဲပေါ်မှာ ဝက်သားတွေချည်းပဲ။ ဝက်သားကိုမှ သူတို့က မျိုးစုံချက်ကျွေးတာ။ ကလီစာ၊ အသည်းကြော်၊ ဝက်သားတုတ်ထိုး စသဖြင့် အစုံပါပဲ။ အဆီတုံးဆိုရင်လည်း ညီမမကြိုက်ဘူး။ ဒါပေမဲ့ ထူးထူးဆန်းဆန်း သူချက်တာက ဘယ်လိုမှန်း မသိဘူး။ စားလို့တော်တော်ကောင်းတယ်။ ဝက်သားတွေချည်းပဲ စားလိုက်ရတဲ့ နေ့တစ်နေ့ပေါ့။

အားလပ်ရက်တွေမှာ  တစ်ခုခုလုပ်စားလေ့ရှိလား။

          အားလပ်ရက်တွေမှာတော့ အိမ်မှာ မောင်လေးနဲ့ ပေါင်းပြီး ခေါက်ဆွဲပြုတ်ကိုမှ နည်းမျိုးစုံနဲ့ ပြုတ်ပြီးတော့ လုပ်စားတယ်။ ပြီးတော့ အာလူးချောင်းကြော်လည်း ပုံမှန် လုပ်စားလေ့ရှိတယ်။

ရှုတင်တွေ ဘာတွေသွားရင်ရော ထမင်းချိုင့် ယူသွားလေ့ရှိလား။

          ရှုတင်ဆိုရင်တော့ ရှုတင်ထမင်းစားဖြစ်တာများတယ်။ တစ်ခါတလေကျရင်တော့ အိမ်ကနေပြီးပဲ ထည့်သွားတတ်တယ်။ မနက်ပိုင်း အိမ်ကလိုက်တဲ့လူ များရင်လည်း အမြဲတမ်း အိမ်ကနေပြီး သတ်သတ်ထည့်သွားလေ့ရှိပါတယ်။

ကိုယ်မစားဖူးတဲ့ အစားအသောက်တွေကို မြည်းစမ်းချင်စိတ်ရှိလား။ ဘယ်လိုအရသာမျိုးကို မြည်းစမ်းချင်လဲ။

          စားလို့ရတဲ့အရာမှန်သမျှကို မြည်းတော့ မြည်းကြည့်ချင်ပါတယ်။ ညီမ ခရီးတစ်ခုထွက်ပြီဆိုရင် ညီမရဲ့အစီအစဉ်က အဲဒီဒေသရဲ့ ထူးထူးခြားခြား အစားအစာတွေ၊ ဒေသထွက် ရိုးရာမုန့်တွေ၊ သူတို့ချက်တဲ့ဟင်းတွေကို ဘယ်ဟာတွေကောင်းမလဲဆိုပြီး ခရီးမသွားခင်ကတည်းက ကြိုတင်လေ့လာထားတတ်ပါတယ်။ အစားသမားဆိုတော့လေ။ ဘယ်လိုအရသာမျိုး မြည်းချင်လဲဆိုရင် ညီမက အနောက်တိုင်းအစားအစာပုံစံမျိုးဆိုရင် သိပ်မကြိုက်ဘူး။ ချဉ်ငန်စပ်ဘက်ကို ပိုကြိုက်တယ်။

တချို့က စိတ်ညစ်တာတို့၊ ပျော်တာတို့၊ ဝမ်းနည်းတာတို့တွေဖြစ်ရင် အစားအများကြီး စားဖြစ်တာရှိတယ်။ ညီမကရော…။

          အရမ်းစိတ်ညစ်လာပြီဆိုရင်တော့ မစားတော့ဘူး။ စိတ်ရဲ့ခံစားမှုပေါ်မူတည်ပြီး အရမ်းစားတာမျိုးတော့ မရှိပါဘူး။ ကိုယ်ကြိုက်လို့ ကိုယ်စားတာပဲရှိပါတယ်။

ပိုးကြာဖြူခင်ရဲ့ အစားအသောက်နဲ့ ကျန်းမာရေးအပေါ် အမြင်လေးကို ပြောပြပေးပါဦး။

          ညီမအမြင်ကတော့ လူတစ်ယောက်ဟာ ကျန်းမာရေးကောင်းတယ်၊ မကောင်းဘူး ဆိုတာက အစားအသောက်နဲ့ တိုက်ရိုက်အချိုးကျပါတယ်။ တော်တော်များများ ရောဂါတွေဆိုတာကလည်း အစားမဆင်ခြင်လို့ဖြစ်တာလို့ ညီမယူဆပါတယ်။ ကိုယ်ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည်နေချင်တယ်ဆိုရင် ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကို မျှတအောင်စားပေးဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။

ညီမအနေနဲ့ အစားအသောက်နဲ့ ခန္ဓာကိုယ်ထိန်းသိမ်းမှုပုံလေးကရော။

          ညီမက အစားမထိန်းတာနဲ့ အရမ်းဝိတ်တက်လွယ်တဲ့အထဲမှာ ပါပါတယ်။ ဒီတော့ အစားအသောက်နဲ့ပတ်သက်ရင် ညီမအရမ်းဂရုစိုက်ထိန်းရတယ်။ ပြီးတော့ ညီမက အချဉ်၊ အငန်၊ အစပ်လည်း အရမ်းကြိုက်တဲ့အခါကျတော့ ဝက်ခြံလည်း ထွက်တတ်တယ်။ ကိုယ်ကြိုက်တိုင်းလည်း စားလို့မရဘူး။

အိမ်ကမိဘတွေချက်တဲ့ ဟင်းတွေထဲမှ ဘယ်ဟင်းကို အကြိုက်ဆုံးလဲ။

          ညီမအမေချက်တဲ့ သီးစုံပဲကုလားဟင်းချဉ်ဟင်းလို ပုံစံလေးကို ကြိုက်တယ်။ ငါးဟင်းလေးကို ကြိုက်တယ်။ ပါကြီးချက်တယ်ဆိုရင် အမဲသားမဆလာလေးနဲ့ မွှေးမွှေးလေးချက်တဲ့ ပုံစံမျိုးလေးကို ကြိုက်တယ်။

နိုင်ငံတကာအစားအသောက်မှာ ဘယ်အစားအသောက်ကို ကြိုက်လဲ။

          နိုင်ငံတကာအစားအသောက်တွေကျတော့  နံပါတ်(၁) မြန်မာထမင်းဟင်း၊ (၂) ထိုင်း အစားအသောက်တွေကို ကြိုက်တယ်။ အခြားဥရောပစာတွေတော့ ညီမသိပ်မကြိုက်ဘူး။

နိုင်ငံခြားကိုရောက်နေတဲ့အချိန်မှာ ကိုယ့်နိုင်ငံက ဘယ်အစာအစားကို  လွမ်းဆွတ်တမ်းတမိပါသလဲ။

          ဟိုမှာအကြာကြီးနေရမယ်ဆိုရင် လက်ဖက်ကတော့ မသယ်မဖြစ် သယ်သွားရမယ့်အထဲမှာ ပါပါတယ်။ လက်ဖက်ကိုတော့ အရမ်းကြိုက်တယ်။

ဘဝမှာ အမှတ်တရဖြစ်မယ့် အစားအစာရှိလား။ ဥပမာ- အစားအစာတစ်ခုခုကို စားလိုက်ရင် တစ်ချိန်ချိန်၊ တစ်နေရာရာ တစ်ယောက်ယောက်ကို သွားပြီးသတိရတာမျိုးပေါ့။

          အဲဒါမျိုးဆိုရင်တော့ ပြောရမယ်ဆိုရင်  ညီမရဲ့အဖေ မဆုံးခင်က အတူတူစားတဲ့ မြိတ်ကတ်ကြေးကိုက်ပါ။ အဲဒီကတ်ကြေးကိုက်ကို တွေ့လိုက်တာနဲ့ အဖေ့ကို သတိရတယ်။  ဘာလို့လည်းဆိုတော့ သူ မဆုံးခင် နောက်ဆုံးနေ့မှာ အားရပါးရ စားသွားတာပါ။ စားလို့ အရမ်းကောင်းတယ်ပြောပြီး ညီမကိုတောင် ခွံ့ကျွေးလိုက်သေးတယ်။ အဲဒီကတ်ကြေးကိုက်ကလည်း တကယ်အရသာရှိတယ်။

စားဖူးသမျှထဲမှာ ဈေးကြီးပြီး မတန်ဘူးဆိုတာမျိုးရော ကြုံဖူးလား။ ဈေးပေါပြီး တန်တယ် ထင်တာမျိုးဆိုရင်ရော။

          ဈေးကြီးပြီး မတန်ဘူးထင်တဲ့ အစားအစာတွေကတော့ စားဖူးတာတွေအများကြီးပဲ။ တချို့ကျတော့လည်း ဆိုင်အပြင်အဆင်ပေါ်မူတည်ပြီး ဈေးကြီးပြီး မတန်ဘူးဖြစ်သွားတာပေါ့လေ။ စားကောင်းရင်တော့ တန်တယ်ထင်တာပေါ့။ ညီမတစ်ခါက ဟော့ပေါ့သွားစားတာ သုံးယောက်စားတာ တစ်သိန်းကျော်ကျတယ်။ စားပြီး ပြန်လာတော့ ခေါင်းကိုက်တာ ၂ ရက်လောက်ကြာတယ်။ ဈေးပေါပြီး တန်တာမျိုးက ဆိုင်အကြီးကြီးတွေထက်စာရင် လမ်းဘေးဆိုင်လေးတွေက စားကောင်းတာမျိုးဖြစ်တတ်တယ်။ နယ်ဘက်တွေမှာဆို ဆိုင်သေးသေးလေး၊ သပ်သပ်ရပ်ရပ်နဲ့ စားလို့လည်းကောင်းတယ်။ သန့်လည်းသန့်တယ်။

စားသောက်ဆိုင်နဲ့ အိမ်မှာဆိုရင် ဘယ်မှာပိုစားချင်လဲ။

          အမှန်အတိုင်းပြောရရင်တော့ ညီမ အိမ်မှာချက်ပြီးစားရတာကို ပိုကြိုက်တယ်။ အပြင်မှာထက်စာရင် အိမ်မှာချက်စားတာလည်း ပိုများပါတယ်။

ညီမအကြိုက်ဆုံး အသီးအနှံ၊ အရွက်၊ အသား၊ ငါးတွေကို ပြောပြပေးပါဦး။

          အကြိုက်ဆုံးအသီးအနှံဆိုရင် စပျစ်သီး၊ အသီးအရွက်ထဲမှာဆိုရင် ကန်စွန်းရွက် ကြိုက်တယ်။ အသားငါးဆိုရင်တော့ ငါးကြင်းကြိုက်တယ်။

ညီမနဲ့မတည့်တဲ့ အစားအသောက်တွေရောရှိလား။ မကြိုက်တဲ့အစားအစာရော။

          မကြိုက်တာကတော့ ဝက်သားကို အဆီတုံးကြီးတွေဆိုရင် မကြိုက်ဘူး။ နောက်ပြီး ညီမက ပင်လယ်စာနဲ့မတည့်ဘူး။ နောက်ပြီးတော့ တွင်းအောင်းသား မတည့်ဘူး။

အစားအသောက်တစ်ခုခုကိုစားနေတုန်း အဲဒီထဲမှာ ရွံစရာတွေဘာတွေရော တွေ့ဖူးလား။ အစားအသောက်စားနေရင်း သူငယ်ချင်းတွေက ဘေးနားက ရွံစရာပြောရင်ရော ရွံတတ်လား။

          တွေ့ဖူးတယ်၊ ကန်စွန်းရွက်ကြော်ဆိုရင် နှီးတွေပါလာတာမျိုး၊ ပိုးကောင်အစိမ်းလေးတွေ ပါလာတာမျိုးတော့ ကြုံဖူးတယ်။ ဒါပေမဲ့ ညီမက သိပ်ပြီး အရမ်းရွံတတ်တဲ့ လူမျိုးတော့ မဟုတ်ပါဘူး။ သူငယ်ချင်းတွေက စားနေတုန်း စနောက်ရင်တော့ သိပ်မရွံတတ်ပါဘူး။

အစားအသောက်က နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှုကို ဖော်ဆောင်နိုင်တယ်လို့ ထင်မြင်မိပါသလား။

          ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အစားအသောက်တစ်ခုကို တွေ့လိုက်တာနဲ့ ဘယ်နိုင်ငံက ရိုးရာအစားအသောက်ဆိုတာကို သိရပါတယ်။ ထိုင်းဆို တုန်ယမ်းဟင်းရည်ကို မြင်လိုက်တာနဲ့ ဒါဆိုရင် ထိုင်းအစားအစာဆိုတာ သိသလို မြန်မာဆိုရင် မုန့်ဟင်းခါး၊ လက်ဖက်သုပ် စသဖြင့် သိကြတယ်လေ။ အခုလတ်တလော ညီမရဲ့ အနုပညာလှုပ်ရှားမှုလေးတွေအကြောင်း ပြောပြပေးပါဦး။

          အခုတော့ ညီမ ကြယ်ကလေးရဲ့ ကောင်းကင်ဆိုတဲ့ ဇာတ်လမ်းတွဲရိုက်နေပါတယ်။ TV ကြော်ငြာတွေ ရိုက်နေပါတယ်။ နယ်တွေမှာလည်း သီချင်းလေးတွေ လိုက်ဆိုနေပါတယ်။ ညီမက Vivo နဲ့ လက်တွဲထားတော့ သူတို့ ဖွင့်ပွဲလေးတွေ သွားနေရပါတယ်။

MRTV-4 ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်ဖြစ်သွားပုံ လေးကရော။

          ညီမက ၂၀ဝ၉ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ Miss ပြိုင်ပွဲတွေ ပြိုင်တယ်။ ၂၉ ပွဲတိတိ ပြိုင်တယ်။ ဆုက ၁၁ ဆု ရှိခဲ့ပါတယ်။ ပြီးတော့ ၂၀၁၅ ခုနှစ်မှာ စပြီးတော့ သရုပ်ဆောင်လုပ်တဲ့အချိန်မှာ MRTV-4  နဲ့ လက်တွဲဖြစ်တယ်။ အဲဒီကစပြီး သရုပ်ဆောင်လုပ်ဖြစ်တယ်။ အခု ညီမရိုက်ခဲ့ပြီး ပရိသတ်လက်ထဲရောက်တာ ဇာတ်လမ်းတွဲ ၄ ကားရှိပါပြီ။ အဲဒီထဲမှာ အခုနောက်ဆုံးလွှင့်ခဲ့တဲ့ ဇာတ်လမ်းတွဲမှာ ဆိုင်းမိုင်ဆို ပရိသတ်တွေ အသိအမှတ်ပြုခဲ့ပါတယ်။

အခုချက်ပြတဲ့ဟင်းလေးကို လိုက်ချက်စားကြည့်မယ့် ပရိသတ်အတွက် အမှတ်တရ စကားလက်ဆောင်လေးကို ပြောပြပေးပါဦး။

          လိုက်ချက်စားကြည့်မယ့် ပရိသတ်ကြီးကို ပြောချင်တာက ဒီမုန့်ကျတော့ ကလေးတွေဆို ပိုကြိုက်မယ်ထင်တယ်။ ဒီတော့ မိခင်တွေအနေနဲ့ ကလေးတွေအတွက် အာဟာရရှိရှိဖြစ်အောင် ပေါင်မုန့်၊ ကြက်ဥ၊ ချိစ်တို့ပါတာကြောင့် လုပ်ကျွေးစေချင်ပါတယ်။

ပိုးကြာဖြူခင်ရဲ့ ချိစ်၊ ကြက်သားပြားပေါင်မုန့်ကြော်

 ပါဝင်ပစ္စည်းများ

ပေါင်မုန့်  –  ၁ ထုပ်

ကြက်သားပြား  –  ၁ ထုပ်

Cheddar Cheese  –  ၁ တုံး

ကြက်ဥ  –  ၃ လုံး

ဆား၊ ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

Bread Crumb  –  အနည်းငယ်

ဆီ  –  ကြော်ရန်

ပြုလုပ်နည်း

၁။       ကြက်သားပြားကို ကြော်ထားပါ။ ချိစ်ကို အချောင်းလေးတွေ လှီးထားပါ။ ပေါင်မုန့်ကို ဘေးအနားသား တွေဖယ်ပြီး တလိမ့်တုံးနဲ့ ပြားထားပါ။ ကြက်ဥကို ဆား၊ ငရုတ်ကောင်း အနည်းငယ်ထည့်ပြီး မွှေထားပါ။  Bread Crumb ကို ပန်းကန်ပြားတစ်ချပ်ထဲ ထည့်ထားပါ။

၂။       ပေါင်မုန့်ပေါ်ကို ကြက်သားပြားတင်ပါ။ ချိစ်ချောင်းတင်ပြီး လိပ်ပါ။ ဒယ်အိုးထဲမှာ ဆီထည့်ပါ။ ဆီပူလာရင် ပေါင်မုန့်ကို ကြက်ဥအရည်ထဲမှာ နှစ်ပါ။ Bread Crumb ကပ်ပြီး ကြော်ပါ။ နီညိုရောင်သန်းလာရင် ရပါပြီ။ နှစ်သက်ရာဆော့စ်နဲ့ တွဲစားပါ။

Facebook Comments