ညီမက အရမ်းအစားပုပ်တယ်။ အစားမြင်ရင်ပျော်နေတယ်ဆိုတဲ့ ဘီလီလမင်းအေး

by အာဂ for Food Magazine

အချက်အပြုတ်ကို ဘယ်အရွယ်လောက်ကတည်းက စပြီးတော့ ဝါသနာပါခဲ့ပါသလဲ။

          အချက်အပြုတ်က ပြောရရင် ငယ်ငယ်က မိဘတွေချက်တာပဲ စားတယ်။ ဒါပေမဲ့ ၁၀ တန်းလောက်ကျတော့ စပြီး ဝါသနာပါလာတယ်။ စပြီးတော့ ချက်ချင်လာတယ်။

အခု ပုစွန်ရောင်စုံဟင်းလေးကို ပရိသတ်ကိုချက်ပြဖို့ စီစဉ်ဖြစ်သွားပုံလေးလည်း ပြောပြပေးပါဦး။

          ဒီဟင်းလေးချက်ဖြစ်တာက ဖူးက  ပင်လယ်စာတွေကြိုက်တယ်။ ပြီးတော့ ဒီဟင်းလေးက ဖူးရဲ့ အကြိုက်ဆုံးဟင်းလေးလည်း ဖြစ်နေတော့ ပရိသတ်ကြီးကို ချက်ပြဖို့ စိတ်ကူးဖြစ်သွားတာပါ။

ဘဝမှာ ပထမဆုံးစချက်ဖြစ်တဲ့ ဟင်းပွဲလေးကို မှတ်မိသေးရင် ပြောပြပေးပါဦး။ အရသာကရော ဘယ်လိုရှိသလဲ။

          ပထမဆုံးလုပ်ဖြစ်တာဆိုရင်တော့ ကြက်ဥကြော်ပါ။ ဒါလေးက ဘဝမှာ ပထမဆုံး ဒယ်အိုးနဲ့ စပြီးတော့ ကြော်ဖူးတာမျိုးဆိုတော့လေ။ ဒါလေးကတော့ အမှတ်တရပါပဲ။ ပထမဆုံးလုပ်တဲ့ဟာဖြစ်တော့ ဆားငန်သွားတာမျိုး အဆင်မပြေတာလေးတွေ ဖြစ်ခဲ့ပါတယ်။

ဘီလီလမင်းအေးချက်တဲ့ ဟင်းတွေထဲမှာ လူကြိုက်အများဆုံး ဟင်းပွဲကရော ဘာဟင်းပွဲဖြစ်မလဲ။

          ဖူးက အစားအသောက်ထဲမှာဆိုရင် ကြက်ဥတွေကြိုက်တယ်။ ဒီတော့ အိမ်မှာဆိုရင် ဖူးက ကြက်ဥပြုတ်ပြီး ချက်တာမျိုးဆိုရင် သဘောကျကြတယ်။

အဲဒီဟင်းချိုလေးကိုစားပြီး ပထမဆုံး ချီးမွမ်းခံရတုန်းက ခံစားချက်ကရော။ အချက်အပြုတ်ကို ဘယ်သူတွေဆီက သင်ယူဖူးလဲ။

           ဖူးက အစားအသောက်ဆိုရင် မိသားစုနဲ့အတူတူ စုပြီး စားရတာကို ကြိုက်တယ်။ အဲဒီလို မိသားစုတွေစုစားတဲ့အချိန်မှာ ကိုယ်ချက်တဲ့ ဟင်းပွဲလေးကို စားပြီး ကြိုက်တယ်လို့ ပြောရင်တော့ ပျော်တယ်။ အချက်အပြုတ်ကတော့ အဓိက အဖေ့ဆီက သင်ဖြစ်ပါတယ်။ အဖေကတော့ ဖူးရဲ့ ကောင်းခြင်း၊ ဆိုးခြင်း၊ အခု အနုပညာ လမ်းကြောင်းပေါ်မှာ လုပ်နေတာကအစ  ထိန်းကျောင်းပေးတဲ့သူပါ။ ဟင်းချက်ရင်လည်း အဖေကပဲ ကောင်းတယ်၊ မကောင်းဘူးလို့ ဝေဖန်ပေးတဲ့သူပါ။

ငယ်ငယ်ကကြိုက်ပြီး အသက်ကြီးမှ မကြိုက်တာဆိုရင်ရော။ ငယ်ငယ်က မကြိုက်ဘဲ အသက်ကြီးမှ ကြိုက်တာမျိုးဆိုရင်ရော။

          ငယ်ငယ်ကကြိုက်ပြီး အသက်ကြီးမှမကြိုက်တာမျိုးက မရှိပါဘူး။ ဒါပေမဲ့ ငယ်ငယ်က မကြိုက်ဘဲ အသက်ကြီးမှ ကြိုက်တာမျိုးဆိုရင်တော့ ငယ်ငယ်က အခါးမကြိုက်ဘူး။ ကြက်ဟင်းခါးသီးတွေဆို မကြိုက်ဘူး။ အခုနောက်ပိုင်းတော့ အခါးတွေ စားဖြစ်လာပါတယ်။

အစားအသောက်နဲ့ ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်လေးတွေရှိရင်ပြောပြပေးပါဦး။ ဥပမာ- တချို့သကြားလုံး မျိုမိတာတို့၊ ကျောင်းမှာ မုန့်ခိုးစားလို့ အရိုက်ခံရတာတို့၊ ဟင်းခိုးစားတာတို့ပေါ့။     

          အဲဒီလိုအစားအသောက်နဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်ဆိုရင်တော့ ဖူးက အရမ်းအစားပုပ်တယ်။ အစားမြင်ရင် ပျော်နေတယ်။ စိတ်ဖိစီးမှုလျှော့ချချင်ရင်လည်း အစားစားတယ်။ နောက် အစားအရမ်းစားပြီးတော့မှ တစ်ခါဖျားဖူးတယ်။ နောက်ပြီးတော့ အိမ်မှာ အမေဟင်းချက်ပြီဆိုရင် အမေက ဟင်းနှိုက်မစားရဘူးလို့ အမြဲတမ်းပြောတယ်။ ဒါပေမဲ့ ဖူးက အမေချက်ပြီးတာနဲ့ မီးဖိုချောင်ထဲဝင်လိုက်၊ တစ်ခါသွားစားလိုက်တော့ လုပ်ဖြစ်တယ်။

မနက်စာကို ဘယ်အချိန်လောက် စားဖြစ်လဲ။ ဘာဟင်းတွေနဲ့ စားဖြစ်တာများလဲ။နေလယ်စာနဲ့ ညစာကိုရော။

          မနက်စာကတော့ တစ်နေကုန်အလုပ်တွေသွားနေရတော့ ထမင်းကြော်၊ ပေါင်မုန့်တို့ကို များများစားဖြစ်တယ်။ နေ့လယ်စာကတော့ အိမ်မှာ ပြင်ဆင်ပေးပေမယ့် မစားဖြစ်တာ များတယ်။ ညစာကျတော့ အများကြီးစားရင် ဝိတ်တက်တော့မှာဆိုတော့ အရွက်သုပ်တွေ၊ အသီးတွေပဲ စားဖြစ်တာများပါတယ်။

ညစာကိုရော အိမ်မှာ မိသားစုနဲ့ စားဖြစ်လား။ ဒါမှမဟုတ် အပြင်မှာ စားဖြစ်လား။

          မိသားစုနဲ့ပဲ စားဖြစ်တာများပါတယ်။ ဖူးက မိသားစုနဲ့ပဲ အချိန်ကုန်တာများတော့လေ။ အပြင်မှာလည်း သိပ်ထွက်ပြီး မစားဖြစ်ဘူး။

စားဖူးသမျှအစားအစာတွေထဲမှာ တစ်သက်မမေ့လောက်အောင်ဖြစ်တဲ့ အစားအသောက်မျိုးရော ရှိလား။

          အဲဒီလိုမျိုး မေ့လို့မရတဲ့ အစားအသောက်ဆိုရင် အိမ်မှာ အမေချက်ပေးတဲ့ ထမင်းဟင်းဆိုရင်တော့ ဘယ်နေရာရောက်ရောက် သတိရတယ်။ နိုင်ငံခြားခရီးတွေသွားပြီး ဟိုတယ်က အစားအသောက်တွေ စားနေရပေမယ့်လည်း အိမ်က အမေချက်ကျွေးတဲ့ ဟင်းကို လွမ်းတယ်။

ထူးထူးဆန်းဆန်း အစားအသောက်တွေရော စားဖူးလား။

          ထူးထူးဆန်းဆန်းအစားအသောက်ဆိုရင် သိပ်မစားဖြစ်ပါဘူး။ ဒါပေမဲ့ ခရီးတွေ သွားနေတော့ ဒေသအလိုက်ရှိတဲ့ ရိုးရာအစားအသောက်မျိုးလေးတွေတော့ စားဖူးတယ်။ အကောင်ရှင်တို့၊ တခြားထူးဆန်းတဲ့ အသားတွေကိုတော့ ကိုယ့်ဘာသာကိုယ် မစားရဲတာလည်း ပါပါတယ်။

အားလပ်ရက်တွေမှာ  တစ်ခုခုလုပ်စားလေ့ရှိလား။

          အားလပ်ရက်တွေမှာတော့ လုပ်စားတယ်။ ကိုယ်က အစားကြိုက်တော့ အားပြီဆိုတာနဲ့ အိမ်မှာ ပူတင်းတွေ လုပ်စားတယ်။ ရေခဲမုန့်တွေ လုပ်စားတယ်။

ရှုတင်တွေ၊ စတူဒီယိုတွေသွားရင်ရော ထမင်းချိုင့် ယူသွားလေ့ရှိလား။

          ထမင်းချိုင့်ကတော့ တစ်ခါတလေ ယူတယ်။ အမေက အပြင်မှာ သွားမစားဖြစ်မှာစိုးလို့ ထမင်းချိုင့်ထည့်ပေးဖြစ်တော့ ယူသွားဖြစ်တာမျိုးတွေရှိတယ်။

ကိုယ်မစားဖူးတဲ့ အစားအသောက်တွေကို မြည်းစမ်းချင်စိတ်ရှိလား။

          ဖူးက အချိုပိုကြိုက်တော့ ချိုတဲ့အရသာမျိုးရှိတဲ့ဟာမျိုးဆိုရင် ပိုပြီး မြည်းစမ်းချင်တယ်။ တချို့ထူးဆန်းတဲ့ အသားတွေကျတော့ ဖူးမမြည်းရဲဘူး။ ဥပမာ- ကြွက်သား၊ မြွေသားတို့ပေါ့။ စားကြည့်ပါလားလို့ တိုက်တွန်းရင်တောင် ဖူးမမြည်းရဲဘူး။

တချို့က စိတ်ညစ်တာတို့၊ ပျော်တာတို့၊ ဝမ်းနည်းတာတို့တွေဖြစ်ရင် အစားအများကြီး စားဖြစ်တာရှိတယ်။ ညီမကရော…။

          ဖူးစားတယ်။ ဖူး စိတ်ဖိစီးမှုလျော့ချင်ရင်လည်း ဖူးစားတယ်။ ဖူး ပျော်လည်း စားတယ်။ အစားမြင်ရင် ပျော်နေတဲ့အထဲမှာ ပါတယ်။

ဘီလီလမင်းအေးရဲ့ အစားအသောက်နဲ့ ကျန်းမာရေးပေါ် အမြင်လေးကို ပြောပြပေးပါဦး။

          အစားအသောက်က လူတစ်ယောက်ရဲ့  ကျန်းမာရေးအတွက် အရမ်းအရေးကြီးပါတယ်။ ဆီကြော်စာတွေစားရင် ရောဂါတွေဖြစ်တယ် စသဖြင့်ပေါ့။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို စားတာအကောင်းဆုံးပါပဲ။ ညီမကတော့ အဆိုတော် တစ်ယောက်ဖြစ်တဲ့အတွက် ဆီကြော်စာတွေ ရှောင်တယ်။ ခန္ဓာကိုယ်ကို ကယ်လိုရီ တက်စေမယ့် အရာတွေကို ရှောင်ပါတယ်။

အိမ်က မိဘတွေချက်တဲ့ ဟင်းတွေထဲမှ ဘယ်ဟင်းကို အကြိုက်ဆုံးလဲ။

          အိမ်မှာကျတော့ အမေက ရှမ်းစာတွေ ချက်ကျွေးတာများပါတယ်။ အဖေ့ကို ရွေးမယ်ဆိုရင်လည်း ရှမ်းခေါက်ဆွဲချက်ကျွေးတာ တော်တယ်။ ဒီတော့ အဖေ့ရဲ့ ရှမ်းခေါက်ဆွဲ ကြိုက်တယ်။ အမေကတော့ ဘာချက်ချက် အကုန်ကြိုက်တယ်။

နိုင်ငံတကာအစားအသောက်မှာ ဘယ်အစားအသောက်ကို ကြိုက်လဲ။

          နိုင်ငံတကာအစားအသောက်တွေကျတော့ ဖူးက ဥရောပအစားအသောက်တွေကို ကြိုက်ပါတယ်။

နိုင်ငံခြားကိုရောက်နေတဲ့အချိန်မှာ ကိုယ့်နိုင်ငံက ဘယ်အစားအစာကို  လွမ်းဆွတ်တမ်းတမိပါသလဲ။

          အဲဒါဆိုရင်တော့ နိုင်ငံခြားမှာကျတော့ အစားအသောက်တွေက ပေါ့ပေါ့ကြီးတွေ စားရတာများတယ်။ ဒီမှာကျတော့ ချိုချဉ်ငန်စပ် အရသာပေါင်းစုံရှိတယ်ဆိုတော့ ဟိုမှာ ပေါင်မုန့်တွေချည်းပဲ စားနေရတဲ့အခါ မြန်မာပြည်က ချိုချဉ်ငန်စပ်ကိုတော့ သတိရမိတယ်။ အထူးသဖြင့်  ဖူးက  ရှမ်းပြည်နယ်ကလာတဲ့လူဖြစ်တော့ ရှမ်းပြည်နယ်က အစားအစာတွေကို ပိုပြီးတော့ သတိရတယ်။

ဘဝမှာ အမှတ်တရဖြစ်မယ့် အစားအစာရှိလား။ ဥပမာ- အစားအစာတစ်ခုခုကို စားလိုက်ရင် တစ်ချိန်ချိန်၊ တစ်နေရာရာ၊ တစ်ယောက်ယောက်ကို သွားပြီး သတိရတာမျိုးပေါ့။

          အဲဒါမျိုးဆိုရင်တော့ ပြောရမယ်ဆိုရင် ဖူးက တောင်ကြီးကနေပြီး ရန်ကုန်ကို ပြောင်းလာနေတဲ့ လူတစ်ယောက်ဖြစ်တဲ့အတွက် ရှမ်းခေါက်ဆွဲနဲ့ ခေါပုတ်ကိုစားမိရင် ရှမ်းပြည်နယ်ကို သတိရတယ်။ လွမ်းတယ်။ ဟိုတစ်လောကတောင် ပြောမိနေသေးတယ်။ ငယ်ငယ်တုန်းက ကျောင်းမှာစားခဲ့တဲ့ မုန့်ဖောင်းလေးတွေကို စားချင်တယ်။ သတိရတယ်။အဲဒီလိုလုပ်ရောင်းတဲ့ မုန့်ဆိုင်တွေကလည်း တွေ့ဖို့ခဲယဉ်းတယ်။ အဲဒီလိုမျိုး မုန့်တွေ တွေ့လို့ စားမိသွားရင်တော့ ကျောင်းတက်တုန်းက ဘဝကို ပြန်သတိရမိမှာပါ။

စားဖူးသမျှထဲမှာ ဈေးကြီးပြီး မတန်ဘူးဆိုတာမျိုးရော ကြုံဖူးလား။ ဈေးပေါပြီး တန်တယ် ထင်တာမျိုးဆိုရင်ရော။

          တချို့အစားအသောက်တွေကျတော့ ကိုယ့်ရဲ့ မြန်မာပြည်က အစားအသောက်မျိုး မဟုတ်ဘဲနဲ့ နိုင်ငံခြားမှာဆိုရင် ခေါက်ဆွဲတစ်ပွဲကို ဈေးအများကြီးပေးစားရတာမျိုးဆိုတော့ ကိုယ့်မြန်မာပြည်က အစားအသောက်နဲ့ယှဉ်ရင် နှမြောတာမျိုးတော့ ဖြစ်တတ်တယ်။ ဖူးတို့မြန်မာပြည်က အစားအသောက်တွေက ဈေးပေါပြီး တန်ပါတယ်။ ပေါပေါနဲ့ များများ စားရတယ်။ ဈေးလည်းမကြီးဘူး၊ အရသာလည်းရှိတယ်။ ဒီတော့ ဖူးကတော့ ကြိုက်တယ်။

စားသောက်ဆိုင်နဲ့ အိမ်မှာဆိုရင် ဘယ်မှာပိုစားချင်လဲ။

          အမှန်အတိုင်းပြောရရင်တော့ အိမ်မှာပဲ ပိုစားချင်တယ်။

ဘီလီအကြိုက်ဆုံး အသီးအနှံ၊ အရွက်၊ အသား၊ ငါးတွေကို ပြောပြပေးပါဦး။ ဖျော်ရည်တွေထဲမှာ ဆိုရင်ရော။

          အကြိုက်ဆုံးအသီးအနှံဆိုရင် ပန်းသီးကြိုက်တယ်။ အသီးအရွက်ထဲမှာဆိုရင် ကန်စွန်းရွက်ကြိုက်တယ်။ အသားငါးဆိုရင်တော့ အခုနောက်ပိုင်းမှာ ငါးကို ပိုစားဖြစ်တယ်။ ဖျော်ရည်ကတော့ သံပရာရည်ပါ။

ညီမနဲ့မတည့်တဲ့ အစားအသောက်တွေရောရှိလား။ မကြိုက်တဲ့အစားအစာရော။

          ဖူးက ခါးတာ မကြိုက်ဘူး။ ပဲတွေ မကြိုက်ဘူး။

အစားအသောက်တစ်ခုခုကို စားနေတုန်း အဲဒီထဲမှာ ရွံစရာတွေ ဘာတွေရော တွေ့ဖူးလား။ အစားအသောက်စားနေရင်း သူငယ်ချင်းတွေက ဘေးနားက ရွံစရာပြောရင်ရော ရွံတတ်သလား။

          တစ်ခါတလေအစာစားနေရင်းနဲ့ ဆံပင်ချည်ပါလာတာမျိုး ရှိတယ်။ အဲဒီလိုဆိုရင်တော့ ဖူး မကြိုက်ဘူး။ ရွံတတ်တယ်။ အဲဒီလိုမျိုးဆိုရင် ခွက်တွေဘာတွေ ပြန်လဲခိုင်းတာမျိုးတော့ ရှိတယ်။ သူငယ်ချင်းတွေက အဲဒီလိုပြောပြီး စနောက်ရင် နည်းနည်းတော့ ရွံတတ်တယ်။ အစားအသောက် ကြေး (ချေး) မများပေမယ့် မီးဖိုချောင် ညစ်ညစ်ပတ်ပတ်ကြီးတွေကို မြင်ရင်လည်း မစားတတ်တော့ဘူး။ နောက်ပြီး အစားအသောက်ဆိုရင် သန့်မှကြိုက်တယ်။

အစားအသောက်က နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှုကို ဖော်ဆောင်နိုင်တယ်လို့ ထင်မြင်မိပါသလား။

          ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မြန်မာပြည်မှာလည်း မြန်မာ့ရိုးရာ အစားအသောက်တွေ အများကြီး ရှိတယ်။ သူများနိုင်ငံရောက်ရင်လည်း ကိုယ်မစားဘူးတဲ့ အစားအသောက်တွေကို စားရတာဆိုတော့ အစား အသောက်ကလည်း နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှုကို ဖော်ဆောင်တယ်လို့ ထင်ပါတယ်။

အခု ညီမရဲ့  အနုပညာလှုပ်ရှားမှုလေးတွေကို ပြောပြပေးပါဦး။

          အခုမတ်လမှာ ထွက်ထားတဲ့ ဖူးရဲ့ “အရှုံးမပေးတဲ့ ဝိညာဉ်” အခွေကို MTV ရိုက်နေပါတယ်။

အခုချက်ပြတဲ့ဟင်းလေးကို လိုက်ချက်စားကြည့်မယ့် ပရိသတ်အတွက် အမှတ်တရ စကားလက်ဆောင်လေးကို ပြောပြပေးပါဦး။

          ပရိသတ်ကြီးလည်း ဖူးရဲ့  အခု ပုစွန်ရောင်စုံဟင်းလေးက ဖူးနဲ့ အကြိုက်ချင်း ထပ်တူကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ဒီဟာလေးက ချက်ပြုတ်ရတာလည်း လွယ်ကူပြီး ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ ပြီးတော့ အားလုံးလည်း လိုက်လုပ်စားလို့ရအောင် ချက်နည်းလေးလည်း ဖော်ပြထားလို့ အားလုံးလိုက်လုပ်ပြီး ချက်စားကြည့်ကြပါလို့…။

 

ဘီလီလမင်းအေးရဲ့  ပုစွန်ရောင်စုံကြော်

ပါဝင်ပစ္စည်းများ

ပုစွန်  –  ၁၀သား

ပန်းပွင့်စိမ်း  –  ၁ ပွင့်

ငရုတ်ပွ (နီ၊ စိမ်း၊ ဝါ)  –  အနည်းငယ်

ဆီ  –  အနည်းငယ်

နှမ်းလှော်  –  ဖြူးရန်

ခရုဆီ  –  စားပွဲဇွန်း ၂ ဇွန်း

ဟင်းချက်ဝိုင်  –  စားပွဲဇွန်း ၁ ဇွန်း

သကြားညို  –   စားပွဲဇွန်း ၁ ဇွန်း

ပဲငံပြာရည်အကြည်  –  စားပွဲဇွန်း ၃ ဇွန်း

ချင်း  –  စားပွဲဇွန်း ၁ ဇွန်း (နုပ်နုပ်စင်း)

ကြက်သွန်ဖြူ  –  စားပွဲဇွန်း ၁ ဇွန်း (နုပ်နုပ်စင်း)

နှမ်းဆီ  –  စားပွဲဇွန်း ၂ ဇွန်း

ကော်မှုန့်  –  စားပွဲဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

၁။       ပုစွန်ကို အခွံခွာ၊ ကျောခွဲ၊ ချေးထုတ်ပြီး ရေဆေးထားပါ။ ပန်းပွင့်စိမ်းကို ရေဆေးပြီး အနေတော်အတုံးလေးတွေ လှီးပေးထားပါ။ ငရုတ်ပွများကို ရေဆေးပြီး အချောင်းလေးတွေ လှီးထားပါ။

၂။       ခရုဆီ၊ ဟင်းချက်ဝိုင်၊ သကြားညို၊ ပဲငံပြာရည်အကြည်၊ ချင်း(နုပ်နုပ်စင်း)၊ ကြက်သွန်ဖြူ (နုပ်နုပ်စင်း)၊ နှမ်းဆီနှင့် ကော်မှုန့်တို့ကို ပန်းကန်တစ်လုံးထဲမှာ ရောစပ်ထားပါ။

၃။       ဒယ်အိုးကိုမီးအပူပေးပြီး ဆီထည့်ပါ။ ဆီပူလာရင် ပုစွန်ကိုထည့်ကြော်ပါ။ ပုစွန်အရောင်ရလာရင် ပန်းပွင့်စိမ်းနှင့် ငရုတ်ပွတို့ကို ထည့်ကြော်ပါ။ ရောစပ်ထားတာတွေကို ထည့်ပြီး သမအောင်ရောကြော်ပါ။ နောက်ဆုံးမှာ နှမ်းလှော်လေးတွေ ဖြူးပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments