ဇာတ်သိမ်းမလှတဲ့ ကမ္ဘာကျော်စားဖိုမှူးကြီး အန်ထော်နီဘူဒိန်း (Anthony Bourdain)
by U Soe Thane for Food Magazine
          အသက် ၆၁ နှစ်အရွယ်ရှိ နာမည်ကျော်အမေရိကန်စားဖိုမှူးနှင့် ရုပ်မြင်သံကြား အစီအစဉ်တင်ဆက်သူ အန်ထော်နီဘူဒိန်းဟာ ယခုနှစ် ဇွန်လ ၇ ရက်နေ့က ပြင်သစ် နိုင်ငံတကာ ဟိုတယ်ခန်းထဲမှာ အဆုံးစီရင်ခဲ့ပါတယ်။ အဲဒီအချိန်က သူဟာ ပြင်သစ်နိုင်ငံ၊ စထေ့ရာ့စ်ဘိုးမြို့အနီးမှာ CNN က ထုတ်လွှင့်တဲ့ သူ့ရဲ့  ရုပ်သံစီးရီး Parts Unknown အတွက် အပိုင်းတစ်ပိုင်း လာရိုက်နေတာပါ။
          “ကျွန်တော်တို့ရဲ့ မိတ်ဆွေနဲ့ လုပ်ဖော်ကိုင်ဘက်ကြီး မစ္စတာဘူဒိန်းသေဆုံးကြောင်း ကျွန်တော်တို့ အထူးဝမ်းနည်းစွာဖြင့် အတည်ပြုအသိပေးအပ်ပါတယ်” လို့ CNN ဇွန်လ ၈ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ “ကြီးကျယ်တဲ့ စွန့်စားခန်းတွေ၊ မိတ်ဆွေသစ်တွေ၊ အရသာရှိတဲ့ အစားအသောက်နဲ့ ကမ္ဘာပေါ်က မှတ်သားလောက်စရာ ဇာတ်လမ်းတွေကို မြတ်နိုးခြင်းကြောင့် သူဟာ ပြိုင်စံရှားတဲ့ ပုံပြင်ဆရာတစ်ဦး ဖြစ်ခဲ့ရပါတယ်။ သူ့ရဲ့ ပင်ကိုစွမ်းရည်တွေဟာ ကျွန်တော်တို့အတွက် အံ့ဩကုန်နိုင်ဖွယ်ပါ။ အခုလို ခက်ခဲတဲ့ကာလမှာ သူ့သမီးနဲ့ သူ့မိသားစုအတွက် ကျွန်တော်တို့ ဆုတောင်းပေး နေပါတယ်” လို့ CNN က သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
          နယူးယောက်မြို့က နာမည်ကျော်ဖက်ရှင်ဒီဇိုင်နာ ကိတ်စပိတ် (၅၅ နှစ်) အဆုံးစီရင်ပြီးနောက်ပိုင်း အကြာမှာ ဘူဒိန်းက အဆုံးစီရင်လိုက်တာဖြစ်ပါတယ်။
          ကေးဆားဘာ့ဂ်မြို့က “လီရှမ်းဘတ်” ဟိုတယ်မှာ ၄င်းရဲ့ အလောင်းကို တွေ့ရှိရပြီး လုပ်ကြံခံရတဲ့လက္ခဏာမတွေ့ရဘူးလို့ ပြင်သစ်အာဏာပိုင်တွေက အတည်ပြု ပြောကြားပါတယ်။
          ဘူဒိန်းဟာ ၂၀ဝ၀ ပြည့်နှစ်က Kitchen Confidential ဆိုတဲ့ အဆင့်မြင့်ဟင်းလျာ ချက်ပြုတ်နည်းတွေကို ဖွင့်ချထားတဲ့ အရောင်းရဆုံးစာအုပ်ကို ရေးသားထုတ်ဝေခဲ့လို့ အောင်မြင်ကျော်ကြားခဲ့ပါတယ်။ အဲဒီစာအုပ်မှာ ကိုကင်း၊ ဘိန်းဖြူနဲ့ LSD စတဲ့ မူးယစ်ဆေးဝါးတွေ သုံးစွဲခဲ့တဲ့အကြောင်းလည်း ပွင့်လင်းစွာ ရေးသားထားပါတယ်။
          ဘူဒိန်းဟာ သူ့ရုပ်သံစီးရီးအတွက် တစ်နှစ်မှာ ရက်ပေါင်း ၂၅၀ ကျော် ကမ္ဘာလှည့်ပြီး ရိုက်ကူးပါတယ်။ သူ့အလုပ်အတွက် သူဟာ လစ်ဗျား၊ လက်ဘနွန်နဲ့ ဂါဇာတို့ကို များသောအားဖြင့် အန္တရာယ်ရှိတဲ့ အရပ်ဒေသတွေအထိ သွားခဲ့တယ်။ သူ့ရဲ့ပထမဆုံး ရုပ်သံအစီအစဉ် A Cook’s Tour ကို ၂၀၁၂ ခုနှစ်က  Food Network လိုင်းမှ စလွှင့်ပြီး သုံးနှစ်အကြာမှာ Travel Channel နဲ့ ပူးပေါင်းကာ ‘No Reservations’ အစီအစဉ်တင်ဆက်ရာမှာ အမ်မီ ရုပ်သံထူးချွန်ဆုနှစ်ဆု ရရှိခဲ့ပါတယ်။
          သူဟာ ယခုအခါ Season-11 အထိ ထုတ်လွှင့်နေပြီးဖြစ်တဲ့ Parts Unknown ဆိုတဲ့ ခရီးသွားနဲ့ အစားအစာအစီအစဉ်သစ်ကို ၂၀၁၃ ခုနှစ်ကစပြီး CNN မှ လွှင့်ပါတယ်။ ဘူဒိန်းရဲ့ ဩဇာကြီးမားမှုကြောင့် သမ္မတအိုဘားမားတောင် ၄င်းရာထူးမှ စွန့်ခွာဖို့ ကြိုတင်ပြင်ဆင်တော့ သူနဲ့တိုင်ပင်ဆွေးနွေးခဲ့ပါတယ်။
          “နိုင်ငံတော်အဆင့် အခမ်းအနားတက်စရာရှိရင် သမ္မတကြီးအနေနဲ့ ကြက်သွန်ဖြူတွေ အများကြီး မစားသွားသင့်ဘူး” လို့ ဘူဒိန်းက ဗီယက်နမ်ထိပ်သီးဆွေးနွေးပွဲမှာ အိုဘားမားနဲ့အတူ အဆာပြေ စားသောက်စဉ်က အကြံပေးခဲ့တယ်။
          ဘူဒိန်းဟာ တက္ကသိုလ်အဆောင်မှ အခန်းဖော်ဟောင်းတစ်ဦးက ၄င်းခရီးသွားပြီး ပြန်ရောက်ရင် စာအုပ်ရေးဖို့ ကတိတောင်းပြီး မက္ကဆီကိုနိုင်ငံ၊ ကိုဇူမယ်မြို့ကို စရိတ်ငြိမ်း အပန်းဖြေခရီးပို့ပေးရာကစပြီး စာတွေရေးဖြစ်ခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်က အဲဒီခရီးသွားပြီး နောက်ခြောက်လအကြာမှာ ဘူဒိန်းဟာ နယူးယောက်မြို့တော်၊ ဘရော့ဒ်ဝေးရိပ်သာ လမ်းမရှိ ဆော်လီဗန်စားသောက်ဆိုင်မှာ စာဖိုးမှူးဝင်လုပ်နေစဉ် Bone in the Throat ဆိုတဲ့ ရာဇဝတ်မှုနောက်ခံသရော်စာဝတ္ထုကို ပထမဦးဆုံးရေးသားခဲ့ပါတယ်။
မိသားစုဘဝ
          ဘူဒိန်းဟာ နယူးယောက်မြို့တော်အနီး နယူးဂျာဆီပြည်နယ်၊ လီယိုနီးယားမြို့မှာ ကြီးပြင်းခဲ့ပါတယ်။ သူ့ဖခင်က ယေးလ်တက္ကသိုလ်ဘွဲ့ရ ဓာတ်ပြားတိုက်အရာရှိဖြစ်ပြီး မိခင်က နယူးယောက်တိုင်းစ် သတင်းစာတိုက်မှ စာမူတာဝန်ခံ အယ်ဒီတာတစ်ဦး ဖြစ်ပါတယ်။
          ဘူဒိန်းဟာ ၁၉၈၅ ခုနှစ်မှာ အထက်တန်းကျောင်းတုန်းက သူ့ရည်းစား နန်စီပွတ် ကိုးစကီးနဲ့ အိမ်ထောင်ကျပြီး နောက်အနှစ် ၂၀ ကြာတော့ ကွာရှင်းခဲ့ပါတယ်။ နောက် ၂ နှစ် ကြာတော့ MMA ဘက်စုံသိုင်းပညာရှင် အော်တေးဗီးယားဘူစီးယားနဲ့ လက်ထပ်ပြီး ၂၀၁၇ ခုနှစ်မှာ အာရီယန်းဆိုတဲ့ သမီးလေးရခဲ့ပါတယ်။
          ဟောလိဝုဒ်ရုပ်ရှင်ထုတ်လုပ်သူ ဟာဗီဝိုင်းစတင်းက မိမိကို မုဒိမ်းကျင့်ခဲ့ကြောင်း အေးရှားက လူသိရှင်ကြားစွပ်စွဲခဲ့ပြီး နောက်ပိုင်းမှာ ဘူဒိန်းလည်း လှုပ်ရှားမှုအတွက် ပွင့်လင်းတက်ကြွစွာ အကျိုးဆောင်သူဖြစ်လာပါတယ်။
          “အန်ထော်နီက သူလုပ်သမျှအားလုံးအတွက် အိတ်သွန်ဖာမှောက် ဆရာစားမချန် လုပ်စားလေ့ရှိတယ်” လို့ အေးရှားက သတင်းထုတ်ပြန်ချက်တစ်စောင်မှာ ပြောပါတယ်။
          “သူ့ရဲ့ပြောင်မြောက်တဲ့ စိတ်ဓာတ်က လူပေါင်းများစွာအပေါ် လွှမ်းမိုးပြီး သူ့ရဲ့သဒ္ဓါတရားဟာ အကန့်အသတ်မဲ့ပါတယ်။ သူဟာ ကျွန်မရဲ့ချစ်သူ၊ ကျွန်မကို ကာကွယ်စောင့်ရှောက်သူဖြစ်တယ်။ ကျွန်မကြေကွဲဝမ်းနည်းလို့ မဆုံးနိုင်တော့ဘူး” လို့ အေးရှားက ပြောတယ်။
တုံ့ပြန်မှုများ
          ဘူဒိန်းသေဆုံးပြီးနောက် အစားအသောက်ဝါသနာကြီးသူတွေ၊ ကျော်ကြားသူတွေ၊ ဖြေဖျော်မှု အနုပညာရှင်တွေနဲ့ ရုပ်သံလွှင့်လုပ်ငန်းလောကသားတွေ အပါအဝင် လူအတော်များများက ၄င်းကို အွန်လိုင်းမှ ဂုဏ်ပြုကြပြီး အဆုံးစီရင်ဖို့ ကြံစည်သူတွေ ဆက်သွယ်ဖို့ မိမိတို့ပြည်နယ်မှ အရေးပေါ်ဖုန်းနံပါတ်တွေကိုလည်း တစ်ပါတည်း ဖော်ပြကြပါတယ်။
          သမ္မတဒေါ်နယ်ထရမ့်ကို ဘူဒိန်းက ပွင့်လင်းစွာ ဝေဖန်ရှုတ်ချခဲ့ပေမယ့် ၄င်းသေဆုံးမှုကြောင့် မိမိအံ့ဩတုန်လှုပ်ရတယ်လို့ ထရမ့်က ပြောပါတယ်။
          “ကျွန်တော် တကယ်ဝမ်းနည်းကြောင်း၊ စိတ်မကောင်းကြောင်း သူ့မိသားစုကို ပြောချင်ပါတယ်” လို့  ထရမ့်က ဂျီ-၇ ထိပ်သီးဆွေးနွေးပွဲတက်ဖို့ အိမ်ဖြူတော်က အထွက်မှာ ပြောပါတယ်။
          “ဘူဒိန်းဟာ သိပ်တော်တဲ့ရှားရှားပါးပါး လူတစ်ဦးပါ” လို့ ၄င်းက ဖြည့်စွက်ပြောပါသေးတယ်။ ဒါ့အပြင် ၄င်းက ကိတ်စပိတ်ရဲ့ ကျန်ရစ်သူမိသားစုထံလည်း ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ပါတယ်။
ဘူဒိန်း၏ အတွေးအမြင်တချို့
          “သင့်ခန္ဓာကိုယ်ဟာ ဝတ်ပြုကျောင်းဆောင်မဟုတ်ဘူး။ အပန်းဖြေဥယျာဉ်ဖြစ်တယ်။ ဒီတော့ ပျော်ဖို့ အရသာခံလိုက်ပါ။”
          “ကျွမ်းကျင်မှုတွေကို သင်ကြားပေးလို့ရပေမယ့် ကောင်းတဲ့အကျင့်သီလဆိုတာက မွေးရာပါပဲ။”
          “လူတိုင်းနဲ့ပတ်သက်လို့ အဆိုးဆုံးကို မျှော်လင့်ထားပါတယ်။ ဒါပေမဲ့ အဆိပ်သင့်တဲ့ အဲဒီအတွေးက သင့်ရဲ့အလုပ်စွမ်းဆောင်ရည်ကို မထိခိုက်ပါစေနဲ့။ အားလုံးကို လျစ်လျူရှုထားလိုက်ပါ။”
          “ဥာဏ်အမြော်အမြင်ရှိတယ်ဆိုတာ ကျွန်တော် ဘယ်လောက်သေးငယ်သလဲ၊ ဘယ်လောက်ပညာမဲ့သလဲ၊ ဘယ်လောက်ဝေးဝေး ဆက်သွားရဦးမလဲဆိုတာ သဘောပေါက်ခြင်းဖြစ်တယ်။}
          “ဘဝနဲ့ခရီးသွားခြင်းတို့ဟာ သင့်ကိုယ်ပေါ်မှာ အမှတ်အသားတွေ ကျန်ရစ်စေတယ်။ သင့်နှလုံးသား ဒါမှမဟုတ် သင့်ကိုယ်ပေါ်က အဲဒီအမှတ်အသားတွေဟာ များသောအားဖြင့် လှပတယ်။”
အံ့ဩတုန်လှုပ်သွားတဲ့ ဗီယက်နမ်ဆိုင်ရှင်
          ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာ ၂၀၁၆ ခုနှစ်က သမ္မတအိုဘားမားနှင့် ဘူဒိန်းတို့
၆ ဒေါ်လာတန်ခေါက်ဆွဲအတူစားခဲ့တဲ့  စားသောက်ဆိုင် ဘွန်းချဟွမ်လီယင်ပိုင်ရှင်ဖြစ်သူ ငုရင်သီငါးက ဘူဒိန်းသေဆုံးတဲ့သတင်းကြားတော့ အရမ်းအံ့ဩတုန်လှုပ်သွားတယ်လို့ ဟနွိုင်းရှိ အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။ ဘူဒိန်းရဲ့ ရုပ်သံအစီအစဉ်မှာ အိုဘားမားနှင့် ၄င်းအတူစားသောက်နေပုံ ထည့်ပြခဲ့တဲ့အတွက် သူ့ဆိုင်လည်း နာမည်ကြီးသွားပါတယ်။
          “ဘူဒိန်းဟာ ဖော်ရွေပြီး သဘောမနောကောင်းတဲ့ သူတစ်ဦးပါ။ ကျွန်မတို့ရဲ့ ဆိုင်က ဟင်းလျာတွေကို သူချီးမွမ်းပြီး ကြိုက်လည်း ကြိုက်ပါတယ်” လို့ သူမက ပြောပါတယ်။ နောင်အခါ ၄င်းတို့နှစ်ဦးထိုင်ခဲ့တဲ့ စားပွဲ၊ ခွေးခြေတွေနဲ့ ဘီယာပုလင်းခွံတို့ကို မှန်ခန်းထဲ ထည့်ပြီး အဲဒီဆိုင်မှာ အလှပြထားပါတယ်။
          “ဆိုင်မှာလာစားတဲ့ ဧည့်သည်တွေက အဲဒီစားပွဲဘေးမှာ အမှတ်တရ ဓာတ်ပုံရိုက်လေ့ ရှိပါတယ်။ ဒါဟာ ကျွန်မတို့ ထာဝရအမြတ်တနိုး အမှတ်ရနေမယ့် ကိစ္စလေးတစ်ခုပါပဲ”လို့ သူမက ပြောပါတယ်။
          ဘူဒိန်းဟာ ဗီယက်နမ်အစားသောက်ကို သူ စိတ်ဝင်စားခုံမင်ပုံဖော်ပြဖို့ ၄င်းရဲ့ အစီအစဉ်အတော်များများကိုလည်း ဗီယက်နမ်တို့ ပြန်သွားပြီး ရိုက်ကူးခဲ့ပါတယ်။
Facebook Comments