စိတ်ထဲမှာ အဲဒီအစားအစာတစ်ခုကို မကြိုက်ဘူးလို့ထင်ရင် ဘယ်သောအခါမှ မြည်းကြည့်လေ့မရှိဘူးဆိုတဲ့ သျားထွဋ်အိန္ဒြာ

 Cele_6

Cele_4

Cele_5

   အချက်အပြုတ်ကို ဘယ်အရွယ်လောက်ကတည်းက စပြီးတော့ဝါသနာပါခဲ့ပါသလဲ။

အချက်အပြုတ်ကိုတော့ ညီမ မှတ်မိသလောက်တော့ ၈ တန်း၊ ၉ တန်းလောက်မှ စပြီးတော့ ဝါသနာပါဖြစ်တယ်ထင်တယ်။

♦   အခု သခွားသီးသုပ်လေးကို ပရိသတ်ကို သုပ်ပြဖို့ စီစဉ်ဖြစ်သွားပုံလေးကိုလည်း ပြောပြပေးပါဦး။

အခုညီမသုပ်ပြတဲ့ သခွားသီးသုပ်လေးကဆိုရင် အခုမိုးရာသီနဲ့လည်း လိုက်ဖက်တယ်။ အများစုကလည်း ဒီလိုရာသီမျိုးမှာ ချဉ်ချဉ်စပ်စပ်လေး လုပ်စားကြတယ်။

♦   ဘဝမှာ ပထမဆုံးစချက်ဖြစ်တဲ့ ဟင်းပွဲလေးကို မှတ်မိသေးရင် ပြောပြပေးပါဦး။ အရသာကရော ဘယ်လိုရှိသလဲ။

ပထမဆုံး ချက်ဖြစ်တာဆိုရင်တော့ ကြက်သားဟင်းပါ။ အဲဒီဟင်းပွဲကို ဘယ်လိုချက်

ဖြစ်လဲဆိုတော့ ညီမ နယ်မှာကျောင်းသွားတက်တယ်။ ရန်ကုန်က မေမေဆီကို ဖုန်းလှမ်း

ဆက်မေးပြီးတော့ ဖုန်းတစ်ဖက်နဲ့ ချက်ခဲ့တာပါ။ အရသာကတော့ စားလို့ကောင်းပါတယ်။ ပထမဆုံးချက်တာဆိုပေမယ့်လည်း အဖေကလည်း ဘေးနားမှာ ကူညီတယ်။ နောက်ပြီး အရင်က အမေတို့ချက်ထားတာကို ကြည့်ထားတော့ အဆင်ပြေပါတယ်။

♦   ဒါဆို ချက်တဲ့ဟင်းတွေထဲမှာ လူကြိုက်အများဆုံးဟင်းပွဲကရော ဘာဟင်းပွဲဖြစ်မလဲ။

ညီမ အခုအသက်အရွယ်အထိ ညီမသူငယ်ချင်းတွေရော အကုန်လုံးနီးပါး ခဏခဏ ချက်ကျွေးခိုင်းတာက ဝက်သားဆလတ်ပါ။ နောက်တစ်ခုက ဘဲဥချဉ်ဟင်း။

♦   သျှားထွဋ်ချက်တဲ့ဟင်းကိုစားပြီး ပထမဆုံး ချီးမွမ်းခံရတုန်းက ခံစားချက်ကရော။ အချက်အပြုတ်ကို ဘယ်သူတွေဆီက သင်ယူဖူးလဲ။

ညီမကတော့ အကြီးကျယ်ကြီး ဟင်းချက်သင်ထားတာမျိုးတော့ မရှိဘူး။ မိဘတွေ၊

အိမ်ကလူတွေ ချက်တာလိုက်ကြည့်ရင်းနဲ့ လေ့လာကြည့်ပြီး လျောက်လုပ်ရင်းနဲ့ ချက်တတ်သွားတာပါ။ အဲဒီလိုမျိုးဆိုတော့ ညီမရဲ့ ကြိုးစားမှုတစ်ခုကို အသိအမှတ်ပြုတာတွေ့ရတဲ့အတွက် ညီမ ဝမ်းလည်း ဝမ်းသာတယ်။ ပိုပြီးတော့လည်း အချက်အပြုတ်ကို စိတ်ဝင်စားလာတယ်။ အချက်အပြုတ်ကို သင်ယူမိတာကတော့ ညီမ အမေဆီကပါ။ နောက်ပြီးတော့ ညီမက ဆိုင်တစ်ဆိုင်သွားစားလို့ ကိုယ်ကြိုက်တာလေးတွေ့ရင် ဘယ်လိုချက်တာလည်းဆိုတာ မေးတယ်။ နောက် You Tube ကလည်း ချက်နည်းတွေကြည့်ပြီး လေ့လာပါတယ်။

♦   ငယ်ငယ်တုန်းကကြိုက်ပြီး အခုမကြိုက်တဲ့ အစား ဒါမှမဟုတ် ငယ်ငယ်တုန်းက မကြိုက်ဘဲ အခုမှကြိုက်တဲ့ အစားအစာရောရှိလား။

ငယ်ငယ်ကကြိုက်ပြီး အသက်ကြီးမှ မကြိုက်တာမျိုး မရှိပါဘူး။ ဒါပေမဲ့ ညီမငယ်ငယ်

ကလေးကနေ အခုအချိန်ထိ မကြိုက်တာကတော့ စတော်ဘယ်ရီသီးပါ။ စားလည်း မစားဘူးဖူး။ တစ်ခါမှ။ ငယ်ငယ်ကမကြိုက်ဘဲ အသက်ကြီးမှ ကြိုက်တာကတော့ နာနတ်သီးပါ။

♦   ငယ်ငယ်က အစားအသောက်နဲ့ပတ်သက်ပြီး အမှတ်တရ အဖြစ်အပျက်လေးတွေရှိရင် ပြောပြပေးပါဦး။ ဥပမာ- တချို့ သကြားလုံးမျိုမိတာတို့၊ ကျောင်းမှာ မုန့်ခိုးစားလို့ အရိုက်ခံရတာတို့၊ ဟင်းခိုးစားတာတို့ပေါ့။

ငယ်ငယ်က ကျောင်းမှာတော့ မုန့်ခိုးစားဖြစ်တယ်။ တစ်ခါ P.T ချိန်နီးလို့ ခေါင်းလောင်းထိုးတာကိုလည်း မစောင့်နိုင်ဘဲ ကျောင်းခြင်းတောင်းထဲက အာလူးကြော်ထုပ်ကို ဖောက်စားမိလို့ အဆူခံရတာတော့ အမှတ်တရပါပဲ။ နောက်ပြီး အစားသောက်နဲ့ ပတ်သက်ရင် ညီမဗိုက်က အထိမခံဘူး။ ဝမ်းပျက်တတ်တယ်။

♦   မနက်စာကို ဘယ်အချိန်လောက်စားဖြစ်လဲ။ ဘာဟင်းတွေနဲ့ စားဖြစ်တာများလဲ။ နေ့လယ်စာကိုရော။ ညစာရော။

မနက်စာကို များသောအားဖြင့် ကော်ဖီတစ်ခွက်လောက်နဲ့ ပြီးသွားတာများတယ်။ အများအားဖြင့်တော့ မနက်စာနဲ့ နေ့လယ်စာကို ပေါင်းစားလေ့ရှိပါတယ်။ ညနေစာကိုလည်း ညီမတတ်နိုင်သလောက် ရှောင်ဖြစ်ပါတယ်။ ပွဲလမ်းသဘင်ရှိမှသာ စားဖြစ်ပါတယ်။

♦   ညစာကိုရော အိမ်မှာမိသားစုနဲ့ စားဖြစ်လား။ ဒါမှမဟုတ် အပြင်မှာ စားဖြစ်သလား။

တစ်ခါတလေ မိသားစုဆုံတဲ့အခါမျိုးဆိုရင်တော့ မိသားစုကို ဦးစားပေးပြီးတော့ စားဖြစ်ပါတယ်။

♦   စားဖူးသမျှ အစားအစာတွေထဲမှာ တစ်သက်မမေ့လောက်အောင်ဖြစ်တဲ့ အစားအသောက်မျိုးရောရှိလား။

တစ်သက်မမေ့လောက်တာမျိုးဆိုရင်တော့ ဘန်ကောက်မှာစားခဲ့ရတဲ့ ကဏန်းချဉ်စပ်ဟင်းပါ။ အခုချိန်ထိလည်း အဲဒီဆိုင်ကို မမှတ်မိတော့ပါဘူး။ အမြဲတမ်းလည်း ပြန်စားချင်တယ်။ သူက ကဏန်းကို ရေခဲရိုက်ပြီး အစိမ်းနီးပါး ချဉ်စပ်လေးလုပ်ထားတဲ့ ဟာမျိုးလေးပါ။ ဒါလေးကတော့ အခုချိန်ထိလည်း စားချင်တယ်။ နောက်လည်း အမြဲတမ်းစားချင်နေဦးမှာပါ။

♦   အားလပ်ရက်တွေမှာ တစ်ခုခုလုပ်စားလေ့ရှိလား။

လုပ်စားဖြစ်ပါတယ်။ အဲဒါကတော့ တစ်မျိုးနဲ့တစ်မျိုး မတူအောင်တစ်ခုခုတော့ လုပ်စားလေ့ရှိပါတယ်။

♦   ရှုတင်တို့၊ ကျောင်းတို့သွားတဲ့အခါမှာ ထမင်းချိုင့်တွေ ယူလေ့ရှိလား။

အဲဒီလိုမျိုးတော့ တစ်ခါမှ မယူသွားဖြစ်ဘူး။ မုန့်တွေဘာတွေသာ ထည့်ရင် ထည့်သွားမယ်။ ထမင်းစားရတာကိုတော့ ကြိုက်တယ်။ ဒါပေမဲ့ တော်ယုံတန်ယုံတော့ ထမင်း သိပ်မစားဖြစ်ဘူး။

♦  ကိုယ်မစားဖူးတဲ့ အစားသောက်တွေကို မြည်းစမ်းချင်စိတ်ရှိလား။ ရှိရင် ဘယ်လိုအရသာမျိုးတွေ မြည်းစမ်းဖြစ်ပါလဲ။

ညီမက စိတ်ထဲမှာ အဲဒီအစားအစာတစ်ခုကို မကြိုက်ဘူးလို့ထင်ရင် ဘယ်သောအခါမှ မြည်းကြည့်လေ့မရှိဘူး။ အဲ့ဒါကတော့ ညီမ ငယ်ငယ်လေးကတည်းက အခုချိန်အထိပါပဲ။ သူများတွေ ဘယ်လောက်စားကောင်းတယ်ပြောပြော စိတ်ထဲကမကြိုက်ရင် လုံးဝ မမြည်းကြည့်ဘူး။

♦   တချို့တွေက စိတ်ညစ်တာတို့၊ ဝမ်းနည်းတာ၊ ပျော်ရွင်တာ ဝမ်းသာတာမျိုးမှာ အစားတွေ များများစားလေ့ ရှိတယ်။ ညီမကရော အဲလိုအခါများမျိုးမှာ အစားအသောက်နဲ့ပတ်သက်ပြီး ဘာတွေစားဖြစ်လဲ။ များများစားလား။ နည်းနည်းစားလား။

ညီမကတော့ တစ်ချိန်လုံးစားနေတာပဲ။ စိတ်ညစ်လည်း စားတယ်။ ပျော်လည်း စားတယ်။ အဲဒီလိုစိတ်ခံစားချက်တစ်ခုနဲ့တော့ အစားသောက်ကို ညီမစားလေ့မရှိပါဘူး။

♦   ညီမရဲ့   အစားအသောက်နဲ့ ကျန်းမာရေးပေါ်အမြင်နဲ့ အစားအသောက်နဲ့ ခန္ဓာကိုထိန်းသိမ်းမှုပုံလေးကို ပြောပြပေးပါဦး။

အစာအသောက်နဲ့ ကျန်းမာရေးပေါ်အမြင်ဆိုရင် အစားသောက်က လူနဲ့တည့်ပါတယ်။ ဒါပေမဲ့ တန်ဆေးလွန်ဘေးပေါ့နော်။ ကိုယ်စားသောက်တဲ့ အစားသောက်က ကိုယ်နဲ့တည့်လား မတည့်လားဆိုတာ စဉ်းစားသင့်တယ်။ ကိုယ်နဲ့မတည့်ဘူးဆိုရင် နောက်တစ်ခါမစားဖို့ ပြင်ဆင်သင့်ပါတယ်။ အစားသောက်နဲ့ ခန္ဓာကိုထိန်းသိမ်းမှုဆိုရင်တော့ သူများတွေလို ကယ်လိုရီနဲ့တော့ တွက်ပြီးတော့ မစားပါဘူး။ ဒါပေမယ့် ကိုယ့် ဝိတ်တက်မှာတော့ ဆင်ခြင်တယ်။ အရမ်းစားမိသွားတဲ့နေ့မျိုးရှိရင် နောက်နေ့ကျရင် ဘာမှမစားဘဲ နေတာမျိုးနဲ့တော့ ခန္ဓာကိုယ်ကို ထိန်းဖြစ်တယ်။

♦   အိမ်ကမိဘတွေချက်တဲ့ ဟင်းတွေထဲမှ ဘယ်ဟင်းကိုအကြိုက်ဆုံးလဲ။

မေမေချက်တဲ့ဟင်းကတော့ အကုန်ကြိုက်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ နောက်တစ်ခါ ချက်မကျွေးမှာစိုးလို့။ (ရယ်လျက်)

♦   နိုင်ငံတကာက အစားအသောက်တွေမှာဆိုရင် ဘယ်နိုင်ငံက ဘယ်အစားအသောက်ကို စားဖြစ်တာများလဲ။

ညီမက မြန်မာနိုင်ငံက အစားသောက်ကလွဲပြီးတော့ ကျန်တဲ့အစားသောက်ကို မကြိုက်ဘူး။ ဒီတော့ ညီမနိုင်ငံခြားတွေသွားရင်တော့ ဒုက္ခရောက်တယ်။ ဒီတော့ နိုင်ငံခြားတွေသွားဖြစ်ရင်တော့ လက်ဖက်ဘူး အမြဲထည့်သွားလေ့ရှိတယ်။

♦   နိုင်ငံခြားကိုရောက်နေတဲ့အချိန်မှာ ကိုယ့်နိုင်ငံက ဘယ်အစာအစားကို လွမ်းဆွတ်တမ်းတမိပါသလဲ။

အဲဒီလိုမျိုးဆိုရင်တော့ ထမင်းကိုအလွမ်းဆုံးပဲ။ တချို့နိုင်ငံတွေမှာ ထမင်းမရတာတွေ ရှိတယ်လေ။

♦   Miss Universe ပြိုင်ပွဲသွားတုန်းကရော အစားအသောက်နဲ့ပတ်သက်ပြီး ဘယ်လို အခက်အခဲတွေရှိခဲ့လဲ။

အရမ်းခက်ခဲခဲ့ပါတယ်။ ညီမသွားပြိုင်ရတဲ့နိုင်ငံက အနောက်နိုင်ငံဖြစ်တဲ့အတွက် အာရှအစားစာ တစ်ခုမှမရှိဘူး။ သူတို့ဆီမှာ အအီအဆိမ့်နဲ့ ဂျုံနဲ့ပတ်သက်တာမျိုးတွေပဲ ရှိတယ်။ ညီမကလည်း အဲဒီလို အစားစာတွေကို လုံးဝမကြိုက်ဘူး။ ဒီတော့ သူတို့ကျွေးတာဆိုရင် မစားတာများတယ်။ ညီမက မနက်စာ ပေါင်မုန့်မီးကင်နဲ့ ထောပတ်သုတ်၊ ကော်ဖီ၊ အသီးအနှံတွေပဲ စားတယ်။ ငှက်ပျောသီးဆိုရင်လည်း အိပ်ထဲအမြဲတမ်းထည့်ပြီးတော့ စားတယ်။ အဲဒီလိုပဲ ဖြတ်သန်းခဲ့ရတယ်။ အဲဒီတုန်းက ညီမအရမ်းပိန်ကျ သွားခဲ့တယ်။

♦   ဘဝမှာ အမှတ်တရဖြစ်မယ့် အစားအစာရှိလား။ ဥပမာ အဲဒီအစားအစာကို စားလိုက်ရင် တစ်နေရာရာ၊ တစ်ယောက်ယောက် စသဖြင့် အမှတ်တရဖြစ်မယ့်အစားအစာမျိုးပေါ့။

အဲဒီလိုမျိုးတော့မရှိပါဘူး။

♦   ညီမစားဖူးသမျှထဲမှာ ဈေးကြီးပြီး မတန်ဘူးထင်တဲ့ အစားအသောက်တွေရှိလား။

ဟုတ်ရှိပါတယ်။ တစ်ခေါက် ဆိုင်တစ်ဆိုင် အသစ်လေးဖွင့်လို့ သွားစားမိပါတယ်။ ကြက်သားတာကီပါ။ အခြားဆိုင်တွေမှာလည်း ရပါတယ်။ ဒါပေမဲ့ ဆိုင်သစ်လေးဆိုတော့ စားကောင်းမလားဆိုပြီး ဝင်စားမိတာ။ ဈေးလည်းအရမ်းကြီးတယ်။ စားလို့လည်း မကောင်းဘူး။

♦   ဒါဆို ဈေးပေါပေါနဲ့ တန်တယ်ထင်တာမျိုးရော။

ညီမက အဲဒီလိုဆိုင်ကြီးတွေမှာ စားရတာထက် လမ်းဘေးဆိုင်လေးတွေမှာ စားရတာကို ပိုကြိုက်တယ်။ ဒီတော့ အဲဒီလိုဆိုင်မျိုးလေးတွေကတော့ ဈေးပေါပေါနဲ့ တန်တဲ့အထဲမှာ ပါမယ်ထင်တယ်။

♦   စားသောက်ဆိုင်နဲ့ အိမ်မှာဆိုရင် ဘယ်မှာပိုပြီးတော့ စားချင်လဲ။

ညီမကအိမ်မှာစားရတာကို ပိုကြိုက်ပါတယ်။

♦   သျှားထွဋ်အကြိုက်ဆုံး အသီးအနှံ၊ အရွက်၊ အသား၊ ငါးတွေကို ပြောပြပေးပါဦး။ ဖျော်ရည် တွေထဲမှာဆိုရင်ရော။

အသီးအနှံဆိုရင် ဒူးရင်းသီးကြိုက်တယ်။ အသီးအရွက်က အကုန်ကြိုက်တယ်။ အသားငါးကတော့ အမဲသားတစ်ခုပဲမစားတာ၊ ကျန်တာအကုန်စားပါတယ်။ ဖျော်ရည်ဆိုရင်တော့ သံပရာရည်တို့၊ ရှောက်ချိုတို့ ကြိုက်ပါတယ်။

♦   အစားအသောက်တစ်ခုခုကို စားနေတုန်း အဲဒီထဲမှာ ရွံစရာတွေ ဘာတွေရော တွေ့ဖူးလား။ အစားအသောက်စားနေရင်း သူငယ်ချင်းတွေက ဘေးနားက ရွံစရာပြောရင်ရော ရွံတတ်လား။

ကံကောင်းလို့များလားတော့မသိဘူး။ အဲဒီလိုမျိုး အစားအသောက်ထဲမှာ ရွံစရာ မတွေ့ဘူးပါဘူး။ သူငယ်ချင်းတွေစရင်တော့ ညီမက မရွံတတ်ပါဘူး။ ကိုယ်စားစရာရှိတာ စားတာပဲ။ တစ်ခါတလေကျရင် ညီမကတောင် ပြန်နောက်လိုက်သေးတယ်။

♦   အစားအသောက်က နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှုကိုဖော်ဆောင်နိုင်တယ်လို့ ထင်မြင်မိပါသလား။

ထင်ပါတယ်။ ညီမတို့မြန်မာနိုင်ငံက အစားအသောက်ဆိုရင် ဥပမာ မုန့်ဟင်းခါးတို့၊ သရက်သီးသနပ်တို့၊ လက်ဖက်တို့ဆိုရင် သူများနိုင်ငံတွေမှာ လုံးဝမရဘူး။ သူတို့ကလည်း အရမ်းကြိုက်တယ်။ ညီမ နိုင်ငံခြားသွားတိုင်းလည်း ဟိုကသူငယ်ချင်းတွေရဲ့ အသိတွေက အဲ့ဒါတွေကို အရမ်းမှာကြတယ်။

♦   အခုလုပ်ပြတဲ့ သခွားသီးသုပ်ကို လိုက်လုပ်စားမယ့် ပရိသတ်အတွက် အမှတ်တရ စကားလက်ဆောင်လေးကို ပြောပြပေးပါဦး။

လိုက်လုပ်စားကြည့်ပါ။ အချိန်အဆမှန်မှန်လေးလည်း လုပ်စားကြပါလို့။ အချိန်အဆ နည်းနည်းမှားရင်တော့ ဟိုဖြည့်ဒီဖြည့်နဲ့ များသွားပါလိမ့်မယ်။ ပြီးတော့ လုပ်စားရတာလည်း လွယ်ကူပါတယ်။ အခုက ရခိုင်ပုံစံလေးနဲ့ သုပ်ထားတာပါ။ မြန်မာပုံစံ ဆီချက်၊ ငါးတို့နဲ့လည်း သုပ်စားလို့ရပါတယ်လို့။ လူကြိုက်လည်းများကြမှာပါ။ သခွားသီးဆိုတော့ အသားရည်လည်း လှမယ်ထင်ပါတယ်။ အရမ်းလည်း စားလို့ကောင်းပါတယ်။ လူနဲ့လည်း တည့်ပါလိမ့်မယ်လို့ ပြောချင်ပါတယ်။

——————————–

အာဂမေးမြန်းရေးသားသည်။

——————————–

Facebook Comments