စိတ်ထဲမှာ တစ်ခုခုဝမ်းနည်းပြီဆိုရင် မနက်စာ၊ နေ့လယ်စာ၊ ညစာ ဘာကိုမှမစားဖြစ်တော့ပါဘူးဆိုတဲ့ ဆုမွန်

by အာဂ for Food Magazine

အချက်အပြုတ်ကို ဘယ်အရွယ်ကတည်းက စပြီးတော့ ဝါသနာပါခဲ့သလဲ။

          အချက်အပြုတ်ကို ၈ တန်း၊ ၉ တန်းနှစ်လောက်မှာ ရန်ကုန်ပြောင်းလာပြီး မေမေတို့နဲ့မနေရတော့ ဘွားဘွားက သင်ပေးရင်းနဲ့ စပြီး ဝါသနာပါသွားတာပါ။

အခု ဆူရှီလေးကို ပရိသတ်ကို ချက်ပြဖို့ စီစဉ်ဖြစ်သွားပုံလေးလည်း ပြောပြပေးပါဦး။

          ပုံမှန်ဆိုရင် ညီမက နယ်က ဟင်းတွေပဲ ချက်ဖြစ်တာ များပါတယ်။ နယ်က ဟင်းတွေက ထမင်းစားလို့လည်း မြိန်တယ်။ ဒါပေမဲ့ တစ်ခါတလေကျတော့ သူငယ်ချင်းတွေနဲ့ ပေါ့ပေါ့ပါးပါး လုပ်စားဖြစ်ရင် အဲဒါလေးလုပ်စားဖြစ်တယ်။ လုပ်ရတာလည်း မခက်ဘူး။ မိသားစုဝင်တွေကို လုပ်ကျွေးတဲ့အခါမှာ ထူးထူးဆန်းဆန်းလေးလည်းဖြစ်တယ်။ အများစုလည်း သိပ်မလုပ်စားဖြစ်တော့ အဲဒီဆူရှီလေးကိုလုပ်ဖို့ ရွေးဖြစ်သွားတာပါ။

ဘဝမှာ ပထမဆုံး စချက်ဖြစ်တဲ့ ဟင်းပွဲလေးကို မှတ်မိသေးရင် ပြောပြပေးပါဦး။ အရသာကရော ဘယ်လိုရှိသလဲ။

          ပထမဆုံးလုပ်ဖြစ်တာဆိုရင် ငါးဆုပ်ဟင်းပါ။ ကိုယ့်ကိုယ်ကိုယ် အရမ်းချက်တတ်တယ် ထင်ထားပြီးတော့ ချက်လိုက်တာ။ အရသာမကောင်းဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ငါးဆုပ်ထောင်းလို့ရှိရင် ငါးဆုပ်ထဲကို ချင်း၊ ကြက်သွန်ဖြူ၊ အရသာ၊ ဆားတို့ထည့်ရတယ်လေ။ အဲဒါကိုမသိဘဲ ဒီအတိုင်း ချက်လိုက်တာ။ အရသာလိုနေလို့ လူကြီးတွေကို ပြန်မေးလိုက်မှ ဘာမှမထည့်မိမှန်း သိသွားတယ်။

ဆုမွန်ချက်တဲ့ ဟင်းတွေထဲမှာ လူကြိုက်အများဆုံး ဟင်းပွဲကရော ဘာဟင်းပွဲဖြစ်မလဲ။

          ညီမချက်တဲ့ဟင်းထဲမှာ လူကြိုက်အများဆုံးဆိုရင်တော့ ပုစွန်နဲ့ ငရုတ်သီးစိမ်း၊ ငါးနဲ့ ငရုတ်သီးစိမ်း၊ ကြက်သားနဲ့ ငရုတ်သီးစိမ်းတို့ကို လူကြိုက်များပါတယ်။ များသောအားဖြင့် လူတိုင်းက ရခိုင်ဟင်းလို့ ထင်ကြတယ်။ ဒါပေမဲ့ ဆုမွန်ချက်တဲ့အထဲမှာ လုံးဝငါးပိမပါပါဘူး။ငရုတ်သီးစိမ်းနဲ့ အသားနဲ့ပဲ ချက်တာပါ။ ငရုတ်သီးအခြောက် မသုံးတာကြောင့် မှိုပါမှာတို့၊ ကျန်းမာရေးတို့အတွက်လည်း စိတ်မပူရပါဘူး။

အဲဒီလို ကိုယ်ချက်တဲ့ ဟင်းလေးစားပြီး ပထမဆုံး ချီးမွမ်းခံရတုန်းက ခံစားချက်ကရော။ အချက်အပြုတ်ကို ဘယ်သူတွေဆီက သင်ယူဖူးလဲ။

          ပျော်တာပေါ့။ အရမ်းကို ပျော်တာပေါ့။ သူငယ်ချင်းတွေကိုလည်း ခဏခဏ ချက်ကျွေးဖြစ်တယ်။ အဲဒီလို သူတို့ကြိုက်တဲ့ ဟင်းတွေချက်ပြီဆိုရင် ဆုမွန် ထမင်းချိုင့်ကို တစ်ယောက်စာ ထည့်မလာဘူး။ ၄ ယောက်စာလောက် ထည့်လာတယ်။ အချက်အပြုတ်ကတော့ ချက်ပြုတ်နိုင်တဲ့အရွယ်မှာ အဘွားနဲ့ပဲ နေဖြစ်တာဆိုတော့ အဘွားနဲ့ အဒေါ်တွေဆီက သင်ဖြစ်တာများပါတယ်။ ထမင်းချက်တာကတော့ အမေ့ဆီက သင်ဖြစ်တာပါ။

ငယ်ငယ်ကကြိုက်ပြီး  အသက်ကြီးမှ မကြိုက်တာဆိုရင်ရော။ ငယ်ငယ်တုန်းက မကြိုက်ဘဲ အသက်ကြီးမှ ကြိုက်တာဆိုရင်ရော။

          ငယ်ငယ်ကကြိုက်ပြီး အသက်ကြီးမှ မကြိုက်တာဆိုရင်တော့ ဝက်သားပါ။ ငယ်ငယ်က မကြိုက်ဘဲ အသက်ကြီးမှ ကြိုက်တာဆိုရင် ရှမ်းအစားအစာတွေပါ။ ရန်ကုန်ရောက်ခါစ ရှမ်းစာတွေကို လုံးဝစားလို့မရဘူး။ ဘယ်လိုကြီးမှန်းလည်း မသိဘူး။ ဒါပေမဲ့ အခုကျတော့ အရမ်းကြိုက်တယ်။

အစားအသောက်နဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်လေးတွေရှိရင် ပြောပြပေးပါဦး။ ဥပမာ-တချို့သကြားလုံးမျိုမိတာတို့၊ ကျောင်းမှာ မုန့်ခိုးစားလို့ အရိုက်ခံရတာတို့၊ ဟင်းခိုး စားတာတို့ပေါ့။

          အဲဒီလိုအစားအသောက်နဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်ဆိုရင်တော့ ငယ်ငယ်တုန်းက ဖေဖေက ဒိန်ချဉ်သောက်ဖို့ သကြားဆိုပြီး ထည့်လိုက်တာ အချိုမှုန့်တွေ ဖြစ်နေလို့ မသောက်တော့ဘဲ ကစားလိုက်ရတာ အရမ်းပျော်တယ်။ အဲဒါကတော့ အမှတ်တရပါပဲ။

မနက်စာကို ဘယ်အချိန်လောက် စားဖြစ်လဲ။ ဘာဟင်းတွေနဲ့ စားဖြစ်တာများလဲ။ နေ့လယ်စာနဲ့ ညစာကိုရော။ ညစာစားပြီးရင်ရော အချိုတည်းလား။

          ဆုမွန်က Healthy Lifestyle မှာ နေတာပါ။ ဘာဖြစ်လို့လည်းဆိုတော့ မင်္ဂလာပါ အစီအစဉ်က မနက် ၈ နာရီမှာ တိုက်ရိုက်လွှင့်တာဆိုတော့ ဆုမွန်က မဖြစ်မနေ မနက် ၅း၄၅ နဲ့ ၆ နာရီကြား အိပ်ရာထရတယ်။ ဒီတော့ မနက်စာကို ၇ နာရီလောက်မှာ စားဖြစ်တယ်။ ပညာရှင်တွေပြောထားတာကလည်း မနက်စာကို ၆ နာရီကနေ ၈ နာရီကြား စားရမယ်လို့ ပြောထားတာဆိုတော့ ဆုမွန်စားသောက်တာက ကျန်းမာရေးနဲ့လည်း ညီပါတယ်။ နေ့လယ်စာကတော့ အစီအစဉ်တင်ဆက်သူဖြစ်နေပေမယ့် ရုံးတက်နေရတာဆိုတော့ ရုံးက ဝန်ထမ်းတွေ ထမင်းစားတဲ့အချိန် ကွက်တိလောက် စားဖြစ်ပါတယ်။ ညစာကိုတော့ ဆုမွန်က အဆင်ပြေသလို စားတာပါ။

ညစာကိုရော အိမ်မှာ မိသားစုနဲ့စားဖြစ်လား။ ဒါမှမဟုတ် အပြင်မှာ စားဖြစ်လား။ ညစာ စားပြီးရင်ရော အချိုတည်းလား။

          ညစာက အပြင်မှာ စားဖြစ်တာများပါတယ်။ ပုံမှန် ဆုမွန်က အိမ်မှာချက်စားဖြစ်တာဆိုလို့။ တနင်္ဂနွေလောက်ပဲ ချက်စားဖြစ်တယ်။ ဆုမွန်က လုံးဝအချိုမစားဘူး။ အချိုတွေလည်း မကြိုက်တော့ ညစာစားပြီးရင် အချိုမတည်းတတ်ပါဘူး။

စားဖူးသမျှ အစားအစာတွေထဲမှာ တစ်သက်မမေ့လောက်အောင်ဖြစ်တဲ့ အစားအသောက်မျိုးရောရှိလား။

          အဲဒီလိုမျိုးမေ့လို့မရတဲ့အစားအသောက်ဆိုရင် ဆုမွန်က ဟင်းချက်ရတာ ဝါသနာပါပေမယ့် တအားကြီး စွဲစွဲလမ်းလမ်းမရှိဘူး။ ဒါပေမဲ့ ဆုမွန် အမြဲတမ်းကြိုက်ပြီးတော့ တစ်ချိန်လုံး စားချင်နေတာကတော့ Hot Pot ပါပဲ။

ထူးထူးဆန်းဆန်း အစားအသောက်တွေရော စားဖူးလား။

          ထူးထူးဆန်းဆန်း အစားအသောက်ဆိုရင်တော့ ငယ်ငယ်တုန်းက သင်ပေါင်းပိုး စားဖြစ်တယ်။ နောက်ပြီးတော့ ညီမတို့ ဧရာဝတီတိုင်း  ပြင်ခရိုင်ဘက်မှာဆိုရင် ဖောင်စီးကဏန်းတို့ ဘာတို့စားတယ်။ တချို့ဆိုရင် မြွေတွေ ဘာတွေ ချက်ကျွေးတယ်။ ဒါပေမဲ့ မစားရဲဘူး။ ဖောင်စီးကဏန်းဆိုတာ လက်တစ်ဆစ်လောက် သေးသေးလေးတွေ။ အဲဒါတွေကို လှော်ပြီးတော့ စားဖူးတယ်။

အားလပ်ရက်တွေမှာ တစ်ခုခုလုပ်စားလေ့ရှိလား။

          အားလပ်ရက်တွေမှာတော့ ဆုမွန်က များသောအားဖြင့် ထမင်းဟင်းကို ချက်စားရတာ ကြိုက်တယ်။ အရသာရှိရှိပေါ့နော်။ ညီမတို့ စောစောက ဧရာဝတီတိုင်း  ပြင်ခရိုင်ဘက်က ဒေသဟင်းတွေကို ချက်စားရတာ ကြိုက်တယ်။ ချက်လည်း ချက်စားဖြစ်တယ်။

ရှုတင်တွေ ဘာတွေသွားရင်ရော ထမင်းချိုင့်ယူသွားလေ့ရှိလား။

          မယူသွားပါဘူး။ ဆုမွန်တို့က ရုံးနဲ့လုပ်တာဆိုတော့ ကံကောင်းတာက ရုံးမှာ ပင်တိုင် ထမင်း မှာစားလို့ရတဲ့ အဒေါ်ကြီးတွေရှိတယ်။ သူတို့တစ်တွေက ကိုယ်တွေကိုချစ်တဲ့အခါကျတော့ စားချင်တာတွေကို လုပ်ပေးရှာပါတယ်။

ကိုယ်မစားဖူးတဲ့ အစားအသောက်တွေကို မြည်းစမ်းချင်စိတ်ရှိလား။

           အဲဒီတစ်ခုတော့ ဆုမွန်အားနည်းတယ်။ ကိုယ်မစားဘူးတာဆိုရင် မမြည်းချင်ဘူး။ ဒါပေမဲ့ မြည်းလိုက်ရင်လည်း ကြိုက်သွားတာ များပါတယ်။ ဆုမွန်က စပ်တဲ့ဘက်တို့၊ ချဉ်တဲ့ဘက်ဆိုရင် ပိုကြိုက်တယ်။

တချို့က စိတ်ညစ်တာတို့၊ ပျော်တာတို့၊ ဝမ်းနည်းတာတို့ဖြစ်ရင် အစားအများကြီး စားဖြစ်တာရှိတယ်။ ညီမကရော…

          ညီမကတော့ စိတ်ထဲမှာ တစ်ခုခု ဝမ်းနည်းပြီဆိုရင် မနက်စာ၊ နေ့လယ်၊ ညစာ ဘာမှကို မစားဖြစ်တော့ပါဘူး။

ဆုမွန်ရဲ့  အစားအသောက်နဲ့ ကျန်းမာရေးအပေါ် အမြင်လေးကို ပြောပြပေးပါဦး။

          အစားအသောက်နဲ့ ကျန်းမာရေးက လုံးဝတိုက်ရိုက်အချိုးကျတယ်လို့ ထင်တယ်။ ခန္ဓာကိုယ်ထဲကို နေ့စဉ်စက်ကြီးတစ်လုံး လည်ပတ်နိုင်ဖို့ဆိုရင် ဆီဖြည့်ရသလိုပဲ။ ဒီလို မဖြစ်မနေစားရတဲ့ အစားအသောက်မှာ မကောင်းတာတွေချည်းပဲ ပါနေမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် အဆိပ်ခတ်ပြီး သတ်နေသလို ဖြစ်နေမယ်။ ဒီတော့အစားအစာကို အာဟာရရှိတာစားဖို့လည်း လိုမယ်။ အဆီအဆိမ့်တွေ၊ အစပ်များတာတွေ မစားဖို့ လိုပါတယ်။ဘေးဖြစ်မယ့် အချိုမှုန့်တို့ မသုံးဖို့ လိုပါတယ်။ အချိုကိုလည်း တတ်နိုင်သမျှ လျှော့စားဖို့ လိုပါတယ်။ နောက်တစ်ခုက ရေများများသောက်ဖို့ လိုပါတယ်။ အစားအသောက်နဲ့ခန္ဓာ ကိုယ်ကို ထိန်းသိမ်းတာကတော့ မေမေ၊ ဖေဖေတို့နဲ့ အဝေးကြီးမှာနေတော့ မသိမသာ ထိန်းသိမ်းသလို ဖြစ်နေတယ်။ မိဘအိမ်မှာလို ဖွယ်ဖွယ်ရာရာချက်ပြုတ်ကျွေးမယ့်သူကလည်း မရှိတော့လေ။ အပြင်က အစာဆိုရင်လည်း အရမ်းမစားတော့ပါဘူး။ ဗိုက်ပြည့်ရုံ လောက်ပဲ စားဖြစ်တာပါ။ ဟော့ပေါ့၊ မာလာရှမ်းကောတို့ဆိုရင်တော့ အများကြီးစားဖြစ်တယ်။

အိမ်က မိဘတွေချက်တဲ့ ဟင်းတွေထဲမှာ ဘယ်ဟင်းကို အကြိုက်ဆုံးလဲ။

          အိမ်မှာကျတော့ မေမေချက်တဲ့ ငါးနဲ့ ငရုတ်သီးစိမ်း၊ ကြက်သားနဲ့ ငရုတ်သီးစိမ်း၊ ပုစွန်နဲ့ ငရုတ်သီးစိမ်းတို့ကို အကြိုက်ဆုံးပါပဲ။ ကိုယ်ချက်တာလည်း ကိုယ်ကြိုက်တယ်။ ဒါပေမဲ့ မေမေချက်တာကိုတော့ လုံးဝလက်ရာမမီပါဘူး။ မေမေချက်တာကို ပိုကြိုက်တယ်။

နိုင်ငံတကာအစားအသောက်မှာ ဘယ်အစားအသောက်ကို ကြိုက်လဲ။

          နိုင်ငံတကာအစားအသောက်တွေကျတော့ Beef Steak လိုမျိုး အစားအသောက်တွေကို ကြိုက်တယ်။

နိုင်ငံခြားကိုရောက်နေတဲ့အချိန်မှာ ကိုယ့်နိုင်ငံက ဘယ်အစာအစားကို  လွမ်းဆွတ်တမ်းတမိပါသလဲ။

          အဲဒါဆိုရင်တော့ ငါးပိကြော်၊ သရက်သီးသနပ်တို့ကို လွမ်းမိတယ်။ လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက်က ရုံးက ရိုက်ကူးရေးကိစ္စနဲ့ ဖိလစ်ပိုင်နိုင်ငံကို လွှတ်တဲ့အခါကျတော့ အဲဒီမှာ ဒီကယူသွားတဲ့ သရက်သီးသနပ်ကို Lotteria ကြက်ကြော်ဆိုင်ကို ယူသွားတယ်။ ထမင်းတစ်ပွဲမှာပြီး ကြက်ကြော်နဲ့ သရက်သီးသနပ်နဲ့ ထိုင်စားဖြစ်တယ်။

ဘဝမှာ အမှတ်တရဖြစ်မယ့် အစားအစာရှိလား။ ဥပမာ- အစားအစာတစ်ခုခုကို စားလိုက်ရင် တစ်ချိန်ချိန်၊ တစ်နေရာရာ၊ တစ်ယောက်ယောက်ကို သွားပြီးသတိရတာမျိုးပေါ့။

          အဲဒါမျိုးဆိုရင်တော့ ပြောရမယ်ဆိုရင် ငယ်ငယ်က ကျောင်းတက်တုန်းက စားခဲ့တဲ့ အသုပ်အရသာကို အခုအချိန်အထိ ဘယ်အသုပ်မှ မမီသေးဘူး။ နယ်မှာ ကျောင်းတက်တုန်းက ရောင်းတဲ့ အန်တီကြီးရဲ့အသုပ်က အရမ်းစားကောင်းတယ်။ ငယ်ငယ်ကမို့ ကြိုက်တာလားတော့ မသိဘူး။ ဒါပေမဲ့ အဲဒီလိုအသုပ်များ ပြန်စားရမယ်ဆိုရင်တော့ ကျောင်းတက်တုန်းက ဘဝကို ပြန်သတိရမိမှာပါ။

ဆုမွန်စားဖူးသမျှထဲမှာ ဈေးကြီးပြီး မတန်ဘူးဆိုတာမျိုးရော ကြုံဖူးလား။ ဈေးပေါပြီး တန်တယ်လို့ ထင်တာမျိုးဆိုရင်ရော။

          ကြုံဖူးတယ်။ တချို့စားသောက်ဆိုင်တွေမှာဆိုရင် အရမ်းဈေးကြီးပြီးတော့ စားလိုက်ရရင် နည်းနည်းလေးပဲ စားလိုက်ရတယ်။ ဈေးပေါပြီး တန်တယ်ထင်တာမျိုးတော့ ရှိတယ်။ အဲဒီဆိုင်က ကျန်းမာရေးနဲ့လည်း ညီညွတ်တယ်။ ၁၉ လမ်းနားက လှေကားလေးမှာရောင်းတဲ့ နွားနို့၊ ပေါင်မုန့်နဲ့ ကြက်ဥယိုနဲ့ သုပ်တာတို့၊ သူတို့ကိုယ်တိုင်လုပ်တဲ့ ကွေကာအုပ်တို့ အရမ်း စားကောင်းတယ်။ တစ်ပွဲမှာမှ ၅၀ဝ၊ ၆၀ဝ ပဲ ရှိတယ်။

အကြိုက်ဆုံး အသီးအနှံ၊ အရွက်၊ အသားငါးတွေကို ပြောပြပေးပါဦး။

          အကြိုက်ဆုံးအသီးအနှံဆိုရင် ဒူးရင်းသီး၊ အသီးအရွက်ထဲမှာဆိုရင် ကန်စွန်းရွက်နဲ့ ဂေါ်ရခါးညွန့်တို့ကို ကြိုက်တယ်။ အသားငါးဆိုရင်တော့ ငါးပါပဲ။

ညီမနဲ့မတည့်တဲ့ အစားအသောက်တွေရော ရှိလား။ မကြိုက်တဲ့အစားအစာရော။

          မတည့်တာတော့ မရှိပါဘူး။ မကြိုက်တာမျိုးဆိုရင်တော့ အရသာ အရမ်းကြီး ပေါ့ရွှတ်ရွှတ်ဖြစ်နေတာမျိုးဆိုရင် မကြိုက်ဘူး။

အစားအသောက်တစ်ခုခုကို စားနေတုန်း အဲဒီထဲမှာ ရွံစရာတွေဘာတွေရော တွေ့ဖူးလား။ အစားအသောက်စားနေရင်း သူငယ်ချင်းတွေက ဘေးနားက ရွံစရာပြောရင်ရော ရွံတတ်လား။

          တွေ့ဖူးတယ်။ တချို့ဆိုရင် အန်ချင်တယ်တို့ ဘာတို့ ဖြစ်တယ်။ ဒါပေမဲ့ ဆုမွန်က အဲဒီလိုမျိုးတော့ မဖြစ်ပါဘူး။ သူငယ်ချင်းတွေ စနောက်နေရင် စိတ်ကတော့ ရွံတယ်။ ဒါပေမဲ့ ဆုမွန် ခွဲထားတယ်။ စားစရာရှိတာ ဆက်စားတယ်။ တစ်ခုပဲရှိတယ်။ ကိုယ့်ဇွန်းနဲ့ သူများက အရည်တွေ ခပ်ပြီး စားလိုက်ပြီး ကိုယ့်ပန်းကန်ထဲ ပြန်ထည့်ရင်တော့ အရမ်းရွံတယ်။

အစားအသောက်က နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှုကို ဖော်ဆောင်နိုင်တယ်လို့ ထင်မြင်မိပါသလား။

          ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တော်တော်များများလည်း ပြောပြီးမလား မသိဘူး။ ဥပမာ- ကိုရီးယားကားတွေမှာဆိုရင် ကင်မ်ချီတွေ၊ အသားကင်တွေ စားပြတယ်။ ဒီတော့ ကိုယ်တွေကလည်း လိုက်စားဖြစ်တယ်။ အခုမြန်မာတွေလည်း လိုက်လုပ်လာပါပြီ။ လွန်ခဲ့တဲ့ ၃ လလောက်က ပုဂံမှာ မြန်မာ့ရိုးရာအစားအစာပွဲတော်လုပ်သွားတဲ့အခါ နိုင်ငံခြားသားတွေလည်း စိတ်ဝင်စားတာကို တွေ့ရပါတယ်။ ကိုယ့်မြန်မာအစားအစာတွေကို ဒီလိုနိုင်ငံတကာသိအောင် နည်းလမ်းတစ်မျိုးမျိုးနဲ့ ပြပေးနိုင်မယ်ရင်တော့ ပိုကောင်းမယ်လို့ ထင်ပါတယ်။

Chic Cook အစီအစဉ်မှာ ပါဝင်တင်ဆက်ဖြစ်သွားပုံလေးကို ပြောပြပေးပါဦး။

          ဆုမွန်က ဒီ Chic Cook အစီအစဉ် မရိုက်ဖြစ်ခင်မှာ အခုပရိုဂျူဆာ မသီတာမိုမိုရဲ့ Make it Yummy အစီအစဉ်ရိုက်ဖြစ်တယ်။ အဲဒီအစီအစဉ်မှာလည်း ဆုမွန်က အဲဒီမှာ စနောက်ပြီး သူငယ်ချင်းတွေနဲ့ ပျော်ပျော်နေတတ်တယ်။ ပြီးတော့ ဆုမွန်က ဟင်းချက်တဲ့ အစီအစဉ်နဲ့လည်း သိပ်မစိမ်းတော့ Chic Cook အစီအစဉ်မှာ ထပ်ပြီးတော့ ပါဝင်မလားဆိုတာနဲ့ ဆုမွန်ကလည်း ဝမ်းပန်းတသာနဲ့ ရိုက်ဖြစ်သွားတာပါ။ ပထမ Make it Yummy အစီအစဉ်မှာကျတော့ လိုက်ပြီး အော်နေတာ၊ စနေတာတွေက ပျော်စေချင်လို့ပါ။ အခု Chic Cook အစီအစဉ်ကျတော့ ၂ ဖက်ပြိုင်တဲ့ အစီအစဉ်လည်းဖြစ်တယ်။ အိမ်ထောင်ရှင်မတွေပဲ ပြိုင်ရတာပါ။ Chic Cook အစီအစဉ်ရဲ့  ရည်ရွယ်ချက်က မြန်မာနိုင်ငံမှာ အိမ်ထောင်ရှင်မတွေက အိမ်မှာပဲနေပြီး မိသားစုတာဝန်ကို အမျိုးသမီးတစ်ယောက်တည်းက ထမ်းဆောင်နေရတော့  ပြင်ပလောကနဲ့ အဆက်အသွယ်ပြတ်တာမျိုး မဖြစ်ရအောင်ရယ်၊ အိမ်ထောင်ရှင်အမျိုးသမီးတွေက လှလည်း လှရမယ်၊ ကိုယ့်မိသားစုကိုလည်း အကောင်းဆုံး ထောက်ပံ့နိုင်ရမယ်၊ အိမ်ထောင်စုကိုလည်း အကောင်းဆုံးထိန်းသိမ်းနိုင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တင်ဆက်တဲ့ အစီအစဉ်မှာ ပါဝင်ခွင့်ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်။

အခုလုပ်ပြတဲ့ ထမင်းလိပ်လေးကို လိုက်ချက်စားကြည့်မယ့်ပရိသတ်အတွက် အမှတ်တရ စကားလက်ဆောင်လေးကို ပြောပြပေးပါဦး။

          အခုခေတ်က ရန်ကုန်မှာ မိသားစုငါးယောက်ရှိရင် အရွယ်ရောက်သူတိုင်း အလုပ်လုပ်ကြရတာဆိုတော့ တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်ဖို့လည်း မလွယ်ပါဘူး။ သူတို့ကိုတွေ့လို့ရှိရင်လည်း တစ်နေရာ တည်းမှာ ဝိုင်းဖွဲ့စားသောက်ကြမှ ဆုံကြတာလေ။ ဖုန်းတွေ ဘာတွေလည်း သုံးတာများတော့ အားလပ်ရက်မှာ မိသားစုနဲ့အတူတူ လုပ်စားဖို့ အစီအစဉ်ရှိရင်တော့ အခု ဆူရှီလေးကို လုပ်စားစေချင်ပါတယ်။ လွယ်လည်း လွယ်ကူတယ်။ မိသားစု စုစုရုံးရုံးနဲ့လည်း စားလို့ရတယ်။ ပြီးတော့ ကုန်ကျစရိတ်လည်း အရမ်းကြီးမများပါဘူး။ မိသားစုရဲ့ ချစ်ခြင်းမေတ္တာတွေလည်း ပိုပြီးတော့ ခိုင်မြဲလာမယ်လို့ ဆုမွန်ထင်မိပါတယ်။

ရေညှိထမင်းထုပ်နှင့် ချိစ်ကြက်ဥလိပ်ကြော်

ရေညှိထမင်းထုပ်အတွက်

ပါဝင်ပစ္စည်းများ

ရှမ်းဆန်  –  ၁ ခွက်

ကြက်သားပြား  –  ၁ ထုပ်

သခွားသီး  –  ၁ လုံး

ဆလတ်ရွက်  –  ၁ စည်း

ကြက်ဥ  –  ၅ လုံး

ဆား  –  အနည်းငယ်

ချယ်ရီခရမ်းချဉ်သီး  –  အနည်းငယ်

မရောနိစ်

ရေညှိရွက်

ချိစ်ကြက်ဥလိပ်ကြော်အတွက်

ပါဝင်ပစ္စည်းများ

ဆီ  –  အနည်းငယ်

ကြက်ဥ  –  ၅ လုံး

ဆား  –  အနည်းငယ်

ရေညှိရွက်  –  အနည်းငယ်

ချိစ်  –  ၃/၄ ပြား

ရေညှိထမင်းထုပ်ပြုလုပ်နည်း

၁။       ရှမ်းဆန်ကို ချက်ထားပြီး အအေးခံကာ ဆားအနည်းငယ်ဖြင့် နယ်ထားပါ။ သခွားသီးကို အလယ်အူတွေ ခြစ်ထုတ်ပြီး ပါးပါးလေးတွေ လှီးထားပါ။ ချယ်ရီခရမ်းသီးကိုလည်း ၄ ခြမ်း စိတ်ထားပါ။ ဆလတ်ရွက်ကို ရေစင်အောင် ဆေးပြီး ရေစိမ်ထားပါ။

၂။       ကြက်ဥကို မိမိလိုချင်သလို ကြော်ထားလို့ ရပါတယ်။ ကြက်သားပြား ကြော်ထားပါ။ ပလတ်စတစ်ဖလင်ကို ရေညှိတစ်ချပ်စာလောက် ဖြန့်ခင်းပါ။ အပေါ်ကနေ ရေညှိရွက်ရဲ့ အချောဘက်ကို အပြင်မှာထားပြီး တင်ပါ။ ထမင်းကိုလေးထောင့်ပုံစံလေးရအောင် တင်ပါ။ ပါးပါးလေးပဲ တင်ပေးပါ။ အပေါ်က ကြက်ဥကို အရင်တင်ပြီး သခွားသီး၊ ချယ်ရီခရမ်း ချဉ်သီး၊ ဆလတ်ရွက်တို့ကို မိမိကြိုက်နှစ်သက်သလိုတင်ပါ။ မရောနိစ် ဆမ်းပါ။ ကြက်သားပြားတင်ပြီး နောက်ဆုံးမှ ထမင်းပြန်တင်ပါ။ ရေညှိရွက်ကို ပြန်ခေါက်ပေးပါ။ အပေါ်ကနေ ပလတ်စတစ်ဖလင်ကို ပြန်ဖုံးပေးပြီး အလယ်ကနေ ထက်ခြမ်းဖြစ်ဖြစ်၊ တြိဂံပုံဖြစ်ဖြစ် ဓားနဲ့လှီးပြီး အလှဆင်နိုင်ပါပြီ။ စားမယ်ဆိုရင်တော့ ပလတ်စတစ်လေး ခွာပြီး စားပါနော်။

ချိစ်ကြက်ဥလိပ်ကြော် ပြုလုပ်နည်း

          ကြက်ဥကို ဆားအနည်းငယ်ထည့်ပြီး ခေါက်ထားပါ။ အိုးကို မီးအပူပေးပြီး ကြက်ဥကို အပြားလိုက်လေး ထည့်ကြော်ပါ။ ရေညှိပြားထည့်ပါ။ အပေါ်က ချိစ်ပြားတင်ပေးပြီး လိပ်ပေးပါ။ ချိစ်ကြိုက်နှစ်သက် တယ်ဆိုရင်တော့ တစ်ပြားလောက် ထည့်ပေးပါ။ နှစ်ပြားလောက်ထည့်ရင်တော့ အီစေပါတယ်။

Facebook Comments