စိတ်ညစ်လာရင် ဟင်းချက်တာနဲ့ အချိန်ဖြုန်းတယ်ဆိုတဲ့ နှင်းဝတ်ရည်ဦး

စိတ်ညစ်လာရင် ဟင်းချက်တာနဲ့ အချိန်ဖြုန်းတယ်ဆိုတဲ့ နှင်းဝတ်ရည်ဦး

 အချက်အပြုတ်ကို ဘယ်အရွယ်လောက်ကတည်းက စပြီးတော့ဝါသနာပါခဲ့ပါသလဲ။

          အချက်အပြုတ်ကို ငယ်ငယ် ၄ နှစ်၊ ၅ နှစ် လောက်က အိမ်ကလူကြီးတွေချက်တာကိုကြည့်ပြီး လိုက်လုပ်ကြည့်တယ်။ အဲဒီတုန်းကတည်း ဝါသနာပါနေတာကို အသက်ကြီးတော့မှ ကိုယ့်ကိုယ့်ကိုယ် ဝါသနာပါလို့ ပါမှန်းသိလာခဲ့တယ်။

အခု အုန်းထမင်းနဲ့ ဆိတ်သားဟင်းလေးကို ပရိသတ် ကိုချက်ပြဖို့ စီစဉ်ဖြစ်သွားပုံလေးကိုလည်းပြောပြ ပေးပါဦး။

          ဒီဟင်းလေးက လုပ်ပြဖြစ်တာက ဝတ်ရည်အကြိုက်ဆုံးအစားစာထဲမှာပါတယ်။ ပြီးတော့ မြန်မာ လူမျိုးတွေကလည်း အုန်းထမင်းကို ပိုပြီးတော့ နှစ် သက်ကြတယ်လို့ထင်တယ်။အုန်းသီးဆိုတာကလည်း ၁၂ လရာသီလုံးရနေတာမျိုးဖြစ်တာရယ်၊ အလွယ်တကူချက်ပြီး စားလို့ကောင်းတဲ့ ဟင်းလျာတစ်မျိုး  ဖြစ်တာကြောင့် ပရိသတ်တွေမေ့နေတယ်ဆိုရင် ပြန်ပြီးတော့ ချက်လို့ရအောင်လို့ ဝတ်ရည်ကပြန်ပြီး လမ်းစလေးဖော်ပေးတာပါ။

ဘဝမှာ ပထမဆုံးစချက်ဖြစ်တဲ့ ဟင်းပွဲလေးကို မှတ်မိသေးရင် ပြောပြပေးပါဦး။ အရသာကရော ဘယ်လိုရှိသလဲ။

          ပထမဆုံးလုပ်ဖြစ်တဲ့ ဟင်းပွဲလေးက အာလူးကတ်တလိပ်ကြော်ပါ။ ငယ်ငယ် ၅ နှစ်၊ ၆ နှစ်လောက် ကတည်းက ဘာမှမသိခင် အာလူးတွေကို ပြုတ်ပြီးတော့ ငရုတ်ဆုံထဲမှာ ထည့်ထောင်းလုံးပြီးကြော်ရင်ရမယ် ထင်ပြီး ကြော်မိတာကတော့ ပထမဆုံး ဟင်းပွဲဖြစ်မယ် ထင်တယ်။  အရသာကတော့ စားလို့မကောင်းပါဘူး။ ငယ်သေးတာလည်းဖြစ်တော့ အစပ်အဟပ်လည်း မထည့်တတ်ဘူးလေ။  နောက်တစ်ခါချက်ရင်တော့ စားလို့ကောင်းအောင်ချက်မယ်ဆိုတဲ့ စိတ်လေးတော့ ဝင်မိတယ်။

ဝတ်ရည်ချက်တဲ့ဟင်းတွေထဲမှာ လူကြိုက်အများဆုံး ဟင်းပွဲကရော ဘာဟင်းပွဲဖြစ်မလဲ။

           လူကြိုက်အများဆုံးဆိုရင်တော့ ညီမချက်တဲ့ဟင်းတွေဆိုရင် ညီမသူငယ်ချင်းတွေ ကတော့ ဟင်းတိုင်းကို စားလို့ကောင်းတယ်လို့ပြောကြတယ်။ အဲဒီထဲကမှ ကဏန်းဟင်းကို လူကြိုက်များကြတယ်။ နောက်ဝတ်ရည်ဆီသတ်ပြီးချက်တဲ့ ဟင်းတွေဆိုရင် လူတော် တော်များများက ကြိုက်ကြပါတယ်။

ဝတ်ရည်ချက်တဲ့ဟင်းကိုစားပြီး ပထမဆုံး ချီးမွမ်းခံရတုန်းက ခံစားချက်ကရော။ အချက် အပြုတ်ကို ဘယ်သူတွေဆီက သင်ယူဖူးလဲ။

           ကိုယ်ချက်တဲ့ ဟင်းကိုစားပြီးတော့ ကောင်းတယ်လို့ပြောရင်တော့ ဘယ်သူမဆို အမောပြေတာပေါ့နော်။ ဟင်းချက်တယ်ဆိုတာက ကြည့်တော့သာလွယ်တာ။ တကယ်တော့ ပင်လည်းပင်ပန်းတယ်။ အမြင်အားဖြင့်ကြည့်ပြီးတော့ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ စားချင်စရာလေး၊ စားလို့ကောင်းလိုက်တာလို့ ပြောလိုက်တာက  ဟင်းချက်တဲ့လူတိုင်းအတွက် ပီတိပါပဲ။

အချက်အပြုတ်ကို ဘယ်သူတွေဆီကသင်ယူဖူးလဲ။

          ညီမမှာက သင်ဆရာ၊ မြင်ဆရာတွေကတော့အများကြီးပဲ။ သေချာသင်ပေးတာကတော့ အိမ်ကအဘွားနဲ့ အဖေပါ။

ငယ်ငယ်ကမကြိုက်ဘဲ အသက်ကြီးမှကြိုက်တာဆိုရင်ရော။

          ငယ်ငယ်တုန်းက ကြက်သည်းမြစ်ဆိုရင်  အမြစ်ကိုလုံးဝမကြိုက်ဘူး။ ဒါပေမဲ့ အသက် ကြီးမှ အမြစ်ကိုကြိုက်တယ်။ နောက် ဘယ်ကလီစာဖြစ်ဖြစ် အခုနောက်ပိုင်း အမြစ်တွေ ကို စားဖြစ်လာတယ်။

အစားအသောက်နဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်လေးတွေရှိရင် ပြောပြပေးပါဦး။ ဥပမာ-တချို့ သကြားလုံးမျိုမိတာတို့၊ ကျောင်းမှာမုန့်ခိုးစားလို့ အရိုက်ခံရတာတို့၊ ဟင်းခိုးစားတာတို့ပေါ့။  

          အစားအသောက်နဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်ဆိုရင် ဝတ်ရည်က ငါး ကြိုက်တယ်။ ငါးနဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်ပျက်တွေကလည်း အများကြီးပဲ။ငါးစားတိုင်းလည်း  အရိုးစူးတယ်။ တစ်ခေါက်ဆိုရင် ငါးရိုးစူးလို့ ဆေးရုံမှာ ခွဲစိတ်ဝတ်စုံဝတ်ပြီး ခွဲရတော့မယ့်အခြေအနေထိ ရောက်ခဲ့ဘူးတယ်။ ဒါပေမဲ့ အခုချိန်အထိ အစားသောက်ထဲမှာ မစွန့်လွတ်နိုင်တာကလည်း ငါးဟင်းပါ။

မနက်စာကို ဘယ်အချိန်လောက်စားဖြစ်လဲ။ ဘာဟင်းတွေနဲ့ စားဖြစ်တာများလဲ။နေ့လယ်စာနဲ့ ညစာရော။

          မနက်စာကို လက်ဖက်ရည်တစ်ခွက် မပါမဖြစ်အမြဲသောက်တယ်။နေ့ခင်းစာကတော့ ထမင်းကို ငါးပိရည်တို့စရာနဲ့  မြန်မာဆန်ဆန် စားရတာအကြိုက်ဆုံးပဲ။အခုချိန်အထိအဲဒီပုံစံနဲ့ စားနေတုန်းပါပဲ။ နောက် ညီမက ညစာလည်းစားတယ်။ ညစာလျော့စားတဲ့အထဲမှာလည်း ညီမမပါဘူး။

ညစာကိုရော အိမ်မှာမိသားစုနဲ့စားဖြစ်လား။ ဒါမှမဟုတ်အပြင်မှာစားဖြစ်သလား။ညစာ စားပြီးရင်ရော အချိုတည်းလား။

          အခုနောက်ပိုင်း အလုပ်ကလည်းများတယ်။ အလုပ်အတွက်လည်း အချိန်ပေးရ တယ်ဆိုတော့ အိမ်မှာသိပ်ပြီးတော့ မစားဖြစ်တော့ဘူး။ ဒါပေမဲ့ ပိတ်ရက်တွေဆိုရင်တော့ အိမ်မှာစားဖြစ်အောင်စားပါတယ်။ ညစာစားပြီးသွားရင် ပုံမှန်လုပ်နေကျကတော့ ဖျော် ရည်ဖျော်သောက်တာပါပဲ။ဘာဖျော်ရည်ဖြစ်ဖြစ် တစ်ခွက်လောက်သောက်လိုက်ရရင် တော်တော်လေး နေလို့ထိုင်လို့ကောင်းသွားပါတယ်။

စားဖူးသမျှအစားအစာတွေထဲမှာ တစ်သက်မမေ့လောက်အောင်ဖြစ်တဲ့ အစားသောက် မျိုးရောရှိလား။

          တစ်သက်မမေ့လောက်တာမျိုးဆိုတော့ အဖေ့ဘက်က အဘွားချက်တဲ့ ချဉ်ဟင်းပါ။ ချဉ်ဟင်းချက်ရင်အဘွားက အရမ်းကောင်းတယ်။ အများအားဖြင့် ချဉ်ဟင်းကို အများစုက ငါးပိတွေဘာတွေထည့်မချက်ဘူး။ အဘွားကတော့ ထည့်ချက်တော့ ငါးပိနံ့လေးမွှေးပြီး စားလို့အရမ်းကောင်းတယ်။ အဲဒါကတော့ ငယ်ငယ်ကတည်းက အခုချိန်အထိ မေ့မရတဲ့ ဟင်းပါပဲ။

ထူးထူးဆန်းဆန်း အစားအသောက်တွေရော ညီမစားဘူးလား။

          ထူးထူးဆန်းဆန်း အစားသောက် ဆိုရင်တော့ ခရုပါ။ ခရုသေးသေးလေးတွေကိုပဲ ရခိုင်ဆိုင်တွေမှာ စားဖူးတယ်။ ဒါပေမဲ့ ခရုအကြီးကြီးတော့ လုံးဝမစားဖူးဘူး။ တစ်ခါ အဲဒီလို ခရုအကြီးကြီးစားမိပြီးတော့ အလက်ဂျိတ်တွေထွက်ဖူးတယ်။ အဲဒါကတော့ ထူးထူးဆန်း ဆန်းစားပြီး မေ့လို့မရတဲ့ အမှတ်တရပါပဲ။

အားလပ်ရက်တွေမှာ  တစ်ခုခုလုပ်စားလေ့ရှိလား။

          ပိတ်ရက်တိုင်း အိမ်မှာ ဝတ်ရည်ရှိလို့ရှိရင် အိမ်ကအမေကတော့ ပြောပါတယ်။ အမှိုက်ဖွတယ်ဆိုပြီးတော့လေ။ ဘာဖြစ်လို့လည်းဆိုတော့ ဝတ်ရည်က ချက်ပြုတ်ပြီးရင် မဆေးခဲ့လို့။ ဝတ်ရည်က အချက်အပြုတ်ဝါသနာပါတယ်ဆိုတော့ အိမ်မှာရှိတဲ့နေ့တိုင်း ရေခဲသေတ္တာဖွင့်ပြီး တစ်ခုမဟုတ်တစ်ခုတော့ ချက်ပြုတ်ဖြစ်နေတာပါပဲ။

အလုပ်သွားတဲ့အခါမှာ ထမင်းချိုင့်တွေယူလေ့ရှိလား။

          များသောအားဖြင့် မယူဖြစ်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ မနက်အစောကြီး ဖယ်ရီအမှီထသွားရတော့လေ။ တစ်ခါတစ်လေ ကိုယ်ချက်တဲ့ဟင်းလေး စားချင်တယ် ဆိုရင်တော့ ညကတည်း ချက်ထားပြီး မနက်ကျနွှေးကာထမင်းချိုင့်ထည့်သွားတာမျိုး တော့လုပ်ပါတယ်။

ကိုယ်မစားဖူးတဲ့ အစားအသောက်တွေကို မြည်းစမ်းချင်စိတ်ရှိလား။

          ဟုတ်ကဲ့ရှိပါတယ်။ စားကြည့်တယ်၊မကြိုက်ဘူးဆိုရင်လည်း  ကြိုက်များကြိုက်မလား လို့ ၂ ခါ၊ ၃ ခါလောက်ထပ်စားကြည့်တယ်။ မစားဘူးတဲ့ အသစ်အဆန်းဟင်းတွေဆိုရင် အရမ်းသဘောကျတယ်။ အထူးသဖြင့် ချဉ်ငန်စပ်အရသာဆိုရင် ပိုပြီးတော့ မြည်းကြည့်ချင် တယ်။ နောက် တိုင်းရင်းသားအစားစာလေးတွေဆိုရင် မြည်းကြည့်ချင်တယ်။ဘာဖြစ်လို့ လည်းဆိုတော့ ကိုယ့်နိုင်ငံမှာရှိပြီး ကိုယ်မစားဘူးတာမရှိရအောင် အကုန်လုံးကို မြည်းစမ်း ကြည့်ချင်ပါတယ်။

တချို့တွေက စိတ်ညစ်တာတို့၊ ဝမ်းနည်းတာ၊ ပျော်ရွင်တာ၊ ဝမ်းသာတာမျိုးမှာ အစားတွေများများစားလေ့ရှိတယ်။ ညီမကရော အဲလိုအခါများမျိုးမှာ အစားအသောက်နဲ့ပတ်သက်ပြီး ဘာတွေစားဖြစ်လဲ။ များများစားလား။ နည်းနည်းစားလား။

          စိတ်ညစ်တာတို့၊ ဝမ်းနည်းတာတို့ဆိုရင်  အစားအများကြီးစားတာထက် မုန့်တွေ၊ ဟင်းချက်စရာတွေ လျောက်လုပ်လိုက်တာများတယ်။ အဲဒီလိုလုပ်လိုက်ရင် ကိုယ့်အတွက် အချိန်တွေအကုန်လွယ်သွားတယ်။ နောက်ပြီးတော့ ဟင်းချက်တဲ့နဲ့ပတ်သက်ပြီး အသစ် အဆန်းတစ်ခု၊ နည်းပညာတစ်ခုရမယ်ထင်လို့ စိတ်ညစ်လာရင် ဟင်းချက်တာနဲ့ အချိန်ဖြုန်း တယ်။

ညီမရဲ့  အစားအသောက်နဲ့ ကျန်းမာရေးပေါ်အမြင်နဲ့ အစားသောက်နဲ့ ခန္ဓာကိုယ်ထိန်း သိမ်းမှုပုံလေးကို ပြောပြပေးပါဦး။

          အစားအသောက်နဲ့ ကျန်းမာရေးဆိုရင်တော့ အမြဲတမ်းလည်းပြောနေကြပါ။အစာ လည်းဆေး၊ ဆေးလည်းအစာပါ။ အစာစားတဲ့အခါမှာ တန်ဆေးလွန်ဘေးဆိုတာမျိုး လည်းရှိပါတယ်။ ဒါကြောင့် မတည့်တာတွေရှောင်ပြီး တည့်တဲ့ဟာကို ပုံမှန်လေးစားပေး မယ်ဆိုရင် ကျန်းမာရေးအတွက်ညီညွတ်ပြီး ခန္ဓာကိုယ်အတွက်လည်း အထောက်အပံ့ ဖြစ်မယ်လို့လည်းထင်ပါတယ်။ ဒါကြောင့် အစားစားတဲ့အခါမှာ အစာလည်းဆေး ဆေး လည်းအစာဆိုပြီး မှတ်ပြီးစားပေးရင် ခန္ဓာကိုယ်နုပျိုမယ်ထင်ပါတယ်။ ညီမရဲ့ ခန္ဓာကိုယ် ထိမ်းသိမ်းမှုကတော့ ပေါင်ချိန်ကြည့်လို့ နည်းနည်းလေးဝလာပြီဆိုရင် ဝတ်ရည်ထမင်း စားတာလျော့လိုက်တယ်။ အဆီပါတာလေးတွေ လျော့လိုက်တယ်။ နောက်ကိုယ် ကိုယ်တိုင်ချက်တဲ့ ဟင်းဆိုရင် အဆီများလားနည်းလာဆိုတာလည်းသိတော့ ပေါင်တိုးချင်လား၊ လျော့ချင်လားဆိုတာ ကိုယ့်စိတ်ကြိုက် ချက်ပြုတ်စားသောက်လို့ရတယ်။

အိမ်ကမိဘတွေချက်တဲ့ ဟင်းတွေထဲမှ ဘယ်ဟင်းကိုအကြိုက်ဆုံးလဲ။

          ညီမအဖေကြီးချက်တဲ့ဟင်းဆို အကုန်ကြိုက်တယ်။ အဖေက ဟင်းချက်အရမ်း ကောင်းတယ်။ အိမ်မှာ ကြေးအိုးဆီချက် ချက်ရင်လည်း အရမ်းကောင်းတယ်။ မြန်မာဟင်းချက်ရင်လည်း မြန်မာရသာစစ်စစ်ကို ရအောင်ချက်ပေးနိုင်တယ်။ ဒီတော့ အဖေချက် တဲ့လက်ရာဆိုရင် အကုန်ကြိုက်တယ်။

နိုင်ငံတကာက အစားအသောက်တွေမှာဆိုရင် ဘယ်နိုင်ငံက ဘယ်အစားသောက်ကို စားဖြစ်တာများလဲ။

          ညီမကတော့ ထိုင်းစာစားဖြစ်တာများတယ်။ ထိုင်းစာတောင်မှ အချိုများတဲ့ ထိုင်းစာမဟုတ်ဘဲနဲ့ ချဉ်ငန်စပ်ဖက်နွယ်တဲ့ထိုင်းစာကို ပိုကြိုက်တယ်။ နောက်ပြီးတော့ မလေးရှားစာကြိုက်တယ်။

နိုင်ငံခြားကိုရောက်နေတဲ့အချိန်မှာ ကိုယ့်နိုင်ငံက ဘယ်အစာအစားကို  လွမ်းဆွတ်တမ်းတ မိပါသလဲ။

          ညီမက နိုင်ငံခြားရောက်တုန်းက မျက်ရည်ကျရလောက်အောင်လွမ်းမိတာက ငါးပိရည်ပါ။ နောက်တစ်ခါများသွားဖြစ်ရင် ငါးပိကြော်၊ ငါးခြောက်ကြော်တို့ မပါမဖြစ် ထည့် သွားရမယ်ဆိုပြီး ဆုံးဖြတ်ချက်ချရလောက်တဲ့အထိတောင် လွမ်းမိပါတယ်။ ဒါတောင်မှ တစ်ပတ်လောက်ပဲသွားခဲ့ရတဲ့ခရီးပါ။ နောက်တစ်ခါ ဘယ်ခရီးသွားသွား အငန်လေး၊ အစပ်လေးတွေ ပါအောင်ထည့်သွားရမယ်လို့ စိတ်ကူးတောင်ထားပါတယ်။

ဘဝမှာ အမှတ်တရဖြစ်မယ့်အစားအစာရှိလား။ ဥပမာ အဲဒီအစားအစာကိုစားလိုက်ရင် တစ်နေရာရာ၊ တစ်ယောက်ယောက် စသဖြင့် အမှတ်တရဖြစ်မယ့်အစားအစာမျိုးပေါ့။

          ရှိတယ်။ အဲဒါက ရှမ်းအစားစာပါ။ မုန်ညင်းစောပါ။ မစားဘူးခင်ကတည်းက ပထမ တစ်ဇွန်းစားလိုက်ကတည်းက အကြိုက်ဆုံးဖြစ်သွားတဲ့ အစားစာထဲမှာပါတယ်။ အဲဒီ အစားစာကို စားမိတိုင်းလည်း တစ်စုံတစ်ယောက်ကို သတိရမိပါတယ်။

ညီမစားဖူးသမျှထဲမှာ ဈေးကြီးပြီး မတန်ဘူးထင်တဲ့ အစားအသောက်တွေရှိလား။ဈေး ပေါပြီး တန်တယ်ထင်တာမျိုးရော။

          အဲဒီလိုမျိုး ဈေးကြီးပြီးမတန်ဘူးထင်တာမျိုးဆိုရင် ညီမ တစ်ခါချောင်းသာကိုသွား တော့ ပုစွန်တို့၊ ကဏန်းတို့ အရမ်းပေါတယ်ဆိုပြီး  အထမ်းသည်လေးဆီက ကျောက်ပုစွန် ကို  ကီလိုနဲ့ဝယ်စားလိုက်တယ်။ ဈေးနည်းနည်းများသွားတယ်။ သောင်းဂဏန်းလောက် ထိ ပေးလိုက်ရတယ်။ ဒါပေမဲ့ အပြင်မှာ တကယ်တမ်းဝယ်စားရင် ထောင်ဂဏန်းလောက် ပဲတန်တာလေ။ အဲဒါကတော့ အမှတ်တရပဲ။ ဈေးပေါပြီး တန်တယ်ထင်တာမျိုးဆိုရင် ကိုယ်ချက်တဲ့အစားစာတွေပါပဲလို့ အခုချိန်အထိမှတ်ယူထားတုန်းပါပဲ။

စားသောက်ဆိုင်နဲ့ အိမ်မှာဆိုရင် ဘယ်မှာပိုပြီးတော့စားချင်လဲ။

          ညီမကတော့ အစာသိပ်မရွေးတော့ စားသောက်ဆိုင်ဖြစ်ဖြစ် အိမ်မှာပဲဖြစ်ဖြစ် ၂ ခု စလုံးမှာ စားရတာကြိုက်ပါတယ်။ အလုပ်များရင် အပြင်မှာစားဖြစ်သလို အားတဲ့အခါ ကျရင်လည်း အိမ်မှာပဲစားဖြစ်ပါတယ်။ နေရာမရွေးပါဘူး။

ဝတ်ရည်ကြိုက်ဆုံး အသီးအနှံ၊ အရွက်၊ အသား၊ ငါးတွေကို ပြောပြပေးပါဦး။ ဖျော်ရည် တွေထဲမှာဆိုရင်ရော။

          ညီမအကြိုက်ဆုံး အသီးအနှံဆိုရင်တော့ ဖရဲသီးအရမ်းကြိုက်ပါတယ်။ အရွက် တွေထဲမှာဆိုရင် ကန်စွန်းရွက်၊ ဟင်းနုနယ်ကြိုက်တယ်။ အသားငါးဆိုတာထက် ငါးကိုဘယ်လိုငါးပဲဖြစ်ဖြစ်ကြိုက်တယ်။ ဖျော်ရည်ထဲမှာဆိုရင်တော့ ဖရဲသီးဖျော်ရည်ကြိုက်တယ်။

ညီမနဲ့မတည့်တဲ့ အစားအသောက်တွေရောရှိလား။ မကြိုက်တဲ့အစားစာရော။

          မတည့်တာမျိုးဆိုရင်တော့ စောစောပြောသွားသလို ပင်လယ်ခရုစားမိပြီး အလတ် ဂျိတ်ဖြစ်ပြီးကတည်းက ထပ်စားရင်ထပ်ဖြစ်မှာဆိုးလို့ မစားတော့ဘူးလို့ ဆုံးဖြတ်ထားတယ်။  မကြိုက်တာဆိုရင်တော့ ငယ်ငယ်ကတည်းက အခုချိန်အထိ ကြက်ဥအနှစ်ကို လုံးဝ မကြိုက်ဘူး။

အစားသောက်တစ်ခုခုကိုစားနေတုန်း အဲဒီထဲမှာ ရွံစရာတွေဘာတွေရောတွေ့ဖူးလား။ အစားအသောက်စားနေရင်း သူငယ်ချင်းတွေက ဘေးနားက ရွံစရာပြောရင်ရော ရွံတတ်လား။

          တွေ့ဖူးပါတယ်။ အရမ်းကြီး ရုပ်ပျက်ဆင်းပျက် ရွံစရာကောင်းလို့ရှိရင်တော့ ညီမဆက်မစားဘူး။ ဒါပေမဲ့ ပန်းကန်ထဲမှာ အကောင်လေးတစ်ကောင်ပါတာမျိုးလောက် ဆိုရင်တော့ ညီမသိပ်ဂရုမစိုက်ပါဘူး။ အရမ်းကြီးရွံတတ်တာမျိုးထဲမှာလည်း မပါပါဘူး။သူငယ်ချင်းတွေနောက်ရင်လည်း ဘာမှမဖြစ်ပါဘူး။ သူများစရင်လည်း ကိုယ်ကရယ် နေတဲ့အထဲမှာပါပါတယ်။ ဘယ်လောက်ပဲပြောပြော ဆက်စားနိုင်ပါတယ်။

အစားသောက်က နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးရဲ့  ယဉ်ကျေးမှုကို ဖော်ဆောင်နိုင်တယ်လို့ ထင်မြင်မိပါသလား။

          ထင်ပါတယ်။ အများကြီးလည်း ဖော်ဆောင်နိုင်ပါတယ်။ ဥပမာ နိုင်ငံတကာအစားစာတွေထဲမှာဆိုရင် သူတို့ လမ်းဘေး အစားစာတွေကို ကမ္ဘာကသိအောင် မားကတ်တင်းလုပ် နိုင်ပါတယ်။ အဲဒီလိုမျိုးပဲ ညီမတို့ မြန်မာအစားစာတွေကို တစ်နေ့နေ့ တစ်ချိန်ချိန်မှာ နိုင်ငံတကာက စိတ်ဝင်စား မျက်စိကျအောင်လည်း တစ်ဖက်တစ်လမ်းကနေပြီး ကူညီ သင့်ပါတယ်။ ကိုယ့်မြန်မာပြည်က ဒေသထွက်အစားစာတွေ ကို နိုင်ငံတကာကလူတွေကို တကယ်သိသင့်ပါတယ်။ တကယ်လည်း သိစေချင်ပါတယ်။

ညီမက Forever Group MRTV – 4, Chennal 7 ‘မင်္ဂလာပါ’ အစီအစဉ်တို့မှာ ဟင်းတွေ ချက်ပြဖြစ်သွားပုံလေးကရော။

          ညီမကအရင်ကတည်းက MRTV – 4 ဟင်းချက်ရအောင် မှာလည်း ချက်ဖူးတယ်။ င်္သမ နိက မှာလည်း ချက်ဖူးတယ်။ အခု မင်္ဂလာမှာပါချက်ပြနေပါတယ်။ ညီမက ဟင်းချက်ရတာ ကို  ဝါသနာပါတယ်။ ရုံးကလည်း ဟင်းချက်တတ်မှန်းသိတယ်။ အရင်ကလည်း စားဖိုမှူးတစ်ယောက်အနေနဲ့မဟုတ်ပေမဲ့ ဝါသနာလည်းပါတယ်။ လုပ်လည်းလုပ်တတ်ဆိုတော့ ရုံးက တာဝန်ပေးခြင်းခံရပြီး အကောင်းဆုံးလုပ်ပြပေးဖြစ် ခဲ့တာပါ။

အခုညီမလုပ်ပြတဲ့ အုန်းထမင်း၊ ဆိတ်သားဟင်းလေးကို လိုက်လုပ်စားမယ့် ပရိသတ်အတွက် အမှတ်တရစကား လက်ဆောင်လေးကို ပြောပြပေးပါဦး။

          အခုဟင်းကို လုပ်စားမယ်ဆိုရင် သွေးတိုးမရှိတဲ့လူတွေ ကတော့ ဝတ်ရည်ပြောတဲ့ အနည်းအတိုင်း ချက်စားသင့်ပါ တယ်။ သွေးတိုးရှိတဲ့လူတွေကတော့ ဖြစ်နိုင်မယ်ဆိုရင် မစားပါနဲ့လို့။ နောက်ပြီး နိုင်ငံခြားရောက်နေတဲ့လူတွေ များရှိရင်လည်း ကိုယ့်ရဲ့ ဒေသအစားစာလေးကို နိုင်ငံတကာ ကလူတွေသိအောင်လို့ ဖော်ထုတ်ပြသပေးပါလို့ ပြောချင် ပါတယ်။

နှင်းဝတ်ရည်ဦးရဲ့ အုန်းထမင်း၊ ဆိတ်သားဟင်း

►   အုန်းထမင်းချက်ရန်ပါဝင်ပစ္စည်းများ

♦   ဆန်    –   နိုဆီဘူး ၂ ဘူး

♦   အုန်းသီး   –   ၁ လုံး(သို့)၁ ခြမ်း

♦   သကြား   –   ၅ ကျပ်သားခန့်

♦   ဆား   –   စားပွဲဇွန်း ၂ ဇွန်း

♦   ကြက်သွန်နီဥကြီး   –    ၅လုံး၊ ၆လုံးခန့်

    (လေးစိတ်စိတ်ထည့်)

♦   ဆီ   –   စားပွဲဇွန်း၂ ဇွန်းခန့်

♦   နနွင်း   –    အနည်းငယ်

►   ဆိတ်သားချက်ရန်ပါဝင်ပစ္စည်းများ။

♦   ဆိတ်သား   –    ၂ဝ သားခန့်

♦   ဒိန်ချဉ်   –   သင့်တော်ရုံ

♦   ဆား   –   အနည်းငယ်

♦   နနွင်း   –   နည်းနည်း

♦   ဟင်းခတ်မှုန့်   –   သင့်တော်ရုံ

♦   ကြက်သွန်ဖြူ/နီ၊ ချင်း၊ အရောင်တင်မှုန့်

     (ရောထောင်းထားပါ)

♦   ဆီ   –   ၂ ကျပ်သားခန့်

♦   မဆလာ   –   အနည်းငယ်

♦   ရေ   –   အနည်းငယ်

♦   ပျဉ်းတော်သိမ်ရွက်(အုပ်ရန်)

♦   အာလူး   –   ၄၊ ၅ လုံးခန့်

►   အုန်းထမင်းပြုလုပ်နည်း

          ပထမဆုံး  အုန်းသီးတစ်လုံးကို အုန်းနို့ရည်ညှစ်ထားပါ။ ပြီးလျှင် ဆား၊ သကြား၊ ကြက်သွန်နီ၊ ဆီအနည်းငယ်၊ နနွင်း၊ ဆန်နို့ဆီဘူး ၂ ဘူးကို ပေါင်းအိုးဖြင့် ပါဝင်ပစ္စည်းများထည့်ပြီး မွှေပြီးတည်ပါ။ (အုန်းနို့နည်းနည်းကြိုက်လျင်တော့ အုန်းသီးတစ်ခြမ်းကိုသာ အသုံးပြုပါ။)

►   ဆိတ်သားချက်နည်း

၁။      ပထမဆုံး ဆိတ်သားကို နူးလွယ်အောင်လို့ ဒိန်ချဉ်လေးထည့်နယ်ပြီး နာရီဝက်လောက်နှပ်ထားပါ။

၂။      နာရီဝက်လောက်နှပ်ထားပြီးရင် ဒိန်ချဉ်ဖြင့် နှပ်ထားသောဆိတ် သားကို ပါဝင်ပစ္စည်းများဖြစ်တဲ့ ဆား၊ နနွင်း၊ မဆလာ၊ ဟင်းခတ်မှုန့်များထည့်ပြီး အရသာဝင်အောင်ထပ်နယ်ထားပါ။

၃။      ကြက်သွန်ဖြူ/နီ၊ ချင်း၊ အရောင်တင်မှုန့်တို့ကို ညက်အောင်ရော ထောင်းထားပြီး ဆီသတ်ပါ။ဆီသတ်နံ့လေးမွှေးလာပြီဆိုရင်တော့ မဆလာလေး နည်းနည်းခတ်ပါ။ (ဝတ်ရည်က ဆီသတ်တဲ့အထဲမှာ မဆလာခတ်ရတာကို ပိုကြိုက်ပါတယ်။မဆလာခတ်လိုက်လို့ရှိရင် ဆီသတ်နံ့လေးက ပိုမွှေးပြီး စားလို့ကောင်းပါတယ်။)

၎။      ဆီသတ်နံ့လေးမွှေးလာလျှင် စောစောကနှပ်ထားတဲ့ ဆိတ်သားများ ကိုထည့်ပြီး နာနာလေးလုံးပေးပါ။ (အာလူးကြိုက်ပါက အာလူးကိုထည့်ပြီး လုံးပေးပါ)

၅။      ဆိတ်သားက အရည်တွေထွက်ပြီး ခန်းသွားလောက်တဲ့အချိန်ကျရင် ရေထည့်ပြီး အုပ်ထားလိုက်ပါ။ ရေခန်းဆီပြန်ပြီဆိုရင် အနံ့ပိုမိုမွှေး ပျံ့အောင် ပျဉ်းတော်သိမ်ရွက်အုပ်ပြီး တစ်ချက်၊ နှစ်ချက်မွှေလိုက် တာနဲ့ အရသာရှိပြီး စားချင်စရာကောင်းတဲ့ ဆိတ်သားဟင်းလျာ လေးရပါပြီ။

အာဂ မေးမြန်းရေးသားသည်

Facebook Comments