စိတ်ညစ်ရင် အစားနဲ့ပဲဖြေတယ်။ ဒေါသထွက်ပြီဆိုရင်လည်း အစာနဲ့ ဖိချတာမျိုးပေါ့။ အိမ်မှာအရိုက်ခံရတဲ့နေ့ဆိုရင် အိုးထဲမှာရှိတဲ့ ထမင်းဟင်းအကုန်ပြောင်တဲ့နေ့ပါပဲတယ်ဆိုတဲ့ ခြူး

by အာဂ for Food Magazine

          ဒီလ Food Magazine ပရိသတ်အတွက် တင်ဆက်ပေးမယ့် အနုပညာရှင်ကတော့ မြန်မာ့ရုပ်သံဇာတ်လမ်းတွေမှာ လူသိများတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ခြူးပါ။ သူမကို အချို့ပရိသတ် တွေကတော့ နေအဉ္ဇာတာလို့ သိနေကြသလို ပန်းနုသွေးရုပ်သံ ဇာတ်လမ်းတွဲမှာတော့ ခြူးလေးဆိုတဲ့ နာမည်နဲ့ လူသိများသူပါ။ အခုအချိန်မှာတော့ ခြူးဆိုတဲ့ သရုပ်ဆောင်နာမည်နဲ့ ဆက်လက်ပြီး အနုပညာလုပ်ငန်းတွေ လုပ်ကိုင်လျက် ရှိပါတယ်။

အချက်အပြုတ်ကို ဘယ်အရွယ်လောက်ကတည်းက စပြီးတော့ ဝါသနာပါခဲ့ပါသလဲ။

          အချက်အပြုတ်ကို ၄ တန်းလောက်ကတည်းက စပြီးတော့ ဝါသနာပါတာပါ။

အခု ကြက်သားအာလူး အုန်းနို့ဆီပြန်ဟင်းနဲ့ မုန်လာဥနီသုပ်ကို ပရိသတ်ကို ချက်ပြဖို့  စီစဉ်ဖြစ်သွားပုံလေးကိုလည်း ပြောပြပေးပါဦး။

          ကိုယ်ကိုယ်တိုင်ကလည်း ခြေလေးချောင်းရှောင်ထားတယ်။ မြန်မာဟင်းလျာတော်တော်များများမှာ မပါမဖြစ် မပါဖြစ်တာက ကြက်သားဟင်းပါ။ အဲဒါကို ထူးခြားသွားအောင်လို့ အုန်းနို့လေးနဲ့ အာလူးလေးထည့်ပြီး ချက်ဖြစ်သွားတာပါ။ နောက်တစ်ခု မုန်လာဥနီကျတော့ ကျန်းမာရေးနဲ့လည်း တော်တော်ညီညွတ်တယ်။  မိန်းကလေးတော်တော်များဆိုရင်  ဒီအတိုင်းတောင်ကိုက်စားကြတယ်။ ဒီတော့ ဒီအတိုင်းစားရတာထက်စာရင် သုပ်စားရတာ အရသာရှိတော့ လုပ်ပြဖြစ်သွားတာပါ။

ဘဝမှာ ပထမဆုံးစချက်ဖြစ်တဲ့ ဟင်းပွဲလေးကို မှတ်မိသေးရင် ပြောပြပေးပါဦး။ အရသာကရော ဘယ်လိုရှိသလဲ။

          ပထမဆုံးလုပ်ဖြစ်တာက ဟင်းပွဲက ကန်စွန်းရွက်ကြော်ပါ။ လေးတန်းလောက် ကစပြီးတော့ စမ်းကြော်ကြည့်တာပါ။  အရသာက ဘယ်လိုဖြစ်သွားလည်းဆိုတော့ ကန်စွန်းရွက်က မစိမ်းတော့ဘဲနဲ့ မည်းသွားတယ်။ ဒါပေမဲ့ အရသာကတော့ အဆင်ပြေပါတယ်။ အဲ့ဒီကတည်းက ညီမက ပိုးပါတယ်ပြောရမလားဘဲ စချက်ကတည်းက အခုအချိန်ထိ ကိုယ်ချက်လိုက်ရင် အရသာမကောင်းတာမျိုးတော့ မရှိခဲ့ပါဘူး။

ခြူးချက်တဲ့ဟင်းတွေထဲမှာ လူကြိုက်အများဆုံး ဟင်းပွဲကရော ဘာဟင်းပွဲဖြစ်မလဲ။

           လူကြိုက်အများဆုံးဆိုရင်တော့ အသုပ်တွေပါပဲ။ ဘာအသုပ်ပဲ ဖြစ်ဖြစ် အသီးအရွက် သုပ်ဖြစ်ဖြစ်၊ မုန့်ဖတ်သုပ်၊ ခေါက်ဆွဲသုပ်ဖြစ်ဖြစ် ဘာအသုပ်အဖြစ်ဖြစ် လူကြိုက်များတယ်။ နောက်ပြီးတော့  ကြာဆံကြော် ၊ ခေါက်ဆွဲကြော်၊ ရခိုင်မုန့်တီ စတာတွေက လူကြိုက်များပါတယ်။

အဲဒီလို ညီမချက်တဲ့ဟင်းကို  သူများတွေစားပြီး  ပထမဆုံး ချီးမွမ်းခံရတုန်းက ခံစားချက်ကရော။ အချက်အပြုတ်ကို ဘယ်သူတွေဆီက သင်ယူဖူးလဲ။

          ချီးမွမ်းခံရတုန်းက ခံစားချက်ကတော့ ပျော်တာပေါ့နော်။ မိသားစုထဲမှာဆိုရင် မီးမီးလေး သုပ်တဲ့အသုပ်က အကောင်းဆုံးပဲတဲ့။  ဘယ်သူတွေ ဘယ်လောက် လက်ရာကောင်းကောင်း ညီမလက်ရာကို မမီဘူးလို့ ချီးမွမ်းကြတယ်။ အဲဒါက ငယ်ငယ် ၅ တန်း၊ ၆ တန်းလောက်ကတည်းက အိမ်က မိသားစုအပြင် အဘိုး၊ အဘွား၊ အဒေါ်တွေ အိမ်တွေကပါ ချီးမွမ်းကြတယ်။ ဒီတော့ အရမ်းလည်း ပျော်တယ်။ တစ်ခုရှိတာက ပျော်တယ်ဆိုတာထက် ဝမ်းနည်းရတာက အိမ်မှာ အသုပ်သုပ်စားရင် ကိုယ်ပဲဒိုင်ခံလုပ်ရတယ်။ သူများလာကူ ရင်လည်း မကြိုက်ဘူး။ ဒီတော့ အစအဆုံး ကိုယ်တိုင်လုပ်ရတယ်။  နောက်ဆုံး သုပ်လို့ပြီးရင် သူတို့က ပန်းကန်နဲ့လာယူပြီးတော့ အရှေ့မှာစားကြတယ်။ ညီမကတော့ နောက်ဖေးမှာ ဆေးရင်းကြောရင်းနဲ့ ကိုယ်က စားမယ်ဆိုပြီး သွားကြည့်လိုက်ရင် စားဖို့ မရှိတော့ဘူး။ အမြဲတမ်းကုန်နေတာနဲ့ ကြုံရတယ်။ ဒီတော့ နောက်ပိုင်းကျတော့ သုပ်ရင်းနဲ့ မြည်းရင်းနဲ့ ကုန်အောင်စားရတယ်။ အချက်အပြုတ်ကတော့ အဓိကအားဖြင့် မေမေဆီက သင်ယူဖြစ် တာများပါတယ်။ တကူးတကသင်တာတော့ မဟုတ်ပါဘူး။ အိမ်မှာက  ဖေဖေရော၊ မေမေပါ ဟင်းချက်တတ်တော့ အမြဲတမ်းကူလုပ်ပေးရတယ်။ ဥပမာ-ငရုတ်သီးထောင်းတာ ကအစ စနစ်တကျ ဘယ်လိုထောင်းရတယ်ဆိုတာမျိုးတွေ သင်ပေးတော့ လုပ်ရင်းကိုင်ရင်း၊ ခိုင်းတာတွေ လုပ်ပေးရင်းနဲ့ တတ်လာတာမျိုးလည်း ရှိပါတယ်။

ညီမက ရခိုင်လူမျိုးနော်၊ ဒီတော့ ညီမတို့ မိရိုးဖလာ ချက်စားဖြစ်တဲ့ လက်ဆင့်ကမ်းဟင်းလေးတွေရှိရင် ပြောပြပေးပါဦး။

          အဲ့ဒါမျိုးဆိုရင် ညီမတို့အိမ်မှာ ထမင်းစားပြီဆိုရင် မပါမဖြစ်က ငရုတ်သီးထောင်း၊  ငရုတ်သီးငါးပိချက်၊ တို့စရာအရည်သောက်၊ အသားဟင်းတစ်ခွက်၊ ငါးဟင်းတစ်ခွက်တော့ အမြဲတမ်းပါတယ်။ တစ်ခါတလေကျရင်  ရခိုင်ခရမ်းသီးကို ငရုတ်သီးစပ်စပ်နဲ့ချက်တာ မျိုး၊ ချဉ်ပေါင်ရွက်ကိုလည်း ရခိုင်လိုအရည်သောက်ပုံစံမျိုး မွှေချက်တယ်။  ငါးပိစိမ်းစားကတော့ အဓိက သုံးရတာပေါ့။ ဆီမထည့်ရတဲ့ ဟင်းဆိုရင်လည်း လုံးဝကို ဆီမပါပါဘူး။ ဒီလိုပါပဲ။ နေ့တိုင်းတော့ ရခိုင်းဟင်းတွေ ချက်စားဖြစ်ပါတယ်။

ငယ်ငယ်ကကြိုက်ပြီး အသက်ကြီးမှ မကြိုက်တာဆိုရင်ရော။

          ငယ်ငယ်တုန်းကကြိုက်ပြီး  အသက်ကြီးမှ မကြိုက်တာမျိုးတော့ မရှိဘူး။ ငယ်ငယ်က မကြိုက်ဘဲ အသက်ကြီးမှ ကြိုက်လာတာမျိုးတော့ ရှိတယ်။ ငယ်ငယ်က တစ်ရက်ကို ထမင်းငါးကြိမ် ပုံမှန်စားတယ်။ သရေစာသိပ်မစားဘူး။ အိမ်ကပဲ ချက်ကျွေးတာဆိုတော့လေ။ ကိတ်မုန့်၊ ပေါင်မုန့် စသဖြင့် ဘိုစာတွေ လုံးဝမကြိုက်ဘူး။ ပြီးတော့ အဆီအဆိမ့်နဲ့ ပတ်သက်တာ လုံးဝမကြိုက်ဘူး။ ကြက်ဥ၊ ဘဲဥဆိုလည်း အကာပဲ စားတယ်။ အခု အသက်ကြီးလာတဲ့အချိန်ကျတော့ မကြိုက်ဘူးဆိုတာ  ဘာမှမရှိလောက်အောင် အကုန် စားတယ်။

အစားအသောက်နဲ့ ပတ်သက်ပြီး အမှတ်တရ အဖြစ်အပျက်လေးတွေရှိရင် ပြောပြပေးပါဦး။ ဥပမာ-တချို့ သကြားလုံး မျိုမိတာတို့၊ ကျောင်းမှာ မုန့်ခိုးစားလို့ အရိုက်ခံရတာတို့၊ ဟင်းခိုးစားတာတို့ပေါ့။     

          အစားသောက်နဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်ဆိုရင် သူငယ်တန်းနဲ့ မူကြိုတောင် မတက်ရသေးခင်ကာလမှာပေါ့။ အရမ်းအမှတ်မိကြီးတော့ မဟုတ်ဘူး။ အိမ်က လူကြီးတော့ ပြန်ပြောမှုအရတော့ လမ်းမှာ သူများစားပြီး တစ်ဝက်လောက်နဲ့ လွှင့်ပစ်ထားတဲ့ ဆီးထုပ်လေးကို ကောက်ပြီးစားမိလို့ဆိုပြီး အရိုက်ခံရတယ်။ အဲဒီတော့မှ ကောက်စားတယ်ဆိုတာ မကောင်းမှန်းသိခဲ့ရတာပါ။ (ရယ်လျက်)ဒါလေးကတော့ အမှတ်တရပါ။

မနက်စာကို  ဘယ်အချိန်လောက်စားဖြစ်လဲ။ ဘာဟင်းတွေနဲ့ စားဖြစ်တာများလဲ။ နေ့လယ်စာနဲ့ ညစာရော။

          အလုပ်တွေနားလို့  အိမ်မှာနေတဲ့အချိန်ဆိုရင် မနက်စာကို ၉ နာရီ၊ ၁၀ နာရီလောက် မှာ ထမင်းကြော်၊ မုန့်ဟင်းခါး၊ အသုပ်စားဖြစ်ပါတယ်။ နေ့လယ်ကျတော့ အိမ်မှာ ရခိုင်ဟင်းတွေစားတယ်။ တစ်ခါတလေကျတော့လည်း မြန်မာဟင်း အစပ်မပါတာလေးတွေကို စားဖြစ်ပါတယ်။ အဒေါ်ရယ်၊ အဘွားရယ်၊ မောင်လေး၊ ညီမလေးတွေနဲ့ မိသားစု စုံစုံညီညီနဲ့ စားဖြစ်ပါတယ်။ မွန်းလွဲ ၂း၃၀၊ ၃ နာရီလောက်  မောင်လေးကို ကျောင်းကြိုတဲ့အချိန်တွေမှာ ဆိုရင်လည်း  အအေးတို့၊ ရခိုင်မုန့်တီတို့  ဝယ်စားဖြစ်တယ်။ ညနေ ၆ နာရီနောက်ပိုင်းဆိုရင် ဘာမှမစားတော့ဘဲ အဲဒီမတိုင်ခင်မှာတော့ ထမင်းနည်းနည်းနဲ့ အသီးအရွက်နဲ့ လျော့စားဖြစ်ပါတယ်။ ညပိုင်းကျတော့ ရေသောက်တယ်။ အအေးသောက်တယ်။ ဒီလောက်ပါပဲ။

စားဖူးသမျှအစားအစာတွေထဲမှာ တစ်သက်မမေ့လောက်အောင်ဖြစ်တဲ့ အစားအသောက်မျိုးရောရှိလား။

          အဲဒီလိုမျိုး မေ့လို့မရတဲ့အစားအသောက်ဆိုရင် ဟိုတလောက  ရန်ကုန်တီးဟောက်စ်မှာ ပရိုဂရမ်တစ်ခုရိုက်ရင်းနဲ့ မျက်စိမှိတ်ပြီး စမူဆာစားကြည့်ခိုင်းတယ်။ အဲဒီအချိန်မှာ စမူဆာကို  ရိုးရိုးမဟုတ်ဘူး။  အထဲမှာ ချောကလက်တွေ ထည့်ထားတာ။  စမူဆာဆိုရင်လည်း စမူဆာလို့ပဲ သိထားတာ။ ချောကလက်ဆိုရင်လည်း ချောကလက်လို့ပဲ သိထားတာလေ။ စားလိုက်တော့ အခွံစမူဆာနဲ့ အထဲမှာ ချောကလက်တွေထွက်လာတော့ ထူးထူးဆန်းဆန်းလေးတော့ ဖြစ်မိသွားတယ်။ အဲဒီလိုမျိုး မတူတာ ၂ ခုကို တွဲစားမိတာကတော့ မေ့လည်း မမေ့ဘူး။ ကြိုက်လည်း ကြိုက်သွားမိတယ်။

ထူးထူးဆန်းဆန်း အစားအသောက်တွေရော စားဖူးလား။

          ထူးထူးဆန်းဆန်း အစားအသောက်ဆိုရင်တော့ မစားတတ်ပါဘူး။

အားလပ်ရက်တွေမှာရော ညီမအနေနဲ့ တစ်ခုခုလုပ်စားဖြစ်တာမျိုးရှိလား။

          အားလပ်ရက်မှာကတော့ အစုံပါပဲ။ ကိုယ့်စိတ်ထဲမှာ တောင့်တသမျှအရာအားလုံးကို  လုပ်စားဖြစ်တယ်။ တုံယမ်း၊ ကြေးအိုးတို့ဆိုရင်တောင် ရအောင်ချက်စားဖြစ်တယ်။ ပုပ္ပားမှာ ဇာတ်လမ်းတွဲ ၅ လလောက်ရိုက်နေတုန်းက သူငယ်ချင်းတွေက ပုစွန်အစိမ်းသုပ်၊ ကြေးအိုး၊ ဟော့ပေါ့စားချင်တယ်ဆိုလို့ ကျောက်ပန်းတောင်းဈေးသွားပြီး ဝယ်ချက်ကျွေးတယ်။

ရိုက်ကွင်းရှုတင်တွေသွားရင် ထမင်းချိုင့်ယူသွားလေ့ရှိလား။

          အဲဒါဆိုရင် အိမ်မှာ ရခိုင်ဟင်းချက်ပြီဆိုရင် ထမင်းတော့မယူဘူး။ ဟင်းတော့ ယူသွားလေ့ရှိပါတယ်။ အဘွားတို့၊ အဒေါ်တို့ကြော်တဲ့ ငရုတ်သီးကြော်လိုမျိုးဆိုရင် ထည့်သွားလေ့ရှိတယ်။ ရှုတင်က သူငယ်ချင်းတွေကလည်း အစပ်ကြိုက်တော့လေ။

ညီမ မစားဘူးတဲ့အရာတွေကိုရော မြည်းစမ်းချင်စိတ်ရှိလား။ ဘယ်လိုအရသာမျိုးကို မြည်းစမ်းချင်မိလဲ။

          ဟုတ်ကဲ့၊ အဲဒါတော့ ဝါသနာပါတယ်။ မစားဘူးတဲ့အရာဆိုရင် မဖြစ်ဖြစ်အောင် စားကြည့်တယ်။ ကြိုက်သွားရင်လည်း အဲဒီထဲမှာ ဘာတွေထည့်ချက်ထားလည်းဆိုတာကို လိုက်မှတ်တယ်။ ပြီးရင် Online ကနေ လိုက်ရှာပြီးတော့ မတူတူအောင်လိုက်ချက်ပြီးတော့ စားတယ်။ ချဉ်၊ ငန်၊ စပ် အရသာဘက်ဆိုရင်တော့ မြည်းဖြစ်တာများပါတယ်။

တချို့တွေက စိတ်ညစ်တာတို့၊ ဝမ်းနည်းတာ၊ ဝမ်းသာတာတို့ဖြစ်ဖြစ် အစားအများကြီး စားဖြစ်တယ်။ ညီမမှာရော အဲဒီလိုအကျင့်ရှိလား။

          ညီမကတော့ စိတ်ညစ်ရင် အစားနဲ့ပဲဖြေတယ်။ ဒေါသထွက်ပြီဆိုရင်လည်း အစာနဲ့ ဖိချတာမျိုးပေါ့။ အိမ်မှာ အရိုက်ခံရတဲ့နေ့ဆိုရင် အိုးထဲမှာရှိတဲ့ ထမင်းဟင်း အကုန်ပြောင်တဲ့နေ့ပါပဲ။ ဘယ်လောက်များများ အကုန်ကုန်တယ်။

အစားအသောက်နဲ့ ကျန်းမာရေးအပေါ်  ညီမအမြင်လေးကရော။

          အဓိကကတော့ တန်ဆေးလွန်ဘေးပါပဲ။ လူအများစုကတော့ ကိုယ်နဲ့ မတည့်တာမျိုးဆိုရင်  စားချင်ကျတာပါပဲ။ မတည့်လေ ပိုကြိုက်လေဆိုတာမျိုးပေါ့။ တချို့က မတည့်ဘူးဆိုရင်တော့ ရှောင်ခိုင်းတယ်လေ။ ဒါပေမဲ့ ညီမအမြင်ကတော့ အရမ်းကြီးရှောင်စရာတော့ မလိုပါဘူး။  အာသာဖြေလောက်တော့  စားသင့်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လူ့ဘဝကြီးမှာ လူဖြစ်တုန်းလေး စားရတာလေ။ နောက် လူတွေ အသက်ရှင်ရပ်တည်ဖို့အတွက် အလုပ်လုပ်နေတဲ့ အဓိကအချက်က ထမင်းစားဖို့ပဲ လုပ်နေကြတာလို့ မြင်မိပါတယ်။ ဒီတော့ အစားအသောက်ဆိုတာ စားသင့်တယ်။ မတည့်ရင်လည်း ဆေးကြိုသောက်တာမျိုး၊ စားပြီးရင် ဆေးသောက်တာမျိုး  အာသာပြေလေးတော့ စားသင့်တယ်လို့ ထင်မိပါတယ်။

ညီမအနေနဲ့ အစားအသောက်နဲ့ ခန္ဓာကိုယ်ထိန်းသိမ်းမှုပုံလေးကရော။

          ဒီနှစ် ၂၀၁၇ ခုနှစ် ၅ လပိုင်းအထိ ညီမဘဝမှာ အစားလျှော့တယ်ဆိုတာ လုံးဝမရှိခဲ့ပါဘူး။ အစားအရမ်းမက်တယ်။ အအိပ်အရမ်းမက်တဲ့အတွက် ခန္ဓာကိုယ်က အမြဲဝနေတယ်။ တစ်နေ့မှာ ထမင်း ၅ ကြိမ်စားတဲ့လူဆိုတော့ တော်တော်လည်း လျှော့ဖို့ခက်ပါတယ်။  အခု ၅ လပိုင်းနောက်ပိုင်းမှာတော့ ကိုယ့်ကိုယ်ကိုယ် တော်တော်လေး ဆင်ခြင်ပြီး မခံချင်စိတ်နဲ့ ပိန်အောင် လုပ်တယ်။ အခုခေတ်မှာက ပိန်တာလေးတွေက ခေတ်စားနေတယ်။ ဝနေရင် ကိုယ့်ကိုယ်ကိုယ် ဘေးရောက်သွားသလို ခံစားရတယ်။ နောက်ပြီး ဇာတ်လမ်းတွဲမှာ ကိုယ်က ဘယ်လောက်သရုပ်ဆောင်ကောင်းကောင်း ဝနေလို့ မလိုက်ဖက်ဘူးဆိုပြီး ပြန်ကြားရတဲ့စကားတွေအပေါ်မှာ မခံချင်စိတ်နဲ့ ပိန်အောင် အစားကို ထိန်းဖြစ်သွားတာပါ။ စားချင်နေရင်တောင်မှာ ကြည့်ပြီးတော့ ဒီဟာကို တစ်သက်လုံးစားဖူးတယ်။  ဒီအရသာကို သိနေတယ်ဆိုတဲ့စိတ်နဲ့ ချိုးနှိမ်ပြီး မစားဖြစ်ပါဘူး။ အဲဒီကနေမှ တစ်ရက်ကို ထမင်းတစ်နပ်လောက်နဲ့ နေနိုင်တာမျိုးဖြစ်လာတာပါ။

အိမ်က မိဘတွေချက်တဲ့ ဟင်းမှာဆိုရင်ရော ဘယ်ဟင်းကိုကြိုက်လဲ။

          အမေချက်တဲ့ ကြက်သားကာလသားချက်ကို အာပူရွက်၊ ဆင်ခရမ်းသီးတို့နဲ့ ချက်တာမျိုးပါ။ အဖေ့လက်ရာဆိုရင်တော့ အကုန်ကောင်းပါတယ်။ ပြောရရင် အဖေက ပိုချက်တာကောင်းပါတယ်။

နိုင်ငံတကာ အစားအသောက်တွေမှာဆိုရင် ဘယ်လိုအစားသောက်ကို  စားဖြစ်တာများလဲ။

          နိုင်ငံတကာအစားသောက်တွေမှာဆိုရင်တော့ ယိုးဒယားအစားစာတွေဆို အချိုလျှော့ထားတာကို ကြိုက်ပါတယ်။ တရုတ်အစားအစာဆိုရင်တော့ ကြေးအိုးလောက်ပဲ ကြိုက်ပါတယ်။ စပါကတီတို့လို ဥရောပအစားအစာတွေကတော့ တစ်ခါတလေမှ စားဖြစ်ပါတယ်။ အဓိကတော့ မြန်မာအစားအစာတွေပါပဲ။

နိုင်ငံခြားရောက်နေတဲ့အခါမှာဆိုရင် ကိုယ့်မြန်မာပြည်က ဘယ်လိုအစားအစာတွေကို လွမ်းမိလဲ။

          အဲဒီလိုဆိုရင်တော့ အိမ်ကချက်တဲ့ ရခိုင်ဟင်း ချဉ်၊ ငန်၊ စပ်စပ်လေးကိုတော့ ပိုလွမ်းမိပါတယ်။

ဘဝမှာ အမှတ်တရဖြစ်မယ့် အစားအစာရှိလား။ ဥပမာ အဲဒီအစားအစာကို စားလိုက်ရင် တစ်နေရာရာ၊ တစ်ယောက်ယောက် စသဖြင့် အမှတ်တရဖြစ်မယ့် အစားအစာမျိုးပေါ့။

          ရှိပါတယ်။  အဲဒီလိုအမှတ်တရဖြစ်မယ့်အစားအစာဆိုရင်တော့ ပြည် အကောက် တောင်မှာ  ရိုက်ကူးရေးနဲ့သွားတုန်းက သက်သတ်လွတ်ဟင်းထုပ်လို ပုံစံမျိုးလေး။  အထဲထဲ မှာ မျှစ်ကိုပေါင်းထားတာမျိုး အထုပ်ကလေးတွေ၊ ဈေးလည်း အရမ်းသက်သာတယ်။ ဘယ်မှာမှလည်း မတွေ့ဖူးဘူး။ အဲဒါမျိုးလေးများ ပြန်စားရရင်တော့ အကောက်တောင်ကို ပြေးပြီးသတိရမိမှာပါ။

စားဖူးသမျှထဲမှာ ဈေးကြီးပြီး မတန်ဘူးထင်တဲ့ အစားပသောက်တွေရှိလား။ ဈေးပေါပြီး တန်တယ်ထင်တာမျိုးရော။

          စားဖူးသမျှထဲမှာ ဈေးကြီးပြီး မတန်ဘူးဆိုတာမျိုး ကြုံဖူးပါတယ်။ ဘယ်လိုပြောရမလဲ အဲ့ဒါက Beef Steak ပေါ့။ ဈေးက ၂၅၀ဝ၀ လောက်ပေါ့နော်။ ဒါပေမဲ့ ခါတိုင်းစားနေကျ ၆၀ဝ၀၊ ၇၀ဝ၀ တန်က စားကောင်းသေးတယ်။ လျှာရှည်မိပြီး သွားမှာလိုက်တာ ၆ ထောင် တန်လောက်တောင် စားမကောင်းဘူးဖြစ်သွားတယ်။ ခြေလေးချောင်းစားတဲ့ အချိန် တုန်းကပေါ့။ နှမြောလည်း နှမြောမိတယ်။ ဈေးပေါပြီး တန်တာမျိုးဆိုရင်တော့  အရင် ပြတ်တုန်းလပ်တုန်းအချိန်ကဆိုရင်တော့ စီးတီးမတ်က ထမင်းဘူးကတော့ အတန်ဆုံးပါပဲ။

စားသောက်ဆိုင်နဲ့ အိမ်မှာဆိုရင် ဘယ်မှာပိုပြီးတော့ စားချင်လဲ။

          ဖြစ်နိုင်ရင်တော့ အိမ်မှာပိုစားချင်တယ်။

ခြူး အကြိုက်ဆုံး အသီးအနှံ၊ အရွက်၊ အသား၊ ငါးတွေကို ပြောပြပေးပါဦး။ ဖျော်ရည်တွေထဲမှာဆိုရင်ရော။

          အသီးအနှံဆိုရင်တော့ အကုန်ကြိုက်ပါတယ်။ ဘာမှမရှောင်ပါဘူး။ ရေဓာတ် များများပါတာကို ပိုစားတယ်။ ခရမ်းချဉ်သီး၊ သခွားသီးဆိုရင်လည်း အိမ်မှာ ဒီအတိုင်း ထိုင်စားတယ်။ အသီးအရွက်ကျတော့ ကန်စွန်းရွက်ကို ပိုကြိုက်တယ်။ အသား၊ ငါးကတော့ အခုအချိန်မှာ ခြေလေးချောင်းရှောင်ထားတော့ ငါးဆိုရင် ပိုစားဖြစ်တယ်။ အသားထဲမှာဆိုရင် ကြက်သား၊ ဘဲသားပဲ စားဖြစ်ပါတယ်။

ညီမနဲ့မတည့်တဲ့ အစားအသောက်တွေရောရှိလား။ မကြိုက်တဲ့အစားအစာရော။

          ညီမနဲ့ မတည့်တာကတော့ သွေးတိုးစေမယ့် အစားအစာတွေနဲ့ မတည့်ပါဘူး။ အကြိုက်ဆုံးကလည်း အဲဒီ အစားအစာတွေပဲ ဖြစ်နေတယ်။

အစားအသောက်တစ်ခုခုကို စားနေတုန်း အဲဒီထဲမှာ ရွံစရာတွေ ဘာတွေတွေ့ရင် ရွံဖူးလား။ အစားအသောက်စားနေရင်း သူငယ်ချင်းတွေက ဘေးနားက ရွံစရာပြောရင်ရော  ရွံတတ်လား။

          ဟုတ်ကဲ့၊ မရွံ့တတ်ပါဘူး။ ဒါပေမဲ့ နေမကောင်းလို့ အားနည်းနေတဲ့ အချိန်မျိုးမှာဆိုရင်တော့ ရွံတတ်ပါတယ်။  ဒါကတော့ ခန္ဓာကိုယ်ရဲ့ ခုခံအားမကောင်းလို့လား မသိဘူး။ ကျန်တဲ့အချိန်တွေမှာတော့ ဘာပဲဖြစ်ဖြစ် ရွံကို မရွံတတ်တာ။ စားတာပါပဲ။ နောက်ရင်တော့ မရွံ့တက်ပါဘူး။

အစားအသောက်က နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးရဲ့  ယဉ်ကျေးမှုကို ဖော်ဆောင် နိုင်တယ်လို့ ထင်မြင်မိပါသလား။

          ထင်ပါတယ်။ သူ့နိုင်ငံ၊ သူ့ယဉ်ကျေးမှုနဲ့အတူ အစားအစာဆိုတာက အမြဲတမ်း တွဲဖက်နေတာပါ။ မြန်မာ ငါးပိရည်တို့စရာဆိုရင်လည်း မြန်မာလူမျိုးတွေအတွက် မရှိမဖြစ်ပါ။ ရခိုင်လူမျိုးတွေကျတော့လည်း  ငရုတ်သီးထောင်း၊ ငါးပိချက် စသဖြင့်ပေါ့။ ကိုရီးယားဆိုရင်လည်း ကင်ချီ၊ ထမင်းသုပ် စသဖြင့်ပေါ့။ သူ့ဟာနဲ့သူ တွဲနေပါတယ်။ ဆူရှီဆိုရင် ဂျပန်စာဆိုတာ တွဲမြင်တယ်ပေါ့လေ။ အဲဒီလိုမျိုးပါပဲ။

ပရိသတ်အတွက် အမှတ်တရစကားလက်ဆောင်လေး ကို ပြောပြပေးပါဦး။

          အခု ညီမချက်ပြထားတဲ့ ဟင်းလေးက ထူးထူးခြားခြား မဟုတ်ဘူး။ သိပ်ပြီး ကွန့်ရတဲ့ ဟင်းလေးလည်းမဟုတ်ပါဘူး။  သာမန်ဟင်းလေးကိုပဲ အရသာရှိရှိနဲ့ ချက်ထားတာပါ။  ဒီတော့ ပရိသတ်ကြီးလည်း လိုက်ပြီးတော့ ချက်စားကြည့်ကြပါ။ လိုက်ပြီးချက်စားတဲ့ ပရိသတ်ကြီးကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ မုန်လာဥနီသုပ်ကလည်း ကျန်းမာရေးရော၊ အသားရေအတွက်ပါ  ကောင်းတဲ့အတွက် များများစားပေးကြပါလို့ ပြောချင်ပါတယ်။

ခြူးရဲ့ ကြက်သားအာလူး အုန်းနို့ဆီပြန်ဟင်း

          ကြက်သား၂၀ ကျပ်သားကို အချို၊ အငန်အရသာနယ်ပြီး နှပ်ထားပါ။ ပြီးလျှင် ကြက်သွန်အဖြူ ၅ မြွှာ၊ အနီ ၅ လုံး၊ ချင်း၊ ငရုတ်သီးအပွထောင်းတို့ကို ဆီ၂၅ ကျပ်သားဖြင့် ဆီသတ်ပါ။ အရောင်နီလာလျှင် အချို၊ အငန် နယ်ထားသော ကြက်သားကို ထည့်ပါ။ ကြက်သားဆီပြန်လာလျှင် ပြုတ်ထားသော အာလူး ၆ လုံးခန့်ကို ထည့်၊ ရေထည့်ပြီး အဖုံးအုပ်ထားပါ။ ဆီပြန်လို့ ကြက်သားနူးလောက်ပြီဆိုလျှင် အုန်းနို့ရည် ဟင်းချက်ဇွန်း ၁ ဇွန်းကိုထည့်ပါ။ ရနံ့မွှေးလာလျှင် သုံးဆောင်လို့ရပါပြီ။

ခြူးရဲ့မုန်လာဥနီသုပ်

          မုန်လာဥနီကို အခြောင်းအမျှင်လေးတွေဖြစ်အောင် ခြစ်ထားပါ။ ပြီးလျှင် ရေစင်အောင်ဆေးပြီး သံပရာသီး၊ ရှလကာရည်တို့နဲ့နယ်ပြီး ခဏနှပ်ထားပါ။ ပြီးလျှင်  အရည်များကို ညှစ်ထုပ်လိုက်ပါ။  ထို့နောက် ဆီချက်၊ နှမ်း၊ ဆား၊ သကြား အနည်းငယ်တို့နှင့် ထည့်သုပ်ပြီး အပေါ်က ကြက်သွန်ကြော်ဖြူးလိုက်လျှင် သုံးဆောင်လို့ရပါပြီ။

အာဂ မေးမြန်းရေးသားသည်။

 

Facebook Comments