စိတ်ညစ်ရင်လည်း အစားအများကြီးမစားဖြစ်ဘူး၊ အရမ်းကြီးဝမ်းသာနေရင်လည်း အစားအများကြီးမစားဖြစ်ဘူးလို့ဆိုတဲ့ မေမြတ်နိုး

may_4

may_3

may_6

စိတ်ညစ်ရင်လည်း အစားအများကြီးမစားဖြစ်ဘူး၊ အရမ်းကြီးဝမ်းသာနေရင်လည်း အစားအများကြီးမစားဖြစ်ဘူးလို့ဆိုတဲ့ မေမြတ်နိုး

♦   အာဂမေးမြန်းရေးသားသည်   ♦

အချက်အပြုတ်ကို ဘယ်အရွယ်လောက်ကတည်းက စပြီး တော့ ဝါသနာပါခဲ့ပါသလဲ။

        အချက်အပြုတ်ကိုတော့ ဘယ်အရွယ်လောက်ကတည်းက ဝါသနာပါလည်းဆိုတော့ ငယ်ငယ်တုန်းက မေမေ ဟင်းတွေချက်ရင် ကြည့်ဖြစ်တယ်။   နောက် မေမေချက်တာထဲမှာ အသားတွေထက် အနှစ်ကိုအရမ်းကြိုက်တယ်။ အဲဒီလိုမျိုးမေမေချက် ပုံချက်နည်းတွေကို လိုက်ကြည့်ရင်း စမ်းချက်ဖြစ်တာက ၇ နှစ်၊ ၈ နှစ်သမီးအရွယ်လောက် ကတည်းက ဝါသနာဖြစ်သွားတာပါ။

အခုပုစွန်မက်စီမန်ကြော်လေးကို ပရိသတ်ကို ချက်ပြဖို့စီစဉ် ဖြစ်သွားပုံလေးကိုလည်း ပြောပြပေးပါဦး။

        ညီမက အစားအသောက်ထဲမှာ ပုစွန်ကိုအရမ်းကြိုက်တယ်။ ဒီတော့ မြတ်နိုးလို ပုစွန်ကို ကြိုက်တဲ့ပရိသတ်တွေအတွက် ရည်ရွယ်ပြီးတော့ ကြော်ပြဖြစ်သွားတာပါ ။

ဘဝမှာ ပထမဆုံးစချက်ဖြစ်တဲ့ ဟင်းပွဲလေးကို မှတ်မိသေးရင် ပြောပြပေးပါဦး။ အရသာကရော ဘယ်လိုရှိသလဲ။

      ပထမဆုံးလုပ်ဖြစ်တဲ့ ဟင်းပွဲလေးက မြတ်နိုး ၁ဝ နှစ် ကျော်ကျော်လောက်က အမေ အလုပ်သွားနေတဲ့အချိန် ကိုယ့်ဟာကိုယ် အိမ်မှာ ကြက်ဥကို အသီးအနှံတွေနဲ့ ကြော်တာကတော့ ပထမဆုံးဟင်းပွဲပါပဲ။ ပထမဆုံးအကြိမ်ချက်တာဆိုတော့ အရသာကတော့ သိပ်တော့မရှိဘူးပေါ့။ ဒါပေမဲ့ စားလို့တော့ရပါတယ်။ ပထမဆုံးကြော်တယ်ဆိုတော့ ဆီပေါက်တယ်။ နောက်ပြီးတော့ ကြက်ဥက ပုံမလှဘူးပေါ့။

မေမြတ်နိုးချက်တဲ့ဟင်းတွေထဲမှာ လူကြိုက်အများဆုံး ဟင်းပွဲကရော ဘာဟင်းပွဲဖြစ်မလဲ။

        ညီမချက်တဲ့ ဟင်းတွေထဲမှာဆိုရင်တော့ အမေရဲ့ ချက်နည်းနဲ့ချက်တဲ့ အမဲသားဟင်းထင်တယ်။ အားလုံးက စားလို့ရှိရင် ဟာ…အမေ့လက်ရာအတိုင်းပါလားဆိုပြီး ချီးမွမ်းခံရလေ့ရှိတယ်။

ညီမချက်တဲ့ ဟင်းကိုစားပြီး ပထမဆုံး ချီးမွမ်းခံရတုန်းက ခံစားချက်ကရော။ အချက်အပြုတ်ကို ဘယ်သူတွေဆီက သင်ယူဖူးလဲ။

        ပထမဆုံး ချီးမွမ်းခံရတာက ကြက်ဥကြော်ပြီးနောက်ပိုင်းမှာပေါ့။ အိမ်က မိသားစုဝင်တွေက မဆိုးဘူး။ ထပ်ပြီးတော့ ကြိုးစားရင် သမီးက ဟင်းကောင်းကောင်းချက်နိုင်မှာ သေချာတယ်ဆိုပြီးတော့ ချီးမွမ်းတယ်။ အဲ့ဒီတုန်းကတော့ ပျော်ပါတယ်။ ဝမ်းလည်းဝမ်းသာမိတယ်။ ကိုယ်ချက်တဲ့အစားစာကို သူများတွေက ကြိုက်ကြတယ်။ စားကောင်းတယ်ဆိုတော့ စိတ်ထဲမှာ အရမ်းကိုကြည်နူးမိပါတယ်။ အချက်အပြုတ်ကတော့ အဓိကအားဖြင့် အမေဆီက သင်ယူဖြစ်ပါတယ်။

ငယ်ငယ်တုန်းကကြိုက်ပြီး အသက်ကြီးမှ မကြိုက်တာနဲ့ ငယ်ငယ်က မကြိုက်ဘဲ အသက်ကြီးမှ ကြိုက်တာဆိုရင်ရော။

        ငယ်ငယ်တုန်းက ကြက်သားကြိုက်တယ်။ အခုသက်ကြီးတော့ မကြိုက်တော့ဘူး။ ငယ်ငယ်တုန်းက ငါးမကြိုက်ဘူး။ အရိုးဆူးတယ်ဆိုတော့လေ။ အသက်ကြီးလာတဲ့အခါကျတော့ ငါးကိုကြိုက်လာတယ်။

အစားအသောက်နဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်လေးတွေရှိရင် ပြောပြပေးပါဦး။ ဥပမာ- တချို့ သကြားလုံးမျိုမိတာတို့၊ ကျောင်းမှာ မုန့်ခိုးစားလို့ အရိုက်ခံရတာတို့၊ ဟင်းခိုးစားတာတို့ပေါ့။         

        အစားသောက်နဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်ဆိုရင် ငယ်ငယ်တုန်းက အရိုးဆူးတာပေါ့ ။ ခဏခဏ ဆူးဖူးတယ်။ သွားဖုံးထဲမှာ ဆူးတာမျိုး၊ လည်ချောင်းထဲမှာ ဆူးတာမျိုး အာသီးမှာ သွားစိုက်မိတာမျိုး စသဖြင့် ငါးရိုးခဏခဏဆူးဖူးတယ်။

မနက်စာကို ဘယ်အချိန်လောက်စားဖြစ်လဲ။ ဘာဟင်းတွေနဲ့ စားဖြစ်တာများလဲ။ နေ့လယ်စာကိုရော။ ညစာရော။

        မနက်စာကိုတော့ ၉ နာရီလောက် စားဖြစ်တယ်။ မနက်စာကို မိုင်လို ဒါမှမဟုတ် ကွေကာအုပ်သောက်တယ်။ ပေါင်မုန့်စားတယ်။ နေ့လယ် ၁၂ နာရီလောက်ဆိုရင် ထမင်းစားတယ်။ အသားပါမယ်၊ အသီးအရွက်ပါမယ်။ ညစာကိုကျတော့ ၇း၃ဝ လောက် စားဖြစ်တယ်။

ညစာကိုရော အိမ်မှာမိသားစုနဲ့ စားဖြစ်လား။ ဒါမှမဟုတ် အပြင်မှာစားဖြစ်သလား။ ညစာစားပြီးရင်ရော အချိုတည်းလား။

        ညစာကတော့ ပုံမှန်မရှိဘူး။ ပွဲရှိရင်တော့ အပြင်မှာစားဖြစ်တယ်။ အိမ်မှာပဲနေဖြစ်တဲ့နေ့မျိုးဆိုရင်တော့ အိမ်မှာပဲစားဖြစ်ပါတယ်။ ညစာစားပြီးရင်တော့ အချိုတည်းလေ့မရှိပါဘူး။ မုန့်လည်းမကြိုက်ပါဘူး။

စားဖူးသမျှအစားအစာတွေထဲမှာ တစ်သက်မမေ့လောက်အောင်ဖြစ်တဲ့ အစားသောက်မျိုးရောရှိလား။

        တစ်သက်မမေ့လောက်တာမျိုးဆိုတော့ မြတ်နိုးတို့ စားသောက်ဆိုင်တစ်ခုမှာ သွားစားတုန်းက Beef Steak အဲ့ဒီက တော်တော်လေးကို စားကောင်းပါတယ်။ အဲ့ဒီ Beef Steak လေးက သေးသေးလေးပါ။ ဒါပေမဲ့ စားရတာ အရသာရှိပြီး ဗိုက်လည်းပြည့်တယ်။ အဲ့ဒီဟာလေးကတော့ တစ်သက်မမေ့နိုင်တဲ့ဟာလေးပါပဲ။

ထူးထူးဆန်းဆန်း အစားသောက်တွေရော ညီမစားဘူးလား။

        ထူးထူးဆန်းဆန်း အစားအသောက်ဆိုရင်တော့ မြတ်နိုးက ငယ်ငယ်ကတည်း ခုံးတွေ ဘာတွေ မစားဘူးတော့ ခုံးကင် စပြီးတော့စားဖူးတုန်းက စိတ်ထဲမှာ တစ်မျိုးကြီးပဲ။ အခြား ထူးထူးဆန်းဆန်း အစားသောက်တော့ မစားဖူးပါဘူး။

အားလပ်ရက်တွေမှာ တစ်ခုခုလုပ်စားလေ့ရှိလား။

        အားလပ်ရက်တွေမှာ တစ်ခုခုလုပ်စားဖြစ်တာမျိုးကတော့ သိပ်တော့မရှိပါဘူး။ လုပ်စားဖြစ်ရင်တောင် ကျောက်ကျောထိုးတာမျိုး လုပ်စားဖြစ်တာတော့ရှိတယ်။

ရှုတင်တို့၊ စတူဒီယိုတို့သွားတဲ့အခါမှာ ထမင်းချိုင့်တွေယူလေ့ရှိလား။

        ရှုတင်သွားရင်တော့ ထမင်းချိုင့်ယူဖြစ်ပါတယ်။

ကိုယ်မစားဖူးတဲ့အစားသောက်တွေကို မြည်းစမ်းချင်စိတ်ရှိလား။

        အဲ့ဒီလိုမျိုးဆိုရင် မြတ်နိုးက ဥပမာ ကြက်သားဆိုရင် မကြိုက်ဘူး။ ဝက်သားဆိုရင်လည်း လုံးဝမစားဘူး။ ဒီတော့ တစ်ခြား ပင်လယ်စာနဲ့ ပတ်သက်တာတို့၊ အမဲသားနဲ့ ပတ်သက်တာတို့ဆိုရင် အရမ်းမြည်းချင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ လက်ရာသိချင်လို့ပါ။ နောက်အစပ်နဲ့ပတ်သက်တာမျိုးဆိုရင်တော့ မြည်းကြည့်ချင်တယ်။

တချို့တွေက စိတ်ညစ်တာတို့၊ ဝမ်းနည်းတာ၊ ပျော်ရွင်တာ၊ ဝမ်းသာတာမျိုးမှာ အစားတွေ များများစားလေ့ရှိတယ်။ ညီမကရော အဲလိုအခါများမျိုးမှာ အစားသောက်နဲ့ ပတ်သက်ပြီး ဘာတွေစားဖြစ်လဲ။ များများစားလား။ နည်းနည်းစားလား။

        မြတ်နိုးက စိတ်ညစ်ရင်လည်း အစားအများကြီးမစားဖြစ်ဘူး။ အရမ်းကြီး ဝမ်းသာနေရင်လည်း အစားအများကြီးမစားဖြစ်ဘူး။

ညီမရဲ့   အစားသောက်နဲ့ ကျန်းမာရေးပေါ်အမြင်နဲ့ အစားသောက်နဲ့ ခန္ဓာကိုယ်ထိန်းသိမ်းမှုပုံလေးကို ပြောပြပေးပါဦး။

        အစားသောက်နဲ့ ကျန်းမာရေးဆိုရင်တော့ အစားသောက်က လိုအပ်သလောက် စားသင့်ပါ တယ်။ ဥပမာ အချိုအများကြီးစားတာမျိုး၊ အချဉ် အများကြီးစားတာမျိုးဆိုရင် ခန္ဓာကိုယ်အတွက်လည်း မကောင်းဘူး။ မျှတအောင် စားပေးသင့်ပါတယ်။ အသားကို စားမယ်ဆိုရင်လည်း အရွက်ကိုလည်း မျှတအောင် စားပေးသင့်ပါတယ်။ နောက် မြန်မာလူမျိုးတွေက ထမင်းအရမ်းကြိုက်ကြတယ်။ ထမင်းလည်း အများကြီးမစားသင့်ဘူးလို့လည်း ထင်ပါတယ်။ ကာဗိုလ်ဟိုက်ဒြိတ် အများကြီးစားမိရင် အဆီတက်တတ်တယ်။ အစားသောက်က နည်းနည်းစားတာ အကောင်းဆုံးပါပဲ။ အစားသောက်နဲ့ ခန္ဓာကိုယ် ထိန်းသိမ်းမှုဆိုရင် မြတ်နိုးက အသားနဲ့ အရွက်ကို အများကြီးစားတယ်။ ကာဗိုဟိုက်ဒြိတ်ဖြစ်စေတဲ့ ခေါက်ဆွဲနဲ့ ထမင်းကို လျော့စားတယ်။

အိမ်ကမိဘတွေချက်တဲ့ဟင်းတွေထဲမှ ဘယ်ဟင်းကို အကြိုက်ဆုံးလဲ။

        မေမေချက်တဲ့ ဟင်းထဲကဆိုရင် အမေ့ရဲ့ အမဲသားဟင်းကို အကြိုက်ဆုံးပဲ။

နိုင်ငံတကာက အစားအသောက်တွေမှာဆိုရင် ဘယ်နိုင်ငံက ဘယ်အစားသောက်ကို စားဖြစ်တာများလဲ။

        ညီမကတော့ European ထဲမှာဆိုရင် ညီမက လော့ဆားနီးယမ်း၊ ဘလိုနီး ကြိုက်တယ်။

နိုင်ငံခြားကိုရောက်နေတဲ့အချိန်မှာ ကိုယ့်နိုင်ငံက ဘယ်အစာအစားကို လွမ်းဆွတ်တမ်းတမိပါသလဲ။

        ညီမက နိုင်ငံခြားရောက်ရင်တော့ မြန်မာပြည် က မုန့်ဟင်းခါးနဲ့ လက်ဖက်သုပ်ကို လွမ်းမိတယ်။ အဲဒီကျရင်တော့ မြန်မာပြည်ကနေပြီး ပါဆယ်ပို့ခိုင်း ပါတယ်။

ဘဝမှာ အမှတ်တရဖြစ်မယ့်အစားအစာရှိလား။ ဥပမာ အဲဒီအစားအစာကိုစားလိုက်ရင် တစ်နေရာရာ၊ တစ်ယောက်ယောက် စသဖြင့် အမှတ်တရဖြစ်မယ့် အစားအစာမျိုးပေါ့။

        အဲဒီလိုမျိုးဆိုရင်တော့ ငယ်ငယ်တုန်းက ကျောင်းထိပ်မှာ ရေခဲချောင်းလေးတွေ ရောင်းတယ်။ အခုအဲဒီလိုမျိုးရောင်းတာလေးကို ပြန်တွေ့ရင်ဖြစ်ဖြစ်၊ စားမိရင်ဖြစ်ဖြစ် ကျောင်းတက်တုန်းကဘဝကို ပြန်သွားသတိရမိတယ်။

ညီမစားဖူးသမျှထဲမှာ ဈေးကြီးပြီး မတန်ဘူးထင်တဲ့ အစားသောက်တွေရှိလား။ ဈေးပေါပြီး တန်တာမျိုးရော။

        အဲ့ဒီလိုမျိုး ဈေးကြီးပြီး မတန်ဘူးထင်တာက ဆိုင်တစ်ဆိုင်မှာ Sea Food နဲ့ ထမင်းကြော်သွားစားတာ ပင်လယ်စာဆိုလို့ ပုစွန်တစ်ကောင်နဲ့ ပြည်ကြီးငါး နည်းနည်းလေးပဲပါတယ်။ ပိုက်ဆံကျတော့လည်း ၈ ထောင်လောက်ပေးရတယ်။ အရသာကလည်း ထင်သလောက် မကောင်းဘူး။ ဆိုင်ကသာ နာမည်ကြီးတာ မကောင်းဘူး။ အဲဒါကိုတော့ မတန်ဘူးလို့ထင်ပါ တယ်။ ဈေးပေါပြီးတန်တာမျိုးဆိုရင် ဘူးဖေးကျွေးတဲ့ မြန်မာထမင်းဆိုင်တွေပေါ့။ သူတို့က ဟင်းတွေအများကြီးချပေးတယ်။ ကုန်သွားရင်လည်း ထပ်ထည့်ပေးတယ်။ အဝစားပေါ့။ အဲ့ဒါမျိုးကိုတော့ အရမ်းတန်တယ်လို့ထင်မိပါတယ်။

စားသောက်ဆိုင်နဲ့ အိမ်မှာဆိုရင် ဘယ်မှာပိုပြီးတော့ စားချင်လဲ။

        အဲ့ဒါကတော့ အချိန်နဲ့အခါနဲ့ပေါ် မူတည်ပါတယ်။   တစ်ခါတလေကျရင်တော့ ဆိုင်မှာပဲ စားချင်တယ်။ တစ်ခါတလေကျရင်တော့ အိမ်က အစားသောက်ပဲ စားချင်တာပေါ့။

မေမြတ်နိုးကြိုက်ဆုံး အသီးအနှံ၊ အရွက်၊ အသား၊ ငါးတွေကို ပြောပြပေးပါဦး။   ဖျော်ရည် တွေထဲမှာဆိုရင်ရော။

        ညီမအကြိုက်ဆုံးအသီးအနှံဆိုရင်တော့ ဖရဲသီး။ အရွက်တွေထဲမှာဆိုရင် မုန်လာဥနီကြိုက်တယ်။ အသားငါးထဲမှာဆိုရင်တော့ အမဲသားနဲ့ ပုစွန်ကိုကြိုက်တယ်။ ဖျော်ရည်ထဲမှာဆိုရင်တော့ ဖရဲသီးဖျော်ရည်ကြိုက်တယ်။

ညီမနဲ့မတည့်တဲ့ အစားသောက်တွေရောရှိလား။ မကြိုက်တဲ့အစားစာရော။

        မတည့်တာမျိုးတော့မရှိဘူး။ မကြိုက်တာဆိုရင်တော့ မြတ်နိုးက အခါးလုံးဝမကြိုက်ဘူး။ အခါးနဲ့ပတ်သက်တာ ဘယ်အရာမှမစားဘူး။ ကြက်ဟင်းခါးသီးတို့ ဘာတို့လည်း မစားဘူး။ ချောကလက်ဆိုရင်လည်း ခါးတာမစားဘူး။ နောက် အသားထဲမှာဆိုရင် ဝက်သားမစားဘူး။ ကြက်သားလည်း မကြိုက်တော့ မစားဘူး။

အစားသောက်တစ်ခုခုကိုစားနေတုန်း အဲဒီထဲမှာ ရွံစရာတွေဘာတွေရောတွေ့ဖူးလား။ အစားသောက် စားနေရင်း သူငယ်ချင်းတွေက ဘေးနားက ရွံစရာ ပြောရင်ရော ရွံတတ်လား။

        တွေ့ဖူးပါတယ်။ ဆိုင်တစ်ဆိုင်မှာ ညီမလေးမွေးနေ့မှာ သွားစားကြတာ။ တရုတ်တို့ဟူးထဲကနေ လောက်ထွက်လာတာမျိုး တွေ့ဖူးတယ်။ အဲဒီတုန်းကတော့ တော်တော်ဆိုးဆိုးရွားရွားပဲ စားသမျှတွေ ပြန်အန်ထွက်ချင်လောက်အောင်ပဲ။ သူငယ်ချင်းတွေ စနောက်တာ တစ်ခါတလေကျရင် စိတ်ထဲမှာမထားတော့ မရွံပါဘူး။ ဒါပေမဲ့ သူတို့က အရမ်းညစ်ပတ်တာမျိုး စနောက်ရင်တော့ စိတ်ထဲမှာ မခံစားနိုင်တော့ဘူး။

အစားသောက်က နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှုကို ဖော်ဆောင်နိုင်တယ်လို့ ထင်မြင်မိပါသလား။

        ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြတ်နိုး နိုင်ငံတကာသွားတဲ့အခါမှာ သွားတဲ့နိုင်ငံတွေမှာ သူတို့စားတဲ့ အစားသောက်တွေရယ် သူတို့သုံးတဲ့ ဟင်းခတ်တွေရယ် မတူဘူး။ ဥပမာ ဖိလစ်ပိုင်သွားတုန်းကဆိုရင် သူတို့ ခေါက်ဆွဲနဲ့ ထမင်းကိုအရမ်းစားတယ်။ အချိုအရမ်းစားတယ်။ အစပ်လုံးဝမစားဘူး။ ကိုရီးယားကျတော့ အရွက်တွေအရမ်းစားတယ်။ အပြုတ်တွေ အရမ်းစားတယ်။ မလေးတို့၊ ထိုင်းတို့ကျတော့ အစပ်အရမ်းစားတယ်။ အဲဒီတော့ အဲ့ဒီနိုင်ငံတွေပေါ်မှာလည်း လူတွေရဲ့ စားသောက်မှုယဉ်ကျေးမှုပုံစံက ကွဲပြားတယ်လို့ထင်ပါတယ်။

Asia Top Model မှာဝင်ပြိုင်ဖြစ်သွားပုံလေးကို ပြောပြပေးပါဦး။

        ဝင်ပြိုင်ဖြစ်တာက အဓိက နိုင်ငံကိုယ်စားပြုအနေနဲ့ မြတ်နိုး မပြိုင်တာလည်း ၂ နှစ် ရှိသွားပြီဆိုတော့ အွန်လိုင်းကနေ လျှောက်လွှာတင်ပြီးတော့ ကိုယ့်ဘာသာကို ဝင်ပြိုင်ဖြစ်သွားတာပါ။

အဲ့ဒီပွဲမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်ခဲတွေကရော။

        အခက်ခဲတွေကတော့ ရှိပါတယ်။ အဓိကအခက်ခဲက မြတ်နိုးက ဘယ်သူမှလည်းမပါဘူး။ တစ်ယောက်တည်းသွားရတယ်။ နောက် စိန်ခေါ်ပွဲတွေကလည်း ခက်ခဲပါတယ်။ နောက် လုပ်ရတဲ့ လေ့ကျင့်ခန်းတွေ ပြိုင်ပွဲရဲ့စနစ်တွေက ကြည့်လိုက်ရင်သာ လွယ်မယ်ထင်တာပါ။ တကယ်တန်း လုပ်ရတော့ အရမ်းခက်ခဲပါတယ်။

ပရိသတ်တွေလည်းကြည့်ရတယ်။   ဖန်လုံးထဲမှာ ဝင်ပြီးသရုပ်ဆောင်ရတဲ့အခါမှာ ညီမ ငိုတာတောင်တွေ့ရတယ်။ အဲ့ဒီတုန်းက ဖြစ်ပုံလေးပြောပြပေးပါဦး။

        အဲ့ဒီတုန်းက အဲ့အလုံးထဲမှာ မြတ်နိုး အသက်ရှူအရမ်းကျပ်သွားတာပါ။ အသက်ရှူကျပ်နေပေမယ့်လည်း ဒီပြိုင်ပွဲမှာ ငါအကောင်းဆုံးလုပ်နိုင် ရမယ်ဆိုတဲ့ စိတ်ကို ထည့်တယ်။ အသက်ရှူကျပ်တာတစ်ခုတည်းနဲ့ ပြိုင်ပွဲကနေ ငါထွက်သွားရရင် ဘယ်လိုလုပ်မလဲဆိုတဲ့ စိတ်လေးနဲ့ အသက်ရှူကျပ်တာကိုမေ့ပြီးတော့ ပိုစ့်လုပ်တယ်။ ဒိုင်တွေကလည်း ဓာတ်ပုံရိုက်တာရသွားပြီလို့ပြောတဲ့အချိန်မှာ စိတ်ကိုလျော့ ချလိုက်တဲ့အချိန်မှာ အသက်ရှူ ကျပ်တာကို စိတ်ထဲမှာပြန်ဝင်လာပြီးတော့ အရမ်းငိုမိသွားတာပါ။

အဲ့ဒီပြိုင်ပွဲမှာ ညီမ ဘယ်လိုအတွေ့အကြုံလေးတွေရခဲ့လဲ။

        ပြိုင်ပွဲမှာ သူငယ်ချင်းတွေအများကြီးရခဲ့တယ်။ နိုင်ငံတကာအဆင့် ဓာတ်ပုံဆရာတွေနဲ့လည်း အများကြီးအဆက်အသွယ်ရခဲ့တယ်။ မော်ဒယ်တစ်ယောက်ဟာ ဘယ်လိုနေထိုင်စားသောက်ရလဲ၊ ဘယ်လိုဆက်ဆံမှုတွေနေရလဲဆိုတာတွေကို အများကြီးလေ့လာခဲ့ရပါတယ်။

အမေရိကန် နယူးယောက်ဖက်ရှင်ပွဲကို ညီမတက်ခွင့်ရတယ်လို့ သိရပါတယ်။ သိချင်တာက အခု Asia Top Model ပြိုင်ပွဲမှာ ဘယ်လိုအဆင့်ရမှ ဝင်ရောက်ခွင့်ရတာလဲညီမ။

        နယူးယောက်ဖက်ရှင်ပွဲက နိုင်ငံတကာမှာ နာမည်ကြီးတဲ့ မော်ဒယ်လ်တွေပဲ တက်ခွင့်ရတဲ့ပွဲပါ။ မြတ်နိုးက Asia Top Model ပြိုင်ပွဲမှာ Maybelline ကနေပြီးတော့ မြတ်နိုးကို အဲ့ဒီဖက်ရှင်ပွဲတက်ရောက်ခွင့် ဆုကိုပေးလို့ သွားဖြစ်တာပါ။ အဲ့ဒီ Asia Top Model ပြိုင်ပွဲမှာ မေမြတ်နိုး နံပါတ် ၇ ရခဲ့ပါတယ်။

အခု ညီမလုပ်ပြတဲ့ ပုစွန်မက်စီမန်ကြော်လေးကို လိုက်လုပ်စားမယ့်ပရိသတ်အတွက် အမှတ်တရစကားလက်ဆောင်လေးကို ပြောပြပေးပါဦး။

        မြတ်နိုးလို ပုစွန်ကြိုက်တဲ့ ပရိသတ်ကြီးလည်း ဒီဟင်းပွဲလေးကို ချက်စားကြည့်စေချင်ပါတယ်။ အစားသောက်ကိုလည်း ကိုယ်ကြိုက်တာကို စားကြပါလို့။ အစားသောက်ချက်တဲ့နေရာမှာ ကန့်သတ်ချက်မထားကြပါနဲ့လို့။ ကိုယ့်ရဲ့ အရသာ အချိန်အဆနဲ့ ချက်စားကြည့်ပါ။ ဒါမှလည်း ကိုယ်ပိုင် ဟင်းချက်နည်းလေးတွေ ထွက်လာမှာပါလို့။

မေမြတ်နိုးရဲ့ ပုစွန်မက်စီမန်ကြော်

►   ပါဝင်ပစ္စည်း

♦   ပုစွန်   –   ၁၅ ကျပ်သားခန့်

♦   အာလူး   –   တစ်လုံး

♦   မုန်လာဥနီ   –   တစ်လုံး

♦   ကြက်သွန်နီ

♦   ပန်းငရုတ်ပွ   –   တစ်လုံး (လေးထောင့်လှီး)

♦   ယိုးဒယားငရုတ်သီးအနှစ်   –   စားပွဲဇွန်း ၁ ဇွန်းခန့်

♦   ဆီ   –   ၅ ကျပ်သား

♦   ရေ   –   အနည်းငယ်

♦   ဆား   –   လက်ဖက်ရည်ဇွန်း ၁ ဇွန်း

♦   ပဲငံပြာရည်   –   လက်ဖက်ရည်ဇွန်း ၁ ဇွန်း

♦   ငံပြာရည်   –   လက်ဖက်ရည်ဇွန်း ၁ ဇွန်း

♦   သကြား   –   လက်ဖက်ရည်ဇွန်း ၁ ဇွန်း

►   ပုစွန်ကြော်ရန်အတွက်

        မုန့်နှစ်၊ တန်ပူရာ၊ ပေါင်မုန့်

►   ပြုလုပ်နည်း

၁။    ပထမဆုံး ယိုးဒယား ငရုတ်သီးအနှစ်ကို ဆီသတ်ပါ။ ပါဝင်သောအရသာတွေဖြစ်တဲ့ ဆား၊သကြား၊ ပဲငံပြာရည်၊ ငံပြာရည်တို့ပါထည့်ပါ။

၂။    ရနံ့မွှေးလာပြီဆိုလျှင် အာလူး၊ မုန်လာဥနီ၊ ပန်းငရုတ်ပွ၊ ကြက်သွန်နီ တို့ကိုထည့်ပြီး ရေစပ်စပ်နဲ့ နူးအောင်လုပ်ထားပါ။

၃။    ပြီးလျှင် အခြားဒယ်အိုးနဲ့ ပုစွန်ကို မုန့်နှစ်၊တန် ပူရာမှုန့်ဖျော်ထားတာကို ပေါင်မုန့်လေးနဲ့ ပြန်ကပ်ပြီး ရွှေညိုရောင်သန်းတဲ့အထိကြော်ပြီး ဆယ်ထားပါ။

၎။    ထို့နောက် ပထမ ဆီသတ်ပြီးကြော်ထားသော အသီးအရွက်၊ အနှစ်များပေါ်တွင် ပုစွန်ကြော်များကို စီထည့်ပြီးလျှင် သုံးဆောင်လို့ရပါပြီ။

Facebook Comments