စားပြီးတော့ အရမ်းကောင်းတယ်လို့ ချီးမွမ်းလိုက်ရင်တော့ ကိုယ်ပင်ပန်းထားတာတွေ အကုန်ပျောက်သွားသလို ပီတိမျိုး ခံစားရတယ်ဆိုတဲ့ စုလတ်နွယ်

စားပြီးတော့ အရမ်းကောင်းတယ်လို့ ချီးမွမ်းလိုက်ရင်တော့ ကိုယ်ပင်ပန်းထားတာတွေ အကုန်ပျောက်သွားသလို ပီတိမျိုး ခံစားရတယ်ဆိုတဲ့ စုလတ်နွယ်

♦   အာဂ မေးမြန်းရေးသားသည်   ♦

အချက်အပြုတ်ကို ဘယ်အရွယ်လောက်ကတည်းက စပြီးတော့ ဝါသနာပါခဲ့ပါသလဲ။

            ညီမက အိမ်မှာ အကြီးလည်းဖြစ်တယ်။ ၇ တန်း၊ ၈ တန်းလောက်မှာကတည်းက စပြီးတော့ချက်ဖြစ်တယ်။ အမေကလည်း အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်တဲ့အတွက် အမေရုံးသွားတဲ့အချိန်ကျရင် အဘွားကချက်ဖြစ်တယ်။ အဲ့ဒီလို အဘွားချက်လို့ရှိရင် ညီမက ဘေးနားကနေပြီး အမြဲတမ်း ဝိုင်းကူညီလုပ်ပေးတယ်။ ပြောရမယ်ဆိုရင် အဲ့ဒီအချိန်ထဲက မသိစိတ်ထဲက ဝါသနာပါတယ်။ မိန်းကလေးတစ်ယောက်ဖြစ်တဲ့အတွက်လည်း ဒီအချက်အပြုတ်က တစ်ချိန်ချိန်မှာ လုပ်ကိုလုပ်ရမယ်ဆိုတဲ့ အသိစိတ်နဲ့ အဲဒီအချိန်ထဲက လေ့လာဖြစ်တယ်။

အခု ပုစွန်ပင်စိမ်းဟင်းလေးကို ပရိသတ်ကို ချက်ပြဖို့စီစဉ် ဖြစ်သွားပုံလေးကိုလည်း ပြောပြပေးပါဦး။

            ညီမက ထိုင်းအစာစာကိုကြိုက်တယ်။ ပြီးတော့ ပုစွန်က ညီမတော်တော်လေးကြိုက်တဲ့ ထဲမှာပါတယ်။ ပုံမှန်ဆိုရင်တော့ ပုစွန်ဆီပြန်တို့လောက်ပဲ ချက်စားဖြစ်တယ်။ အခုက ပင်စိမ်းလေးနဲ့ ယိုးဒယား စတိုင်လ်လေးချက်ပြထားတော့ အရသာလေးလည်း ဆန်းတယ်။ ပုံမှန် ဆီပြန်တွေချက်ဖြစ်တာများတော့ အခုအပြောင်းအလဲလေးဖြစ်အောင် ချက်ဖြစ်တာပါ။

ဘဝမှာ ပထမဆုံး စချက်ဖြစ်တဲ့ ဟင်းပွဲလေးကို မှတ်မိသေးရင် ပြောပြပေးပါဦး။ အရသာကရော ဘယ်လိုရှိသလဲ။

          ပထမဆုံးချက်ဖြစ်တာက ၅ တန်းလောက်မှာ အိမ်ကို အစ်ကိုတစ်ဝမ်းကွဲမိသားစု လာလည်မယ်ဆိုလို့ အမေက ကန်စွန်းရွက်ကြော်နေတာ အဲဒီအချိန်မှာ ညီမက လျှာရှည်ပြီးတော့ သမီးကြော်မယ်ဆိုပြီး ကြော်တယ်။ အမေကလည်း လွှတ်ပေးထားတယ်။ အဲဒီအချိန်မှာ ဘာဖြစ်လဲဆိုတော့ ကန်စွန်းရွက်ကြော်ရင် ရေနည်းနည်းတောက်ကြတယ်။ ဒါပေမဲ့ ညီမကကြော်နေတဲ့ တစ်အိုးလုံးအပြည့် ရေတွေထည့် လိုက်တယ်။ အမေကတော့ ဘာမှမပြောပါဘူး။ နောက်ပိုင်းမှ ပြန်စဉ်းစားမိတော့ အဲဒီနေ့က ထမင်းဝိုင်းမှာ အဲဒီကန်စွန်းရွက်ကြော် မပါဘူး။

စုလတ်ချက်တဲ့ဟင်းတွေထဲမှာ လူကြိုက်အများဆုံး ဟင်းပွဲကရော ဘာဟင်းပွဲဖြစ်မလဲ။

            လူကြိုက်အများဆုံးဆိုရင် ပုန်းရည်ကြီး ထမင်းသုပ်ပါ။ အဲဒီအသုပ်ဆိုရင် အိမ်ကညီမက တစ်ချိန်ကျရင် ဆိုင်ဖွင့်ပေးမယ်လို့ပြောတဲ့အထိပါပဲ။ ပုန်းရည်ကြီး ထမင်းသုပ်ကို ညီမက ပုံမှန်သုပ်တာထက်စာရင် ပုန်းရည်ကြီးကို ပုစွန်ခြောက်၊ ကြက်သွန်ဖြူ၊ ဆီတွေနဲ့ တစ်ခါတည်း စိမ်ထားလိုက်တယ်။ ပြီးတော့မှ ထမင်းနဲ့သုပ်တဲ့အခါကျတော့ ကိုယ်တိုင်စားရတာလည်း အရမ်းကြိုက်တယ်။ သူများတွေကလည်း ကောင်းတယ်လို့ ပြောကြတယ်။

စုလတ်ချက်တဲ့ဟင်းကိုစားပြီး ပထမဆုံးချီးမွမ်းခံရတုန်းက ခံစားချက်ကရော။ အချက်အပြုတ်ကို ဘယ်သူတွေဆီကသင်ယူဖူးလဲ။

            အဲလိုချီးမွမ်းရင်တော့ အရမ်းပျော်ဖို့ကောင်းပါတယ်။ဘာဖြစ်လို့လည်းဆိုတော့ တစ်ကယ်တော့ မီးဖိုချောင်မှာ ဟင်းချက်တယ်ဆိုတဲ့အလုပ်က အရမ်းပင်ပန်းတယ်။ ဟင်း တစ်ပွဲစားလိုက်တဲ့အခါမှာ ဘာမှသိပ်မသိသာပေမယ့် အဲ့ဒီဟင်းကို ချက်ရတဲ့အလုပ်က ကရိကထလည်းများတယ်။ အလုပ်လည်းရှုပ်တယ်။ အဲဒီလိုမျိုး ကိုယ်က အပင်ပန်းခံပြီးချက် တဲ့ဟင်းကို မကောင်းဘူးလို့အပြောခံရရင် စိတ်ထဲမှာမကောင်းဘူး။ ဒါပေမဲ့ စားပြီးတော့ အရမ်းကောင်းတယ်လို့ ချီးမွမ်းလိုက်ရင်တော့ ကိုယ်ပင်ပန်းထားတာတွေအကုန်ပျောက် သွားသလို ပီတိမျိုးခံစားရတယ်။ အချက်အပြုတ် အဓိကသင်ယူဖြစ်တာကတော့ အဘွား ရယ်၊ အဒေါ်ဆီကနေပြီးတော့ သင်ဖြစ်ပါတယ်။ အမေကတော့ ဝန်ထမ်းဆိုတော့ ရုံးသွား ရတာများတယ်။ အဘွားချက်တာကြည့်တယ်။ နောက် အိမ်ဘေးကပ်လျက်ကအဒေါ်က ဟင်းချက်ကောင်းတယ်။ သူဆီကလည်း ချက်နည်းတွေလေ့လာတယ်။

ငယ်ငယ်တုန်းကကြိုက်ပြီး အသက်ကြီးမှ မကြိုက်တာနဲ့ ငယ်ငယ်က မကြိုက်ဘဲ အသက်ကြီးမှ ကြိုက်တာဆိုရင်ရော။

            ငယ်ငယ်ကကြိုက်ပြီး အခုအသက်ကြီးမှ မကြိုက်တာဆိုရင်တော့ ကြာဆံချက်ပါ။ ငယ်ငယ်တုန်းကမကြိုက်တာဆိုရင် အုန်းနို့ခေါက်ဆွဲပါ။ ငယ်ငယ်က ဘယ်လိုမှစားလို့မရဘူး။ အခုအသက်ကြီးလာတော့ အုန်းနို့ခေါက်ဆွဲ အရမ်းကြိုက်တယ်။

အစားအသောက်နဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်လေးတွေရှိရင် ပြောပြပေးပါဦး။ ဥပမာ-တချို့ သကြားလုံးမျိုမိတာတို့၊ ကျောင်းမှာ မုန့်ခိုးစားလို့ အရိုက်ခံရတာတို့၊ ဟင်းခိုးစားတာတို့ပေါ့။  

            အမှတ်တရဆိုရင်တော့ သူငယ်တန်း၊ ၁ တန်းလောက်က အိမ်ကအမေက မုန့်ဘူးနဲ့ အကုန်ထည့်ပေးတယ်။ လူတွေရဲ့ထုံးစံအရလားမသိဘူး မလုပ်ရတာဆိုရင် အကုန်လုပ်ချင်တယ်။ အိမ်က အဲဒီလိုသေချာမုန့်ဘူးထည့်ပေးတာကို မစားချင်ဘူး။ မုန့်ဈေးတန်းက မုန့်ကို စားချင်တယ်။ အဲဒါနဲ့ ညီမဝမ်းကွဲနဲ့ မုန့်ဖိုးပိုက်ဆံလေးတွေနဲ့ ကပ်စေးနှဲသွားစားမိတယ်။ ဖြစ်ချင်တော့ ခိုးစားပါတယ်ဆိုမှ အဲဒီကပ်စေးနှဲတွေက အင်္ကျီမှာ အကုန်ကပ်သွားတယ်။ အိမ်ရောက်တော့ လူကြီးတွေသိသွားတယ်။ အဲ့ဒါကတော့ အမှတ်တရပါပဲ။

မနက်စာကို ဘယ်အချိန်လောက်စားဖြစ်လဲ။ ဘာဟင်းတွေနဲ့ စားဖြစ်တာများလဲ။ နေ့လယ်စာနဲ့ ညစာရော။

            ညီမရဲ့ စားသောက်မှုပုံစံကတော့ မနက်စာကို အများကြီးစားတယ်။ ညီမက အရင်ကတည်း ဝလည်းဝလွယ်တဲ့ အမျိုးအစားဖြစ်တဲ့အတွက် ညစာကို တက်နိုင်သမျှ မစားဖြစ်ဘူး။ အဲ့ဒါကြောင့် မနက်စာကို ပိုစားဖြစ်တယ်။ အကျင့်အနေနဲ့ ဗိုက်ပြည့်အောင်ကိုစားတယ်။ ကော်ဖီ၊ မုန့်လောက်နဲ့ မတင်းတိမ်ဘူး။ အသုပ်စားရင်လည်း ထမင်းနဲ့တွဲစားတာမျိုးပါ။ နေ့လယ်စာကတော့ ပုံမှန်ပါပဲ။ ညဖက်ကတော့ စားချင်လာရင်တော့ အသီးအနှံလောက်ပဲ စားဖြစ်ပါတယ်။

ညစာဖြစ်ရင်ရော အိမ်မှာမိသားစုနဲ့ စားဖြစ်လား။ ဒါမှမဟုတ် အပြင်မှာစားဖြစ်သလား။ ညစာစားပြီးရင်ရော အချိုတည်းလား။

            စားဖြစ်ခဲ့ရင်တော့ အပြင်မှာစားဖြစ်တာများပါတယ်။ အလုပ်ကလည်း မိုးချုပ်တာမျိုးဆိုတော့ သူငယ်ချင်းတွေနဲ့ သွားစားဖြစ်တာများတယ်။

စားဖူးသမျှအစားအစာတွေထဲမှာ တစ်သက်မမေ့လောက်အောင်ဖြစ်တဲ့ အစားအသောက် မျိုးရောရှိလား။

            တစ်သက်မမေ့တာမျိုးဆိုရင် ပထမဆုံး အလုပ်ကိစ္စနဲ့ ဘန်ကောက်ကို ခရီးသွားတယ်။ ၂ ရက်လောက်က ရှော့ပင်ပါတော့ မှတ်မှတ်ရရ သဇင်တို့၊ မဇွန်နှင်း တို့နဲ့ တစ်နေကုန် ရှော့ပင်ထွက်ကြတယ်။ အဲဒီနေ့မှ မှတ်မှတ်ရရ ကွေ့တီယို တစ်ပွဲလောက်ပဲ အမြန်စားဖြစ်တယ်။ ရှော့ပင်က ပြန်တဲ့အချိန် ဟော်တယ်ရောက်တော့ အရမ်းဗိုက်ဆာနေပြီ။ အဲဒီမှာ ရှိသမျှ ပိုက်ဆံအကြွေစေ့လေးတွေစုကြည့်တော့ ခေါက်ဆွဲတစ်ဘူးစာရတယ်။ အဲဒီခေါက်ဆွဲကို အရည်ပါမကျန် မော့သောက်ဖြစ်တယ်။ အဲဒီဟာက တစ်သက်မမေ့နိုင်အောင် အရသာရှိဆုံးအစားစာပဲ။

ထူးထူးဆန်းဆန်း အစားအသောက်တွေရော ညီမစားဘူးလား။

            ညီမက တက်နိုင်သမျှ ထူးထူးဆန်းဆန်းဖြစ်တဲ့ အစားစာမျိုးမစားဖြစ်ဘူး။ ပုရစ်တောင်မှ အခုနောက်ပိုင်းမှစားတာ။ ကိုမြင့်ဦးသာနဲ့ Food & Deco ရိုက်တော့ မှတ်မှတ်ရရ ပင်းတယဈေးထဲမှာ ခါချဉ်ကြော်ကို ကိုမြင့်ဦးသာက မြည်းခိုင်းတယ်။ ဒါပေမဲ့ ညီမ မမြည်းခဲ့ဘူး။ သို့သော် နောက်ပိုင်း အပြင်မှာစားကြည့်တဲ့အခါမှာ စိတ်ထဲမှာ ကြောက်နေသလောက် မဟုတ်ဘဲ။ ချဉ်တဲ့အရသာနဲ့ စားလို့ကောင်းတယ်ဆိုတာ သိလာတယ်။ ဒါကတော့ ထူးဆန်းတဲ့ အစားအသောက်လို့ ပြောရမလားပဲ။

ညီမအနေနဲ့ Food & Deco မှာ ပါဝင်လုပ်ဆောင်ဖြစ်သွားပုံလေးကရော။

            Food & Deco မှာ ပါဝင်ဖြစ်သွားပုံက ညီမ ခေတ်သစ်ပျိုမေ ရိုက်နေတဲ့အချိန်မှာ Food & Deco ရိုက်ဖို့ရှိတယ်လို့ ပြောတယ်။ အဲဒီတုန်းက ရန်ကုန်မှာပဲ ၂ ပိုင်း၊ ၃ ပိုင်း လောက် ရိုက်တယ်။ အဲဒီမှာ ပရိုဂျူဆာအစ်မက ညီမကို သဘောကျတယ်။ ညီမကလည်း ခရီးသွားရတာသဘောကျတော့ နောက်ပိုင်း တောက်လျှောက် ခရီးတွေပါသွားပြီး ရိုက်ဖြစ်တယ်။ အခုချိန်အထိပေါ့။

အဲ့ဒီလိုရိုက်ဖြစ်တဲ့အခါမှာ ကိုမြင့်ဦးသာဆီက ဘာတွေများသင်ယူမိလဲ။

            ကိုမြင့်ဦးသာဆီကတော့ တော်တော်များများ သင်ယူဖြစ်ပါတယ်။ ညီမက အရမ်းလည်း ကံကောင်းပါတယ်။ ကိုမြင့်ဦးသာအကြောင်းကို အကုန်လုံးလည်း သိပါတယ်။ သူကအရမ်းလည်း တော်ပါတယ်။ ဟင်းချက်တာမျိုးကကျတော့ သူဆီက အနီးကပ်သင်ယူရပါတယ်။ ဆီသတ်တာမျိုးကအစပေါ့။ အမျိုးမျိုးသင်ယူရပါတယ်။ ပန်းအလှပြင်တာမျိုးတွေလည်း သင်ယူခွင့်ရပါတယ်။ နောက်တစ်ခုက သူကအလုပ်အရမ်းလုပ်ပြီး ညီမတို့ထက် အများကြီး စနစ်ကျတယ်။ ဥပမာ ကိုယ်တွေခရီးတစ်ခုသွားမယ်ဆိုရင် ညီမတို့က ကားပေါ်မှာ စကားတွေ ပြောမယ်။ သူကတော့ အဲ့ဒီလိုမဟုတ်ဘူး။ သူခေါင်းထဲမှာ အမြဲတမ်းအလုပ်ရှိနေတယ်။ လမ်းမှာတွေ့တဲ့ ပန်းပင်တွေကအစ သူကြည့်သွားတယ်။ အဲဒီပန်းပင်တွေကို ဘယ်လို အသုံးချရမလဲဆိုတာမျိုးကအစပေါ့။ ပြီးလို့ရှိရင် အချိန်လည်း အရမ်းတိကျတယ်။ ပြောရမယ်ဆိုရင် သူဆီက အလုပ်အကိုင်နဲ့ ပတ်သက်တာကအစ အများကြီးလေ့လာသင့်ယူမိပါတယ်။

ရှုတင်တို့၊ အလုပ်တို့သွားတဲ့အခါမှာ ထမင်းချိုင့်တွေယူလေ့ရှိလား။

            ယူသွားဖြစ်တယ်။ အမေက နေပြည်တော်မှာနေတဲ့အတွက် အိမ်မှာဆိုရင် ညီမက အမြဲတမ်းထမင်းချက်ရတယ်။ ဒီတော့ များသောအားဖြင့် ယူသွားဖြစ်တယ်။ ဒီလို ကိုယ့်ထမင်းချိုင့်နဲ့ ကိုယ် ယူသွားဖြစ်တဲ့အခါမှာ ကိုယ်ကိုယ်တိုင်လည်း ကျန်းမာရေးနဲ့ ညီညွတ်အောင် ချက်လို့ရတယ်။ နောက် စရိတ်လည်း ချွေတာနိုင်တယ်။

ညီမရဲ့   အစားအသောက်နဲ့ ကျန်းမာရေးပေါ်အမြင်နဲ့ အစားအသောက်နဲ့ ခန္ဓာကိုယ်ထိန်းသိမ်းမှုပုံလေးကို ပြောပြပေးပါဦး။

            အစားသောက်ဆိုတာ ခန္ဓာကိုယ်ကြီး ကျန်းမာအောင် နေ့တိုင်းစားသောက်နေရတာလေ။ ဒါပေမဲ့ ကိုယ်စားသောက်တဲ့ အစားအသောက်တွေကြောင့်ပဲ ကိုယ့်ရဲ့ ခန္ဓာကိုယ်အတွက် ဆိုးဝါးတာတွေဖြစ်နိုင်တယ်။ ဥပမာ အိမ်မှာ ဟင်းတွေချက်စားတဲ့အခါကျရင် ဆီမသန့်တာမျိုး။ ဆားကို လွန်ကဲသုံးတာမျိုး၊ ဟင်းခတ်မှုန့်တွေသုံးတာ လွန်တာမျိုး ဒီလိုမျိုးတွေကို ကိုယ့်အိမ်ရဲ့မိသားစု ကျန်းမာရေးကို ကြည့်ပြီးတော့ ချက်ပြုတ်သင့်တယ်။ အထူးသဖြင့် ယနေ့ခေတ်ကလူတွေက အပြင်စာစားတာများတယ်။ အပြင်စာက ကိုယ့်ရဲ့ကျန်းမာရေးအတွက် ဘယ်လောက်ထိ စိတ်ချရတယ်ဆိုတာ မသိနိုင်ဘူးလေ။ သူတို့က ဘယ်လောက်ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်ပြောပြော ကိုယ်ကိုယ်တိုင်ချက်တာ မဟုတ်တော့ ကျန်းမာရေးအတွက် စိတ်မချနိုင်ဘူး။ နောက်ပြီး ကိုယ်ကိုယ်တိုင်လည်း ကျန်းမာရေးနဲ့ ဗဟုသုတွေကို လေ့လာသင့်တယ်။ ဘယ်ဟာကို ဘယ်လိုချက်ရင် ကျန်းမာရေးနဲ့ ဘယ်လိုသင့်တော်တယ်ဆိုတာ လေ့လာပြီး ကိုယ်ကိုယ်တိုင် ချက်စားတာအကောင်းဆုံးလို့ ထင်ပါတယ်။

အိမ်ကမိဘတွေချက်တဲ့ ဟင်းတွေထဲမှ ဘယ်ဟင်းကို အကြိုက်ဆုံးလဲ။

            အိမ်က မိဘတွေချက်တဲ့ဟင်းမှာအကြိုက်ဆုံးဆိုရင် အမေကြော်တဲ့ ကြာဆံကြော်ကို အကြိုက်ဆုံးပဲ။ အခြားလူကြော်တာထက် အမေကြော်တာကိုစားရတာ ပိုပြီး အရသာရှိတယ်လို့ ခံစားရတယ်။

နိုင်ငံတကာက အစားအသောက်တွေမှာဆိုရင် ဘယ်နိုင်ငံက ဘယ်အစားသောက်ကို စားဖြစ်တာများလဲ။

            ထိုင်းစာကြိုက်တယ်။ ဂျပန်စာ ဆူရှီတို့ကြိုက်တယ်။ ထိုင်းစာက ချဉ်စပ်ဖြစ်လို့ ကြိုက်တာ။ အကြိုက်ဆုံးက ကွေ့တီယိုပါပဲ။

နိုင်ငံခြားကိုရောက်နေတဲ့အချိန်မှာ ကိုယ့်နိုင်ငံက ဘယ်အစာအစားကို လွမ်းဆွတ်တမ်းတမိပါသလဲ။

            ချဉ်ပေါင်ကြော်နဲ့ ငါးပိရည်ကို သတိရမိတယ်။ ကိုယ်က အချဉ်အစပ်ကြိုက်တာဖြစ်တဲ့အတွက် ဟိုမှာ ၂ ရက်၊ ၃ ရက်လောက်ကြာရင် သူတို့အစားစာကို ရက်ရှည်ကြီးမစားနိုင်ဘူး။

ဘဝမှာ အမှတ်တရဖြစ်မယ့် အစားအစာရှိလား။ ဥပမာ အဲဒီအစားအစာကို စားလိုက်ရင် တစ်နေရာရာ၊ တစ်ယောက်ယောက် စသဖြင့် အမှတ်တရဖြစ်မယ့် အစားအစာမျိုးပေါ့။

            အဲ့ဒီလိုမျိုးတော့ရှိတယ်။ Food & Deco နဲ့လည်း ခရီးတွေ အကြာကြီးသွားဖြစ်ခဲ့တယ်။ ရိုက်ကူးရေးအဖွဲ့သားတွေနဲ့ အကုန်လုံးနဲ့ကလည်း မိသားစုလိုဖြစ်နေတယ်ဆိုတော့ ညီမတို့သွားခဲ့တဲ့ ခရီးတစ်လျှောက်မှာ စားဖြစ်ခဲ့တဲ့ အစားစာတွေကို ပြန်စားမိရင် အဖွဲ့သားတွေကို သတိရမိပါတယ်။ နောက် ငယ်ငယ်က ကျောင်းနားမှာစားခဲ့တဲ့ အုန်းမွှေးလုံး၊ ဓားလှီးမုန့် တို့လိုမျိုးတွေ ပြန်စားမိရင် ကျောင်းတက်တုန်းက ဘဝကိုပြန်သတိရမိတယ်။

ညီမစားဖူးသမျှထဲမှာ ဈေးကြီးပြီး မတန်ဘူးထင်တဲ့ အစားအသောက်တွေရှိလား။ ဈေးပေါပြီး တန်တယ်ထင်တာမျိုးရော။

            ဈေးဘယ်လောက်ြ ကီးကြီးအရသာမရှိဘူးဆိုရင်တော့ ညီမကမတန်ဘူး ထင်တယ်။ တစ်ချို့ဆို ဆိုင်ကောင်းမှာသွားစားတယ်။ ဒါပေမဲ့ ပေးရတဲ့ဈေးနဲ့ ပြန်ရတဲ့အရသာက စိတ်ကျေနပ်မှုမရှိဘူး။ ဈေးပေါပြီး တန်တာမျိုးတွေတော့ ရှိတယ်။ ဥပမာ ညီမက အသုပ်စုံတွေ ဆိုကြိုက်တယ်။ အသုပ်ဆိုရင် ဘယ်လိုနေရမျိုးဖြစ်ဖြစ် စားတယ်။ ကိုယ်ကလည်း တကယ်ကြိုက်တဲ့အတွက် အဲ့ဒီလိုအစားစာတွေ စားရတဲ့အခါမှာ စိတ်ကျေနပ်မှုရစေတယ်။

စားသောက်ဆိုင်နဲ့ အိမ်မှာဆိုရင် ဘယ်မှာပိုပြီးတော့ စားချင်လဲ။

            အမှန်တိုင်းပြောရရင်တော့ စားသောက်ဆိုင်မှာ ပိုစားချင်မိပါတယ်။ ကိုယ့်အိမ်မှာ ချက်တဲ့အခါကျတော့ ပုံမှန်ဟင်းလျာတွေပဲဖြစ်တဲ့အတွက် စားသောက်ဆိုင်မှာ ပိုစားချင် တယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ကျန်းမာရေးအတွက် စိတ်ချရမယ့်ဆိုင်မျိုးမှာ စားချင်တာပါ။

ညီမအကြိုက်ဆုံး အသီးအနှံ၊ အရွက်၊ အသား၊ ငါးတွေကို ပြောပြပေးပါဦး။ ဖျော်ရည် တွေထဲမှာဆိုရင်ရော။

            အကြိုက်ဆုံးအသီးအနှံကတော့ လိမ္မော်သီးနဲ့ ဖရဲသီးပါ။ အသီးအရွက်တော့ ကန်စွန်း ရွက်။ ကိုက်လန်ကြိုက်တယ်။ သားငါးတွေထဲမှာဆိုရင်ရော ရှောင်မယ်လို့စဉ်းစားပြီး မရှောင်ဖြစ်သေးတာက ဝက်သားကြိုက်တယ်။ ပုစွန်အရမ်းကြိုက်တယ်။

မကြိုက်တာတွေကရော။

            ပဲကြီးနှပ်၊ ပဲကတ္တီပါ၊ ပဲလိပ်ပြာတွေကိုတော့ မကြိုက်ပါဘူး။

အစားအသောက်တစ်ခုခုကိုစားနေတုန်း အဲဒီထဲမှာ ရွံစရာတွေ ဘာတွေရော တွေ့ဖူးလား။ အစားအသောက်စားနေရင်း သူငယ်ချင်းတွေက ဘေးနားက ရွံစရာပြောရင်ရော ရွံတတ်လား။

            အရင်တုန်းကတော့ မရွံတတ်ပါဘူး။ ဘယ်လောက်တွေ့ တွေ့ မရွံတတ်ဘူး။ ဥပမာ တချို့တွေရှိတယ်။ အစားအ သောက်စားနေတုန်း ရွံစရာတွေလာပြောရင် မရွံတတ်ဘူး။ အခုနောက်ပိုင်းကျတော့ အသက်ကြီးလာလို့လား မသိဘူး ဟိုတစ်လောက ပေါက်စီထဲမှာ အမျှင်ကြီးတစ်ခုတွေ့လိုက်တယ်။ ဆက်မစားနိုင်တော့ဘူး။ ဘေးကနေစနောက်ရင်တော့ မရွံပါဘူး။

အစားအသောက်က နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှုကို ဖော်ဆောင်နိုင်တယ်လို့ ထင်မြင်မိပါသလား။

            ဟုတ်ထင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ညီမတို့လည်း ခရီးတွေသွားတဲ့အခါမှာ နေရာဒေသတစ်ခုရောက်လို့ရှိရင် ပတ်ဝန်းကျင် ဗဟုသုတအပြင် အဲဒီဒေသထွက်အစားစာကို အရင်ဆုံးလေ့လာဖြစ်ကြတယ်။ အဲဒီအစားစာက အဆိုပါဒေသကိုလည်း ရည်ညွှန်းတယ်။ နောက်ပြီး အဲဒီ ဒေသကလူမျိုးကိုလည်း ရည်ညွှန်းပါတယ်။

အခုညီမလုပ်ပြတဲ့ ပုစွန်ပင်စိမ်းဟင်းလေးကို လိုက်လုပ်စားမယ့် ပရိသတ်အတွက် အမှတ်တရစကားလက်ဆောင်လေးကို ပြောပြပေးပါဦး။

            ပုစွန်ကလည်း လူအများစုကြိုက်ကြပါတယ်။ ဒီအတွက် အကုန်လုံးလည်း သဘောကျမယ့် ဟင်းဖြစ်မယ်လို့ ထင်ပါတယ်။ လွယ်ကူရိုးရှင်းတဲ့အတွက်လည်း အားလုံးလိုက်ချက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

စုလတ်နွယ်ရဲ့ ယိုးဒယားစတိုင်လ် ပုစွန်ပင်စိမ်းဟင်း

   ပါဝင်ပစ္စည်း

♦   ကြက်သွန်နီ   –   ဥကြီး တစ်ခြမ်း

♦   ပင်စိမ်း   – အနည်းငယ်

♦   ပန်းငရုတ်ပွ   –   တစ်ခြမ်း

♦   ကြက်သွန်ဖြူ   –   ၃ တက်

♦   ငရုတ်သီးအနီတောင့်   –   ၃ တောင့်

♦   ပုစွန်   –   ၁ဝ ကျပ်သား

♦   ဆီ   –   ၅ ကျပ်သား

♦   ခရုဆီ   –   လက်ဖက်ဇွန်း ၁ ဇွန်း

♦   ယိုးဒယားငံပြာရည် –   အနည်းငယ်

♦   သကြား   –   ၁ ဇွန်း

►   ပြုလုပ်နည်း

၁။        ငရုတ်သီးအနီတောင်နှင့် ကြက်သွန်ဖြူကို နုပ် နုပ်စဉ်းပြီး။ ဆီသတ်ပါ။

၂။        ဆီကျက်လာတဲ့အခါကျရင် လေးစိတ်လှီးထား သော ကြက်သွန်နီနှင့် အမြှောင်းလိုက်လှီးထားသော ပန်းငရုတ်ပွကိုထည့်ပြီး ဆီသတ်ပေးပါ။

၃။        အနည်းငယ်ကျက်လာပြီဆိုလျှင် ပုစွန်များကို ထည့်ပါ။ ခရုဆီ၊ ယိုးဒယားငံပြာရည်၊ သကြား တို့ကိုထည့်ပါ။

၎။        ရနံ့မွှေးလာပါက ယိုးဒယာပင်စိမ်းအုပ်ပြီးလျှင် တည်ခင်းသုံးဆောင်နိုင်ပါပြီ။

♦   အာဂ မေးမြန်းရေးသားသည်   ♦

Facebook Comments