ငယ်ငယ်မူကြိုတက်ခဲ့တုန်းက ထမင်းချိုင့်ရဲ့ အနံ့ကို အခုထက်ထိသတိရမိတယ်ဆိုတဲ့ ပိုပိုဟေသာ

ငယ်ငယ်မူကြိုတက်ခဲ့တုန်းက ထမင်းချိုင့်ရဲ့ အနံ့ကို အခုထက်ထိသတိရမိတယ်ဆိုတဲ့ ပိုပိုဟေသာ

 အချက်အပြုတ်ကို ဘယ်အရွယ်လောက်ကတည်းက စပြီးတော့ဝါသနာပါခဲ့ပါသလဲ။

          ညီမငယ်ငယ်လေးကတည်းက အဖေရော၊ အမေရောက အချက်အပြုတ်နဲ့ပတ်သက်ရင် အရမ်းကျွမ်း တယ်။  ဒီတော့အဖေနဲ့ အမေကိုကြည့်ပြီးတော့ ငယ်ငယ်လေးကတည်းက ဝါသနာပါပါတယ်။

အခုယိုးဒယားစတိုင်လ် ကြက်ပင်စိမ်းချက်ကို ပရိသတ်ကို ချက်ပြဖို့စီစဉ်ဖြစ်သွားပုံလေးကိုလည်း ပြောပြပေးပါဦး။

          ဒီဟင်းလေးက လုပ်ပြဖြစ်တာက ဒီဟင်းပွဲလေးက  ညီမကြိုက်တဲ့ ဟင်းပွဲလေးလည်းဖြစ်တယ်။ ဒီတော့ ညီမကြိုက်တဲ့ဟင်းပွဲလေးကို ပရိသတ်ကြီးကို ချက်ပြချင်တာနဲ့ စီစဉ်ဖြစ်သွားတာပါ။

ဘဝမှာပထမဆုံးစချက်ဖြစ်တဲ့ ဟင်းပွဲလေးကို မှတ်မိသေးရင် ပြောပြပေးပါဦး။ အရသာကရော ဘယ်လိုရှိသလဲ။

          ပထမဆုံးလုပ်ဖြစ်တဲ့ ဟင်းပွဲဆိုရင်တော့ ကြက်ဥကြော်ပေါ့။ ဒါကပထမဆုံး လက်တည့်စမ်းတာလည်း ဖြစ်တယ်။ အဲဒါကိုပဲ မနည်းအဆင်ပြေအောင် ချက်ပြုတ်ခဲ့ရပါတယ်။ အရသာကတော့ ခါတိုင်းစားရတဲ့ အရသာ တွေထက်တော့ နည်းနည်းအရသာပေါ့သွားပါတယ်။

ပိုပိုဟေသာချက်တဲ့ဟင်းတွေထဲမှာ လူကြိုက်အများဆုံး ဟင်းပွဲကရော ဘာဟင်းပွဲဖြစ်မလဲ။

          ညီမချက်တဲ့ ဟင်းထဲမှာလူကြိုက်အများဆုံးဆိုရင်တော့ ကြက်ဥရှမ်းချက်ပါ။ သူကကြက်ဥကိုအရင် ကြော်ပြီး ဆယ်ထားလိုက်တယ်။ ပြီးတော့ ရှမ်းငရုတ် ချဉ်လေးနဲ့ ကြက်သွန်ဖြူကိုဆီသတ်ပြီး ဆယ်ထားတဲ့ ကြက်ဥကြော်ထည့်လိုက်တယ်။ ပြီးရင် ကော်ရည်နဲ့ အရသာလေးတွေထည့်လိုက်တယ်။ အစားလို့လည်း အရမ်းကောင်းပါတယ်။ ရှမ်းငရုတ်ချဉ်လေးနဲ့ချက်တဲ့ ဟင်းမို့ကြက်ဥရှမ်းချက်လို့ ကိုယ့်ဘာသာကိုယ် နာမည် ပေးဖြစ်သွားတဲ့ ဟင်းပွဲလေးပါ။

ညီမချက်တဲ့ဟင်းကိုစားပြီး ပထမဆုံးချီးမွမ်းခံရတုန်းကခံစားချက်ကရော။ အချက် အပြုတ်ကိုဘယ်သူတွေဆီက သင်ယူဖူးလဲ။

          ကိုယ်လုပ်ပေးလိုက်တဲ့ အရသာကိုကြိုက်ကြလို့ ချီးမွမ်းတော့ပျော်တာပေါ့။ နောက်တစ်ခါ ချက်ကျွေးချင် စိတ်လည်း ပေါက်သွားတယ်လေ။ အချက်အပြုတ်ကတော့ အဖေရော၊ အမေရောဆီက အဓိကသင်ယူဖြစ်တာ ပါ။ တစ်ယောက်တစ်မျိုးစီပေါ့။ မိဘတွေဆီကပဲ သင်ယူဖြစ်တာပါ။

ငယ်ငယ်တုန်းကကြိုက်ပြီး  အသက်ကြီးမှမကြိုက်တာနဲ့ ငယ်ငယ်ကမကြိုက်ဘဲ အသက်ကြီးမှကြိုက်တာဆိုရင် ရော။

          ငယ်ငယ်တုန်းကကြိုက်ပြီး အသက်ကြီးတော့မှမကြိုက်တာတော့ မရှိပါဘူး။ ငယ်ငယ်ကမကြိုက်ဘဲ အသက်ကြီးမှကြိုက်တာကတော့ ကိတ်မုန့်ပါ။

အစားအသောက်နဲ့ ပတ်သက်ပြီး အမှတ်တရ အဖြစ်အပျက်လေးတွေရှိရင် ပြောပြပေးပါဦး။ ဥပမာ-တချို့ သကြားလုံးမျိုမိတာတို့၊ ကျောင်းမှာမုန့်ခိုးစားလို့ အရိုက်ခံရတာတို့၊ ဟင်းခိုးစားတာတို့ပေါ့။  

          အစားသောက်နဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်ဆိုရင် ငယ်ငယ်တုန်းက  ကျောင်းမှာမုန့်တွေ ကို မြဲတမ်းလိုလိုခုံအောက်ထဲမှာ ထည့်ထည့်ထားတယ်။ ဆရာမက စာသင်နေပြီဆိုရင် ပါးစပ်ထဲကို ထည့်လိုက် တယ်။ ဆရာမလှည့်ကြည့်လိုက်တဲ့ အချိန်ဆိုရင် ကိုယ်ကစားပြီးသွားပြီ။ တစ်ခေါက်ကျတော့ ကိုယ်က ပီကေစား နေတာ ခါတိုင်းဆိုရင် ဘယ်တော့မှမမိဘူး။ ဒါပေမဲ့ အဲ့ဒီဆရာမကပဲ ကျွမ်းလို့လားမသိဘူး။ ပီကေခိုးစားတာကို မိသွားပြီး အဆူခံရဘူးပါတယ်။

မနက်စာကိုဘယ်အချိန်လောက်စားဖြစ်လဲ။ ဘာဟင်းတွေနဲ့ စားဖြစ်တာများလဲ။နေ့ လယ်စာနဲ့ ညစာရော။

          မနက်စာကိုတော့ များသောအားဖြင့်  ၈ နာရီ၊ ၉နာရီလောက်မှာ ကော်ဖီနဲ့ မုန့်တစ်ခုခု။ ထမင်းကြော် စသဖြင့်စားဖြစ်ပါတယ်။ နေ့လယ်စာကတော့ ထမင်းစားချိန် ၁၂ နာရီ၊ ၁ နာရီလောက်မှာ စားဖြစ်ပါတယ်။ ညစာကတော့ ညီမနည်းနည်းရှောင်ပါတယ်။ လျော့လည်းလျော့စားပါတယ်။

ညစာကိုရော အိမ်မှာမိသားစုနဲ့စားဖြစ်လား။ ဒါမှမဟုတ် အပြင်မှာစားဖြစ်သလား။ ညစာစားပြီးရင်ရော အချိုတည်း လား။

          ညစာကတော့ အိမ်မှာလည်းစားဖြစ်တာ များပါတယ်။ တစ်ခါတလေတော့ အသီးဖြစ်ဖြစ်၊ မုန့်တစ်ခုခု ဖြစ်ဖြစ် အချိုတည်းဖြစ်ပါတယ်။

စားဖူးသမျှအစားအစာတွေထဲမှာ တစ်သက်မမေ့ လောက်အောင်ဖြစ်တဲ့ အစားသောက်မျိုးရှိလား။

          တစ်သက်မမေ့လောက်တာမျိုးဆိုရင်တော့ ညီမတို့မှာ ဒူးရင်းသီးပွဲတော်ဆိုပြီး ကိုယ့်ဘာသာကို သတ် မှတ်ထားတာမျိုးရှိတယ်။ ဒူးရင်းသီးပေါ်ချိန်ဆိုရင် ဇလုံ(သို့)အိုးခပ်ကြီးကြီးထဲထည့်ပြီး မေမေရယ် ၊ ညီမသူငယ် ချင်းတွေရယ် အားရပါးရစားကြပါတယ်။ အဲဒါမျိုးက နှစ်တိုင်းလုပ်စားတာဆိုတော့ ညီမတို့အတွက် ပွဲတစ်ခုလို ဖြစ်သွားတော့တာပါပဲ။ အဲဒါနဲ့ ဒူးရင်းသီးပွဲတော်ဆိုပြီး ကိုယ့်ဘာသာကိုယ် သတ်မှတ်ပေးထားမိတော့တာပဲ။ ဒီတော့ဒူးရင်းသီးကတော့ တစ်သက်မမေ့လောက်တဲ့ အစားသောက်တစ်မျိုးပါပဲ။

ထူးထူးဆန်းဆန်း အစားအသောက်တွေရော ညီမစားဘူးလား။

          ထူးထူးဆန်းဆန်းအစားသောက်ဆိုရင်တော့  မရှိပါဘူး။ အခုတော့မသိဘူးအရင် တုန်းက ပုစွန်အစိမ်း သုပ် စပြီးစားရတဲ့အချိန်မှာ စိတ်ထဲမှာ ထူးထူးဆန်းဆန်းဖြစ်နေမိတယ်။ အစိမ်းလိုက်ကြီး စားရတယ်လို့ ခံစားမိရ လို့ပါ။

အားလပ်ရက်တွေမှာ  တစ်ခုခုလုပ်စားလေ့ရှိလား။

          အားလပ်ရက်တွေမှာ များသောအားဖြင့် အသုပ်ပုံစံမျိုးလေးတွေ လုပ်စားလေ့ရှိပါတယ်။ အခါကြီးရက်ကြီးတွေမှာတော့ လုပ်စားဖြစ်တာ ပိုများပါတယ်။ သင်္ကြန်တို့ဘာတို့ဆိုရင် ရာသီစာ မုန့်လုံးရေပေါ်လုပ်စားဖြစ်ပါတယ်။

ရှုတင်တို့၊ စတူဒီယိုတို့သွားတဲ့အခါမှာ ထမင်းချိုင့်တွေယူလေ့ရှိလား။

          အဲ့ဒီလိုမျိုးတော့မရှိပါဘူး။

ကိုယ်မစားဖူးတဲ့ အစားအသောက်တွေကို မြည်းစမ်းချင်စိတ်ရှိလား။

          ဟုတ်ကဲ့ရှိပါတယ်။ ဘယ်လိုမျိုးကိုပိုမြည်းချင်လဲဆိုတော့ အင်တာနက်မှာဆိုရင် ခဏခဏတွေ့ရတယ်။ ချိစ်နဲ့လုပ်တဲ့ အစားအသောက်ပေါ့။ ချိစ်ကို မီးအပူပေးလိုက်တယ်။ အဲ့ဒီချိစ်အနှစ်ကိုမှ ဟင်းပွဲပေါ်မှာ ဖြန်းလိုက် တဲ့ဟာမျိုးလေးတွေကိုတော့ အရမ်းမြည်းစမ်း စားကြည့်ချင်ပါတယ်။

တချို့တွေက စိတ်ညစ်တာတို့၊ ဝမ်းနည်းတာ၊ ပျော်ရွင်တာ၊ ဝမ်းသာတာမျိုးမှာ အစားတွေ များများစားလေ့ရှိတယ်။  ညီမကရော အဲလိုအခါမျိုးမှာ အစားအသောက်နဲ့ပတ်သက်ပြီး ဘာတွေစားဖြစ်လဲ။ များများစားလား၊ နည်းနည်းစား လား။

          အခြေအနေပေါ်မှုတည်ပါတယ်။ တစ်ခါတစ်လေ အစားအများကြီးစားလိုက်ရင် စိတ်ပေါ့ပါးသွားတယ်။ တစ်ခါတလေကျရင် အဲဒီလိုအစားအများကြီးစားတာကို ကိုယ့်ကိုပိုပြီးတော့ စိတ်ညစ်စေတယ်။ စိတ်ညစ်ရင် တော့ သိပ်မစားဖြစ်ပါဘူး။

ညီမရဲ့  အစားအသောက်နဲ့ ခန္ဓာကိုယ်ထိန်းသိမ်းမှုပုံလေးကို ပြောပြပေးပါဦး။

          အစားသောက်နဲ့ ခန္ဓာကိုယ်ထိန်းသိမ်းမှုဆိုရင် ညီမရဲ့ခန္ဓာကိုယ်က နည်းနည်းပြည့် တဲ့အမျိုးစားမျိုးထဲ မှာပါပါတယ်။ ဒီတော့အစားအသောက်ကတော့ ပုံမှန်ထိန်းဖြစ်ပါတယ်။ ကယ်လိုရီကိုလည်း တွက်ချက်ပြီးစား သုံးပါတယ်။ ကျန်းမာရေးအရစားသင့်တဲ့ဟာတွေကိုလည်း ရွေးချယ်စားဖြစ်ပါတယ်။

အိမ်ကမိဘတွေချက်တဲ့ ဟင်းတွေထဲမှ ဘယ်ဟင်းကိုအကြိုက်ဆုံးလဲ။

          အဖေချက်တဲ့ အမဲသားဟင်းနဲ့ အမေ့ရဲ့ မုန့်ဟင်းခါးရယ်ကတော့ အကြိုက်ဆုံးပါ။

နိုင်ငံတကာက အစားအသောက်တွေမှာဆိုရင် ဘယ်နိုင်ငံက ဘယ်အစားသောက်ကို စားဖြစ်တာများလဲ။

          ညီမကတော့ အဓိကအားဖြင့် အသားဟင်းပါ။ Steak လို အသားဟင်းတွေဆိုရင် အရမ်းကြိုက်ပါတယ်။

နိုင်ငံခြားကိုရောက်နေတဲ့အချိန်မှာ ကိုယ့်နိုင်ငံက ဘယ်အစာအစားကို  လွမ်းဆွတ်တမ်းတမိပါသလဲ။

          ညီမက နိုင်ငံခြားရောက်ရင်တော့ မြန်မာပြည်က ချဉ်ပေါင်ကြော်ကတော့ အလွမ်းဆုံးပါပဲ။ ညီမကလည်း အချဉ်ပါတဲ့ဟင်းမျိုးကို သဘောကျတဲ့အခါ နိုင်ငံခြားတွေရောက်သွားလို့ရှိရင်တောင် အနီးစပ်ဆုံးဟင်းကို လိုက် ပြီးတော့ရှာစားဖြစ်ပါတယ်။

ဘဝမှာ အမှတ်တရဖြစ်မယ့်အစားအစာရှိလား။ ဥပမာ အဲဒီအစားအစာကိုစားလိုက်ရင် တစ်နေရာရာ၊ တစ်ယောက်ယောက် စသဖြင့်အမှတ်တရဖြစ်မယ့် အစားအစာမျိုးပေါ့။

          အဲဒီလိုမျိုးဆိုရင်တော့ အစားသောက်ဆိုတာထက် အစားသောက်ရဲ့အနံ့ပေါ့။ ညီမငယ်ငယ် မူကြိုတက် ခဲ့တုန်းက ထမင်းချိုင့်ရဲ့အနံ့ကို အခုထက်ထိသတိရမိတယ်။ ထမင်းပူ၊ ဟင်းပူကို ကော်ဘူးနဲ့ထည့်လိုက်တဲ့အခါ မှာ ရတဲ့အနံ့လိုမျိုးလို့ပြောရပါမယ်။အဲလို အနံ့ကိုရရင်တော့ မူကြိုတက်တုန်းကအချိန်ကို ပြန်ပြန်ရောက်သွားသလို ခံစားမိပါတယ်။

ညီမစားဖူးသမျှထဲမှာ ဈေးကြီးပြီး မတန်ဘူးထင်တဲ့ အစားအသောက်တွေရှိလား။ ဈေး ပေါပြီး တန်တယ်ထင်တာ မျိုးရော။

          အဲ့ဒီလိုမျိုး ဈေးကြီးပြီး မတန်ဘူးထင်တာက ညီမတစ်ခေါက်ရောက်သွားတဲ့ ဆူရှီဆိုင်တစ်ဆိုင်ပါ။ တခြားဆူရှီဆိုင်တွေက တအားဈေးမကြီးဘူး။ ဒါပေမဲ့ အဲဒီဆိုင်က နေရာကြောင့်လားမသိဘူး ဈေးကြီးတော့ မတန်ဘူးလို့ထင်ခဲ့မိပါတယ်။ ဈေးပေါပြီးတန်တယ် ထင်တာမျိုးဆိုရင်တော့ ဟော့ပေါ့လို အဝစားဆိုတာမျိုးက တော့ တန်တယ်လို့ထင်မိပါတယ်။ ဈေးပေါတာ၊ မပေါတာထက်  လူတစ်ယောက်အတွက်  သေချာစားကောင်း တယ်ဆိုရင်တော့ တန်တယ်လို့ထင်မြင်မိပါတယ်။

စားသောက်ဆိုင်နဲ့ အိမ်မှာဆိုရင် ဘယ်မှာပိုပြီးတော့စားချင်လဲ။

          ညီမကတော့ ကျန်းမာရေးနဲ့ညီညွတ်အောင်ဆိုရင်တော့ အိမ်မှာပဲစားဖြစ်ပါတယ်။ စားသောက်ဆိုင်ကြတော့ အသစ်အဆန်းလေးတွေ သွားစားဖြစ်ပါတယ်။

ညီမကြိုက်ဆုံး အသီးအနှံ၊ အရွက်၊ အသား၊ ငါးတွေကို ပြောပြပေးပါဦး။ ဖျော်ရည်တွေ ထဲမှာဆိုရင်ရော။

          ညီမအကြိုက်ဆုံး အသီးအနှံဆိုရင်တော့ ဒူးရင်းသီး၊ စတော်ဘယ်ရီ၊ ငှက်ပျောသီးပါ။ အသီးအရွက်က တော့ ကန်စွန်းရွက်ပါ။ အသားကတော့ အမဲသားစားဖြစ်တာပိုများပါတယ်။ ဖျော်ရည်ကတော့ ထောပတ်သီး၊ စတော်ဘယ်ရီသီးဖျော်ရည်ကို ကြိုက်ပါတယ်။

ညီမနဲ့မတည့်တဲ့ အစားအသောက်တွေရောရှိလား။ မကြိုက်တဲ့အစားအစာရော။

          မတည့်တာမျိုးတော့မရှိဘူး။ မကြိုက်တာမျိုးတော့မရှိပါဘူး။ ဒါပေမဲ့ တညင်းသီးတော့ မစားပါဘူး။

အစားအသောက်တစ်ခုခုကိုစားနေတုန်း အဲဒီထဲမှာ ရွံ စရာတွေဘာတွေရော တွေ့ဖူးလား။ အစားအသောက်စား နေရင်း သူငယ်ချင်းတွေက ဘေးနားက  ရွံစရာပြောရင်ရော  ရွံတတ်လား။

          တွေ့ဖူးပါတယ်။ သူ့နှုန်းနဲ့ သူတော့ရှိတာပေါ့နော်။ ဆံချည်တွေမြင်လိုက်ရင်တောင်မှ အရမ်းကြီးရွံတဲ့ ဟာ မျိုးတော့မဖြစ်ပါဘူး။ သူငယ်ချင်းတွေ ဘေးနားကနောက်ရင် တော့ဘာမှဖြစ်ပါဘူး။

အစားအသောက်က နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးရဲ့  ယဉ်ကျေးမှုကိုဖော်ဆောင် နိုင်တယ်လို့ ထင်မြင်မိပါသလား။

          ထင်ပါတယ်။ ဘာဖြစ်လိုလည်းဆိုတော့ အခုညီမ အင်တာနက်တွေမှာတွေ့ရတယ်။ သူတို့နိုင်ငံရဲ့ အစားအသောက်တွေကို နောက်ထပ်၊ နောက်ထပ် အသစ်အဆန်းဖြစ်အောင်  လူတွေစိတ်ဝင်စားအောင် အဖက်ဖက်ကနေ လူတွေကို ဆွဲဆောင်နေကြတာမျိုးပေါ့။ ကိုယ့်ပြည်တွင်းက အစားအသောက်တွေကိုလည်း လာလည်တဲ့ နိုင်ငံခြားသားတွေက စိတ်ဝင်စားတာကိုလည်း တွေ့ရပါတယ်။

အခုညီမလုပ်ပြတဲ့ ယိုးဒယားစတိုင်လ်ကြက်သားပင်စိမ်း ဟင်းလေးကို လိုက်လုပ်စားမယ့် ပရိသတ်အတွက် အမှတ်တရစကားလက်ဆောင်လေးကို ပြောပြပေးပါဦး။

          ဒီဟင်းပွဲလေးက ညီမအရမ်းကြိုက်တဲ့ ဟင်းလေးပါ။ ပရိသတ်ကြီးလည်း အခုညီမ ချက်ပြတဲ့နည်းလေး အတိုင်း လိုက်ချက်စားသုံးမယ်ဆိုရင် ကြိုက်ကြမှာပါ။ လွယ်လွယ် ကူကူချက်ပြုတ်နိုင်ပြီး လူမျိုးဘာသာမရွေးစား သုံးနိုင်ပါတယ်။

ပိုပိုဟေသာရဲ့ ယိုးဒယားစတိုင်လ်ကြက်သားပင်စိမ်းဟင်း

►   ပါဝင်ပစ္စည်း

♦   ကြက်သား   –   ၂ဝဝ ဂရမ်ခန့် (နုပ်နုပ်စဉ်း)

♦   ပန်းငရုတ်ပွ   –   တစ်ခြမ်း(နုပ်နုပ်စဉ်း)

♦   ပဲတောင့်ရှည်   –   ၂ တောင့်

♦   ကြက်သွန်နီ   –   တစ်ခြမ်း (နုပ်နုပ်စဉ်း)

♦   ယိုးဒယားပင်စိမ်း   –   အနည်းငယ်

♦   မြန်မာပင်စိမ်း   –   အနည်းငယ်

♦   ငရုတ်သီးအနီနှင့် အစိမ်း   –   စိတ်ကြိုက်

♦   ဆီ   –    စားပွဲဇွန်း ၁ ဇွန်းခန့်

♦   ရေ   –   အနည်းငယ်

♦   ခရုဆီ   –   လက်ဖက်ရည်ဇွန်း ၁ ဇွန်း

♦   ပဲငံပြာရည်အကြည်   –   လက်ဖက်ရည်ဇွန်း ၁ ဇွန်း

♦   ပဲငံပြာရည်အနောက်   – ည  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

♦   သကြား   –   လက်ဖက်ရည်ဇွန်း ၁ ဇွန်း

♦   ယိုးဒယားမဆလာ (ပေါက်ရန်)

►   ပြုလုပ်နည်း

၁။      ပထမဆုံးကြက်သား ကိုနုပ်နုပ်စဉ်းပါ။

၂။      ပြီးလျှင် ကြက်သွန်နီနုပ်နုပ်၊ ငရုတ် သီးစိမ်းနုပ်နုပ်၊ ပန်းငရုတ်ပွ၊ ပဲတောင့် ရှည်ကို ကြက်သားနဲ့ အနံ့မွှေး လာတဲ့ အထိဆီသတ်ပါ။

၃။      ထို့နောက် ခရုဆီ၊ သကြား၊ ပဲငံပြာရည် အကြည်၊ အနောက်တို့ကို အချိုးအစားတိုင်းထည့်ပါ။

၎။      ရေခန်းလာပြီး အနံ့မွှေးလာရင် ငရုတ်သီးအနီရောင်နှင့် ပင်စိမ်းအုပ်ပေးကာ မဆလာပေါက်ပေးပြီးလျှင် သုံးဆောင်လို့ရပါပြီ။

♦   ပိုပိုဟေသာ   ♦

Facebook Comments