ငယ်ငယ်မူကြိုတက်ခဲ့တုန်းက ထမင်းချိုင့်ရဲ့ အနံ့ကိုအခုထက်ထိသတိရမိတယ်ဆိုတဲ့ ခင်မြဉ္ဇူခိုင်

ငယ်ငယ်မူကြိုတက်ခဲ့တုန်းက ထမင်းချိုင့်ရဲ့ အနံ့ကိုအခုထက်ထိသတိရမိတယ်ဆိုတဲ့ ခင်မြဉ္ဇူခိုင်

အာဂ မေးမြန်းရေးသားသည်

အချက်အပြုတ်ကို ဘယ်အရွယ်လောက်ကတည်းက စပြီးတော့ဝါသနာပါခဲ့ပါသလဲ။

အမှန်အတိုင်းပြောရရင် အချက်အပြုတ်က အိမ်ထောင်ကျပြီးတဲ့အထိတောင် သိပ်ပြီးတော့ ဝါသနာမပါ ဘူး။ ကလေးရတော့မှ အပြင်အစားစာတွေ သိပ်မကျွေးချင်တာရော ကလေးအတွက်ကို ကိုယ်ကလုပ်ပေးချင် တာကြောင့် သေချာချက်ဖြစ်သွားတာပါ။

အခုပုစွန်ချက်ကို ပရိသတ်ကိုချက်ပြဖို့ စီစဉ်ဖြစ်သွားပုံလေးကိုလည်း ပြောပြပေးပါဦး။

ဒီဟင်းလေးက လုပ်ပြဖြစ်တာက ဒီဟင်းပွဲလေးက ညီမကြိုက်တဲ့ ဟင်းပွဲလေးလည်းဖြစ်တယ်။ လွယ်လွယ်ကူကူနဲ့လည်း ချက်စားလို့ရတော့ ပရိသတ်ကြီးကို ချက်ပြချင်တာနဲ့ စီစဉ်ဖြစ်သွားတာပါ။

ဘဝမှာပထမဆုံးစချက်ဖြစ်တဲ့ ဟင်းပွဲလေးကို မှတ်မိသေးရင်ပြောပြပေးပါဦး။ အရသာကရော ဘယ်လိုရှိသလဲ။

ပထမဆုံးလုပ်ဖြစ်တဲ့ ဟင်းပွဲဆိုရင်တော့ သိပ်မမှတ်မိဘူး။ အိမ်မှာက အမေကဟင်းသိပ်မချက် တတ်တော့ ညီအစ်မတွေက ငယ်ငယ်ကတည်းက ကိုယ့်ဘာသာကိုယ်ဝင်ချက်ရင်းနဲ့ ချက်ဖြစ်သွားတာ။ စိတ်ထင်ပထမဆုံးဆိုရင် ကြက်ဥ၊ ဘဲဥကြော်တာမျိုး ဖြစ်မယ်ထင်တယ်။

မြလေး ချက်တဲ့ဟင်းတွေထဲမှာ လူကြိုက်အများဆုံး ဟင်းပွဲကရော ဘာဟင်းပွဲဖြစ်မလဲ။

ညီမအိမ်ကလူတွေကတော့ အရွက်သုပ်တာကို ကြိုက်တယ်။ နောက်ပြီးဝက်သားမျှစ်ချဉ်၊ ဆိတ်သား ပဲဟင်းတို့ကို ကြိုက်တာများကြပါတယ်။

ညီမချက်တဲ့ဟင်းကိုစားပြီး ပထမဆုံးချီးမွမ်းခံရတုန်းက ခံစားချက်ကရော။

ကိုယ်ပင်ပင်ပန်းပန်းချက်ပြုတ်ထားတာကို စားပြီးတော့စားလို့ကောင်းတယ်လို့ ချီးမွမ်းခံရတော့ ပျော်တာပေါ့။ ဒါပေမဲ့ ကိုယ်ကတော့ ကိုယ်ချက်ပြုတ်တဲ့ ဟင်းကိုပင်ပန်းပြီး မစားနိုင်တော့ဘူး။(ရယ်လျက်)

ညီမအနေနဲ့ အချက်အပြုတ်ကို ဘယ်နေရာတွေကနေသင်ယူလဲ။

ညီမကတော့ တစ်ကူးတက သင်တယ်လို့တော့မဟုတ်ဘူး။ ဥပမာ -ဟင်းချက်နည်း အဆန်းလေးတွေ ကို Facebook မှာတွေ့တယ်။ သူများတွေရေးထားတာလေးတွေကို အိမ်မှာပြန်ချက်ကြည့်တယ်။ လက်ဆက တော့ ချက်ရင်းချက်ရင်းနဲ့ သူဟာသူမှန်သွားတာပါပဲ။ များသောအားဖြင့် ကိုယ့်ဘာသာကိုယ် လေ့လာသင်ယူရင် တတ်သွားတာပါပဲ။

ငယ်ငယ်တုန်းကကြိုက်ပြီး  အသက်ကြီးမှမကြိုက်တာနဲ့ ငယ်ငယ်ကမကြိုက်ဘဲ အသက်ကြီးမှကြိုက်တာဆိုရင် ရော။

ငယ်ငယ်တုန်းကကြိုက်ပြီး အသက်ကြီးတော့မှ မကြိုက်တာတော့ မရှိပါဘူး။ ငယ်ငယ်က မကြိုက်ဘဲ အသက်ကြီးမှကြိုက်တာကတော့ အရွက်တို့၊ ငါးတို့၊ ခါးတဲ့ အရသာတွေပေါ့။ အခုအသက်ကြီးမှ အဲဒါတွေ အကုန်လုံး ကြိုက်တဲ့အထဲမှာပါလာတယ်။

အစားအသောက်နဲ့ ပတ်သက်ပြီး အမှတ်တရ အဖြစ်အပျက်လေးတွေရှိရင် ပြောပြပေးပါဦး။  ဥပမာ-တချို့ သကြားလုံးမျိုမိတာတို့၊ ကျောင်းမှာ မုန့်ခိုးစားလို့ အရိုက်ခံရတာတို့၊ ဟင်းခိုးစားတာတို့ပေါ့။ 

အစားသောက်နဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်ဆိုရင် ငယ်ငယ်က အစားသောက်ကြိုက်တဲ့ အထဲမှာမပါဘူး။ ကျောင်းသွားဖို့ အမေကထမင်းချိုင့်ထည့်ပေးလိုက်လို့ရှိရင် ထမင်းချိုင့်ကို  အိမ်ရှေ့ကခြုံ ပုတ်ထဲမှာ ဖွက်ခဲ့တယ်။ ကျောင်းကို  ထမင်းဘူးယူမသွားဘူး။ ကျောင်းမှာ မုန့်ပဲလျှောက်စားတယ်။ ကျောင်းက ပြန်လာတော့မှ အဲ့ဒီဖွက်ထားတဲ့ ထမင်းချိုင့်ကိုယူပြီး အိမ်ရှေ့နားက ခွေးတွေကိုပါကျွေးပြီးမှ အိမ်ထဲပြန်ဝင် တယ်။

မနက်စာကို ဘယ်အချိန်လောက်စားဖြစ်လဲ။ ဘာဟင်းတွေနဲ့ စားဖြစ်တာများလဲ။ နေ့လယ်စာကိုရော။ ညစာရော။

မနက်အိပ်ယာထပြီဆိုရင် သိပ်ပြီးတော့ မစားဖြစ်ဘူး။ စားတာနည်းတယ်။ ကော်ဖီနဲ့ ကိတ်မုန့်တစ်ချပ် လောက်နဲ့ပဲပြီးသွားတယ်။ တစ်ခါတလေ အိပ်ရာထနောက်ကျရင်တော့ နေ့လယ်စာပဲစားဖြစ်သွားတယ်။ ညစာကတော့ စားဖြစ်တယ်။ မစားဘဲနဲ့ မနေနိုင်ဘူး။

ညစာကိုရော အိမ်မှာမိသားစုနဲ့စားဖြစ်လား။ ဒါမှမဟုတ် အပြင်မှာစားဖြစ်သလား။

ညစာကတော့အပြင်မှာ စားဖြစ်တာများပါတယ်။ မြလေးတို့က အပြင်ထွက်နေရတာများတော့ ညစာကို အပြင်မှာစားတာများတယ်။ အိမ်မှာချက်တယ်ဆိုရင်လည်းမနက် ပိုင်းစာလောက်ပဲ ချက်ထားတာများတယ်။ ညစာက သိပ်မချက်ဖြစ်ဘူး။

စားဖူးသမျှအစားအစာတွေထဲမှာ တစ်သက်မမေ့လောက်အောင်ဖြစ်တဲ့ အစားသောက်မျိုးရောရှိလား။

တစ်သက်မမေ့လောက်တာမျိုးဆိုရင်တော့  အများကြီးပဲ ။  အခုတလော ပိုက်ဆံကအစားအသောက် နဲ့ပဲ ကုန်တာများတယ်။ ပြောပြရရင် ကုန်မှာတော့မဟုတ်ဘူး။

ထူးထူးဆန်းဆန်းအစားသောက်တွေရော ညီမစားဘူးလား။

ထူးထူးဆန်းဆန်းအစားသောက်ဆိုရင်တော့ မရှိပါဘူး။ အရင်ထဲကလည်း ထူးထူးဆန်းဆန်းဟာတွေ ကျတော့ စားလေ့စားထမရှိဘူး။

အားလပ်ရက်တွေမှာ  တစ်ခုခုလုပ်စားလေ့ရှိလား။

အားလပ်ရက်တွေမှာ လုပ်စားဖြစ်ပါတယ်။ အရင်တုန်းကတော့ သိပ်မလုပ်စားဖြစ်ဘူး။ အိမ်မှာ မိသားစုဝင်လည်းနည်းတယ်။ စားမယ့်သူလည်းနည်းတော့ မလုပ်စားဖြစ်ဘူး။ အခုကျတော့ ကလေးအတွက် အိမ်မှာမုန့်က တစ်ခုမဟုတ်တစ်ခုက လုပ်နေရတယ်။ နေ့ခင်းသူစားဖို့ အာလူးထောင်းပေးတာဖြစ်ဖြစ်၊ ကြက်ဥ ပေါင်း၊ အသားလေးတွေကို နုပ်နုပ်စဉ်းပြီး အသီးအရွက်လေးတွေနဲ့ ကြော်ပေးတာမျိုးသူ့အတွက် တစ်ခုမဟုတ် တစ်ခုတော့ လုပ်ပေးဖြစ်တယ်။

ရှုတင်တို့၊ စတူဒီယိုတို့သွားတဲ့ အခါမှာထမင်းချိုင့်တွေယူလေ့ရှိလား။

အဲ့ဒီလိုမျိုးတော့ မရှိပါဘူး။ မြလေးက ကြုံတာစားတယ်။

ကိုယ်မစားဖူးတဲ့ အစားအသောက်တွေကို မြည်းစမ်းချင်စိတ်ရှိလား။

ဟုတ်ကဲ့ရှိပါတယ်။ ဒါပေမဲ့ အရမ်းကြောက်စရာကောင်းတဲ့ဟာမျိုး တွေဆိုရင်တော့ မစားချင်ဘူး။ စားချင် သဖွယ်ဆိုရင်တော့ မြည်းကြည့်ချင်တယ်။ ဘယ်လိုမျိုးပိုမြည်းချင်လည်းဆိုတော့ အချဉ်အစပ်ကြိုက် တယ်။ နောက်ခရင်မ်တို့၊ ချိစ့်များတဲ့ဟာမျိုးတွေကြိုက်တယ်။

တချို့တွေက စိတ်ညစ်တာတို့၊ ဝမ်းနည်းတာ၊ ပျော်ရွင်တာ၊ ဝမ်းသာတာမျိုးမှာ အစားတွေများများစားလေ့ရှိ တယ်။  ညီမကရော  အဲလိုအခါများမျိုးမှာ အစားသောက်နဲ့ပတ်သက်ပြီး ဘာတွေစားဖြစ်လဲ။ များများစားလား။ နည်းနည်းစားလား။

မြလေးကတော့ အမြဲတမ်း ၂၄ နာရီလုံး အများကြီးစားတယ်။

ညီမရဲ့ အစားသောက်နဲ့ ကျန်းမာရေးအပေါ် ညီမအမြင်နဲ့ ခန္ဓာကိုယ်ထိန်းသိမ်းမှုပုံလေးကို ပြောပြပေးပါဦး။

အစားသောက်နဲ့ ကျန်းမာရေးပေါ်အမြင်ဆိုရင် အများစုက ကျန်းမာရေးချို့တဲ့တာက အစားအသောက် ကနေပြီး အများစုဖြစ်တာဆိုတော့ ကိုယ့်ဘာသာကိုယ်နေတုန်းက သိပ်ဂရုမစိုက်ခဲ့ပေမဲ့ အခု သမီးလေးရလာ တော့ အရမ်းဂရုစိုက်တယ်။ အစားသောက်ကို ဆီတို့၊ အချိုမှုန့်တွေ၊ မသန့်ရှင်းတာတွေ၊ တာရှည်ခံဆေးတွေပါ တာတွေ၊ ရယ်ဒီမိတ်တွေ၊ ဆေးဖြန်းထားတာတွေစသဖြင့် တက်နိုင်သလောက်တော့ ကိုယ့်ဘက်ကရှောင်ပြီး တော့ ဆင်ခြင်သင့်တယ်။ ရိုးရိုးဟာဝယ်တယ်ဆိုရင်တောင် သေချာဆေးကြောပြီး စားသုံးသင့်ပါတယ်။ များသောအားဖြင့် အစားသောက်တွေက အူလမ်းကြောင်းကဝင်တာတွေ များတယ်လေ။ အစားသောက်နဲ့ ခန္ဓာကိုယ်ထိန်းသိမ်းမှုဆိုရင်တော့ မြလေးက အရမ်းကုသိုလ်ကံကောင်းတဲ့ အထဲမှာပါပါတယ်။ မြလေးက အစားသောက်ကို အရမ်းစားတဲ့အထဲမှာပါတယ်။ သူများတွေက နည်းနည်းဝလာရင် ညစာမစားကြဘူးလေ။ မြလေးကတော့ ညစာမစားရရင် အိပ်လို့ကိုမပျော်ဘူး။ ကတုန်ကယင်ဖြစ်ပြီး ဒေါသပါဖြစ်တယ်။ နည်းနည်းစား လိုက်တော့မှ အိပ်ပျော်သွားတယ်။ ပြောချင်တာက ညဘက်ကို မစားဘဲနဲ့ မနေနိုင်ဘူး။ ဒါပေမဲ့ ဝိတ်လျော့မယ် အချိန်ကျရင် ဝမယ့်အစားမျိုးတွေမစားဘဲနဲ့ အရွက်တို့၊ အသားကြီးပဲ ပြုတ်ထားတာမျိုးကို စားဖြစ်တယ်။ ပုံမှန်ဆိုလို့ရှိရင်တော့ အကုန်စားတယ်။ ဝိတ်တက်လာပြီဆိုရင်တော့ နည်းနည်းလေးပြန်ထိန်းပြီး အစားသောက်ဆင်ခြင်တယ်။၂ ရက်၊ ၃ ရက်ဆိုရင် ဝိတ်ကတော့ ပြန်ကျသွားတယ်။ ပြောရရင် ၃၊ ၄၊ ၅ပေါင်ကတော့ တက်လိုက်ကျလိုက်ဖြစ်နေတယ်။

 အိမ်ကမိဘတွေချက်တဲ့ ဟင်းတွေထဲမှ ဘယ်ဟင်းကိုအကြိုက်ဆုံးလဲ။

အမှန်အတိုင်းပြောရရင် မြလေးအမေက လုံးဝဟင်းမချက်တက်ဘူး။ အမေက ဆီပြန်ဟင်းတွေဆိုရင် လည်း လုံးဝမကြိုက်ဘူး။ ကြက်သားဆိုရင်လည်း ပြုတ်လိုက်တယ်။ ကြက်သားပြုတ်ရယ် ဆောစ့်ရယ်ကို ဒီအတိုင်းပဲထမင်းနဲ့စားတယ်။ ဝက်သားဆိုရင်လည်း ဒီအတိုင်းပဲပြုတ်လိုက်တယ်။ ငါးဆိုရင်လည်း အာဗင်ထဲထည့်ပြီး ကင်လိုက်တယ်။ အမေကဒါပဲလုပ်တယ်။ မြလေးတစ်သက်လုံးလည်း အဲ့ဒါမျိုးစားပြီး ကြီးလာလို့လားတော့မသိ အခုအချိန်ထိ အဆီမတက်တာထင်တယ်။(ရယ်လျက်)

နိုင်ငံတကာက အစားအသောက်တွေမှာဆိုရင် ဘယ်နိုင်ငံကဘယ်အစားသောက်ကို စားဖြစ်တာများလဲ။

ညီမကတော့ အစပ်ကြိုက်တော့ ယိုးဒယားအစားစာလည်းကြိုက်တယ်။ မက်ဆီကန်၊ ကိုရီးယားအစား စာတွေ ကြိုက်တယ်။

နိုင်ငံခြားကိုရောက်နေတဲ့အချိန်မှာ ကိုယ့်နိုင်ငံက ဘယ်အစာအစားကို  လွမ်းဆွတ်တမ်းတမိပါသလဲ။

ညီမက နိုင်ငံခြားရောက်ရင်တော့ မြန်မာပြည်က အစားစာတော်တော်များများလွမ်းတယ်။ များသောအားဖြင့် အသုပ်တွေကိုပိုလွမ်းတယ်။

ဘဝမှာ အမှတ်တရဖြစ်မယ့်အစားအစာရှိလား။ ဥပမာ အဲဒီအစားအစာကိုစားလိုက်ရင် တစ်နေရာရာ၊ တစ်ယောက်ယောက်စသဖြင့် အမှတ်တရဖြစ်မယ့်အစားအစာမျိုးပေါ့။

အဲဒီလိုမျိုးဆိုရင်တော့ ငယ်ငယ်ကျောင်းရှေ့မှာရောင်းတဲ့ ကပ်စေးနှဲတို့၊ ငါးဖယ် အဆာသွတ်တို့တွေ့ရင် တော့ ကျောင်းတက်တုန်းကဘဝကို သတိရတယ်။ တစ်ခါတလေ ကျရင်လည်း ကျောင်းရှေ့ကိုသွားပြီးတော့ ကျောင်းရှေ့မှာရောင်းတဲ့မုန့်တွေကို လျှောက်စားချင်တယ်။

ညီမစားဖူးသမျှထဲမှာ ဈေးကြီးပြီး မတန်ဘူးထင်တဲ့အစားသောက်တွေရှိလား။

အဲ့ဒီလိုမျိုး ဈေးကြီးပြီး မတန်ဘူးထင်တာမျိုးတော့ မကြုံဖူးပါဘူး။ များသောအားဖြင့် မြလေးက ကောင်းတယ်၊ တန်တယ်လို့ သတင်းကြားမှ သွားစားဖြစ်တာများပါတယ်။ ဘုမသိဘမသိနဲ့ ကိုယ်မသိတဲ့ဟာမျိုး ဆိုရင်တော့ သွားမစားဖြစ်ပါဘူး။

 စားသောက်ဆိုင်နဲ့ အိမ်မှာဆိုရင် ဘယ်မှာပိုပြီးတော့ စားချင်လဲ။

အရင်တုန်းကတော့ စားသောက်ဆိုင်မှာစားရတာပိုကြိုက်တယ်။ ပန်းကန်လည်း မဆေးရဘူး။  ဟင်းလည်းမချက်ရဘူးဆိုတော့  စားသောက်ဆိုင်မှာစားရတာကို  ပိုကြိုက်တယ်။ အခုနောက်ပိုင်းကတော့ အိမ်မှာစားရတာကို ပိုကြိုက်တယ်။

ညီမကြိုက်ဆုံး အသီးအနှံ၊ အရွက်၊ အသား၊ ငါးတွေကို ပြောပြပေးပါဦး။

အသားကတော့ အမဲသားနဲ့ ဝက်သားစားဖြစ်တာပိုများပါတယ်။ ကြက်သားတော့ သိပ်မကြိုက်ဖြစ်ဘူး။ ငါးကတော့ သမီးကလည်းကြိုက်တယ်ဆိုတော့ အခုနောက်ပိုင်း စားဖြစ်ပါတယ်။ ငါးကင်တို့ဘာတို့တော့ ကြိုက်တယ်။ အသီးအရွက်ဆိုရင်လည်း ချဉ်စပ်သုပ်ထားမျိုး၊ သူချက်ထားတာမှာမူတည်ပြီး ကောင်းတယ်ဆိုရင် တော့ ကြိုက်တယ်။

ညီမနဲ့မတည့်တဲ့ အစားသောက်တွေရောရှိလား။

မတည့်တာမျိုးတော့ မရှိဘူး။

အစားသောက်တစ်ခုခုကိုစားနေတုန်း အဲဒီထဲမှာ ရွံစရာ တွေဘာတွေရော တွေ့ဖူးလား။အစားသောက်စားနေရင်း သူငယ်ချင်းတွေက ဘေးနားက ရွံစရာပြောရင်ရော ရွံတတ်လား။

တွေ့ဖူးပါတယ်။ မရွံတတ်ပါဘူး။ သူငယ်ချင်းတွေ ဘေးနားကနောက်ရင်လည်း ဘာမှဖြစ်ပါဘူး။

အစားသောက်က  နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးရဲ့  ယဉ်ကျေးမှုကို ဖော်ဆောင်နိုင်တယ်လို့ ထင်မြင်မိပါသလား။

ထင်ပါတယ်။ အဲဒီလိုတော့ မပြောတတ်ပါဘူး။ ဒါပေမဲ့ သူနိုင်ငံမှာတော့ သူ့ရိုးရာအစားသောက်တွေရှိ ပါတယ်။ ဒီမြန်မာနိုင်ငံမှာလည်း မြန်မာလို့ပြောလိုက်တာနဲ့ လူသိတဲ့အစားသောက်လေးတွေရှိပါတယ်။

အခု ညီမလုပ်ပြတဲ့ ပုစွန်ဟင်းလေးကို လိုက်လုပ်စားမယ့် ပရိသတ်အတွက် အမှတ်တရ စကားလက်ဆောင်လေး ကို ပြောပြပေးပါဦး။

ဒီဟင်းပွဲလေးက ဈေးထဲမှာလွယ်လွယ်ကူကူနဲ့ ဝယ်လို့ရပြီး မြန်မြန်ဆန်ဆန်ချက်လို့ရတဲ့ ဟင်းတစ်ခွက် လည်းဖြစ်တယ်။ မြလေးလည်း မကြာခဏလုပ်စားဖြစ်တဲ့ ဟင်းပွဲလေး ဖြစ်တာကြောင့် စမ်းပြီးချက်ကြည့်ပါလို့ ပြောချင်ပါတယ်။

ခင်မြဉ္ဇူခိုင်ရဲ့ ပုစွန်ဟင်း

►   ပါဝင်ပစ္စည်းများ

♦   ပုစွန်   –    ၁၅ ကျပ်သားခန့်

♦   ငံပြာရည်   –    လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့်

♦   ဆား   –   အနည်းငယ်

♦   ပန်းငရုတ်ပွ   –   တစ်ခြမ်း (နုပ်နုပ်စဉ်း)

♦   ဆီ   –    ၂ ကျပ်ခွဲသားခန့်

♦   ကြက်သွန်အနှစ်   –   လက်ဖက်ရည်ဇွန်း ၁ ဇွန်း

♦   ခရမ်းချဉ်သီးအနှစ်   –   လက်ဖက်ရည်ဇွန်း ၁ ဇွန်း

♦   ချယ်ရီခရမ်းချဉ်သီး   –    စိတ်ကြိုက်

♦   နံနံပင်  –   စိတ်ကြိုက်

►   ပြုလုပ်နည်း

၁။      ပထမဆုံး ကြက်သွန်နီအနှစ် (ကြက်သွန်နီကို နနွင်းမှုန့်ဖြင့် ဆီသတ်ထားသော)နှင့် ခရမ်း ချဉ်သီးအနှစ်တို့ကို ရောပြီးဆီသတ်ပါ။

၂။      ပြီးလျှင် ပုစွန်ကိုထည့်ပါ။ ပြီလျှင် ပန်းငရုတ်ပွထည့်ပါ။

၃။      ထို့နောက် ငံပြာရည်၊ ဆားတို့ကို အချိုးအစား တိုင်းထည့်ပါ။

၎။      ရေခန်းလာပြီး အနံ့မွှေးလာရင် ချယ်ရီခရမ်းချဉ်သီး၊ နံနံပင်တို့ကို အပေါ်မှအုပ်ပေးပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments