ငယ်ငယ်တုန်းက မြွေသားစားခဲ့ဖူးတယ်ဆိုတဲ့ မြတ်သူသူဇင်

cele_2

cele-3

cele_1

ငယ်ငယ်တုန်းက မြွေသားစားခဲ့ဖူးတယ်ဆိုတဲ့ မြတ်သူသူဇင်

♦   အာဂမေးမြန်းရေးသားသည်   ♦

အချက်အပြုတ်ကို  ဘယ်အရွယ်လောက်ကတည်းက စပြီးတော့ ဝါသနာပါခဲ့ပါသလဲ။

            အချက်အပြုတ်ကိုတော့  ၇ တန်း၊ ၈ တန်း လောက်ကတည်းက အမေ့ကိုကူညီရင်းနဲ့ စပြီးတော့ ချက်ဖြစ်၊ ပြုတ်ဖြစ်တယ်။ ဝါသနာတော့ အရမ်းကြီးပါတယ်လို့တော့ မဟုတ်ပါဘူး။ အစပိုင်းကတော့ သိပ်ပြီးတော့ အဆင်မပြေဘူး။ နောက်ပိုင်းကျတော့ ချက်ရင်းချက်ရင်းနဲ့ ကိုယ့်ဘာသာကို သိလာတာပါပဲ။

အခု ယိုးဒယားစတိုင်လ် ဝက်သားတောက်တောက် ကြော်ဟင်းလေးကို  ပရိသတ်ကိုကြော်ပြဖို့ စီစဉ်ဖြစ်သွားပုံလေးကိုလည်း ပြောပြပေးပါဦး။

            ယိုးဒယားစတိုင်လ် ဝက်သားတောက်တောက်ကြော်လေးက ပုံမှန်ချက်စားနေကြ ပုံစံမျိုးမဟုတ်ဘဲ ယိုးဒယားပုံစံလေးနဲ့ ခွဲထွက်နေပြီး အိမ်ကမိသားစုတွေကြိုက်တဲ့  ဟင်းလေးဖြစ်တာကြောင့်  ချက်ပြဖြစ်ဖို့ စီစဉ်မိသွားတာပါ။

ဘဝမှာ ပထမဆုံးစချက်ဖြစ်တဲ့ ဟင်းပွဲလေးကို မှတ်မိသေးရင် ပြောပြပေးပါဦး။ အရသာကရော ဘယ်လိုရှိသလဲ။

            ပထမဆုံးလုပ်ဖြစ်တဲ့ ဟင်းပွဲလေး ငယ်ငယ်က မချက်တတ်၊ ချက်တတ်နဲ့ ကန်စွန်းရွက် စကြော်တာပါပဲ။ အစပိုင်းကတော့ အရသာ သိပ်မစပ်တတ်သေးဘူး၊ နောက်ပိုင်း အမေတို့၊ အဘွားတို့ ချက်တာတွေ လိုက်ကြည့် မေးစမ်းပြီးချက်တော့ ဟင်းကတော့ အဆင်ပြေသွားပါတယ်။

မြတ်သူသူဇင်ချက်တဲ့ဟင်းတွေထဲမှာ လူကြိုက်အများဆုံး ဟင်းပွဲကရော ဘာဟင်းပွဲဖြစ်မလဲ။

            ညီမ အိမ်မှာချက်လို့ရှိရင် ပုစွန်အမှုန့်ကပ်ကြော်ကိုတော့ တော်တော်အကြိုက်များကြတယ်။

ညီမမြတ်သူသူဇင် ချက်တဲ့ဟင်းကိုစားပြီး ပထမဆုံး ချီးမွမ်းခံရတုန်းက ခံစားချက်ကရော။  အချက်အပြုတ်ကို ဘယ်သူတွေဆီက သင်ယူဖူးလဲ။

            ကိုယ်အပင်ပန်းခံပြီးချက်ထားတာကို စားကောင်းတယ်ဆိုပြီး ချီးမွမ်းကြတော့ ပျော်တာပေါ့။ ဝမ်းလည်းသာမိတယ်ပေါ့။ အဲ့ဒီကျရင် ဘယ်လိုဖြစ်လာလည်းဆိုတော့ နောက်ထပ်ပြီး ခဏခဏ ချက်ကျွေးချင်တယ်။ အချက်အပြုတ်ကတော့ အမေဆီက သင်ယူတာပါ။ နောက်ပိုင်းတော့ ကိုယ့်ဘာသာကိုယ် စမ်းချက်ကြည့်ရင်းနဲ့ တတ်သွားတာပါ။

အစားအသောက်နဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်လေးတွေရှိရင် ပြောပြပေးပါဦး။ ဥပမာ- တချို့ သကြားလုံးမျိုမိတာတို့၊ ကျောင်းမှာ မုန့်ခိုးစားလို့ အရိုက်ခံရတာတို့၊ ဟင်းခိုးစားတာတို့ပေါ့။    

            အစားသောက်နဲ့ပတ်သက်ပြီး အမှတ်တရ အဖြစ်အပျက်ဆိုရင် ငယ်ငယ်က အိမ်က ပဲပြားရယ်၊ ငါးရယ်၊ ငါးဖယ်အစိုနဲ့ ရခိုင်ချက်ပုံစံမျိုး ချက်ပေးရင် ကျောင်းက ဆရာမတွေက အရမ်းကြိုက်တယ်။ ဒီတော့ ဆရာမတွေစားဖို့ ထည့်ထည့်ပေးသွားရတယ်။ အတန်းထဲက သူငယ်ချင်းတွေစားဖို့ ယူသွားပေးဖူးတယ်။ နောက်ထပ် အမှတ်တရကတော့ ငယ်ငယ် ပီကေစားတာ၊ ပီကေက လည်ချောင်းရဲ့  ချောင်တစ်နေရာမှာ ကပ်နေတာ။ လည်ချောင်းက ခုလုခုလုဖြစ်နေတော့ ဆရာဝန်နဲ့ပြပြီး ညှပ်နဲ့တောင် ဆွဲထုတ်ခဲ့ရဘူးတယ်။

မနက်စာကို ဘယ်အချိန်လောက်စားဖြစ်လဲ။ ဘာဟင်းတွေနဲ့ စားဖြစ်တာများလဲ။ နေလယ်စာကိုရော။ ညစာရော။

            ရှုတင်တွေရှိတယ်ဆိုရင်တော့ မနက် ၆ နာရီလောက်ဆိုရင် အိပ်ယာထဖြစ်တယ်။ မရှိတဲ့နေ့ဆို ၇ နာရီ၊ ၈ နာရီလောက်မှ ထဖြစ်တယ်။ နောက် တစ်နာရီလောက်ခြားပြီး မျက်နှာသစ်၊ ဘုရားရှိခိုးတာတွေ လုပ်ပြီးတဲ့အခါကျရင်  မနက်စာစားတယ်။ နေ့လယ်ကတော့ ၁၂ နာရီ ဝန်းကျင်လောက်စားဖြစ်တယ်။ ညနေပိုင်းကျရင်တော့ ညီမက ညနေစာစားဖြစ်တာ နည်းတယ်။ အသီးအရွက်ပဲ စားတယ်။ သစ်သီးဖျော်ရည်တို့ သောက်တာများတယ်။

ညစာကိုရော အိမ်မှာ မိသားစုနဲ့စားဖြစ်လား။ ဒါမှမဟုတ် အပြင်မှာ စားဖြစ်သလား။ ညစာ စားပြီးရင်ရော အချိုတည်းလား။

            ညစာကတော့ အိမ်မှာ မိသားစုနဲ့စားဖြစ်တာမျိုးလည်းရှိသလို၊ အပြင်မှာလဲ စားဖြစ်တာမျိုးလည်း ရှိတယ်။  တစ်ခါတလေ အိမ်မှာ ချက်ချိန်မရှိရင် အပြင်ထွက်စားဖြစ်တာ များတယ်။  စားရင်လည်း ယိုးဒယားအစားစာစားဖြစ်တာများတယ်။ ညနေစာ စားဖြစ်လို့ရှိရင်တော့ အချိုအနေနဲ့ အသီးတွေစားလေ့ရှိတယ်။ အမြဲတမ်း သံပရာရည်သောက်တယ်။

စားဖူးသမျှ အစားအစာတွေထဲမှာ တစ်သက်မမေ့လောက်အောင်ဖြစ်တဲ့ အစားအသောက်မျိုးရော ရှိလား။

            တစ်သက်မမေ့လောက်တာမျိုးဆိုတာထက် ညီမအတွက် ဘယ်တော့မှမရိုးတဲ့ အစားသောက်ကတော့ ယိုးဒယားစာပါ။ ဘယ်အချိန် ဘယ်နေရာပဲရောက်ရောက် ယိုးဒယားစာကို ရအောင်မှာစားဖြစ်တယ်။

ထူးထူးဆန်းဆန်း အစားအသောက်တွေရော ညီမစားဘူးလား။

            ထူးထူးဆန်းဆန်း အစားသောက်ဆိုရင်တော့ ငယ်ငယ်တုန်းက မြွေသားစားခဲ့ဘူးတယ်။ အဲဒါကတော့ ညီမအတွက် ထူးဆန်းတဲ့ အစားသောက်ဖြစ်မယ်  ထင်တယ်။

အားလပ်ရက်တွေမှာ  တစ်ခုခုလုပ်စားလေ့ရှိလား။

            အားလပ်ရက်ရယ်လို့တော့ မဟုတ်ဘူး။ တစ်ခါတလေ အလုပ်အားတယ်ဆိုရင် ပါးပါးက ဝက်သားထုတ်ထိုးတွေ ဘာတွေ လုပ်ကျွေးတယ်။ ဘူးသီးကြော် ကြော်စားတာမျိုး လုပ်စားဖြစ်တယ်။ Snack ပုံစံမျိုးလေးတွေ လုပ်စားဖြစ်တယ်။

ရှုတင်တို့၊ စတူဒီယိုတို့သွားတဲ့အခါမှာ ထမင်းချိုင့်တွေ ယူလေ့ရှိလား။

            ရှုတင်သွားရင် အချိန်ရလို့ရှိရင် ယူဖြစ်တယ်။ များသောအားဖြင့်တော့ မယူဖြစ်တာ များပါတယ်။ ဘာလို့လည်းဆိုတော့ ညီမက ပြင်ဆင်ပြီးရတာနဲ့ ဘာနဲ့ဆိုတော့လေ မယူဖြစ်တာက များပါတယ်။

ကိုယ်မစားဖူးတဲ့ အစားသောက်တွေကို မြည်းစမ်းချင်စိတ်ရှိလား။

            အဲ့ဒီလိုမျိုးတော့မရှိဘူး။  ညီမမှာ အကျင့်တစ်ခုရှိတယ်။  မစားဘူးတဲ့အစားသောက်ကို ပုံစံကိုကြည့်ပြီးတော့ မြည်းသင့်၊ မမြည်းသင့် ဆုံးဖြတ်တယ်။ ပုံစံလေးက စားချင်စဖွယ်လေးဆိုရင် စားလိုက်တယ်။ ပုံစံကိုကြည့်ပြီးတော့ စားချင်စိတ်မရှိရင်  မစားတော့ဘူး။

တချို့တွေက စိတ်ညစ်တာတို့၊ ဝမ်းနည်းတာ၊ ပျော်ရွှင်တာ ဝမ်းသာတာမျိုးမှာ အစားတွေ များများစား လေ့ရှိတယ်။  ညီမကရော အဲလိုအခါများမျိုးမှာ အစားသောက်နဲ့ပတ်သက်ပြီး ဘာတွေစားဖြစ်လဲ။ များများစားလား။ နည်းနည်းစားလား။

            စိတ်ညစ်တာမျိုးမဟုတ်ပဲ။  ပင်ပန်းတာမျိုးဆိုရင် ညီမအစား ပိုစားဖြစ်တယ်။ အခုဆို ရေကူးတဲ့အခါ မျိုးဆိုရင် အရမ်းဗိုက်ဆာတော့  အရင်ကမစားတဲ့ ညနေစာတွေလည်း စားပစ်လိုက်တယ်။ ညီမက ပင်ပန်းရင်လည်း အရမ်းစားဖြစ်တယ်။ ပျော်နေရင်လည်း အရမ်း စားဖြစ်တယ်။

ညီမရဲ့    အစားသောက်နဲ့ ကျန်းမာရေးပေါ်အမြင်နဲ့ အစားသောက်နဲ့ ခန္ဓာကိုယ်ထိန်းသိမ်းမှုပုံလေးကို ပြောပြပေးပါဦး။      

            အစားသောက်နဲ့ ကျန်းမာရေးဆိုရင်တော့ အစားသောက်ဆိုတာကလည်း တစ်သက်လုံးစား သွားရမှာလေ။ ကျန်းမာရေးဆိုတာကလည်း တစ်သက်လုံးစောက်ရှောက်ရမှာပဲလေ။ ဒါကြောင့်မို့ ကိုယ့်ရဲ့  နေထိုင်စားသောက်မှု ပုံစံကလည်း အရမ်းအရေးကြီးတယ်။ ကိုယ့်ရဲ့စားသောက်မှုပုံစံ မမှန် ရင်လည်း ကိုယ့်ရဲ့ကျန်းမာရေးကို ထိခိုက်စေတယ်လေ။ အဲ့ဒီအတွက်ကြောင့် ကိုယ်စားတဲ့အစားသောက်က ကိုယ့်ခန္ဓာကိုယ်အတွက်  အားဖြစ်စေတာလား၊ မဖြစ်စေတာလားဆိုတာ ကိုယ်ကိုယ်တိုင် သိဖို့လိုတယ်။ ပြီးတော့ အစားအသောက်အပြင် ကိုယ့်ရဲ့ အနေထိုင်တွေ၊ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားမှု အဲ့ဒါတွေအားလုံး လုပ်ဆောင်ပြီးနေမယ်ဆိုရင်တော့ အဆင်ပြေနိုင်မှာပါ။ နောက် ကိုယ်က အရမ်းအဆီများတာတွေ စားမယ်ဆိုရင်တော့ ကိုယ့်အတွက် ရေရှည်ကျန်းမာရေး မကောင်းနိုင်ပါဘူး။ ညီမ ခန္ဓာကိုယ်အတွက်ဆိုရင်တော့ လောလောဆယ် Gym ဆော့တယ်။ ရေကူးဖြစ်တယ်။  ရေကူးလို့ အရမ်းပင်ပန်းရင် ဗိုက်ဆာပြီး  အစားအများကြီး စားချင်လာတယ်။ အဲဒီအချိန်မှာ ကိုယ့်ခန္ဓာအတွက် ဝိတ်တက်စေမယ့် အစားသောက်တွေစားရင်တော့ သေချာတယ်၊ ဝိတ်တက်ပြီ။ ဒီတော့ အဲ့အချိန်မှာ အရည်ရွမ်းတဲ့အသီးတွေကို ဗိုက်ပြည့်အောင်စားရင် ကျန်းမာရေးအတွက်လည်း ညီညွတ်တယ်လေ။ ဝိတ်လည်း အရမ်းမတက်တော့ဘူး။

အိမ်ကမိဘတွေချက်တဲ့ ဟင်းတွေထဲမှ ဘယ်ဟင်းကို အကြိုက်ဆုံးလဲ။

            မေမေချက်တဲ့ ဟင်းထဲကဆိုရင် ကြက်သားအချိုချက်ကို အကြိုက်ဆုံးပါပဲ။

နိုင်ငံတကာက အစားအသောက်တွေမှာဆိုရင် ဘယ်နိုင်ငံက ဘယ်အစားသောက်ကို စားဖြစ်တာများလဲ။

            ညီမကတော့ ယိုးဒယားစာကို စားဖြစ်တာများတယ်။

နိုင်ငံခြားကိုရောက်နေတဲ့အချိန်မှာ ကိုယ့်နိုင်ငံက ဘယ်အစာအစားကို  လွမ်းဆွတ်တမ်းတမိပါသလဲ။

            ညီမက နိုင်ငံခြားရောက်ရင်တော့ မြန်မာပြည်က မုန့်ဟင်းခါးကို လွမ်းမိပါတယ်။ ပြီးတော့ အစားသောက်ဆိုရင် ညီမက အရည်နဲ့ ပိုကြိုက်တယ်။ နောက်တစ်ခုလွမ်းမိတာက ကြာဆံချက်ပဲ။  အဲ့လို နိုင်ငံခြားရောက်နေရင် မရှိတဲ့ဟာကို ပိုစားချင်တဲ့ စိတ်ကများနေတယ်။ ကိုယ် မြန်မာပြည်မှာ နေတုန်းကတော့ ဟိုနိုင်ငံက အစားသောက်ကို စားချင်ပြီးတော့ သူတို့ဆီရောက်သွားတော့ ကိုယ့်မြန်မာပြည်က အစားသောက်ကို ပိုစားချင်လာတယ်။

ဘဝမှာ အမှတ်တရဖြစ်မယ့်  အစားအစာရှိလား။ ဥပမာ အဲဒီအစားအစာကို စားလိုက်ရင် တစ်နေရာရာ၊ တစ်ယောက်ယောက် စသဖြင့် အမှတ်တရဖြစ်မယ့် အစားအစာမျိုးပေါ့။

            အဲဒီလိုမျိုးဆိုရင်တော့ ငယ်ငယ်တုန်းက ရွာက သောင်ငါးဆိုတာ ရှိတယ်။ သောင်ငါး ဆိုတာ သောင်စပ်မှာနေတဲ့  ငါးသေးသေးလေးတွေပါ။ အရိုးလည်း မပါဘူး။ ငယ်ငယ်တုန်းက ရွာသွားတိုင်း စားဖြစ်တယ်။ အခုအရွယ်မှာ ပြန်စားချင်တယ်။ ဒါပေမဲ့ မလွယ်တော့ဘူး။ မလွယ်တော့ဘူးဆိုတာက အဲ့သောင်ငါးက ဖမ်းရတာလည်းခက်တယ်။  အိုးကပ်ချက်လေးပေါ့။ အဲဒါမျိုးလေးစားလိုက်ရရင်တော့ ကိုယ့်ကိုယ်ကိုယ် ရွာပြန်ရောက်သလိုမျိုး ခံစားရတယ်။ ရန်ကုန်မှာကြတော့ အဲ့ငါးကိုရှာဖို့က အရမ်းခက်သွားပြီ။

ညီမစားဖူးသမျှထဲမှာ ဈေးကြီးပြီး မတန်ဘူးထင်တဲ့ အစားသောက်တွေရှိလား။

            အဲ့ဒီလိုမျိုးတော့ မသတ်မှတ်ထားဘူး။  အဓိကတော့ ကိုယ်ကြိုက်လို့ရှိရင်  စားလိုက်တာပါပဲ။

ဈေးပေါပြီး တန်တာမျိုးဆိုရင်ရော။

            ဈေးပေါပြီး တန်တာဆိုရင်တော့ မုန့်ဟင်းခါးတို့ ဘာတို့လို မြန်မာအစားသောက်တွေပေါ့။ အဲ့လိုဟာမျိုးကို စားလိုက်လို့ရှိရင် ဈေးလည်းမများဘူး။ ကိုယ်လည်းကြိုက်တယ်။ ဗိုက်လည်းဝတယ်ဆိုတော့ မနက်ခင်းစားတဲ့ မြန်မာအစားသောက်တွေ ညီမအတွက် အဆင်ပြေတယ်။

စားသောက်ဆိုင်နဲ့ အိမ်မှာဆိုရင် ဘယ်မှာပိုပြီးတော့ စားချင်လဲ။

            ညီမက အိမ်မှာစားရတာကို ပိုကြိုက်ပါတယ်။ လွတ်လည်း လွတ်လပ်တယ်။ စားသောက်ဆိုင်ကျတော့ မလွတ်လပ်သလိုလည်း ခံစားရတယ်။ နောက် ကိုယ့်အိမ်မှာ ကိုယ့်မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် စားရတာမျိုးကို ပိုကြိုက်တယ်။

မြတ်သူသူဇင်အကြိုက်ဆုံး အသီးအနှံ၊ အရွက်၊ အသား၊ ငါးတွေကို ပြောပြပေးပါဦး။ ဖျော်ရည်တွေထဲမှာဆိုရင်ရော။

            ညီမအကြိုက်ဆုံး အသီးအနှံဆိုရင် သင်္ဘောသီး၊ ဖရဲသီး၊ ပန်းသီးကြိုက်တယ်။ အရွက်တွေထဲမှာဆိုရင် ကန်စွန်းရွက်ကို နေ့တိုင်းနီးပါး စားတယ်။ အသားငါးထဲမှာဆိုရင်တော့ သိပ်မစားဖြစ်ဘူး။ အမဲသားဆို လုံးဝမစားဘူး။ ဝက်သားလည်း နည်းနည်းရှောင်တယ်။ ဒါပေမဲ့ ကြက်သားတစ်မျိုးတော့ စားဖြစ်တယ်။ အသားစားတာထက်စာရင်  အသားဓာတ်ပါတဲ့ အသီးအနှံတွေကို စားဖြစ်တာများတယ်။ ဖျော်ရည်ဆိုရင်တော့ သံပရာရည် ကြိုက်ပါတယ်။

ညီမနဲ့မတည့်တဲ့ အစားသောက်တွေရော ရှိလား။

            ပင်လယ်စာတွေ ဘာတွေစားရင်တော့ တစ်ခါတလေကျရင် Allergy ဖြစ်တတ်တယ်။

အစားအသောက်တစ်ခုခုကို စားနေတုန်း အဲဒီထဲမှာ ရွံစရာတွေ ဘာတွေရောတွေ့ဖူးလား။ အစားသောက်စားနေရင်း သူငယ်ချင်းတွေက ဘေးနားက ရွံစရာပြောရင်ရော ရွံတတ်လား။

            တွေ့ဖူးပါတယ်။ တစ်ခါတလေကျရင် စားသောက်ဆိုင်ဘက် သတိမပြုမိဘဲ ပါလာတတ်တာမျိုး ရှိတယ်။ အဲဒီလိုမျိုးကျရင် ဆိုင်ကိုလည်း ပြောမနေတော့ဘူး။ ဆက်မစားတော့ဘူး။ သူငယ်ချင်းတွေ စနောက်တာမျိုးကတော့ ငယ်ငယ်တုန်းကတော့ ခဏခဏကြုံရတယ်။ တစ်ခုခုစားတော့မယ်ဆိုရင် လုစားကြတယ်။ ကိုယ်စားနေတဲ့အခါမှာ တချို့ မရွံတတ်တဲ့သူငယ်ချင်းတွေက ကိုယ်စားမယ့်အခါကျရင် မစားဖြစ်အောင် ရွံစရာတွေပြောပြီး စကြတယ်။ သူတို့ပိုစားရအောင်ပေါ့။ တစ်ခါတလေကျရင် ကြားတော့ကြားတယ်။ ဒါပေမဲ့ အရွဲ့တိုက်ပြီး စားဖြစ်တယ်။

အစားအသောက်က နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးရဲ့  ယဉ်ကျေးမှုကို ဖော်ဆောင်နိုင်တယ်လို့ ထင်မြင်မိပါသလား။

            ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့။ တချို့ဆိုရင် မြန်မာနိုင်ငံက အစားသောက်လို့ ပြောလိုက်တာနဲ့တင် မုန့်ဟင်းခါး၊ ဆီထမင်း၊ လက်ဖက်သုပ် စသဖြင့်  ရိုးရာအစားသောက် အဖြစ် လူတွေသိကြတယ်။ ဥပမာ တုံယမ်းဟင်းချိုလို့ ပြောလိုက်ရင် ဒါက ယိုးဒယားစာ ဆိုပြီး သိကြသလိုမျိုးပေါ့။  ဒါကြောင့် ဒါကလည်း အရေးပါတယ်လို့ ထင်ပါတယ်။ ပြီးတော့  ညီမအထင် အခြားနိုင်ငံသားတွေကို ဧည့်ခံတဲ့အခါမှာ ကိုယ့်နိုင်ငံရဲ့ အစားစာကို  ကျွေးမွေးဧည့်ခံရင် ပိုပြီးတော့ ဂုဏ်တက်တယ်လို့လည်း ခံစားရတယ်။

အခုညီမလုပ်ပြတဲ့ ယိုးဒယားစတိုင်လ်ဝက်သားတောက် တောက်ကြော်လေးကို လိုက်လုပ်စားမယ့် ပရိသတ်တွေအတွက် အမှတ်တရ စကားလက်ဆောင်လေးကို ပြောပြပေးပါ ဦး။

            ဒီဟင်းပွဲလေးက  မြင်နေကြ စားနေကြ ပုံစံမျိုးမဟုတ်ဘဲနဲ့ ယိုဒယားပုံစံမျိုးလေး အစပ်ဖက်နွယ်တဲ့ ဟင်းလေးပါ။  မိသားစုနဲ့အတူ လွယ်လင့်တကူ လိုက်ချက်စားကြည့်ပါ။ အရမ်းလည်း ကောင်းပါတယ်လို့ ပြောချင်ပါတယ်။

မြတ်သူသူဇင်ရဲ့  ယိုးဒယားစတိုင်လ် ဝက်သားတောက်တောက်ကြော်

►   ပါဝင်ပစ္စည်း

♦   ဝက်သား   –   ၅ ကျပ်သားခန့်(နုပ်နုပ်စဉ်း)

♦   ဗိုလ်စားပဲ   –   ၅ ကျပ်သားခန့်(နုပ်နုပ်စဉ်း)

♦   မုန်လာဥနီ   –   တစ်ခြမ်း(နုပ်နုပ်စဉ်း)

♦   ကိုက်လန်   –   အနည်းငယ်(နုပ်နုပ်စဉ်း)

♦   ပန်းပွင့်   –   အနည်းငယ်(နုပ်နုပ်စဉ်း)

♦   ငရုတ်ပွ   –    တစ်ခြမ်း(နုပ်နုပ်စဉ်း)

♦   ကြက်သွန်ဖြူ   –   ၂ တက်(နုပ်နုပ်စဉ်း)

♦   မေဇင်ပဲပိစပ်ဆီ   –   ၅ ကျပ်သားခန့်

♦   ရေ   –   အနည်းငယ်

♦   ခရုဆီ   –   စားပွဲဇွန်း ၁ ဇွန်း

♦   ဆား   –   အနည်းငယ်

♦   ပဲငံပြာရည်အကြည်   –   အနည်းငယ်

♦   သကြား   –   လက်ဖက်ရည်ဇွန်း ၁ ဇွန်း

♦   ငရုတ်ကောင်း၊ ကြက်သွန်မြိတ် (ဖြူးရန်)

►   ဆလတ်ရိုး ပုစွန်သုပ်နည်း

၁။        ပထမဆုံး ဝက်သား၊ ဗိုလ်စားပဲ၊ မုန်လာဥနီ၊ ကိုက်လန်၊ ပန်းပွင့်၊ ငရုတ်ပွ၊ ကြက်သွန်ဖြူတို့ကို နုပ်နုပ်စဉ်းပါ။

၂။        ပြီးလျှင် ကြက်သွန်ဖြူနုပ်နုပ်ကို အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။ ကြက်သွန်ဖြူဆီသတ်ထဲသို့ နုပ်နုပ်စဉ်းထားသော ဝက်သားများကို ၃ မိနစ်ခန့် မွှေကြော်ပါ။

၃။        ထို့နောက်  ဗိုလ်စားပဲ၊ မုန်လာဥနီ၊ ကိုက်လန်၊ ပန်းပွင့်၊ ငရုတ်ပွတို့ကိုထည့်ပါ။ ရေအနည်းငယ်ထည့်ပြီး ဆူလာတဲ့အထိ ကြော်ပါ။

၎။        အသီးအရွက်များ ဆူလာပြီဆိုလျှင် ခရုဆီ၊ ဆား၊ သကြား ၊ ပဲငံပြာရည်အကြည် တို့ကို အချိုးအစားတိုင်းထည့်ပြီး ရေခန်းလာတဲ့အထိ မွှေပါ။

၅။        ရေခန်းလာပြီး အနံ့မွှေးလာရင် ငရုတ်ကောင်းနှင့် ကြက်သွန်မြိတ်ကို အပေါ်မှဖြူးပေးပြီးလျှင် သုံးဆောင်လို့ရပါပြီ။

Facebook Comments