ငယ်ငယ်က ဩဇာသီးစားပြီး ဩဇာသီးအစေ့ကို နှာခေါင်းထဲထည့်မိလို့ ဆေးခန်းရောက်သွားဖူးတာကတော့ အမှတ်တရပါပဲဆိုတဲ့ မေဘရဏီသော်

by အာဂ for Food Magazine

အချက်အပြုတ်ကို ဘယ်အရွယ်ကတည်းက စပြီးတော့ ဝါသနာပါခဲ့ပါသလဲ။

          အချက်အပြုတ်ကို ညီမက သိပ်ပြီးတော့ ဝါသနာပါတဲ့အထဲမှာ မပါပါဘူး။ ဒီအတိုင်းပဲ မိသားစုတွေချက်ပြုတ်ရင် ဝိုင်းပြီးတော့ ကူညီပေးတယ်။ ဝင်ချက်ပေးတယ်။ ဒါပေမဲ့ ပုံမှန်တော့ ချက်ပြုတ်တဲ့အထဲမှာ မပါဘူးပေါ့နော်။

အခုချက်ပြတဲ့ ကြက်အူချောင်း ပန်းငရုတ်ပွကြော်လေးကို ပရိသတ်ကိုလုပ်ပြဖို့ စီစဉ်ဖြစ်သွားပုံလေးလည်း ပြောပြပေးပါဦး။

          ဒီဟာလေးက ကိုယ့်အတွက် အဆန်းလေးလည်းဖြစ်တယ်။ ဟင်းသီးဟင်းရွက်လေးတွေလည်း များများစားပါတယ်။ ပိုပြီးတော့လည်း အသစ်အဆန်းလေးဖြစ်သွားတော့ စီစဉ်ဖြစ်သွားတာပါ။

ဘဝမှာ ပထမဆုံး စချက်ဖြစ်တဲ့ ဟင်းပွဲလေးကို မှတ်မိသေးရင် ပြောပြပေးပါဦး။ အရသာကရော ဘယ်လိုရှိသလဲ။

          ပထမဆုံးလုပ်ဖြစ်တာဆိုရင် ညီမက ကြက်ဥကြော်တာပါ။ အဲဒီတုန်းက အသက် ၁၁ နှစ်လောက် ဆိုတော့ ငယ်လည်း တော်တော်ငယ်သေးတယ်။ ကိုယ်ကလည်း အရမ်းဗိုက်ဆာနေတယ်။ အိမ်မှာလည်း လူကြီးတွေက အလုပ်များနေတာနဲ့ ကြက်ဥကြော်ဖြစ်သွားတယ်။ ကြော်ပြီး စားဖြစ်တော့ ရယ်ရတယ်။ ဘာလို့လည်းဆိုတော့ စားလည်း စားရော တစ်ခုခုလိုနေတယ်လို့ ထင်နေတာ။ နောက်ကျမှ သိတာက ဆားထည့်ဖို့ မေ့ခဲ့တာပါပဲ။ (ရယ်လျက်)

မေဘရဏီသော်ချက်တဲ့ဟင်းတွေထဲမှာ လူကြိုက်အများဆုံး ဟင်းပွဲကရော ဘာဟင်းပွဲဖြစ်မလဲ။

          ညီမချက်တဲ့ဟင်းထဲမှာ လူကြိုက်အများဆုံးဆိုရင်တော့ ပုံမှန်လုပ်ဖြစ်တဲ့အထဲက ငါးကို အချိုချက် ပဲငံပြာရည်နဲ့ချက်တာပေါ့။ ဒီဟင်းလေးက ကိုယ်လည်းကြိုက်တယ်။ ကျွမ်းလည်း ကျွမ်းကျင်တယ်။ များများစားစား ပါဝင်ပစ္စည်းလည်း မပါဘူး။ အိမ်က မိသားစုတွေကလည်း အဲဒါလေးကို သဘောကျကြပါတယ်။

အဲဒီလို ညီမချက်တာကိုစားပြီး ပထမဆုံး ချီးမွမ်းခံရတုန်းက ခံစားချက်ကရော။ အချက်အပြုတ်ကို ဘယ်သူတွေဆီက သင်ယူဖူးလဲ။

          အမှန်အတိုင်းပြောရရင် ကိုယ်စပြီးတော့ချက်တုန်းက ဘေးနားမှာ လူကြီးတွေက ပြောပြတာပေါ့။ ကူတော့ မကူပေးဘူး။ ကိုယ့်ဘာသာကိုပဲ ချက်ကြည့်တာပေါ့။ သူတို့ ပြောပြတာနားထောင်ပြီး ချက်ကြည့်တော့ အဆင်ပြေတယ်ဆိုတော့လည်း ပျော်ရတာပေါ့။ အချက်အပြုတ်ကတော့ အမေနဲ့ အဒေါ်ဆီက သင်ဖြစ်တာပါ။ သူတို့ကတော့ တကယ့်ဆရာကြီးတွေပါ။ သူတို့ချက်ရင် ဘေးနားမှ လိုက်ကြည့်ရတာ ကိုယ့်တာဝန်ပါ။ တစ်ခါတလေ သူတို့အလုပ်အရမ်းများရင်တော့ ဝိုင်းလုပ်ပေးရတာ ကိုယ့်တာဝန်ပါ။

ငယ်ငယ်က မကြိုက်ဘဲ အသက်ကြီးမှ ကြိုက်တာဆိုရင်ရော။

          ငယ်ငယ်တုန်းက ငါးပိရည်၊ တို့စရာလို အစပ်အရမ်းများတာတွေ မကြိုက်ပါဘူး။ ကြိုက်တာဆိုရင်တော့ ဝက်သားနဲ့ဆိုင်တာဆိုရင် အကုန်ကြိုက်တယ်။ ငါးပိကြော်ဆိုရင်လည်း ငယ်ငယ်က မကြိုက်ဘူး။ အခုတော့ ကြိုက်လာတယ်။

အစားအသောက်နဲ့ ပတ်သက်ပြီး အမှတ်တရ အဖြစ်အပျက်လေးတွေရှိရင် ပြောပြပေးပါဦး။ ဥပမာ- တချို့ သကြားလုံးမျိုမိတာတို့၊ ကျောင်းမှာ မုန့်ခိုးစားလို့ အရိုက်ခံရတာတို့၊ ဟင်းခိုးစားတာတို့ပေါ့။

          အဲဒီလိုအစားအသောက်နဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်ဆိုရင် ညီမငယ်ငယ်က ဩဇာသီးစားပြီး ဩဇာသီးအစေ့ကို နှာခေါင်းထဲထည့်မိလို့ ဆေးခန်းရောက်သွားဖူးတာကတော့ အမှတ်တရပါပဲ။ အမှန်ကတော့ အမေက ညီမကို အစေ့တွေနွှာပြီး ကျွေးနေချိန်မှာ ဧည့်သည်တွေလာလို့ သွားတွေ့တဲ့အချိန်မှာ “သမီး ဒါတွေကို ပါးစပ်ထဲ၊ နှာခေါင်းထဲမထည့်နဲ့” လို့ မှာသွားတယ်။ ဒါပေမဲ့ ကလေးဆိုတော့ အရမ်းစူးစမ်းချင်တယ်။ ဒီလိုထည့်လိုက်ရင် ဘာဖြစ်တတ်သလဲဆိုတာ အရမ်းသိချင်လို့ အမေက ဟိုဘက် လှည့်ရုံရှိသေးတယ်။ ညီမက ကောက်ပြီးတော့ နှာခေါင်းထဲထည့်လိုက်တယ်။

မနက်စာကို ဘယ်အချိန်လောက် စားဖြစ်လဲ။ ဘာဟင်းတွေနဲ့ စားဖြစ်တာများလဲ။ နေ့လယ်စာနဲ့ ညစာကိုရော။ ညစာစားရင် မိသားစုနဲ့အတူတူ စားဖြစ်လား။

          မနက်စာကို ညီမ အိပ်ရာထပြီး မနက် ၉ နာရီဆိုရင် စားဖြစ်တယ်။ နေ့လယ်စာကိုတော့ နည်းနည်းနောက်ကျတယ်။ မွန်းလွဲ ၂ နာရီ၊ ၃ နာရီလောက်မှာ စားဖြစ်တယ်။ ညစာကတော့ ည ၇ နာရီမထိုးခင် စားဖြစ်တယ်။ ဒါပေမဲ့ မနက်စာကိုတော့ များများစားတယ်။ နေ့လယ်စာကို လျှော့လိုက်တယ်။ ညစာကျတော့ တကယ့်နည်းနည်းပဲ စားတော့တယ်။ ကိုယ်ကလည်း မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်တဲ့အတွက် ထမင်း ကတော့ လုံးဝမဖြတ်နိုင်ဘူး။

ညစာစားရင် မိသားစုနဲ့အတူတူစားဖြစ်လား။

          အများအားဖြင့် အိမ်မှာစားဖြစ်တာ များပါတယ်။ အိမ်မှာ အမေကလည်း သူကိုယ်တိုင် ချက်ပြုတ်ရတာ ဝါသနာပါတယ်။ အိမ်က ဟင်းတွေပဲ ခံတွင်းတွေ့တာများတော့ အိမ်မှာပဲ စားဖြစ်ပါတယ်။ တစ်ခါတလေ ပွဲလေးတွေရှိမှသာ အပြင်မှာ စားဖြစ်တာပါ။

စားဖူးသမျှအစားအစာတွေထဲမှာ တစ်သက်မမေ့လောက်အောင်ဖြစ်တဲ့ အစားအသောက်မျိုးရော ရှိလား။

          အဲဒီလိုဆိုရင်တော့ အမေ့ရဲ့ ဝက်သားချက်ပါ။ အမေ့ရဲ့ ဝက်သားချက်က အိပြီးတော့ တော်တော်စားလို့ကောင်းတယ်။ အမေတို့၊ အဒေါ်တို့ ဝက်သားချက်ရင် တော်တော် စားကောင်းတယ်။ နောက်ပြီး ကြက်သားကို အရက်နဲ့ ချက်တာကလည်း တော်တော်စားကောင်းပါတယ်။

ထူးထူးဆန်းဆန်း အစားအသောက်တွေရော စားဖူးလား။

          ထူးထူးဆန်းဆန်း အစားအသောက်ကိုတော့ စားဖူးတယ်။ ကြွက်တို့၊ မြွေတို့တော့ မစားပါဘူး။ ပုရစ်ကြော်တို့ ဘာတို့လောက်ပဲ စားဖြစ်ပါတယ်။ အကောင်အရှင်တွေ ဘာတွေဆိုရင်လည်း မစားဖြစ်ပါဘူး။ ဒါပေမဲ့ ပုစွန်အစိမ်းသုပ်တို့ ဘာတို့လိုမျိုး၊ ဂျပန်ဆူရှီက ငါးအစိမ်းလေးတွေတော့ စားဖြစ်ပါတယ်။

ရှုတင်တွေ ဘာတွေသွားရင်ရော ထမင်းချိုင့် ယူသွားလေ့ရှိလား။

          ရှုတင်ဆိုရင်တော့ ရှုတင်ထမင်းစားဖြစ်တာ များတယ်။ တစ်ခါတလေကျရင်တော့ အိမ်ကနေပြီး ညီမက လက်ဖက်သုပ်ကြိုက်တော့ လက်ဖက်သုပ် စသဖြင့် ထည့်သွားဖြစ်ပါတယ်။

ကိုယ်မစားဖူးတဲ့ အစားအသောက်တွေကို မြည်းစမ်းချင်စိတ်ရှိလား။ ဘယ်လိုအရသာမျိုးကို မြည်းစမ်းချင်လဲ။

          အဲဒီလိုမျိုးတော့ ရှိပါတယ်။ ညီမက စူးစမ်းတတ်တယ်။ ဒီဟာလေးက စားကောင်းလား၊ မကောင်းဘူးလားဆိုတာ သိချင်တဲ့ စိတ်လေးတော့ရှိတယ်။ မြည်းဖြစ်ရင်လည်း အရမ်းကြီး အချိုဘက်ပိုင်းတွေဆိုရင်တော့ မမြည်းဖြစ်ဘူး။ အဆိမ့်ပိုင်းတွေ သွားတာများတယ်။ အအီအဆိမ့်ပိုင်းတွေကိုတော့ သိပ်ပြီးတော့ မမြည်းဖြစ်ပါဘူး။

မေဘရဏီသော်ရဲ့ အစားအသောက်နဲ့ ကျန်းမာရေးပေါ်အမြင်လေးကို ပြောပြပေးပါဦး။

          ညီမအမြင်ကတော့ အစားအသောက်ဆိုတာ တန်ဆေး၊ လွန်ဘေးဆိုတာလည်း ရှိတယ်။ သူ့ဟာနဲ့သူ အစပ်အဟပ်တည့်တည့်နဲ့စားရင် ကိုယ့်အတွက် အားဖြစ်စေမယ့် အရာပေါ့နော်။ အဲဒီထက်ပိုသွားရင်တော့ ကိုယ့်ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ တန်ဆေး၊ လွန်ဘေးဆိုတာမျိုးရှိတဲ့အတွက် ကိုယ့်အတွက် အာဟာရဖြစ်တာမျိုးကို ရွေးချယ်စားသုံးဖို့ အကြံပြုချင်ပါတယ်။ ညီမ ခန္ဓာကိုယ်ကတော့ ကိုယ့်အလုပ်အကိုင်အရ ပုံမှန်ထိန်းသိမ်းဖြစ်တယ်။ ညီမက ပုံမှန်ဆိုရင် အစားအသောက် အရမ်းကြိုက်တဲ့လူ၊ အမြဲတမ်းစားတယ်။ အနုပညာရှင်ဖြစ်တဲ့အတွက် တစ်ပတ်မှာ ၆ ရက်လောက် အားကစားကလည်း လုပ်ဖြစ်တယ်။ အစားအသောက်ကိုလည်း တတ်နိုင်သလောက် ရှောင်တယ်။ ဒါပေမဲ့ တစ်ရက်လောက်ကတော့ ကိုယ်စားချင်တာကို အမြဲတမ်းစားဖြစ်တယ်။

အိမ်က မိဘတွေချက်တဲ့ ဟင်းတွေထဲမှာ ဘယ်ဟင်းကို အကြိုက်ဆုံးလဲ။

          အိမ်က အမေတွေ၊ အဒေါ်တွေချက်တဲ့ ဟင်းထဲမှာဆိုရင် ကြက်သားကို အရက်နဲ့ ချက်တာကို ကြိုက်တယ်။ ဒါက ဆေးဘက်လည်း ဝင်တယ်၊ ကိုယ့်ရဲ့ သွေးသားအတွက်လည်း ကောင်းစေပါတယ်။ ဒါလေးတော့ ကြိုက်ပါတယ်။ ချက်တဲ့အရက်ကတော့ ကောက်ညှင်းအရက်ပါ။

နိုင်ငံတကာအစားအသောက်မှာ ဘယ်အစားအသောက်ကိုကြိုက်လဲ။

          နိုင်ငံတကာအစားအသောက်တွေကျတော့ ဂျပန်စာ ဆူရှီတို့ ဘာတို့ ကြိုက်တယ်။ နောက်ပြီး တုန်ယမ်းဟင်းချိုကြိုက်တယ်။ ကိုရီးယားအစားအစာဆိုရင် ပဲခေါက်ဆွဲတို့ ဘာတို့ကြိုက်တယ်။

နိုင်ငံခြားကို ရောက်နေတဲ့အချိန်မှာ ကိုယ့်နိုင်ငံက ဘယ်အစားအစာကို လွမ်းဆွတ် တမ်းတမိပါသလဲ။

          မြန်မာပြည်က ချဉ်ချဉ်ငန်ငန်စပ်စပ် အစားအသောက်တွေကို လွမ်းမိပါတယ်။ မြန်မာပြည်က အစားအသောက်က အချဉ်အငန်အစပ်တွေ များတယ်။ နိုင်ငံတကာမှာဆိုရင် များသောအားဖြင့် အရသာရှိပေမယ့် အစပ်တွေ သိပ်မများကြဘူး။ ပေါ့တယ်။ ဒီတော့ ကိုယ့်နိုင်ငံရောက်တဲ့အချိန်ကျရင် ငန်တဲ့အစားအသောက်ကို စားချင်မိတယ်။

ဘဝမှာ အမှတ်တရဖြစ်မယ့် အစားအစာရှိလား။ ဥပမာ-  အစားအစာတစ်ခုခုကို စားလိုက်ရင် တစ်ချိန်ချိန်၊ တစ်နေရာရာ၊ တစ်ယောက်ယောက်ကို သွားပြီး သတိရတာမျိုးပေါ့။

          အဲဒါမျိုးဆိုရင်တော့ ပြောရမယ်ဆိုရင် လက်ဖက်ထဲမှာထည့်တဲ့အကောင် တွင်းပိုးလားမသိဘူး။ အဲဒါကို ငယ်ငယ်က စူးစမ်းစိတ်နဲ့ စားမိတယ်။ ဘယ်လိုစားစား အရသာရှိတယ်လို့ မထင်မိဘူး။ အခုပြန်စားဆိုရင်လည်း မစားဖြစ်တော့ပါဘူး။ အမှတ်တရ သတိရမိတဲ့ အစားအစာဆိုရင်တော့ ညီမတို့ငယ်ငယ်က မိသားစုခရီးထွက်ရင်း သွားချင်တဲ့ နေရာကိုလည်း မရောက်သေးဘူး။ ဒီတော့ လမ်းမှာတွေ့တဲ့ဆိုင်တစ်ဆိုင်ကို ဝင်လိုက်တယ်။ အဲဒီဆိုင်ကိုရောက်ပြီး စားလိုက်ရတဲ့အချိန်မှာ အဲဒီက အစားအသောက်က ဘာနဲ့မှ မလဲနိုင်ဘူး။ တော်တော်ကောင်းတယ်။ အဲဒီဆိုင်ရဲ့ ချက်ပုံချက်နည်းက ဆေးမြစ်တွေကို ထည့်ပြီး ကြက်သား၊ ဝက်သားတို့ကို ထည့်ပြုတ်ပြီးတော့ ချက်ထားတာ။ အခုအချိန်ထိလည်း အဲဒီခရီးလမ်းကိုသွားရင်လည်း အဲဒီဆိုင်ကို လိုက်ရှာတယ်။ ရှာမတွေ့တော့ဘူး။ အခုအချိန်ထိလည်း မိသားစုတွေ အဲဒီဆိုင်လေးအကြောင်းကို ပြောဖြစ်နေတုန်းပါပဲ။

စားဖူးသမျှထဲမှာ ဈေးကြီးပြီး မတန်ဘူးဆိုတာမျိုးရော ကြုံဖူးလား။ ဈေးပေါပြီး တန်တယ်လို့ ထင်တာမျိုးဆိုရင်ရော။

          ကြုံဖူးတယ်။ တစ်ခါ သူငယ်ချင်းအသိမိတ်ဆွေတစ်ယောက်က လိုက်ကျွေးမယ်ဆိုပြီး ခေါ်သွားလို့ ဆိုင်တစ်ဆိုင်မှာ သွားစားတာ တစ်နေ့တည်း ၅ သိန်း ကုန်သွားတယ်။ သူကတော့ မသိဘူး။ ကိုယ်ကတော့ အဲဒီတုန်းက ညစာတောင် မစားနိုင်ဘူး ဖြစ်သွားတယ်။ ဈေးပေါပြီး တန်တာမျိုးကတော့ ဝက်သားတုတ်ထိုးတို့ ဘာတို့က တန်တာပေါ့။

စားသောက်ဆိုင်နဲ့ အိမ်မှာဆိုရင် ဘယ်မှာပိုစားချင်လဲ။

          အိမ်မှာပဲ စားဖြစ်တာများတယ်။ ဘာလို့လည်းဆိုတော့ အပြင်က အစားအသောက်တွေဘာတွေက ဘယ်လောက်အထိစိတ်ချရလဲ၊ ဘယ်လောက်အထိ သန့်လဲဆိုတာ အာမခံချက်မရှိဘူးလေ။ အိမ်မှာကျတော့ ကောင်းကောင်းလည်း စားရတယ်၊ သန့်သန့်ရှင်းရှင်းလည်း လုပ်တယ်ဆိုတော့ ပိုပြီး စိတ်ချရတာပေါ့။

ညီမအကြိုက်ဆုံး အသီးအနှံ၊ အရွက်၊ အသား၊ ငါးတွေကို ပြောပြပေးပါဦး။

          အကြိုက်ဆုံးအသီးအနှံဆိုရင် စပျစ်သီး၊ ပန်းသီးပါ။ အသီးအရွက်ထဲမှာဆိုရင် ဘရိုကိုလီ (ပန်းဂေါ်ဖီစိမ်း) ကြိုက်တယ်။ အသားငါးဆိုရင် ငါး၊ ဝက်သား ကြိုက်တယ်။ ဖျော်ရည်မှာတော့ စတော်ဘယ်ရီနဲ့ နဂါးမောက်သီးဖျော်ရည် ကြိုက်တယ်။

ညီမနဲ့မတည့်တဲ့ အစားအသောက်တွေရောရှိလား။ မကြိုက်တဲ့အစားအစာတွေရော။

          မတည့်တာတော့ သိပ်မရှိဘူး။ ဒါပေမဲ့ အာလူးစားရင်တော့ အဖုလေးတွေ ပေါက်တတ်တယ်။

အစားအသောက်တစ်ခုခုစားနေတုန်း အဲဒီထဲမှာ ရွံစရာတွေ ဘာတွေရော တွေ့ ဖူးလား။

          တွေ့ဖူးတယ်။ အချိုရည်တွေ ဘာတွေမှာ ယင်ကောင်တွေ ဘာတွေ တွေ့ရင် အရမ်းရွံတယ်။ စားသောက်ဆိုင်ဆိုတာက သန့်ရှင်းရေးက အဓိကအရေးပါတာဖြစ်လို့ ခေါ်တော့ ပြောရတာပေါ့။

အစားအသောက်က နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှုကို ဖော်ဆောင်နိုင်တယ်လို့ ထင်မြင်မိပါသလား။

          ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မြန်မာလူမျိုးဆိုရင် မုန့်ဟင်းခါး၊ ရှမ်းဆိုရင် ရှမ်းခေါက်ဆွဲ စသဖြင့် သူ့ဟာနဲ့သူ ရှိတာပေါ့နော်။ မန္တလေးဆိုရင်လည်း နန်းကြီးသုပ်၊ နန်းပြားသုပ် စသဖြင့် ပင်တိုင်အစားအစာလေးတွေ ရှိတာပေါ့လေ။

အခုလတ်တလော ညီမရဲ့  အနုပညာလှုပ်ရှားမှုလေးတွေအကြောင်း ပြောပြပေးပါဦး။

          အခုတော့ ညီမ ကြော်ငြာဓာတ်ပုံတွေ ရိုက်ဖြစ်တယ်။ မော်ဒယ်ရှိုးတွေ လျှောက်ဖြစ်တယ်။ ဒီလောက်ပါပဲ။

မေဘရဏီသော် အခုချက်ပြတဲ့ဟင်းလေးကို လိုက်ချက်စားကြည့်မယ့် ပရိသတ်အတွက် အမှတ်တရ စကားလက်ဆောင်လေးကို ပြောပြပေးပါဦး။

          ပရိသတ်ကြီးအနေနဲ့လည်း အခုဟင်းလေးကို လိုက်ပြီးတော့ ချက်စားကြည့်ပါလို့။ ဒီဟင်းလေးက ကျန်းမာရေးနဲ့လည်း ညီညွတ်ပြီး အရမ်းကြီးလည်း အဆီမတက်စေဘူး။ အသီးအရွက်တွေလည်းများတော့ ခန္ဓာကိုယ်ကိုလည်း ကျန်းမာစေတဲ့အပြင် ပရိသတ်ကြီးလည်း ကြိုက်နှစ်သက်မယ်လို့ ယုံကြည်ပါတယ်လို့ ပြောချင်ပါတယ်။

မေဘရဏီသော်ရဲ့

ကြက်အူချောင်း ပန်းငရုတ်ပွကြော်

ပါဝင်ပစ္စည်းများ

ဆီ  –  စားပွဲဇွန်း ၂ ဇွန်း

ကြက်အူချောင်း  –  ၃ ချောင်း

ပန်းငရုတ်ပွ  –  ၁၀ဝ ဂရမ် (အနီ၊ အစိမ်း၊ အဝါ)

မှို (Button Mushroom)  –  ၅၀ ဂရမ်

ဆား၊ ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

ခရုဆီ  –  စားပွဲဇွန်း ၂ ဇွန်း

အသားမှုန့်  –  အနည်းငယ်

ပြုလုပ်နည်း

၁။       ကြက်အူချောင်းများကို အခွံခွာပြီး အတုံးလေးတွေ တုံးထားပါ။ ပန်းငရုတ်ပွများကို ရေဆေးပြီး အချောင်းလိုက်လေးတွေ လှီးထားပါ။ မှိုကို အနေတော် အထူလေးတွေရအောင် လှီးထားပါ။

၂။       အိုးထဲ ဆီထည့်ပြီး ကြက်အူချောင်းကို ကျက်အောင် အရင်ကြော်ပါ။ ပန်းငရုတ်ပွ၊ မှိုများထည့်ပြီး မိနစ်အနည်းငယ်ကြော်ပါ။ အရသာများထည့်၍ အရသာမြည်းပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments