ငယ်ငယ်က စိတ်ကူးထဲမှာ တစ်နေ့ ငါချမ်းသာလာရင် ကြက်သားကြော်တွေ အများကြီးဝယ်စားမယ်လို့ စိတ်ကူးရှိခဲ့တယ်ဆိုတဲ့ L. လွန်းဝါ

 by အာဂ for Food Magazine

အချက်အပြုတ်ကို ဘယ်အရွယ်ကတည်းက စပြီးတော့ ဝါသနာပါခဲ့လဲ။

          အမှန်အတိုင်းပြောရရင် အချက်အပြုတ်ကို အရမ်းကြီး ဝါသနာပါတယ်လို့တော့ မဟုတ်ပါဘူး။ စားရတာကို ပိုဝါသနာပါတယ်။ ဒါပေမဲ့ အချက်အပြုတ်ကိုတော့ စိတ်ဝင်စားတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တစ်အိမ်လုံးချက်တတ်တယ်။ အဖေဆိုရင် စားဖိုမှူးကြီးပါ။ ကျွန်တော့် ဦးလေးတွေဆိုရင်လည်း စားသောက်ဆိုင်ဖွင့်ထားပါတယ်။ အစားအသောက်နဲ့ ပတ်သက်ရင်တော့ မစိမ်းပါဘူး။

အခု ပရိသတ်ကို ယိုးဒယားကြက်အစိမ်းရောင်ဟင်းလေးကို ချက်ပြဖို့ စီစဉ်ဖြစ်သွားပုံလေးကိုလည်း ပြောပြပေးပါဦး။

          ဒီဟင်းလေးချက်ဖြစ်တာက Red Curry အနှစ်နဲ့ အုန်းနို့လေး ရောချက်တာပါ။ နောက်ပြီး ခရမ်းကစော့သီးလေးတွေပါတော့  စပ်တာနဲ့ စိမ့်တာပါ ရောစပ်ထားတော့ စားလို့ပိုကောင်းမှာပါ။ ကျွန်တော်ကိုယ်တိုင်လည်းကြိုက်တော့ ချက်ပြဖြစ်သွားတာပါ။

ဘဝမှာ ပထမဆုံး စချက်ဖြစ်တဲ့ ဟင်းပွဲလေးကို မှတ်မိသေးရင် ပြောပြပေးပါဦး။ အရသာကရော ဘယ်လိုရှိသလဲ။

          ပထမဆုံးလုပ်ဖြစ်တာဆိုရင် ကြက်ဥကြော်၊ ထမင်းကြော်ပေါ့။ အရသာကတော့ ပေါ့တယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော်က ငန်မှာကြောက်လို့ လျှော့ချက်ရင်းနဲ့ ဟင်းတွေက ပေါ့သွားတာများတယ်။

  1. လွန်းဝါ ချက်တဲ့ ဟင်းတွေထဲမှာ လူကြိုက်အများဆုံး ဟင်းပွဲကရော ဘာဟင်းပွဲဖြစ်မလဲ။

          ကျွန်တော်ချက်တဲ့ ဟင်းထဲမှာ လူကြိုက်အများဆုံးဆိုရင်တော့ ကြက်သားပြုတ်ကြော်လေးပါ။ အဲဒါလေးကတော့ လူကြိုက်များတယ်။

  1. လွန်းဝါ ချက်တဲ့ ဟင်းကိုစားပြီး ပထမဆုံး ချီးမွမ်းခံရတုန်းက ခံစားချက်ကရော။ အချက်အပြုတ်ကို ဘယ်သူတွေဆီက သင်ယူဖူးလဲ။

          ဟင်းချက်တာက ကိုယ်ကြိုက်တာ ကိုယ်စားချင်လို့ ချက်တဲ့သဘောမျိုးဆိုတော့ သီချင်းတစ်ပုဒ်ရေးပြီး သူများကို ပြတာမျိုးလောက်တော့ ရင်မခုန်ပါဘူး။ ဒါပေမဲ့ ချီးမွမ်းရင်တော့ ပျော်တာပေါ့။ အချက်အပြုတ်ကတော့ အမေ့ဆီကနေပြီး အများဆုံး သင်ယူပါတယ်။ ကျန်တာကတော့ အချက်အပြုတ် တီဗွီတွေကြည့်ပြီး သင်ပါတယ်။

ငယ်ငယ်က ကြိုက်ပြီး အသက်ကြီးမှ မကြိုက်တာဆိုရင်ရော။

          ငယ်ငယ်တုန်းက ကြိုက်ပြီး အသက်ကြီးမှ မကြိုက်တဲ့ အစားအစာဆိုရင် ဒူးရင်းသီးပါ။ မကြိုက်ဘူးဆိုတာက  အရမ်းကြိုက်ပြီး အများကြီး စားလိုက်ပြီးတဲ့အခါမှာ ဒူးရင်းသီးနဲ့ ပတ်သက်တဲ့ ကိတ်၊ ရေခဲမုန့်၊ ဒူးရင်းသီးဖျော်ရည် စတာတွေကို အရင်ကလောက် မစားဖြစ်တော့ဘူး။ သိပ်မကြိုက်ဖြစ်တော့ဘူး။ ငယ်ငယ်ကမကြိုက်ဘဲ အသက်ကြီးမှ ကြိုက်တာမျိုးတော့ ရှိပါတယ်။ အဲဒါတွေက အရွက်တော်တော်များများနဲ့ ကြက်ဟင်းခါးသီး၊ ကြောင်လျှာသီးစသဖြင့် ခါးတဲ့ အသီးအတွေဆိုရင် ကျွန်တော် လုံးဝမကြိုက်ဘူး။ အခု အသက်ကြီးလာတော့ အဲဒီလို အခါးမပါရင် လုံးဝမစားတတ်တော့ဘူး။

အစားအစာနဲ့ပတ်သက်ပြီး အမှတ်တရ အဖြစ်အပျက်လေးတွေရှိရင် ပြောပြပေးပါဦး။ ဥပမာ-တချို့ သကြားလုံး မျိုမိတာတို့၊ ကျောင်းမှာ မုန့်ခိုးစားလို့ အရိုက်ခံရတာတို့၊ ဟင်းခိုးစားတာတို့ပေါ့။     

          အဲဒီလိုအစားအစာနဲ့ ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်ဆိုရင်တော့ ကျွန်တော်က ကြက်သားကြော် အရမ်းကြိုက်တယ်။ ကျွန်တော်ငယ်ငယ်က စိတ်ကူးထဲမှာ တစ်နေ့ ငါချမ်းသာလာရင် ကြက်သားကြော်တွေအများကြီး ဝယ်စားမယ်ဆိုတဲ့ စိတ်ကူးရှိတယ်။ ဒီတော့ သီချင်းဆိုပြီး နာမည်စကြီးတော့ ပိုက်ဆံတွေ အများကြီးရတဲ့အခါကျတော့ ရွှေဘုံသာလမ်းမှာ ကြက်ကြော်  ၁၀ တုံးဝယ်ပြီး တစ်ထိုင်တည်း စားပစ်လိုက်တယ်။ အဲဒါက အသက် ၁၈ နှစ်လောက်က ဟာသလိုလို အဖြစ်လေးတစ်ခုပါ။ ဒါကတော့ ဘဝမှာ အမှတ်တရပါပဲ။ တကယ်ကို စားဖြစ်တာပါ။ ကျောင်းမှာ မုန့်ခိုးစားတာမျိုးတော့ ရှိတယ်။  ဒါပေမဲ့ တစ်ခါမှတော့ အဆူမခံရဘူး။ အဖွဲ့လိုက်ကြီး ခိုးစားကြတာကိုး။ ကျွန်တော်က အတန်းခေါင်းဆောင်လေ။

မနက်စာကို ဘယ်အချိန်လောက် စားဖြစ်လဲ။ ဘာဟင်းတွေနဲ့ စားဖြစ်တာများလဲ။နေ့လယ်စာနဲ့ ညစာကိုရော။

          မနက်စာကို များသောအားဖြင့် မမီတာများတယ်။ ကြိုက်တာကတော့ ထမင်းကြော် ကြိုက်တယ်။ ခေါက်ဆွဲသုပ်ကြိုက်တယ်။ ကျွန်တော်က ညဘက်အလုပ်လုပ်တာဆိုတော့ မနက်ဘက် မထနိုင်တာများတယ်။မနက်ထဖြစ်ရင် ပေါင်မုန့်နဲ့ ကော်ဖီပဲ စားဖြစ်ပါတယ်။နေ့လယ်စာတော့ ပုံမှန်မွန်းလွဲ ၁ နာရီခွဲလောက်မှာ စားဖြစ်ပါတယ်။ ညစာကတော့ အခုနောက်ပိုင်း ဝလာလို့ မစားဖြစ်အောင် ထိန်းတာများတယ်။

ညစာကိုရော အိမ်မှာ မိသားစုနဲ့ စားဖြစ်လား။ ဒါမှမဟုတ် အပြင်မှာ စားဖြစ်လား။ညစာစားပြီးရင်ရော အချိုတည်းလား။

          ညစာကို အခုလောလောဆယ်တော့ ပွင့်လင်းရာသီဖြစ်တဲ့အတွက် အိမ်မှာ စားဖြစ်တာ နည်းပါတယ်။ သီချင်းဆိုဖို့ ခရီးသွားတဲ့အခါတိုင်း ရောက်တဲ့နေရာမှာ စားပြီးတော့ နောက်ထပ်နေရာတစ်ခုကို ဆက်ပြီးတော့ ပြေးရတယ်။ ပွင့်လင်းရာသီ မဟုတ်တဲ့ အချိန်မှာဆိုရင်တော့ အိမ်ထမင်း၊ အိမ်ဟင်းပဲ ပိုကြိုက်ပါတယ်။ ညစာ စားပြီးရင်တော့ အချိုတည်းပါတယ်။ ဒါပေမဲ့ အသီးအနှံတွေတော့ မစားဖြစ်ဘူး။ ဖျော်ရည်လောက်ပဲ သောက်ဖြစ်ပါတယ်။

စားဖူးသမျှ အစားအစာတွေထဲမှာ  တစ်သက်မမေ့လောက်အောင်ဖြစ်တဲ့  အစားအစာမျိုးရော ရှိလား။

          အဲဒီလိုမျိုး မေ့လို့မရတဲ့ အစားအစာဆိုရင် ကျွန်တော်က ကြက်ကြော် ကြိုက်တယ်တယ်ဆိုတော့ ကြက်သားပဲဖြစ်မှာပါ။ နောက် အဘွားမဆုံးခင်က ရှမ်းပြည်နယ် မေမြို့တို့ဘက်က ထွက်တဲ့ ဂီးထောပတ်ဦးဆီလေးကို ထမင်းလေးနဲ့နယ်ပြီး ဆားလေးဖြူး၊ ပုစွန်ကြော်၊ ငါးခြောက်ကြော်၊ ကြက်ဥကြော်တို့နဲ့ စားရတာကို ကြိုက်တယ်။ အဲဒီဟင်းကတော့ ဘဝမှာမမေ့နိုင်တဲ့ အစားအစာတစ်မျိုးပါပဲ။ အခုပြောနေရင်းနဲ့တောင် စားချင်လာတယ်။

ထူးထူးဆန်းဆန်းအစားအစာတွေရော စားဖူးလား။

          ထူးထူးဆန်းဆန်းအစားအစာဆိုရင်တော့ အများကြီးစားဖူးတယ်။ မြွေ၊ မျောက်၊ တောကြောင်၊ ပူး၊ ယုန်၊ ဗျိုင်း စသဖြင့် တော်တော်များများ စားဖူးတယ်။ ဒါပေမဲ့ တမင်တကာ ရွေးစားတာတော့မဟုတ်ဘူး။ ရောက်တဲ့ဒေသတွေမှာ ကြုံလို့စားဖြစ်တာပါ။ ကိုရီးယားသွားတုန်းကဆို ရေဘဝဲတောင် အစိမ်းစားဖူးတယ်။ ပါးစပ်ထဲမှာ ရွကျိကျိနဲ့ပဲ။

အားလပ်ရက်တွေမှာ  တစ်ခုခုလုပ်စားလေ့ရှိလား။

          အားလပ်ရက်တွေမှာတော့  မလုပ်စားဖြစ်ဖူး။ သူများလုပ်ကျွေးရင်တော့ စားဖြစ်တာ များပါတယ်။

ကိုယ်မစားဖူးတဲ့ အစားအစာတွေကို မြည်းစမ်းချင်စိတ်ရှိလား။

          ဟုတ်ကဲ့ ရှိပါတယ်။ အဲဒီလို မြည်းစမ်းချင်စိတ်ရှိလို့လည်း တစ်နေ့မှာ တွင်းအောင်းသားတွေ စားတာများလို့ အစာအဆိပ်သင့်သလိုဖြစ်ပြီး တစ်ခါ ဆေးထိုးလိုက်ရတယ်။ မြွေ၊ ကြွက်၊ ဖား၊ ပူးနဲ့ ထန်းရည်ကို မော်လမြိုင်ဘက်မှာ စတိတ်ရှိုးပြီးတော့ အထူးညစာကျွေးလို့ စားပြီးတဲ့အခါ အိမ်လည်းပြန်လာရော တစ်ကိုယ်လုံး အလတ်ဂျိတ်တွေထပြီး ဆေးထိုးလိုက်ရတယ်။

တချို့တွေက စိတ်ညစ်တာတို့၊ ဝမ်းနည်းတာ၊ ပျော်ရွှင်တာ၊ ဝမ်းသာတာမျိုးမှာ အစားတွေ များများစားလေ့ရှိတယ်။ L. လွန်းဝါကရော အဲဒီလိုအခါမျိုးမှာ အစားအစာနဲ့ ပတ်သက်ပြီး ဘာတွေစားဖြစ်လဲ။ များများစားလား၊ နည်းနည်းစားလား။

          ကျွန်တော်ကတော့ ပျော်ပျော်၊ စိတ်ညစ်ညစ် ပုံမှန်အတိုင်းပဲ ဗိုက်ဆာရင် စားဖြစ်ပါတယ်။

  1. လွန်းဝါ ရဲ့ အစားအသောက်နဲ့ ကျန်းမာရေးပေါ် အမြင်လေးကို ပြောပြပေးပါဦး။

          အထူးသဖြင့် ဝိတ်လျှော့နေတဲ့သူတွေကို ပြောချင်ပါတယ်။ ကျွန်တော်ဆိုရင် ခဏ ခဏဝိတ်လျှော့ဖူးတယ်။ တစ်လတည်းနဲ့ ပေါင် ၃၀ လောက် ကျဖူးတယ်။ ၃ လလောက်နဲ့လည်း ပေါင် ၅၀ လောက် တက်ဖူးတယ်။ အစားအသောက်က လူနဲ့တည့်တယ်။ ဒီတော့ အစားအသောက်ကို အထူးတလည် လျှော့စရာမလိုပါဘူး။ ကျန်းမာရေးနဲ့ပတ်သက်ပြီး အာဟာရပြည့်တာမျိုးပဲ စားဖို့လိုပါတယ်။ ပိုစားရင်တော့ ဝမှာပါပဲ။ အရေးကြီးတာက ပုံမှန်လေ့ကျင့်ခန်းလုပ်ဖို့ပဲ လိုအပ်တယ်။ အခုကျွန်တော်ဝတယ်ဆိုတာကလည်း ပုံမှန် လေ့ကျင့်ခန်းမလုပ်လို့ ဝလာတာပါ။ အရင်က ပိန်တယ်ဆိုတာက လေ့ကျင့်ခန်း လုပ်ဖြစ်တယ်လေ။ မစားရင် အားမရှိသလို ဖြစ်သွားမယ်။ ဒီတော့ အစားအသောက် လျှော့တာထက် စာရင် အစားအသောက်ကိုပုံမှန်စားပြီး ကျန်းမာရေးအတွက် လေ့ကျင့်ခန်း တစ်ခုခုလုပ်တာ ပိုကောင်းတယ်ထင်ပါတယ်။

အိမ်က မိဘတွေချက်တဲ့ ဟင်းတွေထဲမှ ဘယ်ဟင်းကို အကြိုက်ဆုံးလဲ။

          မိဘတွေချက်တာဆိုရင် အကုန်ကြိုက်တယ်။

နိုင်ငံတကာအစားအစာမှာ ဘယ်အစားအစာကို ကြိုက်လဲ။

          နိုင်ငံတကာအစားအစာတွေကျတော့ ကျွန်တော်က ထမင်းစားတဲ့ နိုင်ငံတိုင်းရဲ့ အစားအစာတွေကို  ကြိုက်ပါတယ်။ သဘောက  အာရှမှမဟုတ်ဘူး။ အာဖရိကတွေလည်း ထမင်းစားတာပဲလေ။ ဒီတော့ ထမင်းစားတဲ့နိုင်ငံက ချက်တဲ့ ထမင်း၊ ဟင်းတွေက ကျွန်တော့်အတွက် စားလို့ကောင်းတယ်။ ပေါင်မုန့်တို့၊ ဂျုံတို့စားတဲ့ နိုင်ငံက အစားအစာတွေဆိုရင် မကြိုက်ဘူးလို့တော့ မဟုတ်ဘူး။ ကျွန်တော့်ပါးစပ်နဲ့ သိပ်အာသီသမရှိဘူး။ ထမင်းစားတာလောက် မတင်းတိမ်ဘူး။

နိုင်ငံခြားကိုရောက်နေတဲ့အချိန်မှာ ကိုယ့်နိုင်ငံက ဘယ်အစားအစာကို  လွမ်းဆွတ် တမ်းတမိပါသလဲ။

          အဲဒါဆိုရင်တော့ ကျွန်တော် ပြင်သစ်သွားတုန်းက တစ်ခါဖြစ်ဖူးတယ်။ မဖြူနဲ့ သွားတာ။ ဥရောပနိုင်ငံဆိုတော့ လုံးဝထမင်းမရှိဘူး။ နေရတဲ့ ၁၅ ရက်မှာ ထမင်းမစားလိုက်ရတာ ၂ ရက်လောက်ပဲ ရှိတယ်။ လူက တော်တော် ရူးသွားတယ်။ နောက်ဆုံးမှာ ဘယ်မှာသွားတွေ့လည်းဆိုတော့ ရထားဘူတာရုံမှာ။ ဆန်လို ရယ်ဒီမိတ်လေး၊ ဆန်ပါပဲ။ အဲဒါနဲ့ တခြားစပါကတီတို့လိုဟာမျိုးလေးနဲ့ တွဲပြီးတော့ စားလိုက်ရတယ်။ ကျွန်တော်က ထမင်းမရှိရင် မနေနိုင်တာကတော့ သေချာတယ်။

ဘဝမှာ အမှတ်တရဖြစ်မယ့် အစားအစာရှိလား။ ဥပမာ- အဲဒီအစားအစာကိုစားလိုက်ရင် တစ်နေရာရာ၊ တစ်ယောက်ယောက် စသဖြင့် အမှတ်တရဖြစ်မယ့် အစားအစာမျိုးပေါ့။

          ရှိတယ်။ အဲဒါဆိုတော့ ပြောရမှာ အများကြီးပဲ။ မှတ်မှတ်ရရဆိုရင် ကျွန်တော်တို့ ဒဂုံ (၁) ကျောင်းနားမှာ ဆိမ့်ဆိုတဲ့ ဆန်းဒွစ်ဆိုင်ရှိတယ်။ အဲဒီဆိုင်က မုန့်လေးတွေကို သတိရမိတယ်။ ပြန်စားမိရင် ကျောင်းတက်တုန်းက ဘဝကို သတိရမိတာပေါ့။

စားဖူးသမျှထဲမှာ ဈေးအကြီးဆုံးအစားအစာဆိုရင်ရော။

          သားဗိုက်ကောင်သားပါ။ တစ်ပွဲကို ဒေါ်လာ ၈၀ လောက် ပေးလိုက်ရတယ်။ သုံးတုံးလောက်ပဲ ပါတယ်။ အမဲသားလို အရမ်းနူးပြီး စားလို့ကောင်းတဲ့ အရသာမျိုးပါပဲ။ တန်တယ်လို့တော့ မထင်မိပါဘူး။ ဈေးပေါပြီး တန်တာမျိုးကတော့ မြန်မာအပါအဝင် အာဆီယံနိုင်ငံတွေက အစားအစာတွေက ဈေးပေါပြီး သက်သာပါတယ်။ ကိုရီးယား၊ ဂျပန်ကတောင် ဈေးကြီးတယ်။ အာဆီယံက လမ်းဘေးအစားအစာတွေကတော့ တော်တော် ဈေးသက်သာပါတယ်။ ဒါပေမဲ့ ကိုယ့်ဗိုက်ကိုလည်း သတိတော့ ထားရတာပေါ့။ အချဉ်၊ အစပ်တွေများလို့ပါ။

အစ်ကိုအကြိုက်ဆုံး အသီးအနှံ၊ အရွက်၊ အသား၊ ငါးတွေကို ပြောပြပေးပါဦး။ ဖျော်ရည်တွေထဲမှာဆိုရင်ရော။

          အကြိုက်ဆုံးအသီးအနှံဆိုရင် လိမ္မော်သီး၊ အသီးအရွက်က ခါးတဲ့ အသီးအရွက်တွေ အကုန်ကြိုက်တယ်။ အသား၊ ငါးဆိုရင်တော့ ကြက်သားစားဖြစ်တာများတယ်။ ဝက်သားကျတော့ အီလို့ မစားဖြစ်တာများတယ်။

အစ်ကိုနဲ့မတည့်တဲ့ အစားအစာတွေရော ရှိလား။ မကြိုက်တဲ့အစားအစာရော။

          မကြိုက်တာတော့ အချဉ်၊ အစပ် သိပ်မစားနိုင်ဘူး။ အချိုလည်းမကြိုက်ဘူး။ မတည့်တာတော့ မရှိပါဘူး။ စားပါတယ်။

အစားအစာတစ်ခုခုကို စားနေတုန်း အဲဒီထဲမှာ ရွံစရာတွေ ဘာတွေရောတွေ့ ဖူးလား။ အစားအစာ စားနေရင်း သူငယ်ချင်းတွေက ဘေးနားက ရွံစရာပြောရင်ရော ရွံတတ်လား။

          အဲဒီလိုတော့ မရွံတတ်ဘူး။ သူငယ်ချင်းတွေ စနောက်ရင်လည်း ဘာမှမဖြစ်ပါဘူး။ ကျွန်တော် ဆေးကျောင်းတက်တုန်းကဆိုရင် လူသေခွဲရင်းနဲ့တောင် ထမင်းစားနေတဲ့သူဆိုတော့ ဘာမှမဖြစ်တော့ပါဘူး။

အစားအသောက်က နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှုကို ဖော်ဆောင်နိုင်တယ်လို့ ထင်မြင်မိပါသလား။

          ထင်ပါတယ်။ အစားအသောက်ပေါ်မှာ ဖွယ်ဖွယ်ရာရာ ပြင်ဆင်ပြုလုပ်တာကို သဘောကျဖို့ကောင်းတယ်။ မြန်မာနိုင်ငံမှာ လူမျိုးကြီး ၇ မျိုး ရှိတယ်ဆိုရင် အဲဒီ ၇ မျိုးရဲ့ အစားအသောက်ပုံစံ အမျိုးမျိုးရှိတယ်။ အဲဒီလိုမျိုး ကိုယ့်ရိုးရာ အစားအသောက်ပုံစံမရှိတဲ့ လူမျိုးဆိုရင် သူတို့တစ်တွေက ကိုယ့်ရိုးရာ ဓလေ့ထုံတမ်းကို အလေးမထားဘူးလို့ မြင်မိတယ်။ သဘောက ရှမ်းဆိုရင်လည်း ရှမ်းစာရှိတယ်။ ကချင်ဆိုရင်လည်း ကချင်စာ ရှိတယ်။

အခုလက်ရှိအနုပညာလှုပ်ရှားမှုလေးတွေကို ပြောပေးပါဦး။

          အခုလက်ရှိကတော့ “အလိုအတိုင်း ပြီးပြည့်စုံသော ဘဝ”  အခွေ ထွက်ထားတယ်။ ဘုတ်တွေလည်း ထောင်ထားပြီးပြီ။ ဓမ္မတေးခွေဆိုပေမယ့် တစ်နိုင်ငံလုံး ဖြန့်ချိထားပါတယ်။ ကျန်တာကတော့ ကိုထူးအိမ်သင် ထွက်ထားတဲ့ အခွေ DVD ထွက်ဖို့ ကျွန်တော် လုပ်နေပါ တယ်။ Love Song အခွေတစ်ခွေထွက်ဖို့လည်း ရှိပါတယ်။ နောက်ပြီးတော့ အမျိုးသားပေါ့ပ် အဆိုတော်တွေစုပြီး အခွေတစ်ခွေလုပ်ဖို့ စီစဉ်နေပါတယ်။

အခုချက်ပြတဲ့ ယိုးဒယားကြက်အစိမ်းရောင်ဟင်းလေးကို လိုက်ချက်စားကြည့်မယ့် ပရိသတ်အတွက် အမှတ်တရ စကားလက်ဆောင်လေးကို ပြောပြပေးပါဦး။

          ကျွန်တော်ဆိုရင် အစပ်သိပ်မစားတဲ့အတွက် အစပ် နည်းနည်းလျှော့ချက်ပါတယ်။ နည်းနည်းစိမ့်တာလေးပါအောင်လို့ အုန်းနို့နည်းနည်း ထည့်ချက်ထားပါတယ်။ ကျန်တာကတော့ ကိုယ့်ဘာသာကို အရသာချိန်ပြီး ချက်လို့ရပါတယ်။ တချို့ကျတော့လည်း အဲဒီဟင်းကို အစပ်နဲ့အစိမ့် ရောပြီးတော့မှ ပြန်ချက်ကြပါတယ်။ အဲဒါကလည်း တစ်မျိုးတော့ စားကောင်းပါတယ်။ ကျွန်တော်ကတော့ အစပ်သိပ် မထည့်ထားပါဘူး။ ဒါပေမဲ့ ဒီဟင်းလေးကတော့ ခပ်စပ်စပ်၊ ခပ်ဆိမ့်ဆိမ့်လေးဆိုတော့ စားလို့ကောင်းမှာပါ။

  1. လွန်းဝါရဲ့ ယိုးဒယားကြက်အစိမ်းရောင်ဟင်း

 ပါဝင်ပစ္စည်းများ

ကြက်သား  –  ၁၅ ကျပ်သားခန့်

ကြက်သွန်ဖြူ  –  ၃ မြွှာ

ကြက်သွန်အနီ  –  ဥတစ်ခြမ်း

အုန်းနို့

ငရုတ်သီးစိမ်း  –  ၅ တောင့်

Red Curry  –  အနည်းငယ်

ဆီ  –  ထမင်းစားဇွန်း ၂ ဇွန်း

ရေ  –  အနည်းငယ်

ပဲသီး

ပန်းငရုတ်ပွ

ပင်စိမ်း

ခရမ်းကစော့သီး

ပြုလုပ်နည်း

၁။       ပထမဆုံး ကြက်သွန်ဖြူ/နီ၊ Red Curry ထည့်ပြီး ဆီသတ်ပါ။

၂။       ပြီးလျှင် အုန်းနို့ထည့်ပြီး ရောမွှေပါ။ ရေအနည်းငယ်ထည့်ပါ။

၃။       ကြက်သားထည့်ပြီး နူးအောင်လုပ်ပါ။ နူးလာလျှင် အရသာထည့်ပါ။ ပဲသီး၊ ခရမ်းကစော့သီး၊ ငရုတ်ပွ၊ ပင်စိမ်းထည့်ကာ မွှေပါ။

၎။       ထို့နောက် ရနံ့မွှေးလာလျှင် ပင်စိမ်းရွက် အုပ်ပြီးလျှင် သုံးဆောင်လို့ရပါပြီ။

Facebook Comments