ခရမ်းချဉ်သီးဆော့စ်

 by May’s Healthy Food for Food Magazine

          ဒီလအတွက် Food Magazine ပရိသတ်ကို ခရမ်းချဉ်သီးဆော့စ်လုပ်နည်း ရေးပေးမယ်နော်။  Tomato Ketchup လုပ်နည်းလေး မေးထားကြတာ အတော်ကြာပြီ။ အလုပ်များနေတာနဲ့ အိမ်မှာလည်း အဆင်သင့် ရှိနေတာကြောင့် မလုပ်ဖြစ်ဘူး။ ဒီအတိုင်း လုပ်နည်းလည်း မရေးပေးချင်ပါဘူး။ ကိုယ်တိုင်လုပ်ကြည့်ပြီး အဆင်ပြေမှသာပေးချင်တာမို့ တစ်ခုလုပ်ဖို့ အချိန်အတော်ယူရပါတယ်။ ဒီနည်းက အပြင်က ဝယ်စားတဲ့ ရယ်ဒီမိတ် အရသာနဲ့ အနံ့ပါတူပါတယ်။ ပုလင်းသန့်သန့်ထဲထည့်ပြီး ရေခဲသေတ္တာထဲ ထည့်စားမယ်ဆိုရင် နှစ်ပတ်လောက်အထိ ခံပါတယ်။ ရေမကျန်ဖို့တော့ လိုတယ်နော်။ အထားခံတဲ့ပစ္စည်းတွေ မသုံးထားဘဲ သဘာဝအတိုင်းမို့ စိတ်ချရပါတယ်။ တစ်နှစ်အထက် ကလေးအတွက်ပဲ အဆင်ပြေပါမယ်နော်။ တစ်နှစ်အောက်ဆို မကျွေးသင့်သေးပါဘူး။ ဒီဆော့စ်ကို ကလေးတိုင်း ကြိုက်နှစ်သက်ကြလို့ အိမ်က မေမေတွေ လတ်ဆတ်တဲ့အသီးနဲ့ ကိုယ်တိုင်လုပ်တော့ ကလေးအတွက်  စိတ်ချရတာပေါ့။ ဒီဆော့စ်ကို ပါစတာ အနှစ်ချက်ရာမှာလည်း အသုံးပြုလို့ရပါသေးတယ်။

ပါဝင်ပစ္စည်းများ

ခရမ်းချဉ်သီးအမှည့်ကြီးကြီး  –  ၂ လုံး (၁၅ ကျပ်သားခန့်)

White Vinegar  –  စားပွဲဇွန်း ၁ ဇွန်း

သကြားအညို  –  စားပွဲဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

၁။       ခရမ်းချဉ်သီးအမှည့်ကြီးကြီး ၂ လုံး (၁၅ ကျပ်သားခန့်) ကို ရေမြုပ်ရုံထည့်ပြီး အခွံကွဲထွက်သည်အထိ ပြုတ်ပါ။

၂။       ပြုတ်ပြီးသား ခရမ်းချဉ်သီးကို ပြုတ်ရည်အနည်းငယ်ထည့်ပြီး ဖျော်စက်ထဲမှာ ထည့်ကြိတ်ပါ။

၃။       ကြိတ်ပြီးသားကို ဆန်ခါစိတ်စိတ်ဖြင့် စစ်ပါ။

၎။       စစ်ပြီးသားအရည်ကို White Vinegar စားပွဲဇွန်း ၁ ဇွန်း၊ သကြားအညို စားပွဲဇွန်း ၁ ဇွန်းထည့်ပြီး မီးအလယ်အလတ်နဲ့ ရေကုန်ပြီး ပျစ်လာသည်အထိ ကျိုပြီး အအေးခံပါ။ ထည့်မည့်ပုလင်းကို ရေနွေးဆူဆူမှာ ၃ မိနစ်ခန့် ပြုတ်ပြီး အခြောက်ခံပါ။ အေးသွားမှ ပုလင်းထဲထည့်ပြီး လေလုံအောင်ပိတ်ပါ။ ပြီးလျှင် ရေခဲသေတ္တာထဲမှာ သိမ်းထားပါ။ စားမယ်ဆိုလျှင် ဇွန်းသန့်သန့်ဖြင့် ခပ်ပါနော်။

Facebook Comments