ကျွန်တော်က အစားအသောက်တစ်ခုကို မျက်လုံးနဲ့ အရင်စားတာ။ ပြီးမှ ပါးစပ်နဲ့ စားဖြစ်တာ ဆိုတဲ့ အောင်မြင့်မြတ်

by အာဂ for Food Magazine

အချက်အပြုတ်ကို ဘယ်အရွယ်ကတည်းက စပြီးတော့ ဝါသနာပါခဲ့ပါသလဲ။

          အချက်အပြုတ်ကို ငယ်ငယ်ကတည်းကပေါ့။ အိမ်မှာ ကျွန်တော်က တစ်ဦးတည်းသောသားဆိုတော့ အမေက အချက်အပြုတ် အကုန်သင်ပေးတယ်။ အဖေကလည်း ယောကျာ်းလေးတွေအနေနဲ့ သိသင့်တာတွေ သင်ပေးတယ်။ ဘဲဥတွေကိုလည်း ကြော်ခိုင်းတယ်။ အဲဒီတော့ အဲဒီတုန်းကတည်း မီးဖိုချောင်းနဲ့နီးစပ်ပြီး ဝါသနာပါခဲ့တာပါ။

အခု ဝက်သားသရက်သီးသနပ်ဟင်းလေးကို ပရိသတ်ကို ချက်ပြဖို့ စီစဉ်ဖြစ်သွားပုံလေးလည်း ပြောပြပေးပါဦး။

          ဒီဟင်းလေးချက်ဖြစ်တာက ကျွန်တော်က ဝက်သားလည်းကြိုက်တယ်။ သရက်သီးလည်း ကြိုက်တယ်။ ဒီတော့ ဒီရာသီနဲ့လည်း လိုက်မယ်ထင်လို့ စီစဉ်ဖြစ်သွားတာပါ။

ဘဝမှာ ပထမဆုံးစချက်ဖြစ်တဲ့ ဟင်းပွဲလေးကို မှတ်မိ သေးရင် ပြောပြပေးပါဦး။ အရသာကရော ဘယ်လိုရှိသလဲ။

          ပထမဆုံးလုပ်ဖြစ်တာဆိုရင် ငယ်ငယ်တုန်းက ဘဲဥကြော်တာပါ။ မှတ်မှတ်ရရ အဲဒီတုန်းက ဂက်စ်မီးဖိုနဲ့ မီးကို အမြင့်ဆုံးထားပြီးကြော်တာ။ တစ်ခန်းလုံး မီးခိုးငွေ့တွေ ထွက်တော့မှ ဆီဆူပြီမှတ်လို့ ဘဲဥကိုထည့်လိုက်တာ အငွေ့အတွေအများကြီးထွက်ပြီး တူးသွားတာတော့ အမှတ်တရပါပဲ။

ညီလေးချက်တဲ့ဟင်းတွေထဲမှာ လူကြိုက်အများဆုံး ဟင်းပွဲကရော ဘာဟင်းပွဲဖြစ်မလဲ။

          ကျွန်တော်ချက်တဲ့ ဟင်းထဲမှာ လူကြိုက်အများဆုံးဆိုရင်တော့ မြင်းခွာရွက်သုပ်ကို သူငယ်ချင်းတွေလည်း ကြိုက်တယ်။ အမေတို့လည်း ကြိုက်တယ်။

အဲဒီမြင်းခွာရွက်သုပ်ကိုစားပြီး ပထမဆုံး ချီးမွမ်းခံရ တုန်းက ခံစားချက်ကရော။ အချက်အပြုတ်ကို ဘယ်သူ တွေဆီက သင်ယူဖူးလဲ။

          ပျော်တာပေါ့။ ကိုယ်က စားစေချင်လို့ လုပ်ထားတဲ့ဟာကို သူတို့က စားပြီးတော့ ကြိုက်လို့ နောက်လည်း လုပ်ပေးပါလို့ပြောတော့ ပျော်တာပေါ့။

ငယ်ငယ်က ကြိုက်ပြီး အသက်ကြီးမှ မကြိုက်တာဆိုရင်ရော။

          ငယ်ငယ်တုန်းကကြိုက်ပြီး အသက်ကြီးမှမကြိုက်တဲ့ အစားအစာဆိုရင် အများကြီးရှိတယ်။ ကျွန်တော်က ငယ်ငယ်က တော်တော်များများ အကုန်စားတယ်။ ခရမ်းသီးနှပ်ဆိုရင် ငယ်ငယ်တုန်းက တော်တော်စားတယ်။ ကြီးလာတော့ မစားဖြစ်တော့ဘူး။ ကြီးလာတော့ အသားဟင်း အစားများတဲ့ဘက်ကို ပါသွားတယ်။ အခုမှ အသီးအရွက်တောင် ပြန်လိုက်စားပေးနေရတယ်။ အခုတော့ အသားနည်းနည်းလျှော့ပြီး အသီးအရွက်စားရတာ ပိုများတယ်။

အစားအသောက်နဲ့ ပတ်သက်ပြီး အမှတ်တရ အဖြစ်အပျက်လေးတွေရှိရင် ပြောပြပေးပါဦး။ ဥပမာ-တချို့ သကြားလုံးမျိုမိတာတို့၊ ကျောင်းမှာ မုန့်ခိုးစားလို့ အရိုက်ခံရတာတို့၊ ဟင်းခိုးစားတာတို့ပေါ့။ 

          အဲဒီလို အစားအသောက်နဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်ဆိုရင်တော့ ကျွန်တော်က ဒံပေါက်အရမ်းကြိုက်တယ်ဆိုတော့ ငယ်ငယ်က အဖေတို့နဲ့ အလှူသွားတယ်ဆိုရင် ဒံပေါက် ကျွေးရင် အသားကုန်စားတယ်။ ဆိုင်မဟုတ်ဘဲ အဖေတို့နဲ့ အဲဒီလို လိုက်ပြီးစားရရင် ပျော်တယ်။ နောက်တစ်ခုက ကျွန်တော်တက်တဲ့ကျောင်းက ယောကျာ်းလေးကျောင်း။ ကျောင်းက စားပွဲတွေ အောက်မှာ အံလေးတွေပါတယ်။ မနက် ကျောင်း ၈ နာရီခွဲကတည်းက ထမင်းချိုင့်တွေဖြုတ်ပြီး ထမင်းချိုင့်ခွက်တွေကို စားပွဲအောက်ထဲထည့်ထားပြီး စားကြတာပဲ။ ဆရာမလစ်တာနဲ့ ၁ ဇွန်း ခပ်စားတယ်။ အဲဒီမှာစားတဲ့ ထမင်း၊ ဟင်းက အရသာအရှိဆုံးပဲ။ မွန်းတည့် ၁၂ နာရီ မုန့်စားကျောင်း ဆင်းပြီဆိုရင် ကျွန်တော်တို့က ကစားဖို့ အချိန်လုရတယ်ဆိုတော့ ကြိုပြီးတော့ စားထားကြတာပေါ့။

မနက်စာကို ဘယ်အချိန်လောက် စားဖြစ်လဲ။ ဘာဟင်းတွေနဲ့ စားဖြစ်တာများလဲ။ နေ့လယ်စာနဲ့ ညစာကိုရော။ ညစာစားပြီးရင်ရော အချိုတည်းလား။

          မနက်စာကို များသောအားဖြင့် စောစောနိုးတာနဲ့ စားဖြစ်တာပါပဲ။ နောက်ကျမှ နိုးလာရင်လည်း ဗိုက်ဆာလို့ နိုးလာတာများတယ်။ ဒီတော့ အိမ်မှာက မနက်စာ ပုံမှန်စားဖြစ်တယ်။ ဘာမှမစားဖြစ်ရင်တောင်မှ ကြက်ဥပြုတ်နဲ့ နွားနို့ကို အမေက အမြဲတမ်း ပြင်ပေးထားတယ်။ ထမင်းကြော်၊ မုန့်ဟင်းခါးတော့  ပြင်ပေးထားတယ်။ နေ့လယ်စာကတော့ မနက် ၁၁ နာရီ၊ ၁၂ နာရီဆိုရင် ပုံမှန်စားဖြစ်တယ်။ ညနေစာ ၁ ခါ၊ ညစာ ၁ ခါ၊ ၂ ခါလောက်လည်း စားဖြစ်တယ်။ ညစာစားပြီးရင် အချိုတည်းလားဆိုရင်တော့ တီဗွီကြည့်၊ ဂိမ်းဆော့နေရင်တော့ ရေခဲမုန့်စားတယ်။ နေကြာစေ့စား ဖြစ်တယ်။

ညစာကိုရော အိမ်မှာ မိသားစုနဲ့ စားဖြစ်လား။ ဒါမှမဟုတ် အပြင်မှာ စားဖြစ်သလား။

          ညစာကို  အရင်တုန်းကတော့ မိသားစုနဲ့စားဖြစ်တယ်။ အခုကျတော့ အလုပ်နဲ့ဆိုတော့ တစ်ယောက်တည်း စားဖြစ်တာများတယ်။ ဒါပေမဲ့ အလုပ်အားရင်တော့ အမေက စည်းကမ်းလေးတစ်ခုလို လုပ်ထားတော့ အတူတူစားဖြစ်တာများပါတယ်။

စားဖူးသမျှအစားအစာတွေထဲမှာ တစ်သက်မမေ့လောက်အောင်ဖြစ်တဲ့ အစားအသောက်မျိုးရောရှိလား။

          အဲဒီလိုမျိုး မေ့လို့မရတဲ့ အစားအသောက်ဆိုရင် အမေချက်ပေးတဲ့ ဘဲဥဟင်းက စားဖူးသမျှထဲမှာ အကောင်းဆုံးပဲ။ ဘယ်ဘဲဥဟင်းနဲ့မှလည်း မတူဘူး။

ထူးထူးဆန်းဆန်း အစားအသောက်တွေရော စားဖူးလား။

          ထူးထူးဆန်းဆန်း အစားအသောက်ဆိုရင်တော့ သိပ်မစားဖြစ်ပါဘူး။ တစ်ခုကတော့ အမဲအူနဲ့ လုပ်ထားတာ။ ဆက်ခုံလားမသိဘူး။ အဲဒါကတော့ စားဖူးသမျှထဲမှာ ထူးထူးဆန်းဆန်းပဲ။ ကျန်တာကတော့ ကြွက်ကြော်၊ ဖားတို့ပဲရှိပါမယ်။

အားလပ်ရက်တွေမှာ  တစ်ခုခုလုပ်စားလေ့ရှိလား။

          အားလပ်ရက်တွေမှာတော့  လုပ်စားဖြစ်တယ်လို့ပဲ ပြောရမလား။ သူငယ်ချင်းတွေ စုံပြီဆိုရင် ဟင်းချက်စားကြတယ်။ အခုလည်း ယောက္ခမနဲ့ သူတို့အိမ်မှာ ဟင်းတွေစုပြီး ချက်စားဖြစ်တယ်။

ကိုယ်မစားဖူးတဲ့ အစားအသောက်တွေကို မြည်းစမ်းချင်စိတ်ရှိလား။

          ဟုတ်ကဲ့ ရှိပါတယ်။ အဲဒီလို မြည်းစမ်းချင်စိတ်ရှိတယ်။ မစပ်ဘူးဆိုရင်  အကုန် မြည်းစမ်းချင်တယ်။ ကျွန်တော်က ငယ်ငယ်ကတည်းက အပူအစပ်ကို မစားချင်တာ မဟုတ်ဘူး။ မစားနိုင်တာမျိုးပါ။ စားလိုက်တာနဲ့ တစ်ကိုယ်လုံး ချွေးတွေပြန်၊ မျက်လုံးတွေ ရဲလာတတ်တယ်။

တချို့တွေက စိတ်ညစ်တာတို့၊ ဝမ်းနည်းတာ၊ ပျော်ရွှင်တာ၊ ဝမ်းသာတာမျိုးမှာ အစားတွေ များများစားလေ့ရှိတယ်။ အောင်မြင့်မြတ်ကရော အဲဒီလိုအခါများမျိုးမှာ အစားအသောက်နဲ့ပတ်သက်ပြီး ဘာတွေစားဖြစ်လဲ။ များများစားလား။ နည်းနည်းစားလား။

          အဲဒီလိုတော့ မရှိဘူး။ ကျွန်တော်က အမြဲတမ်းအများကြီးစားတယ်။

အောင်မြင့်မြတ်ရဲ့ အစားအသောက်နဲ့ ကျန်းမာရေးပေါ် အမြင်လေးကိုပြောပြပေးပါဦး။

          အစားအသောက်ကတော့ တန်ဆေး၊ လွန်ဘေး ဆိုသလိုပဲ။ အများကြီးစားလည်း မကောင်းဘူး။ ဥပမာ- တညင်းသီးဆိုရင် လူတွေအတွက် မကောင်းဘူး။ စားစရာလည်း မဟုတ်ဘူး။ ဒါပေမဲ့ လူတွေက စားနေကြတယ်။ အဲဒီလိုဟာမျိုးတော့ ကျွန်တော်လည်း ရှောင်တယ်။ နောက် အဆီတွေ လျှော့စားတာတော့ ကောင်းပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း ကြိုးစားပြီးတော့ လျှော့နေတယ်။ အရင်ကတော့ တော်တော်စားဖြစ်တယ်။ ခန္ဓာကိုယ်ကိုတော့ အစားအသောက်နဲ့ သိပ်မထိန်းဖြစ်ဘူး။ ကျွန်တော်က အားကစား အနေနဲ့ ဘောလုံးတွေ ဘာတွေ ကန်ဖြစ်တော့လေ။ စားလိုက်၊ ကစားလိုက်နဲ့ ဖြစ်နေတော့ ဝတော့ ဝမလာပါဘူး။

အိမ်က မိဘတွေချက်တဲ့ဟင်းတွေထဲမှာ ဘယ်ဟင်းကို အကြိုက်ဆုံးလဲ။

          မိဘတွေချက်တာဆိုရင် စောစောက ကျွန်တော်ပြောတဲ့ အမေချက်တဲ့ ဘဲဥဟင်း ကြိုက်တယ်။ အဖေကြော်ပေးတဲ့ အာလူးချောင်းကြော် ကြိုက်တယ်။

နိုင်ငံတကာအစားအသောက်မှာ ဘယ်အစားအသောက်ကိုကြိုက်လဲ။

          နိုင်ငံတကာအစားအသောက်တွေမှာတော့ ယိုးဒယားအစာကြိုက်တယ်။ အီတလီ အစာ စပါကတီစားတယ်။ ပီဇာကြိုက်တယ်။

နိုင်ငံခြားကို ရောက်နေတဲ့အချိန်မှာ ကိုယ့်နိုင်ငံက ဘယ်အစာအစားကို  လွမ်းဆွတ်တမ်းတမိပါသလဲ။

          အဲဒါဆိုရင်တော့ မြန်မာထမင်းဟင်းပဲ လွမ်းမိမှာပဲ။ ပုံးရည်ကြီးလေးနဲ့ပေါ့။ ကျွန်တော်က ပုံးရည်ကြီး အရမ်းကြိုက်တာကို။

ဘဝမှာ အမှတ်တရဖြစ်မယ့် အစားအစာရှိလား။ ဥပမာ-  အဲဒီအစားအစာကို စားလိုက်ရင် တစ်နေရာရာ၊ တစ်ယောက်ယောက် စသဖြင့် အမှတ်တရဖြစ်မယ့် အစားအစာမျိုးပေါ့။

          အဲဒါမျိုးဆိုရင်တော့ ပြောရမှာ အများကြီးပဲ။ ကျွန်တော်က သူငယ်ချင်းတွေနဲ့ အချိန်ကုန်တာများတော့ ဒီဟာဆိုရင်တော့ တစ်ခုခုစားမိရင် ဒါကတော့ ဘယ်သူငယ်ချင်း ကြိုက်တဲ့ ဟင်းလေးပေါ့ဆိုပြီး သတိရမိတာမျိုး၊ ခရီးတွေ ဘာတွေသွားလို့ ဥပမာ- ပုံးရည်ကြီးလေးဖြစ်ဖြစ်စားမိရင် ဒါက အမေချက်တာနဲ့ တူတယ်ဆိုတာမျိုး တွေးမိပြီး အိမ်ကို လွမ်းမိတာမျိုးတော့ရှိတယ်။ နောက်တစ်ခုက အခုအချိန်အထိ ကျောင်းရှေ့မှာ ရောင်းတဲ့ အသုပ်လေးကိုလည်း သတိရတယ်။ အဲဒီလိုမျိုး အသုပ်ကို ပြန်စားမိရင် ကျောင်းတက်တုန်းက ဘဝကို ပြန်သတိရမိတယ်။

စားဖူးသမျှထဲမှာ ဈေးအကြီးဆုံးအစားအသောက်ဆိုရင်ရော။

          အဲဒီလိုမျိုးတော့ စားဖူးတယ်။ ဟိုတစ်ခါ ဆိုင်မှာ ပဲခေါက်ဆွဲဆိုပြီး ဝယ်စားလိုက်တာ။ ကျွန်တော့်ကို ခေါက်ဆွဲခြောက်အထုပ်ထဲက ပဲခေါက်ဆွဲကို ထည့်ပေးပြီး ကျပ် ၃၀ဝ၀ လောက် တောင်းလိုက်တယ်။ အဲဒါကတော့ အမှတ်တရပါပဲ။ ဈေးပေါပြီး တန်တာဆိုရင်တော့  အထမ်းသည်တွေဆီက အသုပ်တွေ၊ မုန့်ဟင်းခါးတွေပါပဲ။

စားသောက်ဆိုင်နဲ့ အိမ်မှာဆိုရင် ဘယ်မှာပိုစားချင်လဲ။

          အိမ်မှာစားရတာ ပိုပြီးတော့ အားရတယ်။ အပြင်သွားလို့သာ စားသောက်ဆိုင်မှာ စားဖြစ်တာ၊ အိမ်မှာစားရတာ ပိုပြီးတော့ စုံတယ်။

အောင်မြင့်မြတ်အကြိုက်ဆုံး အသီးအနှံ၊ အရွက်၊ အသား၊ ငါးတွေကို ပြောပြပေးပါဦး။ ဖျော်ရည်တွေထဲမှာဆိုရင်ရော။

          အကြိုက်ဆုံးအသီးအနှံဆိုရင် သရက်သီး၊ ပန်းသီးကြိုက်တယ်။ အသီးအရွက်ထဲမှာဆိုရင် ကိုက်လန်ကြိုက်တယ်။ အသား၊ ငါးဆိုရင်တော့ ငါးဟင်းချက်တာကို မကြိုက်ဘူး။ ငါးကြော်ဆိုရင်တော့ အကုန်စားတယ်။ အသားကတော့ သိပ်မရှောင်ဖြစ်ဘူး၊ အကုန်စားဖြစ်တယ်။

အောင်မြင့်မြတ်နဲ့မတည့်တဲ့ အစားအသောက်တွေရော ရှိလား။ မကြိုက်တဲ့အစားအစာရော။

          မတည့်တာ၊ မကြိုက်တာတော့ မရှိဘူး။ ချက်နည်း ချက်ပုံမတူလို့ မစားဖြစ်တာပဲ ရှိတယ်။ ကျွန်တော်က နည်းနည်း ကြေး(ဂျီး) များတယ်။ ပြီးတော့ ကျွန်တော်က အစားအသောက်တစ်ခုကို မျက်လုံးနဲ့အရင်စားတာ။ ပြီးမှ ပါးစပ်နဲ့စားဖြစ်တာ။

အစားအသောက်တစ်ခုခုကိုစားနေတုန်း အဲဒီထဲမှာ ရွံစရာတွေ ဘာတွေရော တွေ့ဖူးလား။အစားအသောက်စားနေရင်း သူငယ်ချင်းတွေက ဘေးနားက ရွံစရာပြောရင်ရော ရွံတတ်လား။

          ငယ်ငယ်တုန်းကတော့ ရွံတယ်။ စဉ်းစားမိလိုက်တာနဲ့ သူများအန်ရင် လိုက်အန်ပြီ။ အသက်ကြီးလာတော့ သိပ်မရွံတတ်တော့ဘူး။ အသက်ကြီးလာတော့ အလုပ်ထဲမှာလည်း သွားနေရတော့ သိပ် ကြေး (ဂျီး) မများနိုင်တော့ဘူး။ များရင်လည်း ငတ်မှာလေ။ ဒီတော့ တဖြည်းဖြည်းနဲ့ ကျင့်သားရသွားတယ်။ သူငယ်ချင်းတွေ စနောက်ရင်တော့ ငယ်ငယ်ကတော့ ရွံတယ်။ နောက်ပိုင်းကျတော့ ပေါ်ပြူလာတစ်ခုလိုဖြစ်လာတော့ သူစ၊ ကိုယ်စနဲ့ မရွံဖြစ်ကြတော့ဘူး။

အစားအသောက်က နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးရဲ့  ယဉ်ကျေးမှုကို ဖော်ဆောင်နိုင်တယ်လို့ ထင်မြင်မိပါသလား။

          ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ဆီမှာဆိုရင် ရိုးရာအစားအစာတွေ အများကြီးရှိတယ်။ ဒါကိုအဆင့်မြှင့်တင်ဖို့ လိုပါတယ်။ ဥပမာ- ယိုးဒယားအစာ၊ တရုတ်အစာဆိုရင်လည်း နိုင်ငံတိုင်းမှာရှိတယ်။ မြန်မာအစားအသောက်တွေကိုလည်း ဒီလိုမျိုးဖြစ်စေချင်တယ်။ နိုင်ငံခြားမှာဆိုရင်လည်း မုန့်ဟင်းခါးလိုမျိုးကို မြန်မာအချင်းချင်း လုပ်ရောင်းကြတယ်။ တဖြည်းဖြည်းနဲ့တော့ လူတွေသိလာပါပြီ။

အခုလက်ရှိ အနုပညာလှုပ်ရှားမှုလေးတွေကို ပြောပြပေးပါဦး။

          အခုလက်ရှိကတော့ ကျွန်တော် Short Film တွေ ရိုက်ဖြစ်တယ်။ ဓာတ်ပုံတွေတော့ သေချာရိုက်ဖြစ်နေပါတယ်။ ဇာတ်လမ်းတွဲတွေရိုက်ဖို့ လာပြောကြတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အချိန်ပေးရမှာနဲ့။ အဲဒီအထဲမှာ မြုပ်သွားမှာစိုးလို့ မရိုက်ဖြစ်ပါဘူး။ လောလောဆယ်တော့ ရုပ်ရှင်ကားကြီးတစ်ကားရိုက်ဖို့ ညှိနှိုင်းနေပါတယ်။ ပြီးရင်တော့ အကုန်လုံးကို အသိပေးပါမယ်။

အခုချက်ပြတဲ့ဟင်းလေးကို လိုက်ချက်စားကြည့်မယ့် ပရိသတ်အတွက် အမှတ်တရ စကားလက်ဆောင်လေးကို ပြောပြပေးပါဦး။

          လိုက်လုပ်စားကြည့်ကြပါ။ ကျွန်တော် အိမ်မှာလုပ်စားနေကျ လက်ရာလေးပါပဲ။ စားလို့လည်း ကောင်းပါတယ်။ ချက်ရတာလည်း လွယ်ကူတဲ့အတွက် လိုက်လုပ်စားကြည့်ကြပါလို့ ပြောချင်ပါတယ်။

Facebook Comments