ကျွန်မက အရာရာတိုင်းကို သူများနဲ့မပြိုင်ဘူး။ ကိုယ့်ကိုယ်ကိုယ်ပဲ ပြိုင်တယ်ဆိုတဲ့ မတင်တင်ဦး

by Food Magazine

          အချက်အပြုတ်နဲ့ ငယ်စဉ်ကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့ပြီး ဝါသနာကြီးသူ၊ နိုင်ငံခြားမှာ ပန်းကန်ဆေးရင်းကနေ အချက်အပြုတ်ကို ကြိုးစားလုပ်ကိုင်ခဲ့ရင်း ကိုယ်ပိုင် စားသောက်ဆိုင်လေးဖွင့်ပြီး Master Chef Myanmar ပြိုင်ပွဲမှာ ပြင်းထန်တဲ့ စိတ်ဓာတ်တွေနဲ့ ကြိုးစားခဲ့ရင်း Winner  ဆုကို ရရှိခဲ့သူ မတင်တင်ဦးရဲ့ ဘဝအစိတ်အပိုင်းနဲ့ ခံယူချက် အချို့ကို Food Magazine ပရိသတ်ကြီးအတွက် ရေးသားတင်ပြလိုက်ပါတယ်။

မတင်တင်ဦးရဲ့  အချက်အပြုတ်ဘဝအစ

          အချက်အပြုတ်လောကကို ဘယ်လိုရောက်လာလဲဆိုတော့ ကျွန်မတို့အဘိုးတွေ လက်ထက်ကတည်းက မိတ်ဆက်မိသားစုဆိုပြီး စားသောက်ဆိုင်ကြီးရှိတယ်။ မိသားစု အကုန်လုံးက နေ့စဉ် မီးဖိုချောင် ထဲမှာပဲ  အချိန်ကုန်ဆုံးရတယ်။ အဲဒီကနေမှ ဒီအစားအသောက် အချက်အပြုတ်ကို ဝါသနာပါလာတာပါ။

          ၂၀ဝ၇ ခုနှစ်လောက်က စင်ကာပူကို ကျွန်မရဲ့ ကလေး ၂ ယောက်နဲ့အတူ ကျွန်မအမျိုးသားဆီ လိုက်သွားပါတယ်။ စင်ကာပူရောက်တော့ အမျိုးသားတစ်ယောက်တည်းရဲ့ လုပ်စာနဲ့ ကလေးနှစ်ယောက်နဲ့ အဆင်မပြေတော့ ကျွန်မပါ အလုပ်ထွက်လုပ်ရပါတယ်။ အလုပ်ထွက်လုပ်တဲ့အခါမှာလည်း ကျွန်မက ဒီအချက်အပြုတ်အစားအသောက်ပဲ ဝါသနာပါတဲ့အတွက် အခြားဘာအလုပ်မှ မလုပ်ချင်ဘူး။ ဒီတော့ Kitchen တွေပဲ  အလုပ်ရဖို့ စုံစမ်းတယ်။ Kitchen တွေလျှောက်လို့မရခင် အချိန်အတွင်းမှာလည်း မြန်မာပြည်က အလုပ်သမားတွေ စားဖို့အတွက် ချက်ပေးတယ်။ အဲဒီနောက် Kitchen အင်တာဗျူးတဲ့အခါ သူဌေးက “ရှေ့မှာ စားပွဲထိုးလုပ်ပေးပါလား။ စားပွဲထိုးလစာက ပိုရမယ်။ မီးဖိုချောင်လစာနဲ့ မတူဘူး” လို့ ပြောတယ်။ ဒါပေမဲ့ ကျွန်မက ချက်ပြုတ်တာ ဝါသနာပါတဲ့ သူဆိုတော့ “ရတယ်။ ပိုက်ဆံနည်းရင် နည်းပါစေ၊ နောက်ဖေးမီးဖို ချောင်မှာပဲ လုပ်မယ်” ဆိုပြီး ဂျပန်ဆိုင်လေးမှာ အလုပ်ဝင်လုပ်ဖြစ်တယ်။ စပြီးလုပ်တော့ ကျွန်မက ဘာသင်တန်းမှ မတက်ခဲ့ဖူးဘူး။ အချက်အပြုတ်နဲ့ ဘာလက်မှတ်မှလည်း မရှိဘူး။ ကျွန်မက မိသားစုလုပ်ကိုင်တဲ့ အတွေ့အကြုံလေးပဲ ရှိတယ်။ ဝါသနာပါတဲ့အတွက်ကြောင့် အစားအသောက်ဆိုဒ်တွေ၊ Youtube တွေကြည့်ပြီး လုပ်ချင်တဲ့စိတ်လေးနဲ့ လုပ်ခဲ့တဲ့အခါမှာ အလုပ်မှာ ကျွန်မရခဲ့တဲ့နေရာက ပန်းကန်ဆေးကနေ စပြီး လုပ်ခဲ့ရတာပါ။ အဲဒီလို လုပ်ခဲ့တဲ့နေရာမှာ ကိုယ်ဝါသနာပါတာက တစ်ခု၊ သူတို့တစ်တွေ ချက်ပြုတ်တာတွေကိုပဲ အမြဲကြည့်နေရတယ်။ သူတို့တစ်တွေ မှားတာတွေ့ရင် ကိုယ်က ဝင်လုပ်ချင်တယ်။ ပြောချင်တယ်။ ဒါပေမဲ့ ကိုယ့်အနေအထားက ဝင်ပြောလို့မရဘူးလေ။ အဲဒီလိုနဲ့ တစ်နေ့ကျတော့  ဆိုင်မှာ စားတဲ့သူတွေ အရမ်းများလို့ တန်ပူရာကြော်တာကို ဝင်လုပ်မိရော။ အဲဒီလိုဝင်လုပ်မိတဲ့အခါကျတော့ တန်ပူရာဆိုဒ် ခေါင်းဆောင်က “နင် ဘာကိစ္စနဲ့ ဝင်လုပ်တာလဲ” တဲ့။ အဲဒီမှာ အကြီးဆုံး စားဖိုမှူးက ကျွန်မလုပ်နေတာ တွေ့သွားတော့ ဆူတာပေါ့။ “နင်က ပန်းကန်ဆေးတဲ့ နေရာကလေ။ ဒီမှာ လာပြီးတော့ လုပ်ခွင့်မရှိဘူး” တဲ့။ ကျွန်မကလည်း မြန်မာလူမျိုးဆိုတော့ အမြင်မတော်ရင် မနေတတ်ဘူး။ သူတို့တစ်တွေက အလုပ်တွေ တအားများနေလို့ မနိုင်လို့ ကိုယ်က ဝင်ကူလိုက်တာ။ ဒါပေမဲ့ အဲဒီမှာ ကျွန်မကြော်တဲ့ တန်ပူရာကြော်လေးကို ကြည့်ပြီး သဘောကျလို့ ဒီ  Kitchen  ထဲကို စပြီး ဝင်စေခဲ့တာပေါ့နော်။

ပန်ကန်ဆေးဘဝမှာ တတ်သိပညာ မနေသာ

          ကျွန်မ စပြီးလုပ်တဲ့အခါမှာ သူတို့ရဲ့ အစားအသောက်တွေကို ပေးမကိုင်ဘူး။ သူတို့က ဘာမှမလုပ်တတ်ဘဲ ဝင်လုပ်မှာ စိုးတာလည်း ပါမှာပေါ့။ နောက်ပြီး သူတို့ချက်တာတွေ မှားကုန်မှာ စိုးတာလည်း ပါတယ်။ ဒီတော့ မလုပ်ခိုင်းဘူး။ ပေးမကိုင်ဘူး။

          ဒါပေမဲ့ ကျွန်မ တစ်နေ့ လက်တွေ့ကြော်ပြလိုက်တဲ့အခါမှာ တန်ပူရာဗန်းကြီး တစ်ဗန်းဆိုတာ သူတို့က ၁၅ ခုလောက်ပဲ ကြော်တယ်။ အဲဒီအချိန် စားတဲ့သူ တအားများနေတဲ့အခါမှာ ကျွန်မက အခု ၃၀ လောက် ကြော်ပြလိုက်တယ်။ အမှန်မှာတော့ ကိုယ်ကလည်း ကိုယ်လုပ်တတ်တာလေးကို လုပ်ပြတာပါ။ သူတို့ကို ပညာပြချင်တဲ့ဆိုတဲ့ သဘောလည်း မရှိဘူး။ ကိုယ်လုပ်နေတဲ့အတိုင်း၊ လုပ်တတ်တဲ့အတိုင်းပဲ လုပ်သွားတာပါ။ အဲဒီအချိန်မှာ ဘေးနားကနေ ကြည့်နေတဲ့ ဆရာက “နင် ဒီလိုလုပ်တတ်တဲ့အနေအထားမှာ ပန်းကန်ဆေးတော့ မဖြစ်သင့်ဘူး။ Kitchen ထဲမှာ နင်လုပ်ချင်ရင်တော့ နေရာပေးမယ်” ဆိုပြီးတော့ Kitchen ထဲ ရောက်သွားတာပါ။

မိဘက စာဖိုးမှူးဖြစ်မှာကို အားမပေးဘူး

          အဖေက မီးဖိုချောင်ထဲ လုံးဝမပေးဝင်ခိုင်းဘူး။ ဥပမာ- ကျွန်မတို့ဆိုင်က အလုပ်သမားတွေ ကြက်တောင်ပံအရိုးထုတ်နေတာမြင်ရင် လုပ်ချင်တယ်။ အဲဒီလိုမျိုး လိုက်လုပ်ချင်တဲ့အခါ ဝင်ပြီး လုပ်မိတယ်။ ဒီတော့ အဖေက ဘာပြောလည်းဆိုရင် “နင် နောက်ဖေး မီးဖိုချောင်မှာ ဝင်လုပ်လို့ ဓားထိရင် အရိုက်ခံရမယ်” တဲ့။ ကျွန်မကလည်း ဝင်တယ်။ ဓားထိတယ်။ ထိတဲ့ဒဏ်ရာကို ပြပြီး အရိုက်ခံတယ် ။ ဘာလို့လည်းဆိုတော့ ကိုယ်က ဒီအချက်အပြုတ်ကို ဝါသနာကြီးတာကိုး။ မိဘကတော့ မလုပ်စေချင်ဘူး။ ပြောရမယ်ဆိုရင် သူတို့ တစ်တွေမှာ ပညာတတ်မပါဘူး။ ဒီတော့ ကျွန်မကို ပညာတတ်ဖြစ်စေချင်တယ်။ သူတို့ ဖြစ်စေချင်တဲ့အတိုင်း ကျွန်မက ဘွဲ့ရအောင် လုပ်ပေးတယ်။ အိမ်ထောင်ကျတယ်။ စင်ကာပူရောက်မှ ဒီအချက်အပြုတ်ပိုးက ပြန်ဝင်လာတဲ့ သဘောပေါ့။ ဒီလိုနဲ့ စင်ကာပူမှာ အလုပ်လုပ်ရင်း TV ကြည့်လိုက်ရင် Master Chef U.S.A အစီအစဉ်က အမြဲတမ်းလာတယ်။ သဘောကျတော့ အမြဲတမ်းကြည့်ပြီး ကိုယ်တိုင်လည်း စိတ်ကူးနဲ့ ဝင်ပြီး ချက်နေမိတယ်။

ခေါင်းမာတဲ့ စနေသမီး Master Chef Winner ဖြစ်လာတဲ့အခါ

          အချက်အပြုတ်နဲ့ပတ်သက်ပြီး မိဘတွေကတော့ အားမပေးပါဘူး။ ဒါပေမဲ့ ကျွန်မက ငယ်ငယ်ကတည်းက ခေါင်းမာတယ်။ ကျွန်မလုပ်ချင်တာဆိုရင် မရမက ဇွတ်လုပ်တတ်တယ်။ ဘာကိုမှ မကြည့်ဘူး။ နည်းနည်းတစ်ကိုယ်ကောင်းဆန်တယ်လို့ ပြောရမလားပဲ။ မိဘတွေကလည်း သိတယ်လေ။ စနေသမီးခေါင်းမာတယ်ဆိုပြီးတော့ ဘာမှမပြောဘဲ လွှတ်ထားလိုက်တာပါ။ အခုလို Master Chef Myanmar Winner ဖြစ်လာတဲ့အခါမှာ ကျွန်မရဲ့အဖေမရှိတော့တာကတော့ ဝမ်းအနည်းဆုံးပါပဲ။ တော်တော်လေးလည်း စိတ်မကောင်းဘူး။ ကျွန်မချက်တတ်ပြုတ်တတ်လာရော၊ ဝါသနာပါလာတာကရောက အဖေ့ကိုကြည့်ပြီး ဖြစ်လာတာလေ။ အခုလိုအချိန်မှာ အဖေ့ကို အနားမှာရှိစေချင်တယ်။ အခုလိုအချိန်မှာ အဖေမရှိတဲ့တစ်ချက်က ကျွန်မကို တော်တော်စိတ်မကောင်း ဝမ်းနည်းစေတယ်။ အရမ်းလည်း သတိရတယ်။

Master Chef Myanmar ပြိုင်ပွဲဝင်ပြိုင်ဖြစ်ခဲ့ပုံ

          ဒီပြိုင်ပွဲကို ဝင်ပြိုင်ဖြစ်တာက ကျွန်မ မြန်မာပြည်ပြန်ရောက်ရောက်ချင်း စီးပွားရေးလေးလုပ်မယ်ဆိုပြီး ရန်ကုန်တက္ကသိုလ်ထဲက ကင်တင်းမှာ စားသောက်ဆိုင်လေး တစ်ဆိုင် စလုပ်တယ်။ အဲဒီမှာ တစ်နှစ်လုပ်ပြီးတဲ့အခါမှာ လှိုင်သာယာ အနောက်ပိုင်း တက္ကသိုလ်ထဲမှာ နောက်ထပ်ဆိုင်လေးတစ်ဆိုင် ထပ်ဖွင့်တယ်။ ၂ ဆိုင်စလုံးက အလုပ်အရမ်းများလာတဲ့အခါကျတော့ ရန်ကုန်တက္ကသိုလ်က ဆိုင်ကို မောင်လေးကိုပေးပြီး ကျွန်မရဲ့ အမျိုးသားနဲ့ ကျွန်မက အနောက်ပိုင်းတက္ကသိုလ်က ဆိုင်မှာ လုပ်နေတယ်။ အနောက်ပိုင်းတက္ကသိုလ်က မြို့ထဲနဲ့စာရင် တော်တော်လေးဝေးတယ်။ အဲဒီမှာ TV မှာ ကိုကောင်းထက်ဇော် ကြော်ငြာတာတွေ့တယ်။ ဒါပေမဲ့ ကိုယ်က နေ့တိုင်း ကျောင်းထဲမှာ အလုပ်က မပြတ်လုပ်နေရတာဆိုတော့ စိတ်ထဲမှာ ပြိုင်ချင်တယ်ဆိုတဲ့ စိတ်ကလေးပဲ ရှိတယ်။ နောက်ပိုင်း Master Chef Myanmar ဒိုင်တွေရဲ့ တစ်ယောက်ချင်းစီပြောတဲ့ စကားတွေ ကြားလာတော့ နည်းနည်းစိတ်ဝင်စားလာတယ်။ သူတို့ပြောတဲ့ စကားလေးတွေက ကိုယ့်အတွက် ဝင်ပြိုင်ဖို့ အင်အားလေးတွေဖြစ်သွားတာပေါ့နော်။ ပထမတော့ အိမ်က လူတွေက ပြိုင်ပွဲစည်းကမ်းချက်တွေကြည့်ပြီး သိပ်သဘောမတူဘူးပေါ့နော်။ ဘာလို့လည်းဆိုတော့ လောလောဆယ်လည်း စားသောက်ဆိုင်လေးမှာ လုပ်နေရတာဆိုတော့၊ ဆိုင်ကလည်း ကျောင်းသားတွေကို ရောင်းနေရတော့ အလုပ်များတယ်လေ။ ဒါပေမဲ့ ကျွန်မအမျိုးသားက ကျွန်မဝါသနာကို သိတော့ မြို့ထဲရောက်တဲ့အချိန်မှာ သူက ပြိုင်ပွဲဝင်ခွင့်ဖောင်လေးကို ယူလာပြီး “မင်းပြိုင်ချင်တာ သွားပြိုင်” ဆိုပြီး အဲဒီလျှောက်လွာ လေးပေးတယ်။ ဒါနဲ့ဖြည့်ပြီးတော့ တင်ဖြစ်တာပေါ့နော်။ ဖြစ်ချင်တော့ လျှောက်လွာ တင်ပြီးနောက် တစ်ရက်မှာ ဖုန်းက ပျက်သွားတယ်။ ၅ ရက်လောက် ပျက်သွားတယ်။ အနောက်ပိုင်းတက္ကသိုလ်မှာဆိုတော့ သွားပြင်ဖို့ကလည်း ဝေးတယ်။ ဒီတော့ ပြင်ပြီးတဲ့အခါမှာ မက်ဆေ့ခ်ျ ဖွင့်ကြည့်လိုက်တော့ Master Chef Myanmar ကပါ။ ပြန်ခေါ်ပေးပါဆိုတော့ ပြန်ခေါ်လိုက်တယ်။ အဲဒီမှာ သူတို့က “အစ်မကို ခေါ်ထားတာ ၄၊ ၅ ရက်လောက် ရှိပြီ။ ခေါ်လို့မရလို့ Cancel လုပ်လိုက်ပြီ” တဲ့။ ကိုယ်ကလည်း စိတ်ထဲမကောင်းဖြစ်သွား တာပေါ့။ နောက်တော့ သူတို့ ပြန်ဆက်သွယ်တယ်။ “အစ်မက တကယ်ပြိုင်ချင်တာလား” တဲ့။ ကျွန်မက “တကယ်ပြိုင်ချင်တာပေါ့” လို့ပြောတော့ “ဒါဆို မနက်ဖြန်မှာ လူတွေ့ စစ်ဆေးဖို့ရှိတယ်၊ အစ်မ ချက်ချင်းလာခဲ့ပါ” ဆိုတော့ နောက်နေ့မှာ ဈေးထဲသွားပြီး ဈေးခြင်းတောင်းထဲ တွေ့ရာပစ္စည်းကောက်ဝယ်ပြီး ပြိုင်ခဲ့တာပါ။ လူတွေ့မှာက  သဘောင်းငါးကို ခရမ်းချဉ်သီးနဲ့ ချက်ပြခဲ့တယ်။ ဒိုင် သုံးယောက်စလုံးရဲ့ Comment ကောင်းကောင်းလေးတွေ ရခဲ့တယ်။ အဲဒီနောက် အယောက် ၂၀ ထဲ ပါသွားတာပေါ့နော်။

ပြိုင်ပွဲမှာ မအေးအေးသိန်းပြောကြားချက်အပေါ် အမြင်

          အမှန်အတိုင်းပြောရရင် မအေးအေးသိန်းက စိတ်ရင်းကောင်းပါတယ်။ ပြိုင်ပွဲဝင်တွေအကုန်လုံးက ပဋိပက္ခအများကြီးရှိတာ မဟုတ်ဘူး။ မအေးအေးသိန်းက ဘယ်လိုပြောရမလဲ။ သူပြောချင်ရာ သူပြောတယ်။ သူ့ စိတ်ထဲမှာရှိတာကို ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့လူမျိုးပါ။ တစ်ခုခုဆိုရင် သူ့စိတ်ထဲမှာ မထားတတ်တာနဲ့ ပြောချပစ်လိုက်တဲ့ အပေါ်မှာ အများက အမြင်စောင်းသွားတာမျိုးလေးတွေ ဖြစ်သွားတယ်လို့ ထင်ပါတယ်။

အရာရာတိုင်းကို သူများနဲ့ မပြိုင်ဘူး

          ကျွန်မက အရာရာတိုင်းကို သူများနဲ့မပြိုင်ဘူး။ ကိုယ့်ကိုယ်ကိုယ်ပဲ ပြိုင်တယ်။ ငါ တစ်နေ့လုပ်တဲ့အလုပ်က မနက်ဖြန်ကျရင် ဒီထက်ကောင်းအောင် ပိုလုပ်နိုင်ရမယ်။ အခုပြိုင်ပွဲဝင်တော့ ကလေးတွေအကုန်လုံးက အစားအသောက်နဲ့ ပတ်သက်ပြီး သင်တန်းဆင်း၊ ကျောင်းဆင်းလေးတွေဖြစ်နေပြီး ကိုယ့်ကျတော့ ဘာသင်တန်းမှ မတက်ခဲ့ရတော့ စိတ်ထဲမှာ တစ်မျိုးပေါ့လေ။ ဥပမာပြောရရင် သူတို့က ဘွဲ့ရပြီးသား။ ကိုယ်က ၁၀ တန်း မအောင်တဲ့လူလိုအနေအထားမျိုး ဖြစ်သွားတာ။ ဒါပေမဲ့ ကျွန်မက ကိုယ့်စိတ်ကိုကိုယ် ပြန်ပြောင်းပစ်လိုက်တယ်။ ကိုယ့်ဘာသာကိုပဲ ကြည့်တယ်။ ဘယ်သူနဲ့မှမပြိုင်တော့ဘူး။ ကြိုးတန်းပေါ် လမ်းလျှောက်နေတဲ့သူလို ဘေးကို မကြည့်ဘူး။ ရှေ့တည့်တည့်ပဲ ကြည့်တယ်။ ကိုယ်သွားချင်တဲ့ နေရာကို ဦးတည်ပြီး သွားမယ်လို့ပဲ ဆုံးဖြတ်ထားပါတယ်။ ပြိုင်ပွဲတစ်လျှောက်မှာလည်း ဘယ်သူက ကိုယ့်ပြိုင်ဘက်လဲ၊ ဘာလဲဆိုတာမျိုး မကြည့်မိဘူး။

မတင်တင်ဦးခံယူထားတဲ့  စားဖိုမှူးတစ်ယောက်ရဲ့ စိတ်ထား

          ကျွန်မကို ချစ်တဲ့သူ၊ မုန်းတဲ့သူ၊ အမြင်ကတ်တဲ့သူတွေလည်း ရှိပါတယ်။ အဲဒီလို လူတွေက ကိုယ်လုပ်တဲ့ အစားအစာလေးကို သူတို့ စားလိုက်လို့ရှိရင် စိတ်က ပြောင်းလဲသွားတယ်။ ကျွန်မမှာ ချစ်တဲ့သူ၊ မုန်းတဲ့ ဘယ်သူကိုမဆို ကိုယ့်အစားအသောက် ချက်ကျွေးရတဲ့နေရာမှာ မခွဲခြားဘူး။ စားဖိုမှူး တစ်ယောက်အနေနဲ့ ဘယ်လိုစိတ်ထားသင့်သလဲဆိုရင် ကိုယ်ချက်ကျွေးတဲ့ အစားအသောက်ကို ကိုယ်ကိုယ်တိုင်လည်း စားတယ်။ မိသားစုကိုလည်း ကျွေးမယ်။ ကိုယ်ကျွေးတဲ့ အစားအသောက်က ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ဖြစ်မယ်ဆိုရင် ကုသိုလ်လည်းရတယ်။ ကိုယ်ချက်ကျွေးတဲ့ ဟင်းပွဲက အခြားသူအတွက် အန္တရာယ်မဖြစ်စေရဘူးပေါ့နော်။ နောက်တစ်ခုက ကိုယ်ချက်ကျွေးမယ့် အစားအသောက်က မြင်လိုက်တာနဲ့ လှလှပပလေးဖြစ်နေပြီး အမြင်နဲ့တင် စားချင်စဖွယ် ဖြစ်နေစေရမယ်။ ဦးရဲထွဋ်ဝင်း ပြောသလိုဆိုရင် အချစ်က လိမ်လို့ရတယ်။ အစားအသောက်ကိုတော့ လိမ်လို့မရဘူးပေါ့။

ပြိုင်ပွဲတစ်လျှောက်  စိတ်ဖိစီးမှုလျှော့ချနည်း

          ပြိုင်ပွဲမှာတော့ စိတ်ဖိစီးမှုရှိတာပေါ့လေ။ နောက်နေ့မှာ ဘယ်လိုပြိုင်ရမယ်မှန်း မသိဘူးလေ။ ဒီတော့ ကျွန်မက ဘာနဲ့လျှော့ချလည်းဆိုတော့ တစ်ချိန်လုံး ဖုန်းနဲ့ အစီအစဉ်တွေ လိုက်ကြည့်တယ်။ ဟင်းချက်နည်း အစီအစဉ်လေးတွေ လိုက်ကြည့်တယ်။ အဲဒါတွေလိုက်ကြည့်နေတဲ့ အခါမှာ တစ်ခါတလေ စိတ်ဖိစီးလို့ ဖိစီးမှန်းတောင် မသိဘူး။ အဲဒါလေးတွေကြည့်တာကလည်း ပြိုင်ပွဲမှာ ကိုယ့်အတွက် အထောက်အကူ ဖြစ်သွားပါတယ်။

ရှေ့ဆက်လှုပ်ရှားမှု

          ဒီပြိုင်ပွဲပြီးတော့ ကျွန်မမှာ ရည်ရွယ်ချက်တစ်ခုရှိတယ်။ အဲဒါက ထုတ်ကုန်လေးတစ်ခု ထုတ်ချင်တယ်။ ကိုယ်လုပ်တတ်တာလေးနဲ့ အများဘယ်လိုအဆင်ပြေနိုင်မလဲ၊ ပုံမှန်မဟုတ်ဘဲနဲ့ နည်းနည်းထူးခြားတဲ့ အရာမျိုးလေးတွေ ထုတ်ဖို့ အမြဲ စဉ်းစားတတ်တယ်။ ဒါနဲ့ စင်ကာပူမှာ စားဖူးတဲ့ အာလူးကြော်၊ ဆားဘဲဥနဲ့ကြော်တဲ့ အငန်အဆိမ့်လေးကို စားမိတဲ့အခါမှာ ဒါလေးကြော်ကြည့်ရင် ကောင်းမယ်ဆိုပြီး ကိုယ့်ဘာသာကိုယ် ကြော်ကြည့်တယ်။ မျိုးစုံ အခါခါ ကြော်ကြည့်ရင်း နောက်ဆုံး အဆင်ပြေသွားတဲ့အခါ အခု Winner ဖြစ်သွားတဲ့အချိန်မှာ အဲဒီအာလူးကြော်လေးကို ထုတ်နေပါတယ်။ ကိုယ်ပိုင်ဆိုင် သီးသန့်တော့လုပ်ဖြစ်မယ်။ အခု လောလောဆယ်တော့ ဒိုင်ထဲက ဦးရဲထွဋ်ဝင်းရဲ့ဆိုင်မှာ မြန်မာအစား အသောက်ကောင်တာလေးဖွင့်ပြီး လုပ်ဖြစ်နေပါတယ်။

ဒိုင်သူကြီးတွေအပေါ်အမြင်

          ဒိုင်သူကြီး ၃ ယောက်စလုံးကတော့ တစ်ယောက်တစ်မျိုးဆီ ခွန်အားတွေပေးပါတယ်။ Chef မီရှဲ (ယခုကွယ်လွန်)ဆိုရင် သဘောကောင်းတယ်။ အရမ်းလည်း ချစ်ဖို့ကောင်းတယ်။ ဦးရဲနဲ့ မဖြူဆိုရင်လည်း သူတို့ Comment တွေကို ကိုယ်က ကြောက်တယ်။ မဖြူဆိုရင် သူပြောတဲ့စကားတွေက ဥပမာ ကိုယ်လမ်းကြောင်း နည်းနည်း လွဲနေမယ်ဆိုရင် သူပြောတဲ့စကားက နည်းနည်း Hit ပေးတဲ့သဘောမျိုးလေးတွေ ရှိ တယ်။ ဦးရဲကျတော့ သူက Idea လေးတွေပေးတာပေါ့နော်။ ဥပမာ ဒုတိယ အကြော်ပြိုင်ပွဲမှာ တန်ပူရာကြော်ရင် အရက်ထည့်သုံးလို့ သူပြောခဲ့တယ်။ ဒါကို နောက်ထပ် တန်ပူရာပြိုင်ပွဲကျ သူပြောတဲ့ဟာကို အစ်မပြန်သုံးခဲ့တယ်။ ကျွန်မကတော့ မဖြူတို့၊ ဦးရဲတို့ပြောတဲ့ စကားတွေဆိုရင် အစ်မခေါင်းထဲမှာ အမြဲတမ်းရှိနေပါတယ်။ သူတို့ပြောတဲ့ စကားလေးတွေက ကိုယ့်အတွက် ခွန်အားဖြစ်စေပါတယ်။

Master Chef Winner ဖြစ်လာတဲ့အပေါ်  ပြောချင်တဲ့စကား

          ကျွန်မ Winner ရသွားတဲ့အပေါ် ဘာပြောချင်လဲဆိုရင် အဓိက ကိုယ်လုပ်ချင်တဲ့ အရာကို ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်စေချင်ပါတယ်။ ကျွန်မဆိုရင် အခုအသက် ၄၃ နှစ် ရှိပါပြီ။ အဲဒီအချိန်ကျမှ ထကြိုးစားလို့ရှိရင် ဘယ်သူမဆိုပြောမှာပဲ။ ဒါပေမဲ့ ကျွန်မက စိတ်ထဲမှာ အမြဲတမ်း ကြိုးစားနေတာပါ။ ကျွန်မရဲ့အဖေပြောသလို စိတ်ထဲမှာ အမြဲတမ်း ငါးမန်းတစ်ကောင် ထည့်ထားဆိုပြီးတော့လေ။ သူပြောတဲ့ပုံပြင်လေး ပြောပြရရင် ဂျပန်တွေက ငါးအစိမ်းစားတယ်လေ။ ဒီတော့ အခြားနိုင်ငံက ပင်လယ်ငါးဖမ်း သင်္ဘောဆီကနေပြီး ဝယ်ရတယ်၊ သယ်ရတယ်။ သယ်ရတဲ့အခါကျတော့ ငါးတွေက လမ်းမှာတင် သေဆုံးသွား တယ်။ မသေအောင် ရေကန်နဲ့ထားပြီးသယ်လည်း စားကြည့်တော့ ဂျပန်တွေက အရသာက မကောင်းဘူးဆိုပြီး ပြောတယ်။ ဒီတော့ သယ်တဲ့သူက နောက်တစ်ခေါက် ဘယ်လို သယ်လဲဆိုရင် ငါးတွေ သယ်တဲ့ကန်ဘေးမှာပဲ ငါးမန်းတစ်ကောင်ကို မြင်အောင် ထည့်ထားတယ်။ အဲဒီမှာ ငါးမန်းစားမှာစိုးလို့ တခြားငါးတွေက ပြေးလွှားနေရတယ်။ အဲဒီ အသားကို ဂျပန်တွေကို ရောင်းတော့မှ အကြိုက်တွေ့သွားတယ်။ အဲဒီလိုပါပဲ။ ကျွန်မကလည်း အမြဲတမ်းကိုယ့်ကိုယ်ကိုယ် ယှဉ်ပြိုင်ကြိုးစားနေပါတယ်။ ပြောချင်တာက ငါ အသက်ကြီးပြီ။ ဘာမှမလုပ်နိုင်ပါဘူးဆိုတဲ့စိတ်မထားဖို့ ပြောချင်ပါတယ်။ ကျွန်မဆိုရင် ဘယ်အရာမဆို  ငါလုပ်နိုင်ရမယ်။ ဖြစ်တာမဖြစ်တာကို စိတ်မပူနဲ့။ အဓိကက ကိုယ်လုပ်နိုင်ရမယ်ဆိုတဲ့စိတ်ကိုပဲ မွေးမြူပါလို့ ပြောချင်ပါတယ်။

Facebook Comments