ကိုယ်ကြိုက်တာကို အများကကြိုက်တယ်လို့ ချီးမွမ်းရင်တော့ နောက်တစ်ခေါက်တောင်မှ သူတို့ကို ပြန်ချက်ကျွေးချင်တဲ့ဆန္ဒရှိတယ်ဆိုတဲ့ မေကြည်

By အာဂ မေးမြန်းရေးသားသည် for Food Magazine

အချက်အပြုတ်ကို ဘယ်အရွယ်ကတည်းက စပြီးတော့ ဝါသနာပါခဲ့ပါသလဲ။

            အချက်အပြုတ်ကို လေးတန်းလောက်ကတည်းက စပြီးတော့ ဝါသနာပါတာပါ။

အခုကြက်သားကြာစွယ်ဟင်းလေးကို  ပရိသတ် ကို ချက်ပြဖို့ စီစဉ်ဖြစ်သွားပုံလေးကိုလည်း ပြောပြပေးပါဦး။

            ဒီဟင်းချက်ဖြစ်သွားတာကတော့ ထူးထူးဆန်းဆန်းလေး ဖြစ်သွားအောင်ပါ။ ကြာစွယ်ကလည်း နည်းနည်းလည်းရှားတယ်။ လိုချင်သလောက်လည်း မရနိုင်ဘူး။ ကြက်သားနဲ့ ကြာစွယ်လေးကို ချက်ဖြစ်သွားတာပါ။ ညီမကလည်း ကြက်သားလည်း ကြိုက်တယ်။ ကြာစွယ်ကျတော့လည်း အကင်တွေမှာပဲ စားဖြစ်တာ များတယ်။ ဒီတော့ ထူးဆန်းသွားအောင်လို့ ချက်ပြဖြစ်သွားတာပါ။

ဘဝမှာ ပထမဆုံး စချက်ဖြစ်တဲ့ ဟင်းပွဲလေးကို မှတ်မိသေးရင် ပြောပြပေးပါဦး။ အရသာကရော ဘယ်လိုရှိသလဲ။

            ပထမဆုံးလုပ်ဖြစ်တာက ဟင်းပွဲက ငါး ငါးပိချက်ဟင်းလေးပါ။ ငါးငါးပိချက်ကတော့ အဲဒီတုန်းက ငါးပိထည့်တာများလွန်းလို့လား မသိဘူး။ အရမ်းငန်သွားတယ်။

မေကြည်ချက်တဲ့ ဟင်းတွေထဲမှာ လူကြိုက်အများဆုံး ဟင်းပွဲကရော ဘာဟင်းပွဲဖြစ်မလဲ။

             လူကြိုက်အများဆုံးဆိုရင်တော့ ငါး ငါးပိချက်နဲ့  တို့စရာရယ်၊ မျှစ်ကြော်ကတော့ သူငယ်ချင်းမိတ်ဆွေ၊ မိသားစုတွေကတော့ တော်တော်ကြိုက်ကြပါတယ်။

မေကြည်ချက်တဲ့ဟင်းကို စားပြီး ပထမဆုံး ချီးမွမ်းခံရတုန်းက ခံစားချက်ကရော။  အချက်အပြုတ်ကို ဘယ်သူတွေဆီက သင်ယူဖူးလဲ။

            အဲဒီလို ကိုယ်ချက်တာကို အများက ကြိုက်တယ်လို့ ချီးမွမ်းရင်တော့ နောက်တစ်ခေါက်တောင်မှ သူတို့ကို ပြန်ချက်ကျွေးချင်တဲ့ ဆန္ဒရှိတယ်။ ဝမ်းသာတယ်ပေါ့။ အချက်အပြုတ်ကျတော့ ငယ်စဉ်က ကျောင်း တက်တုန်းကတည်းက ကြီးမေသင်ပေးတာပါ။

ငယ်ငယ်ကကြိုက်ပြီး အသက်ကြီးမှ မကြိုက်တာဆိုရင်ရော။

            ငယ်ငယ်တုန်းကကြိုက်ပြီး အသက်ကြီးမှ မကြိုက်တာမျိုးဆိုရင် ငယ်ငယ်က ကြက်ဥအရမ်းကြိုက်တယ်။ အခုအသက်ကြီးတော့ သိပ်မကြိုက်တော့ဘူး။ ငယ်ငယ်က မြင်းခွာရွက်ကို မကြိုက်ဘူး။ လုံးဝအနံ့တောင် မခံနိုင်ဘူး။ ဒါပေမဲ့ အခု အသက်ကြီးလာတော့ မြင်းခွာရွက်ကို အစိမ်းလိုက်စားတယ်။ အရမ်းလည်း ကြိုက်သွားတယ်။

အစားအသောက်နဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်လေးတွေရှိရင် ပြောပြပေးပါဦး။ ဥပမာ- တချို့ သကြားလုံးမျိုမိတာတို့၊ ကျောင်းမှာ မုန့်ခိုးစားလို့ အရိုက်ခံရတာတို့၊ ဟင်းခိုးစားတာတို့ပေါ့။  

            အစားသောက်နဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်ဆိုရင် ငယ်စဉ်တုန်းက ကျောင်းမှာ ထမင်းချိုင့်ယူသွားလို့ ဟင်းကောင်းချက်ပေးရင် ကျောင်းမဆင်းသေးဘူး။ ခိုးစားတယ်။  အဲဒီလိုခိုးစားလို့ဆိုပြီး ဆရာမတွေက မတ်တတ်ရပ်ခိုင်းပြီးတော့ ဒဏ်ပေးတာလည်း ခံခဲ့ရတယ်။  တစ်ခါတလေကျရင်လည်း  သူငယ်ချင်းတွေရဲ့ ချိုင့်ထဲက ဟင်းတွေကို သွားခိုးစားတာမျိုးလည်း ရှိတယ်။

မနက်စာကို ဘယ်အချိန်လောက်စားဖြစ်လဲ။ ဘာဟင်းတွေနဲ့ စားဖြစ်တာများလဲ။ နေ့လယ်စာနဲ့  ညစာရော။

            မနက်ပိုင်းဆိုရင်တော့ ထမင်းပူပူလေးနဲ့ ပဲပြုတ်နဲ့ စားတာမျိုး ရှိတယ်။  နေ့လယ်ဆိုရင် အသီးအရွက်သုပ်၊ အသီးအရွက်ကြော်တွေနဲ့ စားဖြစ်တာများတယ်။ ပြီးတော့ ငါးပေါ့။ ညနေစာတော့ မစားဖြစ်တာ များပါတယ်။ မနက်စာကတော့ ၇ နာရီ၊ ၈ နာရီလောက် စားဖြစ်တာ များတယ်။ ပုံမှန်မွန်းလွဲ ၁၂ နာရီခွဲ၊ ၁ နာရီလောက် စားဖြစ်ပါတယ်။

ညစာကိုရော အိမ်မှာ မိသားစုနဲ့ စားဖြစ်လား။ ဒါမှမဟုတ် အပြင်မှာ စားဖြစ်လား။ ညစာ စားပြီးရင်ရော အချိုတည်းလား။

            ညစာကိုတော့ လုံးဝမစားဘူးလို့တော့ မဟုတ်ပါဘူး။ တစ်ခါတလေ အလုပ်ရှိတဲ့အချိန်ဆိုရင်  အလုပ်ပြီးတဲ့အချိန် ည ၁ဝ နာရီကျော်ဆိုရင် ဗိုက်ဆာတဲ့အခါ နည်းနည်းပါးပါး စားဖြစ်တယ်။ လုံးဝ ရှောင်တာတော့ မဟုတ်ပါဘူး။ ညစာကတော့ စတူဒီယိုမှာ သီချင်းသွင်းတဲ့အခါမျိုး ဆိုရင်တော့ အပြင်မှာစားဖြစ်တာ များတယ်။ အိမ်မှာတော့ တစ်ခါတလေ အသုပ်တွေ လုပ်စားဖြစ်တာများတယ်။ ညစာစားပြီးရင်တော့ အချိုတည်း ပါတယ်။  ငှက်ပျောသီးစားတယ်။ တစ်ခါတလေ ကိတ်မုန့်စားတယ်။

စားဖူးသမျှအစားအစာတွေထဲမှာ တစ်သက်မမေ့လောက်အောင်ဖြစ်တဲ့ အစားအသောက်မျိုးရောရှိလား။

            အဲဒီလိုမျိုး မေ့လို့မရတဲ့ အစားအသောက်က ညီမတို့ လားဟူရိုးရာ အစားအစာပါ။ ဆီးဖြူသီးအခေါက်နဲ့  အသားနဲ့ချက်တဲ့ အစားအစာပါ။

ထူးထူးဆန်းဆန်း အစားအသောက်တွေရော စားဖူးလား။

            ထူးထူးဆန်းဆန်း အစားအသောက်ဆိုရင်တော့ မစားတတ်ပါဘူး။ နည်းနည်း ကြောက်တတ်လို့ပါ။

အိမ်က မိဘတွေချက်တဲ့ ဟင်းမှာဆိုရင်ရော ဘယ်ဟင်းကိုကြိုက်လဲ။

            အမေချက်တဲ့ ငါးဟင်းကို အရမ်းကြိုက်တယ်။

နိုင်ငံတကာ အစားအသောက်တွေဆိုရင်  ဘယ်လိုအစားသောက်ကို  စားဖြစ်တာများလဲ။

            နိုင်ငံတကာ အစားအသောက်တွေဆိုရင်တော့ ယိုးဒယားအစားအစာတွေကို ကြိုက်ပါတယ်။

နိုင်ငံခြားရောက်နေတဲ့အခါမှာ ကိုယ့်မြန်မာပြည်က ဘယ်လိုအစားအစာတွေကို လွမ်းမိလဲ။

            မုန်ညင်းဟင်းချိုနဲ့ ငရုတ်သီးထောင်းကို အရမ်းကြိုက်တော့ အဲဒါကို သတိရမိပါတယ်။ စားတဲ့အချိန်တိုင်း သတိရမိတာကတော့ အဲဒီဟင်းပါပဲ။

ဘဝမှာ အမှတ်တရဖြစ်မယ့် အစားအစာရှိလား။ ဥပမာ အဲဒီအစားအစာကို စားလိုက်ရင် တစ်နေရာရာ၊ တစ်ယောက်ယောက် စသဖြင့် အမှတ်တရဖြစ်မယ့် အစားအစာမျိုးပေါ့။

            ရှိပါတယ်။  အမှတ်တရဖြစ်မယ့်အစားအစာဆိုရင် မြန်မာမုန့်တွေကို ဘယ်အချိန်၊ ဘယ်နေရာမှာစားစား အိမ်ကိုသတိရတယ်။ တစ်ခါတလေ သူငယ်ချင်းတွေနဲ့ လျှောက်သွားရင်း လမ်းဘေးမှာစားမိတဲ့ အသုပ်လေးတွေရှိတယ်။ အဲဒီလိုမျိုးစားမိရင် ကျောင်းတက်တုန်းက ကျောင်းရှေ့မှာ စားဖူးတဲ့ အသုပ်ဆိုင်လေးကို သတိရတယ်။

စားဖူးသမျှထဲမှာ ဈေးကြီးပြီး မတန်ဘူးထင်တဲ့ အစားအသောက်တွေရှိလား။ ဈေးပေါပြီး တန်တယ်ထင်တာမျိုးရော။

            စားဖူးသမျှထဲမှာ ဈေးကြီးပြီး မတန်ဘူးဆိုတာမျိုး ကြုံဖူးပါတယ်။  တစ်ခါတလေကျတော့ ဆိုင်ကြီးရဲ့ အစားအသောက်တွေက ကြည့်လိုက်လို့ရှိရင် အရမ်းစားကောင်းမယ့် ပုံစံနဲ့ တကယ်စားလိုက်တော့ ကိုယ်နဲ့ခံတွင်းမတွေ့ဘူး။ ဈေးပေါပြီး တန်တာဆိုရင် တချို့ ဆိုင်တွေက သန့်လည်းသန့်တယ်။ ဈေးလည်းတန်တယ်။ စားလို့လည်းကောင်းတာမျိုးလည်း တွေ့ဖူးတယ်။

အစားအသောက်နဲ့ ကျန်းမာရေးအပေါ် ညီမအမြင်လေးကရော။ အစားအသောက်နဲ့ ခန္ဓာကိုယ်ကို ထိန်းသိမ်းမှုပုံလေးကရော။

            အစားအသောက်ကတော့ လူတစ်ယောက်ရဲ့ ကျန်းမာရေးအတွက် အလွန်အရေးကြီးပါတယ်။ အစားအသောက်ကြောင့်လည်း ကျန်းမာရေးထိခိုက်နိုင်သလို အစားအသောက်ကြောင့်လည်း ကျန်းမာရေးကောင်းသွားတာရှိတယ်။ အစားအသောက်ကို ပုံမှန်ဆင်ဆင်ခြင်ခြင်လေး စားသောက်ပေးရင် ကိုယ့်ရဲ့ ကျန်းမာရေးအတွက် အထောက်အကူပြုတယ်လို့ ထင်ပါတယ်။ အစားအသောက်နဲ့ ခန္ဓာကိုယ်ထိန်းသိမ်းမှုဆိုရင်တော့ ညီမက မိန်းကလေးဆိုတော့ လှချင်တယ်။  ဒီတော့ အလွန်အဆီအအိမ့် များတာဆိုရင် မစားချင်ဘူး။ အသားအရေလှအောင် အသီးအရွက်တွေ စားတယ်။ ငါးတို့၊ ပင်လယ်စာ တို့ကို စားတယ်။

စားသောက်ဆိုင်နဲ့ အိမ်မှာဆိုရင် ဘယ်မှာပိုပြီးတော့ စားချင်လဲ။

            ဖြစ်နိုင်ရင်တော့ အိမ်မှာပိုစားချင်တယ်။ ကိုယ်တိုင်ချက်စားရတာ ပိုကြိုက်တယ်။

မေကြည်အကြိုက်ဆုံး အသီးအနှံ၊ အရွက်၊ အသား၊ ငါးတွေကို ပြောပြပေးပါဦး။ ဖျော်ရည်တွေထဲမှာ ဆိုရင်ရော။

            အကြိုက်ဆုံး အသီးအနှံဆိုရင်တော့ အကုန်ကြိုက်ပါတယ်။ စပျစ်သီး၊ ငှက်ပျောသီး၊ ပြောင်းဖူးကတော့ အကြိုက်ဆုံးပေါ့။ အရွက်တွေထဲမှာဆိုရင် မြင်းခွာရွက်၊ ဂေါ်ရခါးညွန့် အရမ်းကြိုက်တယ်။ ဖျော်ရည်ထဲမှာဆိုရင် ငှက်ပျောသီးဖျော်ရည်ပါ။

ညီမနဲ့မတည့်တဲ့ အစားအသောက်တွေရော ရှိလား။ မကြိုက်တဲ့ အစားအစာရော။

            ညီမနဲ့ မတည့်တာရော၊ မကြိုက်တာရောဆိုရင်တော့ ဒူးရင်းသီးပါ။ အနံ့ခံလို့ကို မရပါဘူး။

အစားအသောက်တစ်ခုခုကို စားနေတုန်း  အဲဒီထဲမှာ ရွံစရာတွေ ဘာတွေရော တွေ့ဖူးလား။ အစားအသောက်စားနေရင်း သူငယ်ချင်းတွေက  ဘေးနားက  ရွံစရာပြောရင် ရွံတတ်လား။

            ဟုတ်ကဲ့ ရွံတတ်ပါတယ်။ ဆံပင်မွေးတွေ ဘာတွေတွေ့ရင် ဆက်မစားချင်တော့ဘူး။ ယင်ကောင်တွေ ဘာတွေတွေ့ရင်လည်း စိတ်က မစားချင်တော့ဘူး။ သူငယ်ချင်းတွေ စနောက်ရင်တော့ ဘာမှမဖြစ်ဘူး။ စောစောက ပြောသလို အကောင်တွေဘာတွေ မြင်ရင်တော့ ရွံတတ်တယ်။

အစားအသောက်က နိုင်ငံတစ်နိုင်ငံ ၊ လူမျိုးတစ်မျိုးရဲ့  ယဉ်ကျေးမှုကို ဖော်ဆောင်နိုင်တယ်လို့ ထင်မြင်မိပါသလား။

            ထင်ပါတယ်။ မြန်မာ့ရိုးရာမုန့်တွေရော ၊ ရှမ်းပြည်နယ်မှာဆိုရင်လည်း ရှမ်းပြည်နယ်က လက်ဖက်တို့၊ ပဲပုပ်တို့ စသဖြင့် အစားအစာတွေက လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှုကို ဖော်ဆောင်နိုင်တယ်လို့ ထင်ပါတယ်။

အခုလက်ရှိ မေကြည်ရဲ့ အနုပညာ လှုပ်ရှားမှုလေးတွေကရော။

            အခုတော့ ညီမ MTV လေးတွေ ရိုက်ထားတယ်။ ကိုယ်ပိုင်အခွေအတွက်လည်း သီချင်းတွေ လုပ်နေပါတယ်။ နောက် သူငယ်ချင်း သုံးယောက်ပေါင်းပြီးတော့ A.M.A တစ်ခုလုပ်ထားပါတယ်။ အဲဒီအတွက်လည်း သီချင်းခွေလုပ်နေပါတယ်။ နောက်ပြီး ရုပ်ရှင်ဇာတ်ဝင်တေးအတွက် သီချင်းဆိုထားတာလည်း ရှိပါတယ်။

ပရိသတ်အတွက် အမှတ်တရစကားလက်ဆောင်လေး ပြောပြပေးပါဦး။

            အခု ညီမချက်ပြထာတဲ့ ကြက်သားကြာစွယ်ဟင်းလေးက ရိုးရိုးသာမန် ကြက်သားဟင်းတွေနဲ့ မတူဘဲ။ ကြာစွယ်လေးနဲ့ ချက်တာဖြစ်လို့ အရသာတစ်မျိုး ကွဲထွက်နေမှာပါ။ နောက်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့  အစားအသောက်လေးဖြစ်လို့ အားလုံးလည်း အဆင်ပြေရင် ချက်ပြုတ်စားသောက်ကြည့်ပါလို့ တိုက်တွန်းလိုက်ပါတယ်။

မေကြည်ရဲ့ကြက်သားကြာစွယ်ဟင်းလေး

ပါဝင်ပစ္စည်းများ

ကြက်သား –  ၂ဝ ကျပ်သား (အရိုးအသား)

ကြာစွယ် –  စိတ်ကြိုက် (ခွာပြီး အကွင်းလေးတွေလှီးထားပါ)

ချင်း –  လက်တစ်ဆစ်

ကြက်သွန်ဖြူ –  ၃တက်

စပါးလင် –  တစ်ချောင်း

ကြက်သွန်နီ –  ၂ ဥ

ငရုတ်သီးအနှစ် –  အနည်းငယ်

ဆီ

ပြုလုပ်နည်း

၁။  ပထမဆုံး ကြက်သားကို စိတ်ကြိုက်အတုံးလေးများထည့်ပြီး အချို၊ အငန်ဖြင့် နယ်နှပ်ထားပါ။

၂။  ကြာစွယ်ကိုခွာပြီး အကွင်းလေးတွေလှီးကာ ရေစိမ်ထားပါ။ပြီးလျှင် ကြက်ပြုတ်ရည်လေးဖြင့် ပြုတ်ထားပါ။ နူးလာလျှင် ဆယ်ထားပါ။

၃။  ပြီးလျှင် ကြက်သွန်ဖြူ/နီ၊ ချင်း၊ စပါးလင်တို့ကို ထောင်းကာ  နနွင်းမှုန့် အနည်းငယ်ထည့်ပြီး ဆီသတ်ပါ။ ငရုတ်သီအနှစ်ကိုလည်း ထည့်ဆီသတ်ပါ။

၎။  ထို့နောက် ဆီပြန်လာလျှင် စောစောနပ်ထားသော ကြက်သားကိုထည့်ပြီး လုံးပါ။ ရေတစ်ရေလောက်ထည့်ပါ။

၅။  ကြက်သားနူးခါနီးလျှင် ပြုတ်ထားသောကြာစွယ်ကို ရေ အနည်းငယ်ထည့်ပြီး အုပ်ထားပါ။ ရနံ့မွှေးလာလျှင် စားလို့ ရပါပြီ။ (ဆီပြန်စားချင်လျှင် ဆီပြန်အနေအထားမှ ချပါ။ဆီပြန်ရေကျန်စားချင်လျှင် ရေနည်းနည်းထည့်ပြီး ချက်ပါ။)

အာဂ မေးမြန်းရေးသားသည်။

Vol 6, No 10, October, 2017 Issue လထုတ် Food Magazine

Facebook Comments