ကိုယ့်ဘာသာဟင်းတွေကိုတီထွင်ပြီးချက်ရတာကို ပိုပြီးတော့စိတ်ဝင်စားတယ်ဆိုတဲ့ ဇေယျ

ကိုယ့်ဘာသာဟင်းတွေကိုတီထွင်ပြီးချက်ရတာကို ပိုပြီးတော့စိတ်ဝင်စားတယ်ဆိုတဲ့ ဇေယျ

အာဂ မေးမြန်းရေးသားသည်

အချက်အပြုတ်ကို ဘယ်အရွယ်လောက်ကတည်းက စပြီးတော့ဝါသနာပါခဲ့ပါသလဲ။

          အချက်အပြုတ်ကိုငယ်ငယ်ကတည်းက အိမ်ကလူကြီးတွေချက်တာကို လိုက်ချက်ကြည့်ရင်း ဝါသနာပါခဲ့တာပါ။ အရမ်းကြီး ဝါသနာပါတာထက် ဟင်းတွေကို ကိုယ့်ဘာသာ ဟင်းတွေကို တီထွင်ပြီးချက် ရတာကို ပိုပြီးတော့စိတ်ဝင်စားတယ်။

အခုယိုးဒယားစတိုင်လ်ကြက်သားအုန်းနို့မဆလာ ဟင်းလေး ကို ပရိသတ်ကို ချက်ပြဖို့စီစဉ်ဖြစ်သွားပုံ လေးကိုလည်း ပြောပြပေးပါဦး။

          ဒီဟင်းမှာ တကယ်တော့ အုန်းနို့က လူနဲ့ မတည့်ပေမယ့် တကယ်တမ်းကြက်သားလေးနဲ့ ချက်စားတော့ စားလို့ကောင်းပါတယ်။ အုန်းနို့လည်း အများကြီးထည့်ထားတာမဟုတ်ပါဘူး။ နောက် အစပ်လေးလည်း ထည့်ထားတော့ အဆိမ့်အရသာနဲ့ အစပ်အရသာလေးဆိုတော့ စားလို့တော့ ကောင်းမှာပါ။

ဘဝမှာ ပထမဆုံးစချက်ဖြစ်တဲ့ ဟင်းပွဲလေးကို မှတ် မိသေးရင် ပြောပြပေးပါဦး။ အရသာကရော ဘယ်လိုရှိသလဲ။

          ပထမဆုံးလုပ်ဖြစ်တဲ့ ဟင်းပွဲလေးက ကြက်ဥ ပေါင်းပါ။ ကြက်ဥကိုခွဲ ထမင်းရည်၊ သကြား၊ ဆားထည့် ပြီးတော့ပေါင်းတာပါ။ အရသာကတော့ ကိုယ်ချက်ရင် ကိုယ်ကောင်းတယ်လို့ပဲ ထင်ကြတာလေ။ သူများ တော့မသိဘူး။  ကျွန်တော်ဘာသာချက်ပြီး ကျွန်တော့်ဘာသာစားတော့ ကောင်းတယ်ထင်မိပါတယ်။

ဇေယျချက်တဲ့ဟင်းတွေထဲမှာ လူကြိုက်အများဆုံး ဟင်းပွဲကရော ဘာဟင်းပွဲဖြစ်မလဲ။

           လူကြိုက်အများဆုံးဆိုရင်တော့ ထမင်းကြော်ပါ။ ကျွန်တော် ၁၀ တန်းလောက်တုန်းက သူငယ်ချင်းတွေ လာလည်ရင် ထမင်းကြော်ကျွေးတယ်။ ဘယ်လိုကြော် လည်းဆိုတော့ ထမင်းကိုထည့်လိုက်တယ်။ နောက် Tomato ဆော့စ်ထည့်တယ်။ ကြက်ဥချောင်း၊ ကြက် သား၊ ကြက်ဥခေါက်ကြော်တယ်။ အဲဒီထမင်းကြော်က ဆီက နည်းနည်းနဲ့ Tomato ဆော့စ်အရသာဖြစ်နေတော့ သူငယ်ချင်းတွေက ဘာနဲ့ကြော်လည်းဆိုပြီး မေးတယ်။ ကျွန်တော်ကလည်း မပြောဘူး လျှို့ဝှက် ထားတယ်။(ရယ်လျက်)

ဇေယျချက်တဲ့ဟင်းကိုစားပြီး ပထမဆုံးချီးမွမ်းခံရတုန်းက ခံစားချက်ကရော။ အချက်အပြုတ်ကို ဘယ်သူတွေဆီကသင်ယူဖူးလဲ။

           ကိုယ်ချက်တဲ့ ဟင်းကိုစားပြီးတော့  ကောင်းတယ်လို့ပြောရင်တော့  ပီတိဖြစ်တာပေါ့။ပျော်တာပေါ့။ ဘာပဲပြောပြော သူငယ်ချင်းတွေလာပြီဆိုရင် ချက်ကျွေးချင်နေတယ်။ ကိုယ့်ကို ဘယ်လိုများချီးမွမ်းမလဲဆိုပြီး တော့လေ။ အချက်အပြုတ်ကို သင်ဖူးတာကတော့ အရင်က အိမ်မှာ ထမင်းချက်တဲ့ အစ်မရှိတယ်။ သူက အချက်အပြုတ်က အရမ်းကောင်းတော့ သူ့ဆီကနေပြီးသင်ဖူးတယ်။

ငယ်ငယ်ကကြိုက်ပြီး အသက်ကြီးမှမကြိုက်တာဆိုရင်ရော။

          ငယ်ငယ်တုန်းက အခုထိ အစားအစာတော်တော်များများကို ကြိုက်ပါတယ်။

အစားအသောက်နဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်လေးတွေရှိရင် ပြောပြပေးပါဦး။ ဥပမာ-တချို့ သကြားလုံးမျိုမိတာတို့၊ ကျောင်းမှာ မုန့်ခိုးစားလို့ အရိုက်ခံရတာတို့၊ ဟင်းခိုးစားတာတို့ပေါ့။ 

          အစားသောက်နဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်ဆိုရင် ငယ်ငယ်တုန်းက ထမင်းသီးပြီးတော့ ထမင်းစေ့တွေအကုန်လုံး နှာခေါင်းထဲက ပြန်ထွက်လာတာမျိုး တော်တော်လေးခံရခက်တယ်။ ဒါလေးကတော့ အမှတ်တရပါပဲ။

မနက်စာကိုဘယ်အချိန်လောက်စားဖြစ်လဲ။ ဘာဟင်းတွေနဲ့ စားဖြစ်တာများလဲ။ နေ့လယ်စာနဲ့ ညစာရော။

          မနက်စာကို များသောအားဖြင့် မုန့်ဟင်းခါးစားတယ်။ ဒိန်ချဉ်သောက်တယ်။နေ့ လယ်စာကိုတော့ ၁ နာရီလောက်မှစားတယ်။ တစ်ခါတလေကျရင် ညစာမစားဘူး။ တစ်ခါတလေတော့ ညစာကို ၆ နာရီ၊ ၇ နာရီလောက်စားတယ်။

ညစာကိုရော အိမ်မှာမိသားစုနဲ့စားဖြစ်လား။ ဒါမှမဟုတ် အပြင်မှာစားဖြစ်သလား။ ညစာ စားပြီးရင်ရော အချိုတည်းလား။

          အပြင်မှာစားဖြစ်တာများပါတယ်။ ရှုတင်သွားတာနဲ့ ပွဲတွေခရီးတွေသွားနေရတာဆို တော့ အပြင်မှာစားဖြစ်တာများပါတယ်။ ညစာစားပြီးရင် အချိုမတည်းပါဘူး။ အချိုကတော့ မနက်ပိုင်းလောက်ပဲ စားဖြစ်တာများပါတယ်။

စားဖူးသမျှအစားအစာတွေထဲမှာ တစ်သက်မမေ့လောက်အောင်ဖြစ်တဲ့ အစားအသောက်မျိုးရောရှိလား။

          အဲ့ဒီလိုမျိုးတော့မရှိဘူး။ အစားသောက်တွေက ခရီးတွေသွားနေတဲ့အခါ အစုံစားနေ ရတော့ တစ်မျိုးနဲ့တစ်မျိုး မေ့လို့မရတဲ့အစားသောက်တော့မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော် စားသမျှထဲမှာ ဘယ်တော့မှရိုးတာကတော့ ကြေးအိုးပါ။ အရမ်းကြိုက်တယ်။

ထူးထူးဆန်းဆန်း အစားအသောက်တွေရော ညီလေးစားဘူးလား။

          ထူးထူးဆန်းဆန်းအစားသောက်ဆိုရင်တော့ ကိုရီးယားသွားတုန်းက အစိမ်းတွေစားရ တာ။ အမှန်တော့ ကိုယ်လည်းမသိဘူး။ သူတို့တွေက ဒါစား ဒါကောင်းတယ်ဆိုပြီးပြော တော့ စားလိုက်တာ။ စားကြည့်မှ အစိမ်းကြီးတွေဖြစ်နေတာ တစ်ဖတ်ဝင်သွားပြီး နောက် ပိုင်းဆက်မစားဖြစ်တော့ဘူး။ ပါးစပ်ထဲမှာ ဘယ်လိုကြီးမှန်းကိုမသိဘူး။

အားလပ်ရက်တွေမှာ  တစ်ခုခုလုပ်စားလေ့ရှိလား။

          အားလပ်ရက်မှာ ကျွန်တော်စိတ်ပါရင် လျှောက်ပြီးတော့ လုပ်စားကြည့်ပါတယ်။  ငါးသေတ္တာနဲ့ ထမင်းနယ်ပြီး ကြော်စားဖြစ်တာမျိုး စသဖြင့်တော့ လုပ်စားကြည့်ဖြစ်ပါတယ်။

ရှုတင်သွားတဲ့အခါမှာ ထမင်းချိုင့်တွေယူလေ့ရှိလား။

          များသောအားဖြင့် မယူဖြစ်ပါဘူး။ ရှုတင်ထမင်းဟင်း စားတာပဲများပါတယ်။

ကိုယ်မစားဖူးတဲ့အစားသောက်တွေကို မြည်းစမ်းချင်စိတ်ရှိလား။

          ဟုတ်ကဲ့ ရှိပါတယ်။ ဒါပေမဲ့ တချို့နိုင်ငံတွေမှာရောင်းတဲ့ ကင်းမြီးကောက်ကြော်တို့ ဘာတို့တော့ ကျွန်တော်မစားရဲဘူး။ မစားချင်ဘူး။ မြည်းလည်းမမြည်းချင်ဘူး။အခုလို ကြက်သားတို့၊ ဘာတို့ကို ပုံစံဆန်းဆန်းလေးနဲ့ ချက်ထားတာမျိုးတော့ မြည်းချင်တယ်။ နောက် အစပ်ဖက်နွယ်တာမျိုးကို ပိုမြည်းချင်တယ်။

တချို့တွေက စိတ်ညစ်တာတို့၊ ဝမ်းနည်းတာ၊ ပျော်ရွင်တာ၊ ဝမ်းသာတာမျိုးမှာ အစားတွေ များများစားလေ့ရှိတယ်။  ဇေယျကရော  အဲလိုအခါများမျိုးမှာ အစားအသောက်နဲ့ပတ်သက် ပြီး ဘာတွေစားဖြစ်လဲ။ များများစားလား။ နည်းနည်းစားလား။

          စိတ်ညစ်တာတို့၊ ဝမ်းနည်းတာတို့ဆိုရင်  အစားအများကြီးစားတာမျိုးတော့ ကျွန်တော်ကမရှိပါဘူး။ ဒါပေမဲ့ ဗိုက်အရမ်းဆာတဲ့အချိန်ကျရင် စားချလိုက်တာပါပဲ။

ဇေယျရဲ့ အစားအသောက်နဲ့ ကျန်းမာရေးပေါ်အမြင်လေးကို ပြောပြပေးပါဦး။

          အစားသောက်နဲ့ ကျန်းမာရေးဆိုရင်တော့ အစားသောက်ဆိုတာကလည်း ချင့်ချိန် စားမှရမှာလေ။ စားကောင်းတိုင်းစားပြီးတော့ ကျန်းမာရေးနဲ့မညီညွတ်တာတွေစားမိမယ် ဆိုရင် သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဉ်းတာတွေ စသဖြင့်ရောဂါအများကြီးအစား အသောက်ကြောင့် ဖြစ်သွားနိုင်ပါတယ်။ ဒီတော့ အစားသောက်ကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားစာတွေကိုပဲ စားသင့်တယ်လို့ တိုက်တွန်းချင်ပါတယ်။

အိမ်ကမိဘတွေချက်တဲ့ ဟင်းတွေထဲမှ ဘယ်ဟင်းကိုအကြိုက်ဆုံးလဲ။

          ကျွန်တော့်အမေချက်တဲ့ ကြက်သားကို အချိုအငန်လေးနဲ့ချက်ထားတဲ့ဟင်းပါ။ အရမ်း စားကောင်းပါတယ်။

နိုင်ငံခြားအစားအသောက်မှာ ဘယ်အစားသောက်ကိုကြိုက်လဲ။

          နိုင်ငံခြားက KFC တို့မှာရောင်းတဲ့ ဂျန်ဘိုဘာဂါကို အရမ်းကြိုက်ပါတယ်။ ဘာဂါသုံးထပ်လို ဟာမျိုးကိုကြိုက်တယ်။

နိုင်ငံခြားကိုရောက်နေတဲ့အချိန်မှာ ကိုယ့်နိုင်ငံက ဘယ်အစာအစားကို  လွမ်းဆွတ်တမ်းတမိပါသလဲ။

          နိုင်ငံခြားရောက်နေတဲ့အချိန်မှာ အဓိကသတိရတာက မုန့်ဟင်းခါးပါ။ မုန့်ဟင်းခါးကို ကိုယ် ကိုယ်တိုင်ချက်စားကြည့်လိုက်ချင်တယ်။ တစ်ခါဆို မုန့်ဟင်းခါးအရမ်းစားချင်တော့ သူတို့နိုင်ငံ မှာရှိတဲ့ပဲနဲ့ ဖြစ်သလို လျောက်ချက်ကြည့်ဖူးပါတယ်။

ဘဝမှာ အမှတ်တရဖြစ်မယ့်အစားအစာရှိလား။ ဥပမာ အဲဒီအစားအစာကိုစားလိုက်ရင် တစ်နေရာရာ၊ တစ်ယောက်ယောက် စသဖြင့် အမှတ်တရဖြစ်မယ့်အစားအစာမျိုးပေါ့။

          ရှိတယ်။ အဲဒါက ကျောင်းရှေ့မှာ လှည်းလေးနဲ့ရောင်းတဲ့ နို့ရေခဲချောင်းလေးတွေပါ။လှည့် တာလေးလည်းပါတယ်။ ငယ်ငယ်က အဲဒီဈေးသည်ကိုတွေ့ရင် ကျောင်းမှာ ကျွန်တော် နေ့တိုင်းလှည့်တယ်။ ၆ ချောင်း၊ ၇ ချောင်း မရမချင်းကို နေ့တိုင်းလှည့်တယ်။ ဒီတော့ အဲဒီ နို့ရေခဲချောင်း ဈေးသယ်တွေကိုတွေ့ရင်တော့ ကျောင်းတက်တုန်းကဘဝကို ပြန်သတိရမိပါတယ်။

ညီလေးစားဖူးသမျှထဲမှာ ဈေးကြီးပြီးမတန်ဘူးထင်တဲ့ အစားအသောက်တွေရှိလား။ ဈေးပေါပြီး တန်တယ်ထင်တာမျိုးရော။

          အဲ့ဒီလိုမျိုးဆိုရင် အချို့ဆိုင်တွေက သူ့ရဲ့အစားအသောက်နဲ့ တန်ရာတန်ကြေးယူထားတယ်။ ကိုယ်ကိုယ်တိုင်ကလည်း သွားမယ်ဆိုကတည်းက ဒီဆိုင်က ကိုယ်စားဖို့သင့်တော်မလား။ ကိုယ်နဲ့ အဆင်ပြေမလား အရင်ဆုံးရွေးတယ်။ ဒါကြောင့်မို့လားမသိဘူး  စားဖူးသမျှထဲမှာ ဈေးကြီးပြီး မတန်ဘူးထင်တာမျိုး မတွေ့ဖူးသေးပါဘူး။ ဈေးပေါပြီး တန်တာ မျိုးကတော့ လမ်းဘေးစာလေးတွေ၊ လက် ဖက်ရည်ဆိုင်ကို ကျွန်တော်က ထိုင်တာများတော့ လက်ဖက်ရည်ဆိုင်မုန့်လေးတွေတန်တယ်။  စားရတာလည်း အဆင်ပြေပါတယ်။

စားသောက်ဆိုင်နဲ့ အိမ်မှာဆိုရင် ဘယ်မှာပိုပြီးတော့ စားချင်လဲ။

          အိမ်မှာပိုစားချင်တယ်။ အိမ်ကချက်တဲ့ဟာက ကိုယ့်အမေတွေကိုယ်တိုင်ချက် ထားတာဆိုတော့ ဘာပဲပြောပြော စားလို့ကောင်းတယ်။

ဇေယျအကြိုက်ဆုံး အသီးအနှံ၊ အရွက်၊ အသား၊ ငါးတွေကို ပြောပြပေးပါဦး။ ဖျော်ရည်တွေထဲမှာ ဆိုရင်ရော။

          အကြိုက်ဆုံးအသီးအနှံဆိုရင်တော့ ပန်းသီး၊ ဖရဲသီး အရမ်းကြိုက်ပါတယ်။ အရွက် တွေထဲမှာဆိုရင် မုန်လာဥနီ၊ ဆလတ်ရွက်ကြိုက်တယ်။ အသားဆိုရင် တော့ ကြက်သားကြိုက်တယ်။ ဖျော်ရည်ထဲမှာဆိုရင် တော့ ထောပတ်သီး၊ စတော်ဘယ်ရီ ဖျော်ရည်ကို ကြိုက်တယ်။

မတည့်တဲ့အစားသောက်တွေရောရှိလား။ မကြိုက်တဲ့ အစားစာရော။

          မတည့်တဲ့အစားစာမရှိပါဘူး။ အကုန်တည့်တယ်။

အစားအသောက်တစ်ခုခုကိုစားနေတုန်း  အဲဒီထဲမှာ ရွံ စရာတွေဘာတွေရော တွေ့ဖူးလား။ အစားအသောက်စား နေရင်း သူငယ်ချင်းတွေက  ဘေးနားက ရွံစရာပြောရင်ရော ရွံတတ်လား။

          အရမ်းရွံစရာကြီးတွေတော့ မတွေ့ဘူးပါဘူး။ ဒါပေမဲ့ အချို့အစားစာထဲမှာ အကောင်လေးတွေပါလာရင်တော့ ဒီအတိုင်းပဲ ဖယ်ပြီးတော့ စားလိုက်တာပါပဲ။ အရမ်းကြီးရွံ တတ်တဲ့အထဲမှာ မပါပါဘူး။ သူငယ်ချင်းတွေနောက်ရင် လည်း ဘာမှမဖြစ်ပါဘူး။ ကျွန်တော် စားနေတဲ့အချိန်မှာ ဘေးကဘာပဲပြောပြော ဘာမှမဖြစ်ပါဘူး။ သူတို့ပြောတာပြောတာပဲရှိတယ်လေ။ ကျွန်တော်စားနေတာက တကယ်မှ မဟုတ်တာ။

အစားအသောက်က နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးရဲ့  ယဉ်ကျေးမှုကို ဖော်ဆောင်နိုင်တယ်လို့ ထင်မြင်မိပါသလား။

          ထင်ပါတယ်။ ကျွန်တော်တို့မြန်မာဆိုရင် မြန်မာ့ရိုးရာ အစားစာရှိတယ်။ ယိုးဒယားဆိုလည်း သူ့ရိုးရာအစားစာရှိတယ်။ ဒီတော့ အစားစာတွေနဲ့ပတ်သက်ပြီး လူတွေရဲ့ နေထိုင်မှုစနစ်တွေ၊ ပုံစံတွေကို ဖော်ကျူးသွားတယ်လို့ထင်ပါတယ်။

ဇေယျက TV အစီအစဉ်တို့မှာ ဟင်းတွေချက်ပြဖြစ်သွားပုံလေးကရော။

          သူတို့ကလည်းခေါ်တယ်။ ကျွန်တော်ကလည်း နဂို ကတည်းက ဟင်းချက်တာဝါသနာပါတယ်။ ချက်ရတာလည်း ပျော်တယ်။ နောက်ပြီး ကျွန်တော်က ဟာသလေးတွေပြော ပြီးတော့ နောက်နောက် ပြောင်ပြောင်ချက်ပြတာကို ပရိသတ်ကအားပေးတဲ့အတွက် ပျော်ပါတယ်။ ကျေလည်းကျေနပ်ပါတယ်။

ပရိသတ်အတွက် အမှတ်တရစကားလက်ဆောင်လေးကို ပြောပြပေးပါဦး။

          အိမ်မှာ ဟင်းတွေ၊ ထမင်းတွေချက်မယ်ဆိုရင် ကိုယ်ကိုယ်တိုင်တီထွင်ပြီးတော့ စမ်းချက်ကြည့်ပါ။ အဲဒီအခါ ဟင်းအသစ်အဆန်းလေးတစ်ပွဲဖြစ်လာမှာလို့ ပြောချင်ပါတယ်။

ဇေယျရဲ့ယိုးဒယားစတိုင်လ် ကြက်သားအုန်းနို့မဆလာဟင်း

   ပါဝင်ပစ္စည်းများ

♦   ကြက်သား   –    ၂၀ဝ ဂရမ်ခန့်

♦   ကြက်သွန်ဖြူ   –   ၂ တက်(ဓားပြားရိုက်)

♦   ပန်းငရုတ်ပွ   –    ၁ လုံး(အရှည်လိုက်လှီးထား)

♦   ယိုးဒယားငရုတ်သီးအနှစ်   –   တစ်ဇွန်းခွဲခန့်

♦   ငရုတ်သီးစိမ်း/အနီ   –  ၂ တောင့်(အစောင်းလှီး)

♦   ဆီ   –    ၅ ကျပ်သား

♦   အုန်းနို့   –   စားပွဲဇွန်း ၂ ဇွန်း

♦   ဆီနီ   –   အနည်းငယ်

♦   တောရှောက်ရွက်   –   အနည်းငယ် (အုပ်ရန်)

♦   မဆလာ   –   လက်ဖက်ရည်ဇွန်း ၃ဇွန်း

♦   ဆား   –   လက်ဖက်ရည်ဇွန်း ၁ ဇွန်း

♦   သကြား   –   လက်ဖက်ရည်ဇွန်း ၃ ဇွန်း

   ပြုလုပ်နည်း

၁။      ပထမဆုံး ကြက်သွန်ဖြူ ဓားပြားရိုက်နှင့် ယိုးဒယားငရုတ်သီးအနှစ်၊ ငရုတ်သီးအနီတို့ကို ရောပြီးဆီသတ်ပါ။

၂။      ပြီးလျှင် ကြက်သားထည့်ပါ။ အုန်းနို့ထည့်ပြီးလုံးပါ။ အရောင်တတ်လာအောင် ဆီနီလေးထည့်ပါ။

၃။      ရနံ့မွှေးလာရင် အရသာအဖြစ် ဆား၊ သကြား တို့ထည့်ပါ။

၎။      မဆလာထည့်ပြီး ရနံ့မွှေးလာလျှင် ပန်းငရုတ်ပွ ထည့်ပြီးမွှေပါ။

၅။      နောက်ဆုံးမှ တောရှောက်ရွက် ပါးပါးလေး အုပ်ပြီးလျှင် သုံးဆောင်လို့ရပါပြီ။

Facebook Comments