ကိုယ်လုပ်ထားတဲ့မုန့်ကို စားသုံးသူစားလိုက်လို့ စိတ်ချမ်းသာရင် ကိုယ်လည်းစိတ်ချမ်းသာပါတယ်ဆိုတဲ့ ကိုစောဆာမူလား

Chef_2

Chef_4 Chef_5

       ငယ်စဉ်က ဓာတ်ပုံအနုပညာကို ဝါသနာထုံခဲ့ပြီး အနုပညာသမားတစ်ယောက်အဖြစ် ရပ်တည်ဖို့ စိတ်ကူးထားသူ၊ အခြေအနေ အလှည့်အပြောင်းကြောင့် Hotel Life ထဲဝင်ရောက်ကာ Pastry & Bakery လိုင်းဘက် ရောက်ရှိသွားခဲ့ပြီး မြန်မာပြည်ရဲ့ နာမည်ကြီး Hotel တွေမှာ တာဝန်ထမ်းဆောင်ရင်းနဲ့မှ Shipping လိုင်းသို့ကူးပြောင်းကာ နာမည်ကျော် ဇိမ်ခံသင်္ဘောကြီးတွေပေါ်မှာ နှစ်ပေါင်းများစွာ Pastry & Bakery တစ်ယောက်အဖြစ် ရပ်တည်ခဲ့သူ။ နိုင်ငံအနှံ့နှင့် Pastry & Bakery ပိုင်းမှာပါ အတွေ့အကြုံများစွာ ပိုင်ဆိုင်ထားသူ။ ယခုလက်ရှိ School of Lotus Hospitality ဟိုတယ်သင်တန်းကျောင်းမှာ Pastry & Bakery နည်းပြအဖြစ် တာဝန်ထမ်းဆောင်နေသူ ကိုစောဆာမူလား ရဲ့ ဘဝတစ်စိတ်တစ်ဒေသကို အခုလိုတင်ဆက်ပေးလိုက်ပါတယ်။

♦   အာဂရေးသားသည်   ♦

       ကျွန်တော့်ကို ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်မှာ ၁၉၇၂ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ ပြောရမယ်ဆိုရင် အင်းစိန်ဇာတိပေါ့။ ကျွန်တော်ကတော့ ကရင်လူမျိုး ခရစ်ယာန်တစ်ယောက်ပေါ့။ မွေးချင်းညီအစ်ကို မောင်နှမကတော့ ၇ ယောက်ထဲမှာ ကျွန်တော်က အလတ်ပေါ့။ ကျွန်တော့်အထက်မှာ ၃ယောက်၊ အောက်မှာ ၃ ယောက်ပေါ့။ အိမ်ထောင်လည်းကျပြီးပါပြီ။ သမီး၂ ယောက် ရှိပါတယ်။ ငယ်ငယ်က ကျွန်တော် မျှော်လင့်ချက် အိပ်မက်ကတော့ ဓာတ်ပုံဆရာတစ်ယောက်၊ ဗွီဒီယိုကင်မရာသမားတစ်ယောက် ဖြစ်ချင်ခဲ့တာပါ။ ဒါပေမဲ့ ဖြစ်တော့ ဖြစ်ခဲ့ပါတယ်။ ရိုက်ကူးလည်း ရိုက်ကူးခဲ့ရပါတယ်။ ဒါကလည်း အဲ့ဒီခေတ်ကပေါ့။ ဓာတ်ပုံလောကမှာလည်း ကျွန်တော် ၁ဝ နှစ်လောက် ကျင်လည်ခဲ့ပါတယ်။ ကျွန်တော် ဓာတ်ပုံသင်တန်းတွေတောင် ဖွင့်လိုက်ပါသေးတယ်။ အခု ဒီဂျစ်တယ်ခေတ်ရောက်တော့ ဆက်မလေ့လာဖြစ်တော့ပါဘူး။

 ဝါသနာစတင်ရာ

        အမှန်တိုင်းပြောရရင် ကျွန်တော်က မုန့်ဖုတ်တာကိုလုပ်ဖို့ ရည်ရွယ်ချက်မရှိခဲ့ဘူး။ ဝါသနာလည်း မရှိခဲ့ဘူး။ တောက်လျောက် ကျွန်တော်အိပ်မက်ခဲ့တာက အနုပညာလိုင်းပါ။ ဒီတော့ ကျွန်တော် ၁ဝ တန်း အောင်ပြီးတဲ့အချိန်မှာ ဓာတ်ပုံသင်တန်းတက်ခဲ့ပါတယ်။ ပြီးတော့ ဓာတ်ပုံလုပ်ငန်းပဲ လုပ်ခဲ့တယ်။ အဲ့လိုလုပ်နေရင်းနဲ့မှ ၁၉၉၃ ခုနှစ်လောက်မှာ Srtand Hotel အပြင် အခြား Hotel တွေကို အစိုးရက ပုဂ္ဂလိကကို လွဲပေးတယ်။ အဲ့အချိန်မှာ Strand Hotel ကလည်း အသစ်ပြန်ဆောက်တယ်။ ဆောက်ပြီးတဲ့အခါမှာ လူငယ်ပိုင်း လူသစ်တွေလည်း အလုပ်ခန့်ဖို့ခေါ်တယ်။ အဲ့တုန်းက ကိုယ်ကလည်း ဓာတ် ပုံရိုက်နေတဲ့အချိန်။ သူငယ်ချင်းတစ်ယောက်က အဲ့ Hotel မှာ အလုပ်ခေါ်တယ်။ သွားအင်တာဗျူးကြည့်ပါလား ဆိုပြီး ပြောတယ်။ ကျွန်တော် စိတ်မပါသော်လည်း   ဘာပဲဖြစ်ဖြစ် စမ်းကြည့်မယ်။ အတွေ့အကြုံသစ်ရမယ်ဆိုတဲ့ စိတ်ကူးနဲ့ သွားလျှောက်ခဲ့မိတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်ကလည်း အင်္ဂလိပ်စာသိပ်မကျွမ်းဘူး။ Hotel Life အတွေ့ ကြုံလည်း မရှိဘူး။ ဘာမှမသိတဲ့ အစိမ်းသက်သက်ပေါ့။ ဒါပေမဲ့ ကျွန်တော် အင်တာဗျူးတွေ အောင်ပြီးတော့ ကျွန်တော့်ကို မီးဖိုချောင်မှာ အိုးခွက်ဆေးတဲ့ ရာထူးကို ခန့်တယ်။ အဲ့ရာထူးကို ကျွန်တော်သေချာမသိဘူး။ ကျွန်တော်ကလည်း ဘာပဲဖြစ်ဖြစ် စမ်းလုပ်ကြည့်မယ် စိတ်ကူးထားတော့ လစာ ၅၂၈ ကျပ် + Service Money နဲ့ ဝင်လုပ်တယ်။ အဲ့ဒီမှာ ကျွန်တော် ဓာတ်ပုံဆရာတစ်ပိုင်း ဝန်ထမ်းတစ်ပိုင်း လုပ်ခဲ့တယ်။ ကျွန်တော်လည်း ဘာပဲလုပ်ရလုပ်ရဆိုပြီးလုပ်ခဲ့တာ ကျွန်တော်ကို ၈ လလောက်ကြာတာ့ Pastry မှာ လုပ်ဖို့ ရာထူးတိုးပေးလိုက်တယ်။ ပထမတော့ ကျွန်တော် သိပ်စိတ်မဝင်စားဘူး။ မုန့်ဖုတ်ရမယ်ဆိုတာကတော့ သိတယ်။ သင်ပေးတဲ့ဆရာ ဆရာဦးချစ်အောင် ဆိုတာက လည်း အတွေ့အကြုံရင့်ကျက်တဲ့ တကယ့်ဆရာသမားကြီး။ အဲ့အချိန်က သူ့လုပ်သက်ကလည်း နှစ်ပေါင်း ၃ဝ လောက်ရှိပြီ။ ပထမတော့ စိတ်မဝင်စားသေးဘူး။ ဒါပေမဲ့ နောက်ပိုင်းကျတော့ စိတ်မဝင်စားလို့မရဘူး။ ဆရာ မရှိတဲ့အချိန်မှာ ကိုယ်တိုင်လုပ်ရတော့ မုန့်ပျက်သွားရင် ကိုယ့်တာဝန်ဖြစ်လာတော့လေ။ အပြောဆိုမခံချင်တာနဲ့ သေချာလေ့လာလုပ်ကိုင်ခဲ့တာ။ အဲ့ကတည်းက အခြေပြုပြီး စဝါသနာပါခဲ့တယ်လို့ ပြောရမယ်ထင်တယ်။

နေရာသစ်၊ အတွေ့အကြုံသစ်ရှာဖွေ

       Strand Hotel မှာ ၃ နှစ်လောက်လုပ်ပြီးတဲ့အချိန်မှာ အခြားဟော်တယ်တွေကို အလုပ်အသစ်ပြောင်းဖို့ လျှောက်တယ်။ အဲ့အချိန်မှာ Summit Park View Hotel မှာ လျှောက်တယ်။ အင်တာဗျူး သွားသေးတယ်။ ပါတယ်။ ဒါပေမဲ့ မလုပ်ခဲ့ဘူး။ နောက်ဆုံး Sedona Hotel ဖွင့်ဖို့ ဆောက်နေတဲ့အချိန်မှာ အလုပ်ခေါ်တော့ သွားလျှောက်တော့ ကျွန်တော်ပါခဲ့တယ်။ Commis.1 ရာထူးနဲ့လေ။ အဲ့တုန်းက Sedona က အဲဒီလိုရာထူးမျိုးနဲ့ လူတိုင်းကို မခေါ်ဘူး။ အဲ့အချိန်မှာ ကျွန်တော်လုပ်နေတဲ့ Strand Hotel ကလည်း လစာတိုးပေးမယ်လို့ ပြောတယ်။ ဒါပေမဲ့ ကျွန်တော်စဉ်းစားတယ်။ Sedona Hotel က Chef က ဂျာမန်လူမျိုး အတွေ့အကြုံရှိတဲ့လူဆိုတော့ Pastry နဲ့ပတ်သက်ပြီး ကျွန်တော့်အတွက် ပညာရမှာပဲဆိုပြီးတော့ အလုပ်ပြောင်းလိုက်တယ်။ အဲ့ဒီမှာ Pastry နဲ့ပတ်သက်ပြီး အတွေ့ကြုံရော ပညာရောတော်တော်လေး ရခဲ့ပါတယ်။ Sedona မှာ သုံးနှစ်လောက် လုပ်ပြီးတဲ့အချိန် ၁၉၉၉ ခုနှစ်မှာတော့ မြန်မာပြည်မှာ သင်္ဘောလိုင်းတွေဝင်လာတယ်။ လစာတွေ အများကြီးပေးခေါ်တယ်။ ဒါပေမဲ့ ကျွန်တော်စိတ်မဝင်စားဘူး။ အင်းစိန်မှာ ကျွန်တော်က ဓာတ်ပုံဆိုင်လေးဖွင့်လိုက်တယ်။ ဒီတော့ ဓာတ်ပုံဆိုင်ဝင်ငွေနဲ့ ဟော်တယ်က ဝင်ငွေနှစ်ခုနဲ့ အဆင်ပြေနေတော့ နိုင်ငံရပ်ခြားတွေသွားဖို့ စိတ်မဝင်စားဘူး။ ဒါပေမဲ့ Shipping Line က အင်တာဗျူးခေါ်တဲ့အချိန်မှာ သူငယ်ချင်းတစ်ယောက်က Pastry ပိုင်းမှာလုပ်ဖို့ သူအင်တာဗျူးမယ် ကူညီပေးဖို့ လိုက်ခဲ့ပါလားဆိုတာနဲ့ လိုက်သွားတယ်။ အဲ့ဒီမှာ သူအင်တာဗျူးဖြေနေတဲ့အချိန်မှာ ကျွန်တော့်ကိုပါ Form တစ်စောင် လာပေးတယ်။ အဲ့ဒီမှာ အတွေ့အကြုံရအောင် ဝင်ဖြေမယ်။ နောက် ကျွန်တော်မှန်းထားတဲ့လစာ ဒေါ် လာ ၇ဝဝ အထက်ရရင် လုပ်မယ်ဆိုပြီးတော့ လျှောက်လွှာမှာဖြည့်လိုက်တယ်။ အဲ့ဒီမှာ ကျွန်တော့်အတွေ့အကြုံကို ကြည့်ပြီးတော့ အေးဂျင့်က နိုင်ငံခြားသားတွေ အင်တာဗျူးမယ့်နေ့ကို ချိန်းလိုက်တယ်။ အဲ့ဒီအင်တာဗျူးကို သွားဖြေပြီး အောင်တယ်။ အခြေခံလ စာ ၇၅ဝ ပေးတယ်။ လက်ထောက် Bakery ရာထူးနဲ့ပေါ့။ ကိုယ်မှန်းထားတဲ့ လစာလည်း ကျော်တယ်။ နိုင်ငံခြားအတွေ့ကြုံလည်း ရအောင်ရယ်၊ ကိုယ့်ရဲ့လုပ်ရည်ကိုင်ရည်ကို ယုံကြည်တာရယ်ကြောင့် လုပ်ဖြစ်သွားခဲ့တယ်။ ၂ဝဝဝ ပြည့်နှစ်မှာ သင်္ဘောတက်ဖြစ်ခဲ့တယ်။ နှစ်ခါလောက် သင်္ဘောလိုက်ပြီးတဲ့အချိန်မှာ သင်္ဘောကုမ္ပဏီက ဒေဝါလီခံလိုက် ရတော့ မြန်မာပြည် ပြန်လာခဲ့တယ်။ မြန်မာပြည်မှ တစ်နှစ်လောက် ပြန်နေတယ်။ နောက်ထပ် သင်္ဘောလိုင်းလာတော့ အလုပ်ထပ်လျှောက်တာမှာ Pastry Man အနေနဲ့ ထပ်လုပ်ဖြစ်တယ်။ အဲ့ဒီ Carnival Cruise သင်္ဘောလိုင်းမှာ ကျွန်တော် ၁၁ နှစ်နီးပါး လုပ်ခဲ့တယ်။ ပြောရမယ်ဆိုရင် ၂ဝ၁၃ ခုနှစ်အထိ လုပ်ခဲ့ပါတယ်။ အဲ့ဒီကနေမှ အခု Lotus မှာ သင်တန်းဆရာအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

ကိုစောဆာမူလားရဲ့ ဟော်တယ်ဓာတ်ပုံဆရာဘဝ။

       Hotel မှာ အလုပ်ဝင်ရတဲ့အခါမှာ ကျွန်တော်က အပြင်မှာ ဓာတ်ပုံဆရာတစ်ယောက်လည်းဖြစ် Hotel ကလည်း အသစ်ဆောက်ထားတော့ တော်တော်လေးလှတယ်။ ဝန်ထမ်းတွေကလည်း လူငယ်တွေချည်းပဲ။ ဒီတော့ သူတို့က ဓာတ်ပုံရိုက်ချင်ရင် ကျွန်တော့်ကို ခေါ်ရိုက်ကြတယ်။ ဟော်တယ်မှာလည်း Cameraman ဆိုလို့ ကျွန်တော်တစ်ယောက်ပဲ ရှိတာလေ။ အဲဒီတုန်းက တစ်ပတ်မှာ နားရက် ၂ ရက်ရတာတောင်မှ ကျွန်တော် အိမ်မှာမနေဘူး။ ဟော်တယ်မှာနေပြီး ဓာတ်ပုံရိုက်နေရတယ်။ ပြန်တွက်ကြည့်ရင် ဟော်တယ်မှာနေတဲ့ လစာထက် ဓာတ်ပုံရိုက်လို့ရတဲ့ငွေက ပိုရနေတယ်။ နောက်ဆုံး ဟော်တယ်က ဝန်ထမ်းတွေရဲ့ မွေးနေ့၊ မင်္ဂလာ ဆောင်တွေထိ ကျွန်တော့်ကိုပဲ ခေါ်ရိုက်ကြတယ်။

သင်္ဘောတက်စဉ်အတွေ့အကြုံနှင့် လေ့လာခဲ့ဖြစ်ပုံများ

      တစ်ခုကောင်းသွားတာက အဲ့သင်္ဘောပေါ်မှာက ပေါင်မုန့်ကို နေစဉ်အမျိုးမျိုးလုပ်နေရတော့ ပေါင်မုန့်နဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေ ပိုရခဲ့တယ်။ အဲ့ဒီအတွေ့အကြုံတွေက ဒီကနေ ကျွန်တော့်အတွက် အထောက်အပံ့တွေ အများကြီးဖြစ်ခဲ့တာပေါ့။ နောက်တစ်ခုက ကျွန်တော်လိုက်တဲ့သင်္ဘောက ကမ္ဘာပတ်နေတဲ့ သင်္ဘောဆိုတော့ ကျွန်တော်အရမ်းကို ပျော်သွားတယ်။ ပြောရမယ်ဆိုရင် ကျွန်တော်မှတ်တမ်းတွေအရ နိုင်ငံပေါင်း ၄၆ နိုင်ငံ နေရာပေါင်း ၉၅ နေရာလောက် ရောက်ခဲ့ဖူးတယ်။ အဲ့ဒီမှာ လူမျိုးပေါင်းစုံနဲ့ လုပ်ကိုင်နေ ရတော့ သူတို့ရဲ့ ဓလေ့စရိုက်လေးတွေကိုလည်း သိရတယ်။ နောက်ပြီး သင်္ဘောဆိုက်တာနဲ့ ကျွန်တော်အိပ်ချိန်တွေလျော့ပြီး ရောက်တဲ့နေရာအနှံ့ လိုက်လေ့လာတယ်။ ဓာတ်ပုံတွေ ရိုက်တယ်။ မုန့်နဲ့ပတ်သက်တဲ့ ကော်ဖီဆိုင်တို့ မုန့်ဆိုင်တွေ လိုက်လေ့လာတယ်။ ဘယ်နိုင်ငံက ဘယ်မုန့်လုပ်တွေ လုပ်တယ်၊ စသဖြင့်ပေါ့။ နောက် Carnival Cruise Line သင်္ဘောတက်တော့ Pastry ကောလိပ်ကို ကျွန်တော့်ကို ပို့ပေးခဲ့တယ်။ အဲဒီမှာ Brakery Pastry ပိုင်းကို အခြေခံကျကျ ထပ်ပြီးလေ့လာခဲ့ရတယ်။ အဲဒီလို လေ့လာသင်ယူရတဲ့အချိန်မှာ အရင်က ဟော်တယ်ပိုင်းရော၊ သင်္ဘောလိုင်းမှာ ပါတွေ့ကြုံခဲ့ရတဲ့ အတွေ့ကြုံတွေက ဘာမှမဟုတ်တော့သလိုပဲ။ အဲဒီမှာလုပ်လိုက်တော့ ကျွန်တော် ပညာကောင်းကောင်း ရသွားတယ်။ အတွေ့အကြုံကောင်းကောင်းလည်း ရသွားတယ်။ အတွေ့အကြုံဆိုတာက ပိုက်ဆံနဲ့လည်း ပေးဝယ်လို့လည်း မရဘူးလေ။ အချိန်နဲ့ပေးဝယ်ရတယ်။ အချိန်နဲ့ပေးဝယ်တာတောင်မှ တစ်ယောက်နဲ့ တစ်ယောက် အတွေ့ကြုံခြင်း မတူဘူး။ ဥပမာ ကိုယ့်ရဲ့အတွေ့အကြုံက လူအယောက်လေး ငါးရာမှာပဲ ရှိနေမယ်ဆိုရင် သူရဲ့အမြင်ကလည်း အဲဒီလောက်ပဲရှိနေမှာလေ။ ကိုယ့်ရဲ့အတွေ့ကြုံက ၅ နှစ်လောက်ပဲ ရှိနေမယ်ဆိုရင် ၅ နှစ်စာလောက်ပဲ ရှိနေမှာပါ။ နောက်ဆုံးလုပ်ရတဲ့ သင်္ဘောကျတော့ လူအယောက် ၄၆ဝဝ ကျော်စာ လုပ်ရတယ်။

Pastry Man တစ်ယောက်က Plan ရှိရမယ်

       ကျွန်တော်က ဘယ်လောက်ခက်ခဲ့တဲ့ Pastry တစ်ခုကိုလုပ်လုပ် စစခြင်း ခက်တဲ့အပိုင်းကို လွယ်ကူအောင် ကိုယ့်ရဲ့ Own Style နဲ့လုပ်ပစ်လိုက်တယ်။ ကျွန်တော်မှာ အဲဒီလိုမျိုး Plan ရှိတယ်။ နောက်တစ်ချက်က Pastry အလုပ်ကို လုပ်မယ့် လူတစ်ယောက်အနေနဲ့ Plan ရှိဖို့ လိုအပ်ပါတယ်။ Plan ရှိမှလည်း ဒီအလုပ်ကို လုပ်ကိုင်လို့ရမှာ ဖြစ်ပါတယ်။ ဒီနေ့လုပ်မယ် ဘာပြီးဘာလုပ်မယ်ဆိုတာမျိုး ချထားလိုက်ရင် သတ်မှတ်ထားတဲ့အချိန်မှာ အားလုံးပြီးသွားလိမ့်မယ်။ Plan မရှိဘဲလုပ်ရင် ရှေ့နောက်လွဲနေပြီး အချိန်မီမပြီးဘူး။ အခက်ခဲရှိနိုင်တယ်။ ပျက်စီးနိုင်တယ်။

Pastry & Bakery Man တစ်ယောက်အနေနဲ့ ဆောင်ရန်ရှောင်ရန်အချက်

      ကျွန်တော်တို့ Pastry & Bakery ပိုင်းဆိုတာ အမြဲတမ်းအသစ်အဆန်းတွေ ပေါ်နေပါတယ်။ ဘယ်လိုအသစ်အဆန်းပဲလာလာ ကိုယ်ကလုပ်နိုင်ပါတယ်ဆိုတဲ့ ယုံကြည်ချက်မျိုး ဆောင်သင့်ပါတယ်။ နောက် အခြေခံတွေကို ပိုင်နိုင်ရမယ်။ နောက် မုန့်ထဲမှာ အသေးအဖွဲ့ကိစ္စကအစ ဂရုစိုက်ပြီး လုပ်ပေးရမယ်။ ခေတ်အလိုက် ပေါ်လာတဲ့ အသစ်အဆန်းတွေကိုလည်း တီထွင်ဖန်တီးနိုင်စွမ်းရှိရမယ်။ အဲဒီလိုမှ မလုပ်ပေးနိုင်ရင် အောင်မြင်တဲ့ လူတစ်ယောက်မဖြစ်နိုင်ဘူး။ ရှောင်သင့်တာကတော့ ကိုယ်လုပ်ထားတဲ့မုန့်ကို ကိုင်တွယ်တဲ့အချိန်မှာ သန့်ရှင်းဖို့လိုအပ်ပါတယ်။ ကိုယ့်စိတ်ထဲမှာ မကောင်းဘူးလို့ ထင်ရင် လူများအတွက်လည်း ကောင်းမှာမဟုတ်ဘူး။ ဒီတော့ မကောင်းတာကိုဆိုရင် ကောင်းအောင်လုပ်ပေးမယ်။ ကိုယ့်အမြင်မှာ ဒီပစ္စည်းက မကောင်းဘူးဆိုရင် မလုပ်ဘဲ ရှောင်သင့်ပါတယ်။

ကိုစောဆာမူလားရဲ့ စိတ်ဖိစီးမှုလျော့ချနည်း

      အလုပ်ထဲမှာ စိတ်ဖိစီမှုများရင်တော့ ကျွန်တော်က ခရစ်ယာန်ဘာသာဝင်တစ်ယောက်ဖြစ်တဲ့ အလျှောက် In Hand of God ဘုရားလက်ထဲမှာပဲ ရှိတယ်။ ဒီတော့ ကျွန်တော်က ဓမ္မသီချင်းလေးတွေကို ဆိုငြီးတယ်။ အလုပ်လုပ်နေတဲ့ အချိန်မှာပေါ့။ ဒီလိုဆိုရင်တော့ ကျွန်တ်ာအလုပ်ထဲမှာ လမ်းကြောင်းမှန်သွားတယ်။ ပြီးရင် စိတ်လည်း ချမ်းသာသွားတယ်။ အဲဒီလိုမှမလုပ်ရင် ဒေါသစိတ်တွေပေါက်ပြီး တစ်ယောက်နဲ့ တစ်ယောက် ထပြီးတော့ သတ်ရမယ်အခြေအနေ ဖြစ်သွားမယ်။ ကျွန်တော်တို့ Pastry ဆိုတာ ဖိအားအရမ်းများတယ်။ အပေါ်ကချပေးတဲ့ ပစ္စည်းမလောက်တော့ ရန်ဖြစ်တာတို့၊ ပစ္စည်းလုတာတို့ ရှိတယ်။ ဒါပေမဲ့ အဲ့ဒီလို ဘုရားရဲ့ ဓမ္မတေးသီချင်းတွေ ဆိုနေလိုက်တော့ ပြဿနာမရှိတော့ဘဲ အေးချမ်းသွားတယ်။

Pastry Bakery သမားတစ်ယောက်နေနဲ့ ထားရှိသင့်တဲ့ ခံယူချက်

      Pastry တစ်ယောက်အနေနဲ့ ခံယူချက်ကတော့ ကျွန်တော်တို့ အကြောင်းအရာ တစ်ခုခုကို လေ့လာတဲ့အခါမှာ အခြေခံကို သေသေချာချာလေ့လာဖို့ လိုပါတယ်။ အခြေခံကို ကောင်းကောင်းမနိုင်ဘဲနဲ့ အဆင့်ကျော်လုပ်မယ်ဆိုရင် အဲဒီလူက တောက်လျောက် ကန့်လန့်ကန့်လန့် ဖြစ်နေဦးမှာပဲ။ မှားနေမှာပဲ။ သူ မှားနေတာကိုလည်း ဘာမှားမှန်းသိမှာ မဟုတ်ပါဘူး။ ဒီတော့ အခြေခံလေးတွေကို သိသင့်ပါတယ်။ နောက် လုပ်တဲ့ကိုင်တဲ့အချိန်မှာလည်း စေတနာထားတက်ဖို့ လိုအပ်ပါတယ်။ တချို့က အလုပ်အရမ်းများတဲ့အခါမှာ ဂရုမစိုက်နိုင်တာတွေ တွေ့နေရတယ်။ မုန့်ထဲမှာ မကောင်းတာမျိုးရှိနေရင် ကိုယ်က အကောင်းဆုံး သန့်စင်အောင် ပြင်ဆင်ပေးရမယ်။ ဒီလို အကောင်းဆုံး စေတနာထားလိုက်ရင် စားသုံးသူအနေနဲ့လည်း စားလိုက်လို့ရှိရင် စိတ်ကျေနပ်စေမှာပါ။ ကျွန်တော်ကတော့ ကိုယ်လုပ်ထားတဲ့မုန့်ကို စားသုံးသူစားလိုက်လို့ စိတ်ချမ်းသာရင် ကိုယ်လည်း စိတ်ချမ်းသာပါတယ်။ နောက်ပြီး ကိတ်တစ်ခုကို လုပ်မယ် လို့ ဒီအရသာထွက်မယ်ဆိုရင် ထွက်ကိုထွက်အောင် လုပ်ရမယ်။ ဟိုလိုဒီလိုရောပြီး လုပ်လို့မရပါဘူး။ နောက် ကျန်းမာရေးနဲ့ပတ်သက်တဲ့ သန့်ရှင်းမှုတွေလည်း လုပ်ဆောင်ပေးရပါမယ်။

ကိုစောဆာမူလားရဲ့လက်ဦးဆရာများ

       ကျွန်တော် လက်ဦးဆရာတွေကတော့ Strand Hotel က ဆရာဦးချစ်အောင်ပါ။ သူကတော့ ကျွန်တော့်ကို အခြေခံပညာရပ်တွေ တော်တော်သင်ပေးခဲ့ပါတယ်။ နောက် Sedona Hotel က ဂျာမန်ဆရာ မစ္စတာလူးစ်ဟက်စ်။ သူကလည်း ကျွန်တော့်ကို Bakery Pastry နဲ့ပတ်သက်တဲ့ဟာတွေကို အပြည့်အဝ သင်ကြားပေးခဲ့ပါတယ်။ နောက် Carnival ကောလိပ်အထိပေါ့။

Pastry & Bakery တစ်ယောက်ဖြစ်ချင်သူတွေအတွက် စကားလက်ဆောင်

      မုန့်ဖုတ်တဲ့အပိုင်းမှာ ပညာရှင်တစ်ယောက် ဖြစ်ချင်တယ်ဆိုရင် ဘာလိုအပ်လည်းဆိုတော့ အထိအတွေ့လေးတွေရှိဖို့ လိုအပ်ပါတယ်။ အနုပညာအမြင်နဲ့ စိတ်ကူးယဉ်ဖို့လည်း လိုပါတယ်။ ဒါမှလည်း စိတ်ကူးထဲမှာ ကိတ်လေးတွေကို အလှဆင်နိုင်မယ်။ ပြီးမှ လက်ကနေပြီးတော့ လိုက်လုပ်ကြည့်စေချင်ပါတယ်။ တကယ်လို့ ကိုယ်က စာအုပ်ပဲ ဖတ်၊ အင်တာနက်ကြည့်ပြီး လုပ်မယ်ဆိုရင် အမြင်နဲ့ပဲ အတွေ့အကြုံရှိနေမယ်ဆိုရင် အောင်မြင်ဖို့ မလွယ်ကူပါဘူး။ ဒီတော့ အမြဲတမ်း လက်ပွန်းတတီးရှိနေရင် အောင်မြင်ကို အောင်မြင်လာမှာပါ။ နောက် ပေါ်လာတဲ့ အသစ်အဆန်းတွေကိုလည်း ပိုကောင်းအောင် တီထွင်လုပ်ဆောင်နိုင်မယ်ဆိုရင်တော့ အောင်မြင်တဲ့ Pastry သမားတစ်ယောက် ဖြစ်လာမှာပါလို့ ပြောချင်ပါတယ်။

—————————————————————————————————-

ကိုစောဆာမူလားရဲ့ Diet Pumpkin Pie (သကြားလွတ် ရွှေဖရုံသီးပိုင်)

Chef_1

Chef_6

Pie Dough အတွက် ပါဝင်ပစ္စည်း   

♦   ကိတ်ဂျုံ (Cake Flour)   –   125 g

♦   Shortaning   –   100 g

♦   ရေခဲရေ   –   75 g

♦   ဆား   –   အနည်းငယ်

♦     ကြက်ဥ   –   1 Pcs

 

Pie Dough ပြုလုပ်ပုံ

၁။      ရေခဲရေနှင့် ဆား၊ ကြက်ဥကို အရေဖျော်ပါ။

၂။      ကိတ်ဂျုံ၊ Shortaning ထဲသို့ No 1 ကို ထည့်ပြီးနယ်ပါ။

၃။      ရလာသည့် ဒိုးသားကို Rolling Pin နှင့် ပြားပြီး ပိုင်ခွက်ထဲထည့်၍ (half baked) တစ်ဝက်ကျက်အောင် ဖုတ်ပါ။

၎။      အပေါ်မီး 200°C အောက်၊ မီး 200°C မိနစ် 20 သာဖုတ်ရန်။

မှတ်ချက် ။      ။ ဖုတ်သည့်အချိန် မီးပူနှင့်ထိပြီး ပိုင်းသား ကြွမတက်အောင် အပေါ်မှ တစ်ခုခုဖိပြီး ထည့်ဖုတ်ပါ။

 

ရွှေဖရုံသီးပူရီအတွက် ပါဝင်ပစ္စည်းများ

♦   ရွှေဖရုံသီး   –   250 g

♦     Equal Sugar (ဆီးချိုသကြား)   –   25 g

♦     ကြက်ဥ   –   ၂ လုံး

♦   ပြောင်းဖူးမှုန့်   –   25 g

♦   ဆား  –   အနည်းငယ်

♦   ထောပတ်အရည် (Liqitd Butter)   –   25 g

 

ရွှေဖရုံသီးပူရီပြုလုပ်ပုံ

၁။       ရွှေဖရုံသီးကို သေးသေးလှီးပြီး Blender ဖြစ် ကြိတ်ပါ။ ထိုကြိတ်သည့်အထဲတွင် နွားနို့ပါ ရောထည့်ပါ။

၂။       ရလာသော ရွှေဖရုံသီးပူရီကို ဆီးချိုသကြားထည့်ပြီး Hand Whisk (မွှေတံ) နဲ့ ရိုက်ပါ။

၃။       ကြက်ဥ၊ ပြောင်းဖူးမှုန့်၊ ဆား၊ ထောပတ်အရည်ကို ရောပြီး သမအောင်မွှေပါ။

၎။       ရိုက်ပြီးသားကို တစ်ဝက်ဖုတ်ထားသော ပိုင်ရှဲထဲသို့လောင်းချပြီး ကျက်အောင် ဆက်ဖုတ်ပါ။

 

♦   အပေါ်မီး   –   180° C

♦   အောက်မီး   –   180°C

25 min ဖုတ်ပါ။

ရွှေဖရုံသီးကို အသီးအလုံးပုံစံဖြစ် ခြစ်ထုတ်ပြီး ပုံပါအတိုင်း အလှဆင်ပါ။ အရသာရှိပြီး သကြားလွတ်ရွှေဖရုံသီးပိုင်ကို သုံးဆောင်နိုင်ပါပြီ။

Facebook Comments