ကိုယ်တိုင်အပင်ပန်းခံပြီး ချက်ထားတာကိုစားပြီး ကောင်းတယ်ပြောတော့ ဝမ်းသာတာပေါ့၊ ချက်ရတာလည်း ပိုအားရမိတာပေါ့လို့ဆိုတဲ့ ကောင်းခန့်

cele_2

cele_3

cele_4

ကိုယ်တိုင်အပင်ပန်းခံပြီး ချက်ထားတာကိုစားပြီး ကောင်းတယ်ပြောတော့ ဝမ်းသာတာပေါ့၊ ချက်ရတာလည်း ပိုအားရမိတာပေါ့လို့ဆိုတဲ့ ကောင်းခန့်

♦  အာဂ မေးမြန်းရေးသားသည်   ♦

            အခုလို ဝါလကင်းလွတ်တဲ့လမှ မင်္ဂဆောင်မယ့်စုံတွဲတွေ အများကြီးရှိနိုင်ပါတယ်။ ဒီအထဲကမှ ရုပ်ရှင်သရုပ်ဆောင် မင်းသား ကောင်းခန့်လည်း တစ်ယောက်အပါဝင်ဖြစ်ပါတယ်။ ဒီတော့ ဒီလအတွက် ထူးခြားမှုလေးဖြစ်အောင်လို့ ကောင်ခန့်နဲ့ သူရဲ့မဟေသီ ရူပါတို့ရဲ့ နှစ်ယောက်အတူ ချက်ပြုတ်ပြတဲ့ပုံလေးတွေကို ထူးထူးခြားခြား တင်ဆက်ပြသပေးလိုက်ပါတယ်။

အချက်အပြုတ်ကို ဘယ်အရွယ်လောက်ကတည်းက စပြီးတော့ဝါသနာပါခဲ့ပါသလဲ။

            အချက်အပြုတ်ကို အရမ်းဝါသနာပါတာမဟုတ်ပေမဲ့ ၅ တန်း၊ ၆ တန်းလောက်က အိမ်ကလူတွေ မီးဖိုချောင်ဝင်လို့ရှိရင် ဝင်ဝင်ကူတာတော့ရှိတယ်။ အဲဒီမှာကတည်းက စိတ်ဝင်စားမှု ရှိသွားတယ်ထင်ပါတယ်။ အဲ့ဒီတုန်းက ကလေးဆိုတော့ သိပ်တော့ မချက်တတ်ပါဘူး။ ငါးသေတ္တာဟင်း၊ ဘဲဥဟင်းတို့လောက်ပဲ ချက်တတ်တယ်။

အခု ယိုးဒယားစတိုင်လ် အသီးအရွက်စုံကြော်လေးကို ပရိသတ်ကို ချက်ပြဖို့ စီစဉ်ဖြစ်သွားပုံလေးကိုလည်း ပြောပြပေးပါဦး။

            ဒီဟင်းလေးလုပ်ပြဖြစ်တာက ကျွန်တော့်အတွက်ထက်စာရင် အသီးအရွက်ကြိုက်တဲ့ ကျွန်တော့်မိန်းမ ရူပအတွက် စီစဉ်ချက်ဖြစ်သွားတာပါ။

ဘဝမှာ ပထမဆုံးစချက်ဖြစ်တဲ့ ဟင်းပွဲလေးကို မှတ်မိသေးရင် ပြောပြပေးပါဦး။ အရသာကရော ဘယ်လိုရှိသလဲ။

          ပထမဆုံးလုပ်ဖြစ်တဲ့ ဟင်းပွဲလေးက အာလူးကြော်လေးပါ။ အရသာနဲ့ အခက်အခဲတော့ မရှိခဲ့ပါဘူး။ ဘာလို့လည်းဆိုတော့ ကျွန်တော်က အာလူးကြိုက်တော့ အိမ်ကလူတွေ ကြော်တာမျိုး သေချာလေ့လာထားတယ်။ နောက်ပိုင်းကျတော့ ကိုယ့်ဘာသာကိုယ် အာလူးလှီး၊ ကိုယ်ဘာသာကိုယ် ဆားနယ်ပြီး ကြော်တယ်။ ကိုယ်ကြိုက်တဲ့အနေအထားမျိုးရောက်ရင် ဒယ်ကချပေါ့။ ကျွန်တော်ကတော့ အာလူးကြော်တာတော့ ကျွမ်းတယ်။

ကောင်းခန့်ချက်တဲ့ဟင်းတွေထဲမှာ လူကြိုက်အများဆုံးဟင်းပွဲကရော ဘာဟင်းပွဲဖြစ်မလဲ။

            အဲဒါမျိုးဆိုရင်တော့ အာလူးကြော်နဲ့ ကြာဆံစွပ်ပြုတ်ပါ။ ကြာဆံစွပ်ပြုတ်ကတော့ ဆိတ်သား၊ ကြက်သားတို့နဲ့ ချဉ်ငန်စပ်လုပ်ထားတဲ့ စွပ်ပြုတ်လေးပါ။ အာလူးကြော်ကတော့ ဒီလိုပဲရိုးရိုးလေး ကြော်ထားတာပါပဲ။

ငယ်ငယ်တုန်းကကြိုက်ပြီး အသက်ကြီးမှ မကြိုက်တာမျိုး၊ ငယ်ငယ်ကမကြိုက်ဘဲ အသက်ကြီးမှကြိုက်တာ။

            လက်ဖက် ငယ်ငယ်က မကြိုက် ကြီးမှကြိုက်။ ငါးကို ငယ်ငယ်ကစားပြီး ကြီးတော့ ငါးဟင်းဆို လုံးဝ မစားတော့ပါဘူး။

ရှုတင်တွေသွားရင် ထမင်းချိုင့်ယူသွားဖြစ်လား။

            အခုနောက်ပိုင်းယူသွားဖြစ်တယ် ရှုတင်ကို။

ဇနီးလောင်းနဲ့အတူ အခုလိုတွဲရိုက်ရတဲ့အခါမှာ ခံစားရတဲ့ခံစားချက်။

           ပျော်တာပေါ့။ အခုလို အတူတူ စိတ်လွှတ်လပ်စွာ ရိုက်ရတဲ့အတွက်။

ချစ်သူ ၂ ဦးက အစားသောက်အကြိုက်ချင်း တူကြလား။ သူ့အကြိုက်၊ ကိုယ့်အကြိုက် ညှိယူရတာမျိုးရောရှိလား။

            အကြိုက်ချင်းတူတာများတယ်။ သူကတော့ ကျွန်တော့် အကြိုက်ဘက်ကို လိုက်ပြောင်းပြီး စားဖြစ်တာပိုများတယ်။

ကောင်းခန့်ချက်တဲ့ဟင်းကိုစားပြီး ပထမဆုံးချီးမွမ်းခံရတုန်းက ခံစားချက်ကရော။

            စချက်ကတည်းက သူများတွေစားစေချင်လို့ ချက်တာပါ။ အဲဒီလို ကိုယ်တိုင်အပင်ပန်းခံပြီး ချက်ထားတာကို စားပြီး ကောင်းတယ်ပြောတော့ ဝမ်းသာတာပေါ့။ ချက်ရတာလည်း ပိုအားရမိတာပေါ့။

အစားအသောက်နဲ့ပတ်သက်ပြီး အမှတ်တရ အဖြစ်အပျက်လေးတွေရှိရင် ပြောပြပေးပါဦး။ ဥပမာ- တချို့ သကြားလုံးမျိုမိတာတို့၊ ကျောင်းမှာ မုန့်ခိုးစားလို့ အရိုက်ခံရတာတို့၊ ဟင်းခိုးစားတာတို့ပေါ့။  

            အစားသောက်နဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်ပြောပါဆိုရင် သိပ်မရှိပါဘူး။

မနက်စာကို ဘယ်အချိန်လောက်စားဖြစ်လဲ။ ဘာဟင်းတွေနဲ့ စားဖြစ်တာများလဲ။ နေ့လယ်စာနဲ့ ညစာရော။

            မနက်စာကိုတော့ ကော်ဖီတို့၊ အီကြာကွေးတို့စားဖြစ်တယ်။ နေ့လယ်စာ ထမင်းစားတယ်။ ညစာထမင်းစားတယ်။

ညစာကိုရော အိမ်မှာမိသားစုနဲ့စားဖြစ်လား။ ဒါမှမဟုတ် အပြင်မှာစားဖြစ်သလား။

            ညစာကတော့ ပုံမှန်မရှိဘူး။ ဒါပေမဲ့ များသောအားဖြင့် အပြင်မှာစားဖြစ်တာ များပါတယ်။

စားဖူးသမျှ အစားအစာတွေထဲမှာ တစ်သက်မမေ့လောက်အောင်ဖြစ်တဲ့ အစားသောက်မျိုးရောရှိလား။

            တစ်သက်မမေ့လောက်တာမျိုးဆိုတော့ စိန်လျံဆိုင်က ဝက်နံရိုးနုကြော်ပါ။ အဲဒီဟာကတော့ အကြိုက်ဆုံးဟင်းပဲ။ ဘယ်တော့မှမရိုးဘူး။

ထူးထူးဆန်းဆန်း အစားသောက်တွေရော ညီ မစားဘူးလား။

            ထူးထူးဆန်းဆန်း အစားသောက်ကတော့ မစားပါဘူး။ စားခွင့်ကြုံရင်လည်း မစားဖြစ်တာများပါတယ်။

အားလပ်ရက်တွေမှာ တစ်ခုခုလုပ်စားလေ့ရှိလား။

            အားလပ်ရက်တွေမှာတော့ တစ်ခုခုလုပ်စားဖြစ်တာထက် တစ်ခုခုကို အပြင်ထွက်ပြီး သွားစားဖြစ်တာ များပါတယ်။ ဒါပေမဲ့ New Year တို့၊ သင်္ကြန်တို့ စသဖြင့်ရက်တွေမှာဆိုရင်တော့ သူငယ်ချင်းတွေစုပြီး ဝက်သားတုတ်ထိုးလုပ်စားဖြစ်တာတို့၊ ဟင်းချက်စားတာတို့တော့ ရှိပါတယ်။

ကိုယ်မစားဖူးတဲ့ အစားသောက်တွေကို မြည်းစမ်းချင်စိတ်ရှိလား။

            ကျွန်တော်က အသားထူးထူးဆန်းဆန်း အသားဆိုရင်တော့ မမြည်းစမ်းပါဘူး။ ဒါပေမဲ့ ကိုယ်စားနေကျအသားကိုပဲ ထူးထူးဆန်းဆန်းလေး ချက်ထားရင်တော့ မြည်းဖြစ်ပါတယ်။ မြည်းဖြစ်ရင်လည်း အရသာ ချဉ်ငန်စပ်ရှိတဲ့ဟာမျိုးလေးတွေကိုတော့ ပိုမြည်းဖြစ်ပါတယ်။

တချို့တွေက စိတ်ညစ်တာတို့၊ ဝမ်းနည်းတာ၊ ပျော်ရွင်တာ၊ ဝမ်းသာတာမျိုးမှာ အစားတွေ များများစားလေ့ရှိတယ်။ ညီလေးကရော အဲလိုအခါများမျိုးမှာ အစားသောက်နဲ့ပတ်သက်ပြီး ဘာတွေစားဖြစ်လဲ။ များများစားလား။ နည်းနည်းစားလား။

            ဟုတ်ကဲ့ ကျွန်တော်လည်း စိတ်ညစ်ရင် အစားအများကြီး စားဖြစ်ပါတယ်။ စိတ်ညစ်တာတို့၊ ဒေါသထွက်တာတို့ဆိုရင် ထမင်းတွေ ထထစားဖြစ်တယ်။

ညီရဲ့   အစားသောက်နဲ့ ကျန်းမာရေးပေါ်အမြင်လေးကို ပြောပြပေးပါဦး။

            အစားသောက်နဲ့ ကျန်းမာရေးဆိုရင်တော့ အခုမြန်မာပြည်က လူတော်တော်များများ ကျန်းမာရေးချို့တဲ့လာတာက အစားသောက်ကြောင့်ဖြစ်တာ တော်တော်များလာကြတယ်။ တကယ်ဆိုရင် အစားသောက်ကို တစ်စိုက်မတ်မတ် ဆင်ခြင်ပြီးတော့ ကိုယ်နဲ့သင့်တော်မယ့် စားသောက်မှုပုံမှန်အနေအထား။ စားသောက်တဲ့ပစ္စည်း၊ ဟင်း စသဖြင့်ကို ကျန်းမာရေးနဲ့ ညီညွတ်အောင်ရွေးချယ်ပြီး စားသောက်သင့်တယ်လို့ ထင်ပါတယ်။

အိမ်ကမိဘတွေချက်တဲ့ ဟင်းတွေထဲမှ ဘယ်ဟင်းကိုအကြိုက်ဆုံးလဲ။

            မေမေချက်တဲ့ ဟင်းထဲကဆိုရင် ပုစွန်နဲ့ ချဉ်ပေါင်ရွက်ကြော်၊ ဆိတ်သားဟင်း ကြိုက်ပါတယ်။

နိုင်ငံတကာက အစားအသောက်တွေမှာဆိုရင် ဘယ်နိုင်ငံက ဘယ်အစားသောက်ကို စားဖြစ်တာများလဲ။

            နိုင်ငံတကာအစားသောက်မှာဆိုရင်တော့ ကျွန်တော် စပါကတီကြိုက်တယ်။ ယိုးဒယားစာတွေ ကြိုက်တယ်။ တရုတ်စာလည်းကြိုက်တယ်။ ဥရောပစာတွေတော့ သိပ်မကြိုက်ဘူး။

နိုင်ငံခြားကိုရောက်နေတဲ့အချိန်မှာ ကိုယ့်နိုင်ငံက ဘယ်အစာအစားကို လွမ်းဆွတ်တမ်းတမိပါသလဲ။

            နိုင်ငံခြားရောက်ရင်တော့ မြန်မာပြည်က ငါးပိကြော်၊ ပုစွန်ခြောက်ကြော်၊ မြန်မာကြော်ကြော်ထားတဲ့ အာလူးကြော်တို့ အရမ်းစားချင်တယ်။ တချို့ နိုင်ငံတွေကျတော့ အခုလို ကိုယ်စားချင်တာကို ရှာစားလို့မရတဲ့ နိုင်ငံတွေရှိတယ်။ စင်္ကာပူတို့၊ တရုတ်တို့ဆိုရင် ရှာရခက်တယ်။ အဲဒီလိုမျိုးဆိုရင်တော့ ကိုယ်စားချင်တာကို အောင့်အီးသည်းခံနေရတယ်။ မြန်မာပြည်ပြန်လာလို့ လေဆိပ်ဆင်းမယ်ဆိုတာနဲ့ အိမ်ကလာကြိုမယ့်လူကို ကိုယ်စားချင်တဲ့ဟင်းလေးတွေ ကြိုဝယ်ခိုင်းထားတယ်။

ဘဝမှာ အမှတ်တရဖြစ်မယ့် အစားအစာ ရှိလား။ ဥပမာ အဲဒီအစားအစာကို စားလိုက်ရင် တစ်နေရာရာ၊ တစ်ယောက်ယောက် စသဖြင့် အမှတ်တရဖြစ်မယ့် အစားအစာမျိုးပေါ့။

            အဲဒီလိုမျိုးဆိုရင်တော့ ဒီအစားသောက်တစ်ခုကို စားမိရင် ဒါကတော့ ကိုယ့်မိသားစုထဲက ဘယ်သူကတော့ အရမ်းကြိုက်တာ။ ဒီအစားသောက်လေးကတော့ ဘယ်သူပါရင်တော့ အရမ်းစားလို့ကောင်းမှာပါ။ နောက် ငယ်ငယ်က ကျောင်းရှေ့မှာ ကတ်စေးနဲကို ပြန်စားချင်တယ်။ စားမိရင်လည်း ကျောင်းတက်တုန်းကဘဝကို ပြန်သတိရမိတယ်။

ညီစားဖူးသမျှထဲမှာ ဈေးကြီးပြီး မတန်ဘူးထင်တဲ့ အစားသောက်တွေရှိလား။ ဈေးပေါပြီး တန်တာမျိုးရော။

            အဲ့ဒီလိုမျိုး ဈေးကြီးပြီး မတန်ဘူးထင်တာမျိုးတော့ မရှိပါဘူး။ ဈေးပေါပြီး တန်တာမျိုးဆိုရင် ကျွန်တော်က သရေစာအစားများတယ်။ စောစောကပြောသလို ကတ်စေးနဲတို့၊ အရင်က လှည်းနဲ့ရောင်းတဲ့ အုန်းမွှေးလုံးတို့ဆိုရင် ကြိုက်တယ်။ အဲဒီလို သရေစာလေးတွေကြ စားရတာလည်း တန်တယ်လို့ထင်တယ်။

ကောင်းခန့်အကြိုက်ဆုံး အသီးအနှံ၊ အရွက်၊ အသား၊ ငါးတွေကို ပြောပြပေးပါဦး။ ဖျော်ရည်တွေထဲမှာဆိုရင်ရော။

            အကြိုက်ဆုံးအသီးအနှံဆိုရင်တော့ ဒူးရင်းသီး၊ သြဇာသီး၊ အသီးရွက်ဆိုရင် ကန်စွန်းရွက်၊ အာလူး။ အသားတွေထဲမှာဆိုရင် ကြက်နဲ့ ဝက်ကိုကြိုက်တယ်။ ဖျော်ရည်ထဲမှာဆိုရင် ကီဝိသီးဖျော်ရည်ကြိုက်တယ်။ လိမ္မော်သီးဖျော်ရည်ကြိုက်တယ်။

ညီနဲ့မတည့်တဲ့ အစားသောက်တွေရောရှိလား။ မကြိုက်တဲ့ အစားစာရော။

            မတည့်တာမျိုးတော့မရှိဘူး။ အကုန်တည့်ပါတယ်။

အစားသောက်တစ်ခုခုကို စားနေတုန်း အဲဒီထဲမှာ ရွံစရာတွေ ဘာတွေရော တွေ့ဖူးလား။ အစားသောက်စားနေရင်း သူငယ်ချင်းတွေက ဘေးနားက ရွံစရာပြောရင်ရော ရွံတတ်လား။

            တွေ့ဖူးပါတယ်။ ဘယ်လိုလည်းဆိုတော့ ဆိုင်တစ်ဆိုင်မှာစားတုန်းက အစားသောက် တစ်ခုကိုစားနေတုန်း ပါးစပ်တစ်ခုလုံး မည်းသွားတယ်။ စားလိုက်တုန်းကလည်း ကြွပ်ကြွပ်ဆိုတော့ ဘာဖြစ်တာလဲဆိုပြီး ကြည့်လိုက်တော့မှ မီးသွေးခဲကြီးဖြစ်နေတယ်။ စစတော့ ဒေါသထွက်မိတာပေါ့။ ပြီးမှ အကြောင်းအကျိုးကို ဆိုင်ကိုပြောပြလိုက်တယ်။ ပြီးတော့ ဆက်မစားတော့ဘူး။ ဘေးနားက သူငယ်ချင်းတွေ နောက်ရင်တော့ ဘာမှမဖြစ်ဘူး။ စားနိုင်တယ်။ ဒါပေမဲ့ ဘေးနားက လူတစ်ယောက်က နှပ်ညှစ်တာတို့၊ နှာချေတာတို့ဆို မကြိုက်ဘူး။

အစားသောက်က နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှုကို ဖော်ဆောင်နိုင်တယ်လို့ ထင်မြင်မိပါသလား။

            ထင်ပါတယ်။ ဥပမာ ကျွန်တော်တို့မြန်မာတွေလည်း ရွှေတောင်ခေါက်ဆွဲ၊ မုန့်ဟင်းခါးတို့ဆိုရင် နိုင်ငံတကာ အစားသောက်ပွဲတွေမှာလည်း ပါဝင်ပြသတယ်။ ပြိုင်ကြတယ်။ တုံယမ်းဆိုရင်လည်း ယိုးဒယားစာမှန်း သိကြတယ်။ အဲဒီလိုပဲ မုန့်ဟင်းခါးဆိုရင်လည်း မြန်မာရဲ့ ဝိသေသတွေပါတော့ သိကြတယ်။ စသဖြင့်ပေါ့။

အခုညီလေးလုပ်ပြတဲ့ ယိုးဒယားစတိုင်လ် အသီးရွက်စုံကြော်လေးကို လိုက်လုပ်စားမယ့် ပရိသတ်အတွက် အမှတ်တရစကားလက်ဆောင်လေးကို ပြောပြပေးပါဦး။

            ဒီဟင်းပွဲလေးက မြင်နေကျ၊ စားနေကျပုံစံမျိုးမဟုတ်ဘဲနဲ့ အားလုံးစားလို့ရအောင် ချက်ထားတာပါ။ အသီးရွက်တွေချည်းပဲဆိုတော့ အာဟာရဖြစ်သလို ကျန်းမာရေးနဲ့လည်း ညီညွတ်စေနိုင်ပါတယ်။ သက်သတ်လွတ်သမားတွေအတွက်လည်း အထူးသင့်လျော်လို့ လိုက်ချက်စားကြည့်ပါလို့ ပြောချင်ပါတယ်။

ကောင်းခန့်ရဲ့ ယိုးဒယားစတိုင်လ်အသီးရွက်စုံကြော်

►   ပါဝင်ပစ္စည်း

♦   ပန်းဂေါ်ဖီစိမ်း   –   စိတ်ကြိုက်

♦   ပန်းငရုတ်ပွ   –   စိတ်ကြိုက်

♦   ခရမ်းချဉ်သီး   –   စိတ်ကြိုက်

♦   ပြောင်းဖူးသေးသေး (Babycon)   –   ၂ တောင့်

♦   မုန်လာဥနီ   –   စိတ်ကြိုက်

♦   ကြွက်နားရွက်မှို   –   စိတ်ကြိုက်

♦   ပဲပင်ပေါက်   –   စိတ်ကြိုက်

♦   ခရမ်းကဆော့သီး   –   စိတ်ကြိုက် (ခြွေထည့်ပါ)

♦   ဆီ   –   စားပွဲဇွန်း ၂ခန့်

♦   ရေ   –   အနည်းငယ်

♦   ခရုဆီ   –   လက်ဖက်ရည်ဇွန်း ၁ ဇွန်း

♦   ဆား   –   အနည်းငယ်

♦   သကြား   –   အနည်းငယ်

►   ပြုလုပ်နည်း

၁။        ပထမဆုံး ပါဝင်အသီးအရွက်များဖြစ်တဲ့ ခရမ်းချဉ်သီး၊ ကြွက်နားရွက်မှို၊ ခရမ်းကစော့သီး၊ မုန်လာဥနီ၊ ပန်းငရုတ်ပွ၊ ပန်းဂေါ်ဖီစိမ်း၊ ပဲပင်ပေါက်တို့ကို မိမိလိုချင်သော အချိုးအစား အရွယ်အစားတိုင်း လှီးဖြတ်ပြီး ရေထဲမှာ ဆားခတ်ပြီး ဆေးကြောပါ။

၂။        ရေထည့်ပြီး စောစောကလှီးဖြတ်ဆေးကြောထားသော အသီးအရွက်များကို ရေထည့်၊ ထောပတ်ဆီ တစ်ပေါက်လောက်ထည့်ပြီး နူးလာအောင်တည်ပါ။

၃။        ပြီးလျှင် အသီးရွက်များကို ပြန်ဆယ်ပြီး ရေခဲရေထဲမှာ စိမ်ထားပါ။

၎။        ထို့နောက် ဆီသို့မဟုတ် ထောပတ်ဆီကို အိုးထဲထည့်ပြီး အရသာအဖြစ် ဆား၊ သကြား၊ ခရုဆီ၊ ရေ အနည်းငယ်တို့ထည့်ပြီး ရေခဲရေစိမ်ထားသော အသီးအရွက်များကို ရေစစ်အောင်ဆယ်ပြီး ထည့်မွှေကြော်ပါ။

၅။        ရနံ့မွှေးလာလျှင်တော့ သုံးဆောင်လို့ရပါပြီ။

Facebook Comments