ကိုယ်တိုင်က စားရတာထက်သူများကို ချက်ပြုတ်ပေးရတာကို ဝါသနာပါတယ်ဆိုတဲ့ ရည်မွန်

ကိုယ်တိုင်က စားရတာထက်သူများကို ချက်ပြုတ်ပေးရတာကို ဝါသနာပါတယ်ဆိုတဲ့ ရည်မွန်

အာဂမေးမြန်းရေးသားသည်

အချက်အပြုတ်ကို ဘယ်အရွယ်လောက်ကတည်းက စပြီးတော့ ဝါသနာပါခဲ့ပါသလဲ။

            အချက်အပြုတ်ကိုတော့ ဘယ်အရွယ်လောက်ကတည်းက ဝါသနာပါလည်းဆိုတော့ ငယ်ငယ်တုန်းက မေမေ ဟင်းတွေချက်ရင် ကြည့်ဖြစ်တယ်။ နောက်မေမေ ချက်တာထဲမှာ အသားတွေထက် အနှစ်ကို အရမ်းကြိုက်တယ်။ အဲဒီလိုမျိုး မေမေချက်ပုံချက်နည်းတွေကို လိုက်ကြည့်ရင်း စမ်းချက်ဖြစ်တာက ၇ နှစ်၊ ၈ နှစ် သမီး အရွယ်လောက်ကတည်းက ဝါသနာဖြစ်သွားတာပါ။

အခု ပုစွန်ချူချီဟင်းကို ပရိသတ်ကို ချက်ပြဖို့ စီစဉ်ဖြစ်သွားပုံလေးကိုလည်း ပြောပြပေးပါဦး။

            ညီမက ဒီဟင်းချက်ဖို့ စိတ်ကူးဖြစ်တာက ယိုးဒယားစတိုင်လ်လေးလည်း ဖြစ်တယ်။ မြန်မာတွေ ပါးစပ်နဲ့ လိုက်ဖက်မယ့်အရသာမျိုးလည်း ဖြစ်တယ်။ အရမ်းခက်ခက်ခဲခဲ ချက်စရာမလိုတာမျိုးလည်း ဖြစ်တော့ အခုဟင်းပွဲလေးကို ရွေးချယ်ဖြစ်သွားတာပါ။

ဘဝမှာ ပထမဆုံးစချက်ဖြစ်တဲ့ ဟင်းပွဲလေးကို မှတ်မိသေးရင်ပြော ပြပေးပါဦး။အရသာကရောဘယ်လိုရှိသလဲ။

          ဟင်းပွဲတော့မဟုတ်ဘူး။ ပထမဆုံး ကိုယ်တိုင် အစအဆုံး ချက်ဖြစ်တာက ကြာဆံ ဟင်းခါးပါ။ အဲ့ဒီတုန်းက အရသာကတော့ အိမ်ကလူတွေစားကြည့်ပြီး ကောင်းတယ်လို့ပြောကြတာပါပဲ။

ရည်မွန်ချက်တဲ့ဟင်းတွေထဲမှာ လူကြိုက်အများဆုံး ဟင်းပွဲကရော ဘာဟင်းပွဲဖြစ်မလဲ။

            ဘယ်လိုပြောရမလဲ ညီမက အဲ့ဒီလို ဟင်းချက်တဲ့နေရာမှာ ပါရမီပါတယ်လို့ ပြောရမယ်။ စိတ်လည်းဝင်စားတယ်။ ဟင်းအတွဲအစပ်လည်း ဝါသနာပါတယ်။ နောက် အသိအလှူတွေ ဘာတွေဆိုလည်း ကိုယ်ကမြည်းပြီးတော့ နည်းနည်းလေး ဝင်ပြင်ပေးလိုက်ရင်လည်း ကောင်းသွားတယ်လို့ ပြောကြတယ်။ အများဆုံးကတော့ ရည်မွန်လက်ရာတွေထဲမှာ အသုပ်သုပ်တာကို ကြိုက်ကြတယ်လို့ ပြောကြတာများတယ်။

ညီမချက်တဲ့ဟင်းကိုစားပြီး ပထမဆုံးချီးမွမ်းခံရတုန်းက ခံစားချက်ကရော။ အချက်အပြုတ်ကို ဘယ်သူတွေဆီက သင်ယူဖူးလဲ။

            ညီမ ကိုယ်တိုင်က စားရတာထက် သူများကို ချက်ပြုတ်ပေးရတာကို ဝါသနာပါတယ်။ အဲ့ဒီလို ကိုယ်ချက်ပြီးတော့ သူများတွေက မြိန်ရေရှက်ရေစားပြီး ကောင်းတယ်လို့ ချီးမွမ်းရင်တော့ ဝမ်းသာတာပေါ့။ ကိုယ်ချက်တာကို အားရပါးရစားတာကိုကြည့်ပြီး ပျော်တာပေါ့။ အချက်အပြုတ်ကတော့ သင်တန်းတွေ ဘာတွေတက်ပြီး သင်တာတော့ မရှိဘူး။ ငယ်ငယ်ကတည်း မေမေဟင်းချက်တာကိုကူညီရင်းနဲ့ ဝါသနာပါသွားတာ။ နောက်မှ ကိုယ့်ဘာသာကို စိတ်ဝင်စားလာတယ်။ အရသာဆိုတာကို စိတ်ဝင်စားလာပြီး လေ့လာဖြစ်တယ်။ အဲ့ဒီကနေပြီးတော့ ကိုယ့်ဘာသာကိုယ် ဟင်းတွေဘာတွေထွင်ပြီး၊ သူများနဲ့ မတူတာမျိုးလေးတွေကို ချက်ဖြစ်တယ်။ သင်တန်းရယ်လို့ဆိုရင်တော့ ထမင်း ဟင်းချက်တာကို မသင်ဘူးဖူး။ ဒါပေမဲ့ ကိတ်မုန့်၊ ပေါင်မုန့်ဖုတ်တာကိုတော့ Star Resource မှာ သင်တန်းတက်ဖူးတယ်။

ဒါဆို ခုနပြောသလို ညီမကိုယ်ပိုင် တီထွင်ထားတဲ့ အစားအသောက်ဆိုတာ ဘာတွေများဖြစ်မလဲ။

            စမ်းထားတာဆိုတာက မြန်မာဟင်းဆိုရင်လည်း ရိုးရိုးကြက်သားကာလသားဟင်း၊ ကြက်သားအာလူးဟင်းဆိုရင်လည်း ချက်နေကြပုံစံမျိုးမဟုတ်ဘဲ အာလူးအစား အခြားအသီးအနှံ၊ အရွက်တွေနဲ့ ချက်ဖြစ်တာမျိုး၊ အချိုချည်းပဲချက်နေတာမျိုးဆိုရင်လည်း ချဉ်စပ်ပြောင်းချက်ကြည့်တာမျိုး ချက်ဖြစ်တယ်။ ဒီအတိုင်း မီနူးကြီးကြည့်ပြီး ချက်ဖြစ်တာတော့မဟုတ်ဘူး။

အစားအသောက်နဲ့ ပတ်သက်ပြီး အမှတ်တရ အဖြစ်အပျက်လေးတွေရှိရင် ပြောပြပေးပါဦး။ ဥပမာ- တချို့ သကြားလုံးမျိုမိတာတို့၊ ကျောင်းမှာ မုန့်ခိုးစားလို့ အရိုက်ခံရတာတို့၊ ဟင်းခိုးစားတာတို့ပေါ့။  

            အစားသောက်နဲ့ပတ်သက်ပြီး အမှတ်တရ အဖြစ်အပျက်ဆိုရင် အဲ့ဒီလိုမျိုးကြီးတော့မရှိပါဘူး။ အစားသောက်ကို စားသောက်ဆိုင်မှာ စားတာဖြစ်ဖြစ်၊ သူများအိမ်မှာစားတာဖြစ်ဖြစ် ဘယ်အစားသောက်က ဘယ်လိုပါဝင်ပစ္စည်းတွေပါသလဲဆိုတာကို မှန်းဆကြည့်တဲ့အကျင့်တော့ ရှိတယ်။ ဥပမာ- ကိုယ်မသိတဲ့ ဟင်းပွဲတစ်ပွဲကို စားကြည့်ပြီးတော့ အဲ့ဒီဟင်းပွဲထဲမှာ ဘယ်လို Recipe တွေပါမယ်။ ဘယ်လိုအသား၊ ဘယ်လိုအသီးအရွက်ထည့်ထားသလဲဆိုတာကို ကိုယ့်ဘာသာကို မှန်းကြည့်တာမျိုး အကျင့်ရှိတယ်။

မနက်စာကို ဘယ်အချိန်လောက်စားဖြစ်လဲ။ ဘာဟင်းတွေနဲ့ စားဖြစ်တာများလဲ။ နေ့လယ်စာနဲ့ ညစာရော။

            မနက်စာကိုတော့ များသောအားဖြင့် ကော်ဖီနဲ့ မုန့်နဲ့ပဲ စားဖြစ်တာများတယ်။ နေ့ခင်းဆိုရင်လည်း စားတာနောက်ကျတယ်။ ၁ နာရီခွဲ၊ ၂ နာရီလောက်မှ စားဖြစ်တယ်။ အသီးအရွက်ပိုကြိုက်တော့ အသီးအရွက်စားဖြစ်တာ များတယ်။ အခု ဝိတ်လည်းလျော့နေတော့ ညနေပိုင်းကတော့ မစားဖြစ်တာများတယ်။

ညစာစားဖြစ်ရင်ရော အိမ်မှာ မိသားစုနဲ့စားဖြစ်လား။ ဒါမှမဟုတ် အပြင်မှာစားဖြစ်သလား။ ညစာစားပြီးရင်ရော အချိုတည်းလား။

            ညစာကတော့ စားဖြစ်တယ်ဆိုရင် အပြင်မှာစားဖြစ်တာများတယ်။

စားဖူးသမျှအစားအစာတွေထဲမှာ တစ်သက်မမေ့လောက်အောင်ဖြစ်တဲ့ အစားအသောက်မျိုးရော ရှိလား။

            တစ်သက်မမေ့လောက်တာမျိုးဆိုရင်တော့ မရှိသလောက်ဘဲ။ ညီမအနေနဲ့ အစားသောက်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားတယ်။ ဝါသနာပါတယ်ဆိုတော့ အဲ့လိုထူးထူးခြားခြား စွဲလမ်းနေတာတော့ မရှိဘူး။ ဒါပေမဲ့ ကိုယ်မစားဘူးတဲ့ဟာတွေဆိုရင်တော့ လိုက်စားကြည့်ချင်တာမျိုးပဲရှိတယ်။

ထူးထူးဆန်းဆန်း အစားသောက်တွေရော ညီမစားဘူးလား။

            ထူးထူးဆန်းဆန်း အစားသောက်မျိုးဆိုရင်တော့ မစားဖြစ်ပါဘူး။

အားလပ်ရက်တွေမှာ တစ်ခုခုလုပ်စားလေ့ရှိလား။

            အားလပ်ရက်တွေမှာ တစ်ခုခုလုပ်စားဖြစ်တာမျိုးဆိုရင်တော့ များသောအားဖြင့် မုန့်တွေလုပ်စားဖြစ်ပါတယ်။ ညီမက ကိတ်မုန့်တွေ ပေါင်မုန့်တွေလုပ်တာ ဝါသနာပါတယ်။ ဥရောပစာတွေလည်း ဝါသနာပါတော့ လုပ်စားဖြစ်ပါတယ်။ ကြက်ဥကြော်ရင်တောင်မှ ရိုးရိုးကြက်ဥကြော်မဟုတ်ဘဲ ဥရောပ စတိုင်လ်မျိုးလေး ချက်ဖြစ်ပါတယ်။ အများစု လုပ်စားဖြစ်တာကတော့ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ ပီဇာ၊ ကတ်ကြီးကိုက် စတာတွေ လုပ်စားဖြစ်တာများတယ်။

စောစောက မုန့်ဖုတ်တဲ့သင်တန်းတက်ဖြစ်သွားပုံလေးကရော။

            မုန့်ဖုတ်တာက အစကတည်း ဝါသနာပါတယ်။ ဒီထမင်းဟင်းချက်တာမျိုးကျတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်းရှိတယ်။ သင်တန်းတက်စရာမလိုဘူးလို့လည်း ကိုယ့်ကိုယ်ကိုယ်ထင်တယ်။ နောက် မုန့်ဖုတ်တာတို့၊ ဥရောပ အစားအစာတွေ ညီမက ကြိုက်တယ်။ ဒါပေမဲ့ မလုပ်တတ်ဘူး။ ဒီတော့ အဲဒီဟာတွေ လုပ်တတ်စေချင်တယ်။ သိချင်တယ်။ တတ်ချင်တယ်ဆိုတော့ သွားတက်ဖြစ်တာပါ။

ကိုယ်မစားဖူးတဲ့အစားသောက်တွေကို မြည်းစမ်းချင်စိတ်ရှိလား။

            များသောအားဖြင့်တော့ ထူးထူးဆန်ဆန်းဆို အနောက်တိုင်းအစားအစာကို စိတ်ဝင်စားတယ်။ အဲ့ဒီထဲကမှ ကိုယ်မစားဘူးတဲ့ အစားအစာမျိုးဆိုရင် ပိုစိတ်ဝင်စားတယ်။ အဲ့ဒီအတိုင်း ကြိုးစားပြီး ချက်ကြည့်ချင်တယ်။

တချို့တွေက စိတ်ညစ်တာတို့၊ ဝမ်းနည်းတာ၊ ပျော်ရွင်တာ၊ ဝမ်းသာတာမျိုးမှာ အစားတွေ များများစားလေ့ရှိတယ်။ ညီမကရော အဲလိုအခါများမျိုးမှာ အစားသောက်နဲ့ပတ်သက်ပြီး ဘာတွေစားဖြစ်လဲ။ များများစားလား။ နည်းနည်းစားလား။

            အဲ့ဒီလိုမျိုးတော့မရှိဘူး ။ ညီမကတော့ အစားစားရတာထက် ချက်ရတာကို ပိုပြီးတော့ ဝါသနာပါတယ်။ ကိုယ်ချက်တာကို သူများတွေစားတာကိုကြည့်ပြီး ပျော်တယ်။ ကိုယ်တိုင်ကတော့ အစားနည်းတယ်။

ညီမရဲ့   အစားအသောက်နဲ့ ကျန်းမာရေးပေါ်အမြင်နဲ့ အစားသောက်နဲ့ ခန္ဓာကိုယ်ထိန်းသိမ်းမှုပုံလေးကို ပြောပြပေးပါဦး။

            အစားသောက်နဲ့ ကျန်းမာရေးဆိုရင်တော့ တကယ်တမ်းက လိုအပ်သလောက်ပဲ စားတာကောင်းတယ်လို့ ညီမကမြင်မိတယ်။ တကယ်တမ်း အချိုအရမ်းများတာ၊ အဆီအအိမ့်တွေကို မစားနဲ့ကတော့မဟုတ်ဘူး။ တက်နိုင်သလောက်လျော့ပြီးတော့ စားစေချင်တယ်။ ဒါတွေက လူတစ်ယောက်ရဲ့ လျာအရသာကို စွဲဆောင်နေပေမဲ့ တကယ်တမ်းကျ ကျန်းမာရေးအတွက် မကောင်းပါဘူး။ အစားသောက်နဲ့ ခန္ဓာကိုယ် ဘယ်လိုထိန်းသိမ်းလည်းဆိုရင်တော့ ညီမက ညစာရှောင်တယ်။ တကယ်တမ်း ထမင်းစားဖြစ်ရင်တောင် နေခင်းဘက် ကို ထမင်းလျော့စားတယ်။ ညီမကတော့ ကိုယ့်ဘာသာကို ဝနေပြီလို့ထင်ရင် ဟင်းကို များများစားပြီး ထမင်းကို တစ်လုပ်စာလောက်ပဲစားဖြစ်တယ်။ အဲ့ဒီနည်းက တကယ်လည်း သိသာတယ်။ နောက် ရေထဲမှာ အသီးအရွက်တွေ စိမ်ပြီးသောက်ဖြစ်တာမျိုး လုပ်ဖြစ်ပါတယ်။

အိမ်ကမိဘတွေချက်တဲ့ ဟင်းတွေထဲမှ ဘယ်ဟင်းကို အကြိုက်ဆုံးလဲ။

            မေမေ က ညီမရဲ့ လက်ဦးဆရာဆိုတော့ မေမေချက်တဲ့ ဟင်းမှန်သမျှကြိုက်တယ်။

နိုင်ငံတကာအသောက်တွေမှာဆိုရင် ဘယ်နိုင်ငံက ဘယ်အစားသောက်ကို စားဖြစ်တာများလဲ။

            ညီမကတော့ European အစားသောက်တွေ ကြိုက်ပါတယ်။ အသားများတာထက် အသီးအရွက်များတာကို ပိုကြိုက်ပါတယ်။

နိုင်ငံခြားကိုရောက်နေတဲ့အချိန်မှာ ကိုယ့်နိုင်ငံက ဘယ်အစာအစားကို လွမ်းဆွတ်တမ်းတမိပါသလဲ။

            ညီမက နိုင်ငံခြားရောက်ရင်တော့ ညီမက သတိရမိတာမရှိဘူး။ ဘာလို့လည်းဆိုတော့ ညီမက နိုင်ငံခြားအစားစာပိုကြိုက်တယ်။ ပိုစားဖြစ်တယ်ဆိုတော့လေ။ ညီမ နိုင်ငံခြားရောက်သွားပြီဆိုရင်လည်း အဲ့ဒီမှာ ဘာအစားသောက်တွေက စိတ်ဝင်စားဖို့ကောင်းလဲဆိုတာ လိုက်လေ့လာနေတာနဲ့ မြန်မာပြည်ကအစားစာကို မေ့နေတယ်။

ဘဝမှာ အမှတ်တရဖြစ်မယ့်အစားအစာရှိလား။ ဥပမာ အဲဒီအစားအစာကိုစားလိုက်ရင် တစ်နေရာရာ၊ တစ်ယောက်ယောက် စသဖြင့် အမှတ်တရဖြစ်မယ့် အစားအစာမျိုးပေါ့။

            အဲဒီလိုမျိုးဆိုရင်တော့ ငယ်ငယ်တုန်းက ကျောင်းထိပ်မှာရောင်းတဲ့ ကြက်ဥခေါက်မုန့်၊ ကတ်စေးနှဲ၊ နောက် အုန်းသီးနဲ့ ဝေဖာကပ်လေးတွေ အရမ်းကြိုက်တယ်။ အခုဘယ်ကျောင်းရှေ့ရောက်ရောက် ဝယ်စားဖြစ်တယ်။ အဲ့ဒါမျိုးလေးတွေ ပြန်စားလိုက်ရရင် ငယ်ငယ်ကျောင်းတက်တုန်းက ဘဝကို ပြန်သတိရမိတယ်။

ညီမစားဖူးသမျှထဲမှာ ဈေးကြီးပြီး မတန်ဘူးထင်တဲ့ အစားသောက်တွေရှိလား။ ဈေးပေါပြီး တန်တာမျိုးရော။

            အဲ့ဒီလိုမျိုး ဈေးကြီးပြီး မတန်ဘူးထင်တာ အဲ့ဒီလိုမျိုးတော့မရှိပါဘူး။ ဒါပေမဲ့ တချို့ ဆိုင်တွေကျတော့ အရသာက မထူးမခြားနားဖြစ်နေပြီး ဈေးကြီးနေတာမျိုးတွေ့ရင်တော့ မတန်ဘူးလို့ စဉ်းစားမိတယ်။ ဈေးပေါပြီး တန်တာမျိုးကျတော့ တိတိကျကျ မမှတ်ထားမိဘူး။

စားသောက်ဆိုင်နဲ့ အိမ်မှာဆိုရင် ဘယ်မှာပိုပြီးတော့ စားချင်လဲ။

            ညီမကတော့ ဆိုင်မှာပဲ ပိုစားချင်တယ်။

ရည်မွန်အကြိုက်ဆုံး အသီးအနှံ၊ အရွက်၊ အသား၊ ငါးတွေကို ပြောပြပေးပါဦး။ ဖျော်ရည်တွေထဲမှာဆိုရင်ရော။

            ညီမအကြိုက်ဆုံး အသီးအနှံ၊ အသီးအရွက်ဆိုရင်တော့ အများစုကိုကြိုက်တယ်။ ညီမ မကြိုက်တာက ပိန္နဲသီး၊ နာနတ်သီး၊ ဒူးရင်းသီး။ အသားငါးထဲမှာဆိုရင်တော့ ပင်လယ်စာတွေကိုကြိုက်တယ်။ ဖျော်ရည်ထဲမှာဆိုရင်တော့ ဖရဲသီးဖျော်ရည်ကြိုက်တယ်။

ညီမနဲ့မတည့်တဲ့ အစားသောက်တွေရောရှိလား။

            မတည့်တာမျိုးတော့ မရှိပါဘူး။

အစားအသောက်တစ်ခုခုကိုစားနေတုန်း အဲဒီထဲမှာ ရွံစရာတွေ ဘာတွေရော တွေ့ဖူးလား။ အစားသောက်စားနေရင်း သူငယ်ချင်းတွေက ဘေးနားက ရွံစရာပြောရင်ရော ရွံတတ်လား။

            အဲ့ဒီလိုမျိုး မှတ်မှတ်ရရကြီးတော့ မကြုံဘူးပါဖူး။ ကိုယ်စားနေတဲ့ဟာကိုပဲ စိတ်က ဝင်စားနေတာဆိုတော့လေ။ သူငယ်ချင်းတွေနောက်ရင်လည်း ညီမက သူတို့နောက်တဲ့အထဲကို စိတ်ကမရောက်ပါဘူး။ ရယ်စရာလို့ပဲ သတ်မှတ်ပါတယ်။ သူတို့ ဘယ်လောက်နောက်နောက် ဘာမှမဖြစ်ပါဘူး။

အစားသောက်က နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှုကို ဖော်ဆောင်နိုင်တယ်လို့ ထင်မြင်မိပါသလား။

            ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်နိုင်ငံကိုပဲရောက်ရောက် သူတို့ရဲ့ ရိုးရာ အစားသောက်ဆိုတာရှိတယ်။ ဥပမာ ထိုင်းဆိုရင် အစပ်ဘက်ကို များများသွားတယ်။ အချိုပွဲဆိုရင်လည်း အရမ်းချိုရဲနေအောင်လုပ်တယ်။ မြန်မာဆိုရင်လည်း အငန်စားတာများ စသဖြင့်ပေါ့။ နိုင်ငံတစ်နိုင်ငံရဲ့ အရသာ၊ ရိုးရာအစားစာတွေကို သူတို့နိုင်ငံတွေကို ကိုယ်စားပြုတယ်လို့ထင်ပါတယ်။

ညီမက အချက်အပြုတ်လည်း တကယ်ဝါသနာပါတယ် ဆိုတော့ စားသောက်ဆိုင်လေးများဖွင့်ဖို့ စိတ်ကူးရှိလား။

            အမှန်ပြောရရင် ညီမရဲ့ ငယ်ငယ်အိပ်မက်က ကော်ဖီဆိုင်၊ စားသောက်ဆိုင်မျိုး ဖွင့်ချင်တာပါ။ ဒါပေမဲ့ ဆိုင်ဖွင့်ဖို့ အတွက်ကျတော့ လူအင်အား၊ ငွေအင်အား အများကြီးလိုအပ်ပါတယ်။ နောက် စားသောက်ဆိုင်တွေကလည်း အခု အရမ်းများနေတဲ့အခါကျတော့ ကိုယ်က သူများထက်မှ ထူးထူးခြားခြားမလုပ်နိုင်ရင် အဆင်မပြေဘူးလေ။ နောက်ပြီးတော့ ဖွင့်မယ်နေရာတွေက အရမ်းဈေးကြီးတော့ စသဖြင့် အဖက်ဖက်က စဉ်းစားနေရပါတယ်။ ဖွင့်ဖို့အိပ်မက်ကတော့ ညီမမှာရှိပါတယ်။

အခုလက်ရှိ အနုပညာလှုပ်ရှားမှုတွေကရော။

            အခုတော့ ညီမ တစ်ကိုယ်တော်အခွေလုပ်ထားတယ်။ နောက် No အဖွဲ့အနေနဲ့ အခွေထွက်ဖို့ရှိတယ်။ အဲဒါတွေကလည်း ညီမ ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးကတည်းက ရပ်ထားတာတွေပါ။ အခု သားလေး ၁ နှစ်လောက်ဖြစ်ရင်တော့ ပြန်စလုပ်ပါမယ်။

အခု ညီမလုပ်ပြတဲ့ ယိုးဒယားစတိုင်လ် ပုစွန်ချူချီဟင်းလေးကို လိုက်လုပ်စားမယ့်ပရိသတ်အတွက် အမှတ်တရစကား လက်ဆောင်လေးကို ပြောပြပေးပါဦး။

            ဒီဟင်းလေးက ယိုးဒယားပုံစံလေးဆိုပေမယ့် သိပ်ချက်ရတာ လက်မဝင်ပါဘူး။ ချက်ရတာလည်း လွယ်ကူပါတယ်။ အရသာကလည်း ကောင်းမွန်ပါတယ်။ ဒါကြောင့် ပရိသတ်ကြီးအနေနဲ့ ချက်ဖြစ်အောင် ချက်စားကြည့်ပါလို့။

♦   အာဂ မေးမြန်းရေးသားသည်   ♦

ရည်မွန်ရဲ့ ပုစွန်ချူချီဟင်း

►   ပါဝင်ပစ္စည်း

♦   ပုစွန်   –   ၁၅ ကျပ်သားခန့်

♦   ကြက်သွန်နီ   –   ဥကြီး ၁ ခြမ်း (ပါးပါးလှီး)

♦   ပန်းငရုတ်ပွ   –   တစ်လုံး (လေးထောင့်လှီး)

♦   ယိုးဒယားငရုတ်သီးအနှစ်   –   စားပွဲဇွန်း ၁ ဇွန်းခန့်

♦   ကချိုင်ဥ   –   တစ်တောင့်

♦   စပါးလင်   –   အနည်းငယ်(နုပ်နုပ်စဉ်း)

♦   ပတဲကော   –   အနည်းငယ်(နုပ်နုပ်စဉ်း)

♦   တောရှောက်ရွက်၊ ငရုတ်သီးအနီ   –   (အလှဆင်ရန်)

♦   ဆီ   –   ၅ ကျပ်သား

♦   ရေ   –   အနည်းငယ်

♦   ဆား   –   လက်ဖက်ရည်ဇွန်း ၁ ဇွန်း

♦   ပုစွန်ငံပြာရည်   –   လက်ဖက်ရည်ဇွန်း ၂ ဇွန်း

♦   အုန်းနို့   –   လက်ဖက်ရည်ပန်းကန်လုံးတစ်လုံးစာ

♦   သကြား   –   လက်ဖက်ရည်ဇွန်း ၃ ဇွန်း

►   ပြုလုပ်နည်း

၁။        ပထမဆုံး ယိုးဒယား ငရုတ်သီးအနှစ်ကို ဆီသတ်ပါ။ ပြီးလျှင် စပါးလင်နှင့် ပတဲကော၊ ကြက်သွန်နီ၊ ကချိုင်ဥနုပ်နုပ်ကို ထည့်မွှေပါ။

၂။        ရနံ့မွှေးလာပြီဆိုလျှင် အုန်းနို့ကို ထည့်မွှေပေးပါ။ အရသာအတွက် ပုစွန်ငံပြာရည်၊ သကြား ထည့်ပါ။

၃။        ပြီးလျှင် သန့်စင်ပြီးသားပုစွန်ကို ထည့်ပြီး မွှေပါ။ ငရုတ်ပွပါထည့်ပါ။ အိုးဘေးနှုတ်ခမ်းသားမကပ်ခင် ရေ အနည်းငယ်ထည့်ပါ။

၎။        ထို့နောက် တောရှောက်ရွက်နဲ့ ငရုတ်သီးအတောင့်ကို ပါးပါးလှီးပြီး အပေါ်က အုပ်ပြီးလျှင် သုံးဆောင်လို့ရပါပြီ။

Facebook Comments