ကိုယ်ချက်ထားတာတွေကို သူများတွေ စားကောင်းတယ်၊ ကြိုက်ကြတယ်ဆိုရင် ပျော်တယ်ဆိုတဲ့ ပိုင်ဖြိုးသု

 

♦    အချက်အပြုတ်ကို ဘယ်အရွယ်လောက်ကတည်းက စပြီးတော့ ဝါသနာပါခဲ့ပါသလဲ။

အချက်အပြုတ်ကိုတော့ ၉ တန်း၊ ၁ဝ တန်းလောက်ကစပြီးတော့ ဝါသနာပါခဲ့တာပါ။

♦    အခု အာလူးကတ်တလိပ်ကြော်လေးကို ပရိသတ်ကို ချက်ပြုတ်ပြဖို့ စီစဉ်ဖြစ်သွားပုံလေးကိုလည်း ပြောပြပေးပါဦး။

ညီမကိုယ်တိုင်ကလည်း သက်သတ်လွတ်စားတယ်။ ဒီတော့ သက်သတ်လွတ် အစားစာ ထူးထူးဆန်းဆန်းလေးတွေဆိုရင် ညီမကြိုက်တယ်။ များသောအားဖြင့် အာလူးကတ်တလိပ်ဆိုရင် အာလူးချည်းသက်သက် လုပ်စားကြတာများတယ်။ ဆိုင်တွေမှာရောင်းတာဆိုရင်တော့ ဆိတ်သား၊ အမဲသားသွတ်ထားတာများတယ်လေ။ ညီမတို့ကျတော့ အသီးအရွက်ကို အဆာသွတ်တယ်။ မုန်လာဥနီ၊ ဂေါ်ဖီ၊ ပဲပင်ပေါက်၊ ပဲပြား စသဖြင့် အဆာသွတ်စားတော့ ဒီဟင်းပွဲလေးကို စီစဉ်ဖြစ်သွားတာပါ။

♦    ဘဝမှာ ပထမဆုံး စချက်ဖြစ်တဲ့ ဟင်းပွဲလေးကို မှတ်မိသေးရင်ပြောပြပေးပါဦး။ အရသာကရော ဘယ်လို ရှိသလဲ။

ပထမဆုံးချက်ဖြစ်တာဆိုရင် ကိုးတန်းလောက်က ဖြစ်မယ်။ ညီမ မြိတ်ဘက်သွားလည်တော့ အဲဒီက အန်တီကြီးချက်ကျွေးတဲ့ဟင်းပါ။ အများစုက ပုန်းရည်ကြီးကို ဝက်သားနဲ့ ချက်ကြတာများတယ်။ ငါးနဲ့ချက်ကြတယ်။ ဒါပေမဲ့ အဲဒီအန်တီကတော့ ပုန်းရည်ကြီးကို ဘဲဥနဲ့ချက်ကျွေးတယ်။ အဲဒီဟင်းလေးကို ညီမ အိမ်ပြန်ရောက်တော့ ပြန်ချက်ကြည့်တာ အဲ့ဒါကတော့ ညီမရဲ့ ပထမဆုံးဟင်းပွဲလေးပါပဲ။ အရသာကတော့ ၉ တန်းပဲဆိုတော့ မလုပ်တတ် မကိုင်တတ်နဲ့လုပ်တာ ပုန်းရည်ကြီးက တူးသွားတယ်။ (ရယ်လျက်)

♦    ချက်တဲ့ဟင်းကိုစားပြီး ပထမဆုံး ချီးမွမ်းခံရတုန်းက ခံစားချက်ကရော။ အချက်အပြုတ်ကို ဘယ်သူတွေဆီက သင်ယူဖူးလဲ။

ပျော်တယ်။ ကိုယ်ချက်ထားတာတွေကို သူများတွေစားကောင်းတယ်။ ကြိုက်ကြတယ်ဆိုရင် ပျော်တယ်။ ညီမကလည်း အချိန်နည်းတယ်။ အားတဲ့အချိန်မှာ အိမ်က မိသားစုတွေကို ချက်ပြုတ်ကျွေးရတဲ့အခါမှာ မိသားစုတွေကကြိုက်တယ်။ ချီးမွမ်းကြရင် ပျော်တယ်။ အထူးသဖြင့် ညီမရဲ့ ညီမလေးက ညီမလုပ်ပေးမှကြိုက်တယ်ဆိုတဲ့ ဟင်းလေးတွေရှိတော့ ကိုယ်အားရင် သူ့အတွက်လုပ်ပေးဖြစ်တယ်။ အချက်အပြုတ်ကတော့ အမေရယ်။ အဘွားရယ်ဆီကနေ အဓိကသင်ယူဖြစ်ပါတယ်။

♦    ငယ်ငယ်တုန်းကကြိုက်ပြီး အခုမကြိုက်တဲ့ အစားအစာ ဒါမှမဟုတ် ငယ်ငယ်တုန်းက မကြိုက်ဘဲ အခုမှကြိုက်တဲ့ အစားအစာရောရှိလား။

ငယ်ငယ်ကြိုက်ပြီး အသက်ကြီးမှ မကြိုက်တာမျိုးဆိုရင် အသား၊ ငါးတွေပေါ့။ အဲဒါကလည်း ကြိုက်တယ်လို့ မဟုတ်ပါဘူး။ အသား၊ ငါးတွေကို အသက်ကြီးတော့ မစားဖြစ်တော့ဘူး။ ငယ်ငယ်မကြိုက်ဘဲ အသက်ကြီးမှကြိုက်တာဆိုရင်တော့ သင်္ဘောသီးပဲ။ ညီမငယ်ငယ်က လုံးဝ သင်္ဘောသီးမစားဘူး။

♦    ငယ်ငယ်က အစားအသောက်နဲ့ပတ်သက်ပြီး အမှတ်တရ အဖြစ်အပျက်လေးတွေရှိရင် ပြောပြပေးပါဦး။ ဥပမာ-တချို့ သကြားလုံးမျိုမိတာတို့၊ ကျောင်းမှာ မုန့်ခိုးစားလို့ အရိုက်ခံရတာတို့၊ ဟင်းခိုးစားတာတို့ပေါ့။

အဲ့ဒါမျိုးဆိုရင်တော့ ငယ်ငယ်က လိမ္မော်သီးအစေ့မျိုချမိတာက အမှတ်တရပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ငယ်ငယ်တုန်းက လူကြီးတွေက လိမ္မော်စေ့တွေ စားမိမှာတို့၊ ဆော့မှာစိုးလို့ ခြောက်ပြီးပြော ထားတာတွေ ရှိတယ်လေ။ လိမ္မော်သီးအစေ့မျိုချမိရင် ဗိုက်ထဲမှာ လိမ္မော်ပင်ပေါက်လိမ့်မယ် စသဖြင့်ပေါ့။ အဲဒီနေ့က အဲ့အစေ့မျိုချမိတော့ ဒုက္ခပါပဲ ငါ့ဗိုက်ထဲမှာ လိမ္မော်ပင်ကြီးတော့ ပေါက်တော့မှာပဲ။ အဲဒီကျရင် ငါ့ဗိုက်ကြီးတော့ ပေါက်ထွက်ကုန်တော့မှာပဲလို့ တွေးမိပြီး စိတ်ပူခဲ့ရတယ်။ ဒါလေးကတော့ အမှတ်တရပါပဲ။

♦    မနက်စာကို ဘယ်အချိန်လောက်စားဖြစ်လဲ။ ဘာဟင်းတွေနဲ့ စားဖြစ်တာများလဲ။ နေ့ လယ်စာကိုရော။ ညစာရော။

မနက်စာကို များသောအားဖြင့် မနက် ၇ နာရီဝန်းကျင်လောက်မှာ စားဖြစ်ပါတယ်။ နေ့လယ်စာကတော့ ဆေးရုံနဲ့ ရှုတင်နဲ့ဆိုတော့ သိပ်မမှန်ဘူး။ ဒါပေမဲ့ တတ်နိုင်သလောက်တော့ ၁၂ ခွဲ၊ ၁ နာရီ၊ ၁ နာရီခွဲလောက် နောက်ဆုံးထားပြီးစားဖြစ်ပါတယ်။ ညစာဆိုရင်လည်း စားပါတယ်။ ညီမက အစားသီးသန့်ရှောင်တာမျိုး သိပ်မရှိဘူး။ ညစာဆိုရင် ထမင်းမစားရင်တောင်မှ အာဟာရဖြစ်မယ့်ဟာတစ်ခုခုတော့ စားဖြစ်ပါတယ်။

♦    စားဖူးသမျှအစားအစာတွေထဲမှာ တစ်သက်မမေ့လောက်အောင်ဖြစ်တဲ့ အစားအသောက်မျိုးရော ရှိလား။

ညီမ အမှန်အတိုင်းဝန်ခံရရင် အစားအသောက်ကို သိပ်ပြီးတော့ စွဲစွဲလန်းလန်း မရှိဘူး။ အဆင်ပြေသလို စားလိုက်တာများတယ်။ ဒါပေမဲ့ မေမေချက်တဲ့ ထောပတ်ထမင်းကိုတော့ တစ်သက်မမေ့လောက်တဲ့ အစားစာထဲ ထည့်ရမလားဘဲ။ အခြားဘယ်က ထောပတ်ထမင်းမှ မစားဘူး။ မေမေချက်တာကိုပဲ စားဖြစ်တယ်။

♦    အားလပ်ရက်တွေမှာ တစ်ခုခုလုပ်စားလေ့ရှိလား။

လုပ်စားဖြစ်ပါတယ်။ ညီမက အားရင်တော့ မီးဖိုချောင်ဝင်ပြီးတော့ တစ်ခုခုချက် လိုက်ရတာကို ကြိုက်တယ်။ လုပ်နေကျမဟုတ်တာ တစ်ခုခုလုပ်ကြည့်ရတာကို ကြိုက်တယ်။ အဲဒီလိုချက်လိုက်ပြုတ် လိုက်တာက ညီမအတွက် စိတ်အပန်းပြေစေတယ်။ အထူးသဖြင့် ကိုယ်ချက်တာကို သူများက ကြိုက်တယ်ဆိုရင်တော့ ပိုပြီးတော့ ကျေနပ်မိတယ်။

♦    ရှုတင်တို့၊ ကျောင်းတို့သွားတဲ့အခါမှာ ထမင်းချိုင့်တွေယူလေ့ရှိလား။

ယူသွားဖြစ်တယ်။ ဘာလို့လည်းဆိုတော့ ညီမက သက်သတ်လွတ်သမားဆိုတော့ အပြင်မှာ ဝယ်စားဖို့အတွက် သိပ်အဆင်မပြေဘူး။ ဒါကြောင့် ရှုတင်တို့၊ ကျောင်းတို့သွားရင် ထမင်းချိုင့် အမြဲယူသွားတယ်။

♦    ကိုယ်မစားဘူးတဲ့ အစားအသောက်တွေကို မြည်းစမ်းချင်စိတ်ရှိလား။ ရှိရင် ဘယ်လိုအရာမျိုးတွေ မြည်းစမ်းဖြစ်ပါလဲ။

အဲဒီလိုမျိုးတော့ မရှိဘူး။ ညီမက အစားသောက်ဆိုရင် စားနေကျဟာပဲ စားတယ်။ ထူးထူးခြားခြားဟာမျိုးဆို စားကြည့်လေ့မရှိဘူး။ သူငယ်ချင်းတွေက စားကြည့်ပါ အရမ်း ကောင်းတယ်ပြောမှပဲ စားကြည့်မိတာမျိုးပဲရှိတယ်။ တော်ယုံတန်ယုံဆိုရင် အသစ်အစမ်း မမြည်းတတ်ဘူး။

♦   တချို့တွေက စိတ်ညစ်တာတို့၊ ဝမ်းနည်းတာ၊ ပျော်ရွင်တာ ဝမ်းသာတာမျိုးမှာ အစားတွေ များများစားလေ့ရှိတယ်။ ညီမကရော အဲလိုအခါများမျိုးမှာ အစားအသောက်နဲ့ ပတ်သက်ပြီး ဘာတွေစားဖြစ်လဲ။ များများစားလား၊ နည်းနည်းစားလား။

ညီမကတော့ စိတ်ရော၊ လူရော အရမ်းပင်ပန်းရင်တော့ အစားတွေအများကြီး စားလေ့ရှိပါတယ်။ အဲဒီလိုအချိန်ဆိုရင် ညစာကို ပိုစားလေ့ရှိတယ်။ တော်ရုံတန်ယုံဆိုရင် ညစာကို သိပ်မစားဖြစ်ဘူး။ ဝိတ်ချတာတွေ ဘာတွေလည်း မစဉ်းစားတော့ဘူး။ စားပစ်လိုက်တာပါပဲ။

♦    ညီမရဲ့   အစားအသောက်နဲ့ ကျန်းမာရေးပေါ်အမြင်နဲ့ အစားအသောက်နဲ့ ခန္ဓာကိုယ်ထိန်းသိမ်းမှုပုံလေးကို ပြောပြပေးပါဦး။

အစားအသောက်နဲ့ ကျန်းမာရေးပေါ်အမြင်ဆိုရင် အစားအသောက်က ကျန်းမာရေးနဲ့ အများကြီးအဆက်အစပ်ရှိတယ်။ အရင်ခေတ်တုန်းကဆိုရင် ကူးစက်ရောဂါတွေ အများဆုံးဖြစ်တယ်။ အခုကျတော့ အရင်လိုမဟုတ်ဘူး။ လူတွေက သွေးတိုး၊ ဆီးချို၊ နှလုံး ဖြစ်တယ်။ ဒါကတော့ အစားအသောက်ကြောင့်ဖြစ်တာပါ။ ဒီတော့ အစားအသောက်က လူတစ်ယောက်ရဲ့ ကျန်းမာရေးကို အများကြီးလွမ်းမိုးမှုရှိပါတယ်။ အရင်တုန်းကတော့ Diet ကို အမြဲတမ်းလုပ်ဖြစ်တယ်။ အခုကျတော့ ရှုတင်ရော၊ ဆေးရုံအလုပ်ရောဆိုတော့ အရမ်းပင်ပန်းပြီး အစားကို သေချာလျော့ချတာမျိုးမရှိတော့ဘူး။ ဝိတ်တော့ ပုံမှန်ချိန်တာပေါ့နော်။ ဒါပေမဲ့ အရမ်းကြီးတက်လာတာမျိုးတော့ မရှိဘူး။ ဝိတ်နည်းနည်းတက်လာပြီ ဆိုရင်တော့ ညစာကို လျော့ချပစ်လိုက်တယ်။ ကျန်တာတော့ မလျော့ဖြစ်ဘူး။ ညစာတော့ လျော့စားဖြစ်လိုက်တာမျိုးတော့ လုပ်ဖြစ်ပါတယ်။

♦    အိမ်ကမိဘတွေချက်တဲ့ ဟင်းတွေထဲမှ ဘယ်ဟင်းကိုအကြိုက်ဆုံးလဲ။

မေမေချက်တဲ့ ထောပတ်ထမင်းကြိုက်တယ်။ ညီမက သတ်သက်လွတ်စားတော့ မေမေသီးသန့်လုပ်ပေးတဲ့ သက်သတ်လွတ်မုန့်ဟင်းခါးကြိုက်တယ်။

♦    ညီမလေးအနေနဲ့ သက်သတ်လွတ်က ဘယ်လိုဖြစ်လို့ စားဖြစ်သွားတာလဲ။

သက်သတ်လွတ်က ညီမက ငယ်ငယ်ကတည်းကစားချင်တာ အိမ်ကပေးမစားဘူး။ အဲဒါနဲ့ ၁ဝ တန်းအောင်မှပေးစားလို့ စားဖြစ်သွားတာပါ။

♦    နိုင်ငံတကာက အစားအသောက်တွေမှာဆိုရင် ဘယ်နိုင်ငံက ဘယ်အစားအသောက်ကို စားဖြစ်တာများလဲ။

ညီမက ယိုးဒယားစာကြိုက်တယ်။ ဂျပန်စာကြိုက်တယ်။

♦   နိုင်ငံခြားကိုရောက်နေတဲ့အချိန်မှာ ကိုယ့်နိုင်ငံက ဘယ်အစားအစာကို လွမ်းဆွတ်တမ်းတမိပါသလဲ။

အဲဒီလိုမျိုးဆိုရင်တော့ ပဲပြုတ်နဲ့ထမင်းကို သတိရမိတယ်။ ညီမက ပဲပြုတ်ထမင်းကို အရမ်းကြိုက်တယ်။ ပဲပြုတ်ထမင်းက နိုင်ငံခြားမပြောနဲ့ တခြားနယ်သွားရင်တောင် အရသာက မတူဘူး။ ရန်ကုန်က ပဲပြုတ်ပဲကြိုက်တယ်။ အခြားနယ်က ပဲပြုတ်ဆိုရင် မကြိုက်ဘူး။ နိုင်ငံခြားဆိုရင်တော့ ဘာမှမတတ်နိုင်ဘူးလေ။ ပြန်ရောက်မှ အတိုးချစားမယ်လို့ပဲ မှတ်ထားမိပါတယ်။

♦    ဘဝမှာ အမှတ်တရဖြစ်မယ့် အစားအစာရှိလား။ ဥပမာ အဲဒီအစားအစာကို စားလိုက်ရင် တစ်နေရာရာ၊ တစ်ယောက်ယောက် စသဖြင့် အမှတ်တရဖြစ်မယ့် အစားအစာမျိုးပေါ့။

အဲဒီလိုမျိုးဆိုရင်တော့ ငယ်ငယ်ကတည်းက အခုအရွယ်အထိ ကြိုက်တဲ့ဟာလေးကတော့ ဝေဖာကြားထဲမှာ အုန်းသီးတို့၊ နို့ဆီတို့ ထည့်ထားတဲ့ အုန်းနို့ဝေဖာကို အရမ်းကြိုက်တယ်။ အဲဒါလေး စားမိရင်တော့ ကျောင်းတက်တုန်းက ကလေးဘဝပြန်ရောက်သွားသလို ခံစားမိတယ်။

♦    ညီမစားဖူးသမျှထဲမှာ ဈေးကြီးပြီး မတန်ဘူးထင်တဲ့ အစားအသောက်တွေရှိလား။

ဟုတ်ရှိပါတယ်။ ညီမက သက်သတ်လွတ်သမားဆိုတော့ ဘယ်မှာသွားစားစား သက်သာပါတယ်။ ဒါပေမဲ့ ညီမတို့သူငယ်ချင်းဖြစ်ဖြစ်၊ ညီအစ်မတွေနဲ့ဖြစ်ဖြစ် သွားစားရင်းနဲ့ ကြုံဖူးပါတယ်။ ညီမရဲ့ ညီမက Steak  တွေကြိုက်တယ်။ အဲဒီတုန်းက ဘာမှလည်းမပါတဲ့ Steak တစ်ခုကို စားလိုက်တာ သုံးသောင်းခွဲလောက်ကျတယ်။ သေးသေးလေးနဲ့ ဗိုက်လည်းမဝဘူးလေ။

♦    စားသောက်ဆိုင်နဲ့ အိမ်မှာဆိုရင် ဘယ်မှာပိုပြီးတော့စားချင်လဲ။

ညီမက အိမ်မှာစားရတာကို ပိုကြိုက်ပါတယ်။

♦    ပိုင်ဖြိုးသုအကြိုက်ဆုံး အသီးအနှံ၊ အရွက်၊ အသား၊ ငါးတွေကို ပြောပြပေးပါဦး။ ဖျော်ရည်တွေထဲမှာဆိုရင်ရော။

အသီးအနှံဆိုရင် Sunkist ကြိုက်တယ်။ ကျွဲကောသီးကြိုက်တယ်။ ဗီတာမင်စီ များများပါတဲ့ အရည်ရွမ်းတဲ့အသီးတွေကို ကြိုက်ပါတယ်။ အသားငါးကတော့ သက်သတ်လွတ်ဆိုတော့ မစားဖြစ်ဖြစ် ပါဘူး။ ဖျော်ရည်ဆိုရင်တော့ အကုန်သောက်တယ်။ စတော်ဘယ်ရီ၊ ထောပတ်သီး စသဖြင့်ပေါ့။ ညဘက် ထမင်းမစားဖြစ်ရင် အသီးတွေ အကုန်ရောပြီးတော့ ဖျော်သောက်တာမျိုးလည်းရှိပါတယ်။

♦    ပိုင်ဖြိုးသုနဲ့မတည့်တဲ့ အစားအစာတို့၊ မကြိုက်တဲ့အစားအစာတို့ရောရှိလား။

မကြိုက်တာကတော့ ဒူးရင်းသီးမစားဘူး။ ပိန္နဲသီးမစားဘူး။ ညီမနဲ့မတည့်တဲ့ အစားစာကတော့ မရှိပါဘူး။

♦    အစားအသောက်တစ်ခုခုကို စားနေတုန်း အဲဒီထဲမှာ ရွံစရာတွေဘာတွေရော တွေ့ဖူးလား။ အစားအသောက်စားနေရင်း သူငယ်ချင်းတွေက ဘေးနားက ရွံစရာပြောရင်ရော ရွံတတ်လား။

ရွံတတ်တယ်လို့ ပြောရမယ်ထင်တယ်။ ညီမစားသောက်နေတုန်း တစ်ခုခုရွံစရာတွေ့ရင် ဆက်မစားဖြစ်တော့ဘူး။ ဒါပေမဲ့ အဲဒါက အရင်တုန်းကပါ။ အခုဆေးရုံမှာ အလုပ်ဆင်းနေရတော့ သိပ်မဖြစ်တော့ဘူး။ တစ်ခါတလေ ထမင်းစားနေတုန်း ကလေးမွေးတော့မယ်ဆိုရင်လည်း မွေးခန်းထဲဝင်ရတာပဲလေ။ ပြန်ထွက်လာတော့လည်း ခပ်တည်တည်နဲ့ စားတာပဲလေ။သူငယ်ချင်းတွေ စနောက်ရင်တော့ အရင်တုန်းကဆိုဖြစ်တယ်။ အခုနောက်ပိုင်းကျတော့ ကျင့်သားရလာတယ်လေ။ သူငယ်ချင်းတွေကလည်း အရင်က ညီမရွံတတ်မှန်းသိတော့ စတယ်။ နောက်ပိုင်းကျတော့ အလုပ်လုပ်ရင်းနဲ့ သူတို့စတာ နောက်တာ မတိုးတော့ မစကြတော့ဘူး။

♦    အစားအသောက်က နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှုကိုဖော်ဆောင်နိုင်တယ် လို့ ထင်မြင်မိပါသလား။

ထင်ပါတယ်။ အစားအသောက်က ဥပမာ- မြန်မာနိုင်ငံမှာဆိုရင် ဆီထမင်းတို့၊ နန်းကြီးသုပ်တို့က ဒီမှာပဲရှိတာလေ အခြားဘယ်နိုင်ငံမှာမှမရှိဘူး။ ယိုးဒယားဆိုရင်လည်း သူ့ရဲ့ တုံယမ်းဟင်းချိုက နိုင်ငံတကာက သိတယ်လေ။ ဂျပန်ဆိုရင်လည်း ဆူရှီ စသဖြင့် နိုင်ငံတိုင်းမှာ သူ့ယဉ်ကျေးမှုနဲ့သူ ကိုက်ညီတဲ့ အစားအသောက်တွေ အကုန်ရှိတယ်။

♦    အခုလုပ်ပြတဲ့ သက်သတ်လွတ်အာလူးကတ်တလိပ်ကြော်ကို လိုက်လုပ်စားမယ့်ပရိသတ်အတွက် အမှတ်တရ စကားလက်ဆောင်လေးကို ပြောပြပေးပါဦး။

ဒီဟာလေးက သက်သတ်လွတ်အစားသောက်ဆိုပေမဲ့ အာဟာရလည်းပြည့်ဝတယ်။ အပြင်ဆိုင်တွေမှာလည်း ဒါမျိုးအစားသောက်ကို မရောင်းပါဘူး။ တကယ့်ကို ကိုယ်တိုင်လုပ်စားရမှရတဲ့ ပုံစံလေးပါ။ ဒီတော့ ပရိသတ်တွေလည်း သဘောကျကျမယ်လို့ ထင်ပါတယ်။

————————————–

◘  အာဂမေးမြန်းရေးသားသည်  ◘

————————————–

Facebook Comments