ကိုယ်ချက်ထားတာကို ကောင်းတယ်လို့ ချီးမွမ်းပြီး ကိုယ့်ရှေ့မှာ အားရပါးရစားတာ မြင်တော့ အရမ်းပျော်ပါတယ်ဆိုတဲ့ ရတီ

by အာဂ for Food Magazine

အချက်အပြုတ်ကို ဘယ်အရွယ်ကတည်းက စပြီးတော့ ဝါသနာပါခဲ့ပါသလဲ။

အချက်အပြုတ်ကို ညီမ ငယ်ငယ်က ၉ တန်း နှစ်လောက်က အမေနေမကောင်းလို့ရှိရင် အမေအတွက် ချက်ပြုတ်ပေးရင်းနဲ့ ဝါသနာပါခဲ့တာပါ။

အခု မာလာရှမ်းကောလေး ပရိသတ်ကို လုပ်ပြဖို့ စီစဉ်ဖြစ်သွားပုံလေးလည်း ပြောပြပေးပါဦး။

မာလာရှမ်းကောလေးကတော့ အခု လူတိုင်းကြိုက်နေတဲ့ အစားအစာလေးဖြစ်တဲ့အပြင် ချက်နည်းလေးကိုလည်း စိတ်ဝင်စားတာနဲ့ ချက်ဖြစ်သွားတာပါ။

ဘဝမှာ ပထမဆုံးစချက်ဖြစ်တဲ့ ဟင်းပွဲလေးကို မှတ်မိသေးရင် ပြောပြပေးပါဦး။ အရသာကရော ဘယ်လိုရှိသလဲ။

ပထမဆုံးလုပ်ဖြစ်တာဆိုရင် ကြက်သားစွပ်ပြုတ်ပါ။ အဲဒီတုန်းက အရသာကတော့ ကိုယ့်ဘာသာကိုယ် ချက်လို့လားတော့ မသိဘူး။ စားလို့တော့ ကောင်းတယ်။

ရတီ ချက်တဲ့ဟင်းတွေထဲမှာ လူကြိုက်အများဆုံး ဟင်းပွဲကရော ဘာဟင်းပွဲဖြစ်မလဲ။

ညီမချက်တဲ့ ဟင်းထဲမှာ လူကြိုက်အများဆုံးဆိုရင်တော့ ခေါက်ဆွဲပြုတ်ပါ။ သူငယ်ချင်းတွေရော၊ မိသားစုဝင်တွေပါ ကြိုက်ကြပါတယ်။

အဲဒီလို ညီမချက်တာကိုစားပြီး ပထမဆုံးချီးမွမ်းခံရတုန်းက ခံစားချက်ကရော။ အချက်အပြုတ်ကို ဘယ်သူတွေဆီက သင်ယူဖူးလဲ။

ကိုယ်ချက်ထားတာကို ကောင်းတယ်လို့ ချီးမွမ်းပြီး ကိုယ့်ရှေ့မှာ အားရပါးရစားတာမြင်တော့ အရမ်းပျော်ပါတယ်။

ငယ်ငယ်က ကြိုက်ပြီး ကြီးမှ မကြိုက်တာ၊ ငယ်ငယ်က မကြိုက်ဘဲ အသက်ကြီးမှ ကြိုက်တာမျိုးဆိုရင်ရော။

အဲဒီလိုတော့ မရှိပါဘူး။ အရမ်းကြိုက်တဲ့ အစားအစာဆိုရင် တစ်ချိန်လုံး အဲဒါကိုပဲ ဆက်တိုက်စားတယ်။ ပြီးရင် ရိုးသွားရင် မစားတော့ဘူး။ ငယ်ငယ်က မကြိုက်ဘဲ အသက်ကြီးမှ ကြိုက်တာဆိုရင် ထမင်းလို့ပြောရမယ်။ ထမင်းသိပ်မစားဘူး။ အခု အသက်ကြီးတော့ ထမင်းမစားရရင် မနေနိုင်ဘူး။

အစားအသောက်နဲ့ ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်လေးတွေရှိရင် ပြောပြပေးပါဦး။ ဥပမာ- တချို့သကြားလုံး မျိုမိတာတို့၊ ကျောင်းမှာ မုန့်ခိုးစားလို့ အရိုက်ခံရတာတို့၊ ဟင်းခိုးစားတာတို့ပေါ့။

အဲဒီလိုအစားအသောက်နဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်ကတော့ ငယ်ငယ်တုန်းက ကျောင်းမှာ ယမ်ယမ် ခေါက်ဆွဲထုပ်ကို ခိုးစားကြတာရယ်၊ နောက်ပြီး တရားစခန်းမှာ ညစာ အစားမစားရဘူးဆိုရင် ခေါက်ဆွဲခြောက်တွေ ခိုးခိုးပြီးစားတာတော့ အမှတ်တရပါ။ ဒါကလည်း ငယ်ငယ်ကပါ။ (ရယ်လျက်)

မနက်စာကို ဘယ်အချိန်လောက် စားဖြစ်လဲ။ ဘာဟင်းတွေနဲ့ စားဖြစ်တာများလဲ။ နေ့လယ်စာနဲ့ ညစာကိုရော။

အလုပ်ရှိတဲ့နေ့တွေဆိုရင်တော့ မနက် ၇ နာရီလောက်မှာ မနက်စာကို စားဖြစ်ပါတယ်။ အလုပ်မရှိရင်တော့ မနက် ၁၁ နာရီလောက်မှ စားဖြစ်ပါတယ်။ နေ့လယ်စာကတော့ အတိအကျမရှိပါဘူး။ ဗိုက်ဆာရင် ချက်ချင်းစားလိုက်တာပါပဲ။ ညစာကတော့ အခုဝိတ်လျှော့နေလို့ မစားဖြစ်တာ များပါတယ်။ စားဖြစ်ရင်တော့ အိမ်မှာစားဖြစ်တာ များပါတယ်။

စားဖူးသမျှ အစားအစာတွေထဲမှာ တစ်သက်မမေ့လောက်အောင်ဖြစ်တဲ့ အစားအသောက်မျိုးရော ရှိလား။

ငယ်ငယ်က အိမ်မှာ အမေနေမကောင်းလို့ ဟင်းမချက်နိုင်တဲ့အချိန်၊ အရမ်းဗိုက်ဆာနေတဲ့အချိန်မှာ ဦးလေးက ခရမ်းချဉ်သီးကို သုပ်ကျွေးတယ်။ အဲဒီလက်ရာက ရှယ်ပဲ။ အခုထိလည်း စားချင်နေတုန်းပဲ။ ဒါကတော့ တစ်သက်မမေ့လောက်တဲ့ အစားအစာပါပဲ။

ထူးထူးဆန်းဆန်း အစားအသောက်တွေရော စားဖူးလား။

ထူးထူးဆန်းဆန်း အစားအသောက်ဆိုရင်တော့  ဖားသားဖြစ်မှာပါ။ နောက်ပြီးတော့ ခရီးသွားတုန်းက စားခဲ့ရတဲ့ စာကလေးကြော်ပါ။

အားလပ်ရက်တွေမှာ  တစ်ခုခုလုပ်စားလေ့ရှိလား။

အားလပ်ရက်တွေမှာ လုပ်စားဖြစ်ပါတယ်။ ခေါက်ဆွဲပြုတ်ကို ကိုယ့်ဘာသာကိုယ် ထွင်ပြီး ဟိုဟာထည့်၊ ဒီဟာထည့်နဲ့ ပြုတ်ပြီး စားတယ်။ လက်ဖက်ကြက်ဥပြုတ်တွေ ဘာတွေလုပ်စားပါတယ်။

ရှုတင်တွေ ဘာတွေသွားရင်ရော ထမင်းချိုင့် ယူသွားလေ့ရှိလား။

ညီမက ထမင်းချိုင့် ယူတာမကြိုက်တော့ မယူဖြစ်ပါဘူး။

ကိုယ်မစားဖူးတဲ့ အစားအသောက်တွေကို မြည်းစမ်းချင်စိတ်ရှိလား။ ဘယ်လိုအရသာမျိုးကို မြည်းစမ်းချင်လဲ။

ကိုယ်မစားဖူးတဲ့ အစားအသောက်ဆို မြည်းစမ်းချင်စိတ်  ရှိပါတယ်။ ချဉ်ချဉ်၊ ငန်ငန်၊ စပ်စပ်တွေဆိုရင် ပိုမြည်းချင်ပါတယ်။

တချို့က စိတ်ညစ်တာတို့၊ ပျော်တာတို့၊ ဝမ်းနည်းတာတို့တွေဖြစ်ရင် အစားအများကြီး စားဖြစ်တာ ရှိတယ်။ ညီမကရော…။

အဲဒီလိုတော့ မရှိပါဘူး။ ပုံမှန်ပါပဲ။ စိတ်ညစ်ရင်လည်း အစားအများကြီးစားတယ်။ ပုံမှန်ဆိုရင်လည်း အစားအများကြီးစားပါတယ်။

အခုလို မိုးရာသီအစမှာ မိုးလေးအေးနေရင် ဘယ်လိုအစားအသောက်မျိုးကို စားချင်ပါလဲ။

ချဉ်ငန်စပ်လေးတွေ စားချင်တယ်။ ရခိုင်မုန့်တီတို့လိုဟာမျိုးလေးတွေပေါ့။

ညီမရဲ့ အစားအသောက်နဲ့ ကျန်းမာရေးအပေါ် အမြင်လေးကို ပြောပြပေးပါဦး။

ညီမအမြင်ကတော့ ဘယ်အရာမဆို တန်ဆေးလွန်ဘေးပေါ့နော်။ ကိုယ်ကြိုက်တယ်ဆိုပြီး မတည့်တာတွေ အများကြီးစားလို့ရှိရင်လည်း ကိုယ့်ကျန်းမာရေးအတွက် ဒုက္ခရောက်စေမှာပါ။ ညီမဆိုရင် အခုနောက်ပိုင်း အပြင်စာတွေ သိပ်မစားဖြစ်တော့ပါဘူး။ အိမ်မှာပဲ စားဖြစ်ပါတယ်။ အချိုမှုန့်တွေ ဘာတွေတော့ရှောင်တယ်။

အိမ်က မိဘတွေချက်တဲ့ ဟင်းတွေထဲမှာ ဘယ်ဟင်းကို အကြိုက်ဆုံးလဲ။

ညီမရဲ့ အမေချက်တာမှန်သမျှ အကုန်ကြိုက်တယ်။

နိုင်ငံတကာအစားအသောက်မှာ ဘယ်အစားအသောက်ကို ကြိုက်လဲ။

နိုင်ငံတကာအစားအသောက်တွေကျတော့  ယိုးဒယားစာနဲ့ ကိုရီးယား အစားအစာတွေကို ပိုကြိုက်ပါတယ်။

နိုင်ငံခြားကိုရောက်နေတဲ့အချိန်မှာ ကိုယ့်နိုင်ငံက ဘယ်အစာအစားကို  လွမ်းဆွတ် တမ်းတမိပါသလဲ။

နိုင်ငံခြားကိုရောက်နေတဲ့အချိန်မှာဆိုရင်တော့  မြန်မာပြည်က ချဉ်ပေါင်ကြော်ကို သတိရပါတယ်။ အရမ်းလည်း စားချင်ပါတယ်။

ဘဝမှာ အမှတ်တရဖြစ်မယ့် အစားအစာရှိလား။ ဥပမာ- အစားအစာတစ်ခုခုကို စားလိုက်ရင် တစ်ချိန်ချိန်၊ တစ်နေရာရာ၊ တစ်ယောက်ယောက်ကို သွားပြီး သတိရတာမျိုးပေါ့။

အဲဒါမျိုးဆိုရင်တော့ ပြောရမယ်ဆိုရင်  ခေါက်ဆွဲပြုတ်ပါ။ ဘာလို့လဲဆိုတော့  အိမ်မှာ ညီမက ခေါက်ဆွဲပြုတ်ပြီးတိုင်း အမေနဲ့ ညီမလေးကို ကျွေးနေကျဆိုတော့ သူတို့ကို သတိရမိမယ်လို့ ထင်တယ်။ နောက်ပြီးတော့ ငယ်ငယ်က ကျောင်းရှေ့မှာ ပုံးနဲ့လှည့်ပြီး ရောင်းတဲ့ လက်လုပ်ရေခဲချောင်းလေးတွေ ပြန်စားမိရင်လည်း ကျောင်းတက်တုန်းက ဘဝကို ပြန်သတိရမိပါတယ်။

စားသောက်ဆိုင်နဲ့ အိမ်မှာဆိုရင် ဘယ်မှာ ပိုစားချင်လဲ။

အိမ်မှာ ပိုစားချင်ပါတယ်။ ညီမက အပြင်စာတွေ စားလို့ရှိရင် ခေါင်းကိုက်တာ များတယ်။ အချိုမှုန့်တွေပါလို့လား မသိဘူး။

ညီမစားဖူးသမျှထဲမှာ ဈေးကြီးပြီး မတန်ဘူးထင်တဲ့ အစားအစာဆိုရင်ရော။

ဈေးကြီးပြီး မတန်ဘူးထင်တဲ့ အစားအစာတွေကတော့ ကြုံတော့ ကြုံဖူးတယ်။ ဆိုင်တစ်ဆိုင်မှာ ဓာတ်ပုံသွားရိုက်ရင်း စားစရာလည်းမရှိ ဗိုက်လည်း ဆာလာတော့ အဲဒီဆိုင်က လက်ဖက်ထမင်းကို မှာစားလိုက်တာ တစ်ပွဲ ၃၀ဝ၀ တောင် ပေးလိုက်ရတယ်။ ဒါကတော့ အမှတ်တရပါပဲ။

ညီမ အကြိုက်ဆုံးအသီးအနှံ၊ အရွက်၊ အသား၊ ငါးတွေကို ပြောပြပေးပါဦး။ ဖျော်ရည်တွေရောပေါ့။

အကြိုက်ဆုံး အသီးအနှံဆိုရင် သရက်သီးကြိုက်တယ်။ အသီးအရွက်ထဲမှာဆိုရင် ကန်စွန်းရွက်။ အသားငါးဆိုရင်တော့ မကြိုက်ဘူး။ ပင်လယ်စာတွေပဲ ကြိုက်တယ်။  ဖျော်ရည်ထဲမှာဆိုရင်တော့ စတော်ဘယ်ရီဖျော်ရည် ကြိုက်တယ်။

အစားအသောက်တစ်ခုခုကို စားနေတုန်း အဲဒီထဲမှာ ရွံစရာတွေ ဘာတွေရော တွေ့ဖူးလား။ အစားအသောက်စားနေရင်း သူငယ်ချင်းတွေက ဘေးနားက ရွံစရာပြောရင်ရော ရွံတတ်လား။

တွေ့ဖူးတယ်။ ဆံပင်မွေးတွေပေါ့။ အမေချက်တာဆိုရင်တော့ မရွံဘူး။ ဖယ်စားတယ်။ အခြားလူချက်တာဆိုရင်တော့ ရွံတယ်။ သူငယ်ချင်းတွေ ဘေးက စနောက်ရင်တော့ မရွံတတ်ပါဘူး။ စားတာပါပဲ။

အစားအသောက်က နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးရဲ့  ယဉ်ကျေးမှုကို ဖော်ဆောင်နိုင်တယ်လို့ ထင်မြင်မိပါသလား။

ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ နေရာဒေသတစ်ခုမှာ သူ့ရဲ့ရိုးရာအစားအစာဆိုတာ ရှိတယ်လေ။ ကိုယ့်နိုင်ငံမှာလည်း ကိုယ့်ရဲ့ ရိုးရာအစားအစာတွေ ရှိတယ်လေ။ နိုင်ငံခြားသားတွေ လာလည်လို့ ရှိရင်လည်း မြန်မာ့ရိုးရာအစားအစာတွေကို စားကြတယ်။ ကိုယ်တွေလည်း သူများနိုင်ငံကို သွားလည်ရင် ကိုယ်မစားဖူးတဲ့ အစားအစာကို စားကြည့်ချင်ကြတယ်လေ။ ဒီတော့ အစားအသောက်က နိုင်ငံတစ်နိုင်ငံကို ကိုယ်စားပြုပါတယ်။

အခုချက်ပြတဲ့ မာလာရှမ်းကောလေးကို လိုက်ချက်စားကြည့်မယ့် ပရိသတ်အတွက် အမှတ်တရစကား လက်ဆောင်လေးကို ပြောပြပေးပါဦး။

ဒါလေးက အခု မိုးအေးအေးမှာ လုပ်စားရင် အရမ်းကောင်းပါတယ်။ နောက်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အသီးအရွက်တွေ ထည့်ထားလို့ မိသားစုနဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် လုပ်စားရင် အရမ်းကို စားလို့ကောင်းမှာမို့ လိုက်လုပ်စားကြည့်ပါလို့ ပြောချင်ပါတယ်။

ရတီရဲ့ အသားလုံးစုံ မာလာရှမ်းကော

ပါဝင်ပစ္စည်းများ

မာလာရှမ်းကောအနှစ်ထုပ်

ပင်လယ်စာအသားလုံး  –  ၁၀ဝ ဂရမ်

မုန်ညင်းစိမ်း  –  ၂၀ ဂရမ်

ဂေါ်ဖီစိမ်း  –  ၂၀ ဂရမ်

ကြာစွယ်  –  ၁၀ဝ ဂရမ်

ကျောက်ပွင့်  –  ၅၀ ဂရမ်

မျှော့ချောင်း  –  အနည်းငယ်

ကြွက်နားရွက်မှို  –  ၂၀ ဂရမ်

အပ်မှို  –  ၂၀ ဂရမ်

ငွေနှင်းမှို  –  ၂၀ ဂရမ်

ခေါက်ဆွဲ  –  ၁၀ဝ ဂရမ်

အသားတု  –  ၃၀ ဂရမ်

အာလူး  –  ၂၀ ဂရမ်

ဆား  –  အနည်းငယ်

ကြက်သားမှုန့်  –  အနည်းငယ်

မြေပဲလှော်  –  အနည်းငယ် (၁၀ ဂရမ်)

နှမ်းလှော်  –  အနည်းငယ် (၁၀ ဂရမ်)

နံနံပင်  –  ၃/၄ ပင်

ပြုလုပ်နည်း

၁။       မျှော့ချောင်းများကို ရေနွေးစိမ်ထားပါ။ ကြာစွယ်နှင့် အာလူးကို အနေတော်ပါးပါးလှီးပြီး ဂေါ်ဖီစိမ်းကို အနေတော်အတုံး လေးများတုံး၍ ခေါက်ဆွဲကိုလည်း မိနစ်အနည်းငယ် ပြုတ်ပေးပါ။ ရေနွေးနဲ့ အနည်းငယ်ဖြောပြီး ရေအေးပြန်စိမ်ထားပါ။ ကြွက်နားရွက်မှိုကို ရေစိမ်ပြီး မာနေတဲ့ အပိုင်းလေးများကို လှီးထုတ်ပါ။ မုန်ညင်းစိမ်းကို ရေဆေးထားပါ။ မလှီးပါနဲ့။

၂။       အပ်မှို၊ ကျောက်ပွင့်နှင့် ငွေနှင်းမှိုများကို အောက် ပိုင်းလှီးဖြတ်ထားပြီး ရေဆေးထားပါ။ ကျောက်ပွင့်၊ အသားတုကို ပွလာအောင် ရေစိမ်ထားပါ။ အသားလုံးလေးများကို ကြီးတယ်လို့ထင်ရင် ထက်ခြမ်းခြမ်းထားပါ။ အိုးတစ်လုံးထဲ ဆီထည့်၍ ဆီပူလာလျှင် အသားလုံးများကို မာလာရှမ်းကောအနှစ် အနည်းငယ်ထည့်ပြီး ကြော်ပါ။ မျှော့ချောင်းများနှင့် ကြွက်နားရွက်မှို၊ ကျောက်ပွင့်များထည့်ပါ။ ခေါက်ဆွဲထည့်ပါ။

၃။       ရေနွေးဖြောထားတဲ့ အသီးအနှံများ ထည့်ပါ။ နောက်ဆုံးမှာ မုန်ညင်းစိမ်းနှင့် မှိုများထည့်ပြီး ကျန်တဲ့ မာလာရှမ်းကောအနှစ်များ ထပ်ထည့်ပါ။ အရသာ မြည်းပြီး ဆား၊ ကြက်သားမှုန့်များထည့်ပါ။ အရသာမြည်းပြီး ပန်းကန်ထဲမှာ တည်ခင်းပါ။ နံနံပင်၊ မြေပဲလှော်နှင့် နှမ်းလှော်တို့ကို ထည့်ပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments